အခန်း ၁၂
Vol. 2 Ch. 12
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၁၂
ခြံဝင်း၏ အလယ်ဗဟိုတွင် အုတ်ဖြင့် တည်ဆောက်ထားသော စိုက်ခင်းငယ်လေးတစ်ခု ပါရှိနေသော်လည်း ယခင်က ပန်းပင်များ သို့မဟုတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ဖူးခြင်း ရှိမရှိကိုမူ မသိရပေ။ ယခုအခါတွင်မူ ထိုနေရာလေးမှာ ဗလာကျင်းလျက် ရှိနေသည်။
စတင်လုပ်ကိုင်ခါစတွင် ကလေးသုံးဦးမှာ လည်ပင်းလေးများ တဆန့်ဆန့်ဖြင့် လှမ်း၍ အကဲခတ်ကြည့်ရှုနေကြသည်။ ခေတ္တမျှ ကြာသောအခါ အကြီးဆုံးကောင်လေးမှာ ပေါက်တူးတစ်ပြားကို ယူလျက် သူတို့အနားသို့ ချဉ်းကပ်လာခဲ့သည်။
ရွှီမုန့်က ထိုပေါက်တူးကို မြင်မြင်ချင်းပင် ဝမ်းသာသွားခဲ့သည်။ သူတို့တွင် ပေါက်တူးပင် ရှိနေသေးသဖြင့် သီးသန့် ဝယ်ယူနေစရာ မလိုတော့ပေ။
"ကလေး၊ မင်းနာမည်က လျိုကျင်း ဆိုတော့ ကျန်တဲ့ မောင်လေးနှစ်ယောက်ရဲ့ နာမည်တွေက ဘယ်လိုခေါ်လဲ။"
ရွှီမုန့်က တကယ်ပင် သိချင်စိတ် ဖြစ်ပေါ်နေမိသည်၊ ဤမိသားစုတွင် အဘယ်ကြောင့် ကလေး သုံးဦးအထိ ရှိနေရပါသနည်း။ ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းကပင် နိုင်ငံတော်က "သားတစ်ယောက်မူဝါဒ" ကို စတင်ကျင့်သုံးနေခဲ့ပြီ မဟုတ်ပါလား။
လျိုကျင်းက အငယ်နှစ်ဦးကို လက်ညှိုးထိုးပြလိုက်ရင်း ပြောလိုက်သည်။ "ဒုတိယညီလေးနာမည်က ရွှီပင်း ပါ၊ အငယ်ဆုံးလေးကတော့ ဝမ်ရှောင်ဟွာ လို့ ခေါ်ပါတယ်။"
ရွှီမုန့်က အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ "မင်းတို့ သုံးယောက်က ညီအစ်ကိုအရင်းတွေ မဟုတ်ကြဘူးလား။"
ထိုစဉ် ဘယ်ကနေ ရောက်လာမှန်းမသိသော ဒုတိယမြောက်ကောင်လေးက ကြားဖြတ်ဝင်ရောက်ကာ မျက်နှာပြောင်ပြရင်း ပြောလိုက်သည်။ "ကျွန်တော်တို့က အဖေမတူ၊ အမေကွဲ ညီအစ်ကိုတွေပါ။"
လျိုကျင်းက သူ့ညီကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သူက လူကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်ဖြင့် သက်ပြင်းချလိုက်သည်။ "အစ်မ ကျွန်တော့်ညီက ဒီအတိုင်းပါပဲ။ သူတို့ရဲ့ အဖေတွေနဲ့ ကျွန်တော့်အဖေက စစ်မြေပြင်က ရဲဘော်ရဲဘက်တွေ ဖြစ်ကြပြီး တာဝန်ထမ်းဆောင်ရင်း နှစ်ယောက်စလုံး ကျဆုံးသွားခဲ့ကြတာ။ ဒါကြောင့် ကျွန်တော့်မိဘတွေက သူတို့နှစ်ယောက်ကို အရင်ဆုံး မွေးစားခဲ့ကြတာ၊ နောက်ပိုင်းကြတော့ ကျွန်တော့်အဖေလည်း ဆုံးပါးသွားခဲ့ပြန်ရော။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ သုံးယောက် သံယောဇဉ်တွယ်ပြီး အချင်းချင်း အားကိုးရင်း အတူတူ နေထိုင်လာခဲ့ကြတာပါ။"
ဤကောင်လေး စကားပြောပုံမှာ တကယ်ပင် လူကြီးတစ်ယောက်ကဲ့သို့ တည်ငြိမ်လွန်းလှသည်။
ထိုအခါမှသာ ရွှီမုန့်တစ်ယောက် တကယ်ပင် ဆွံ့အသွားခဲ့ရတော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် စုစည်းထားသည့် မိသားစုလေးတစ်ခု ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့မိပေ။
သို့သော် သူတို့မောင်နှမတစ်စု မိဘမဲ့ဂေဟာသို့ အဘယ်ကြောင့် မရောက်ရှိသွားခဲ့သနည်းဟူသော မေးခွန်းကိုမူ သူမအနေဖြင့် ဆက်မေးမြန်းရန် မလိုအပ်တော့ပေ။
နောင်ဆယ်စုနှစ်များစွာအထိပင် မိဘမဲ့ဂေဟာများ၏ အခြေအနေမှာ သိပ်ပြီး ပြည့်စုံကောင်းမွန်လေ့ မရှိပေ။ ယခု ကလေးသုံးဦး၏ ဖခင်များမှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ကြသော အာဇာနည်များ ဖြစ်ကြသဖြင့် သူတို့တွင် ကိုယ်ပိုင်အိမ်ရှိသည်၊ လုပ်ငန်းဌာနမှ ထောက်ပံ့ကြေးရှိသည်၊ ရပ်ကွက်ရုံး၏ စောင့်ရှောက်မှုရှိသည်။
ထို့ကြောင့် ဤကဲ့သို့ နေထိုင်ရခြင်းမှာ မိဘမဲ့ဂေဟာတွင် နေရသည်ထက် အဆပေါင်းများစွာ ပိုကောင်းမွန်ပြီး ကလေးများမှာလည်း လွတ်လပ်ပျော်ရွှင်စွာဖြင့် ဆော့ကစားနိုင်ကြသည်။
"အန်တီတို့ ဒီမှာ ဟင်းသီးဟင်းရွက် စိုက်ချင်လည်း စိုက်လို့ရပါတယ်။ အရင်က ကျွန်တော်တို့အမေ ရှိတုန်းကတော့ ပန်းပင်တွေ စိုက်တာပေါ့။ အမေက ကျွန်တော်တို့ကို ကျင်ငယ်ရေတွေကို သိမ်းထားခိုင်းလေ့ရှိတယ်။" ဒုတိယမြောက်ကောင်လေးက ဝင်ရောက်ပြောဆိုပြန်သည်။
"ဟင်၊ ကျင်ငယ်ရေကို ဘာလုပ်ဖို့ သိမ်းခိုင်းတာလဲ။" ရွှီမုန့်က မဆင်မခြင်ပင် လွှတ်ခနဲ မေးမိလိုက်သည်။
ဒုတိယမြောက်ကောင်လေးက မျက်လုံးလေး ကလယ်ကလယ်လုပ်ရင်း ပြောလိုက်သည်။ "ပန်းပင်တွေကို ရေလောင်းဖို့ပေါ့၊ ဒါကို 'ယောက်ျားလေးတွေရဲ့ ကျင်ငယ်ရေ' လို့ ခေါ်တယ်။ အပင်တွေအတွက် တော်တော် ဆေးဖက်ဝင်တာ။"
ထိုစကားကြောင့် ရွှီမုန့်တစ်ယောက် လန့်သွားကာ လက်ထဲမှ တံမြက်စည်းမှာ လျှောကျသွားပြီး ကောင်လေး၏ မျက်နှာနားသို့ ကပ်၍ ဝှေ့ယမ်းမိသွားသည်။ ကောင်လေးမှာလည်း လန့်ဖျန့်သွားကာ မျက်လုံးလေး ပြူးသွားရှာသည်။
"အို၊ မတော်တဆပါ မတော်တဆပါ။" ရွှီမုန့်က အလျင်အမြန်ပင် တောင်းပန်လိုက်သည်။ သူမ၏ ယခင်ဘဝ အတွေ့အကြုံများတွင် ကလေးထိန်းရသည့် အလုပ်မျိုး လုံးဝ မပါဝင်ခဲ့ဖူးသဖြင့် ဤကလေး၏ ပွင့်လင်းလွန်းလှသော စကားကြောင့် တကယ်ပင် အံ့အားသင့်မိသွားသည်။
သို့သော် သူမက စိတ်ရှည်လက်ရှည်ဖြင့် သင်ပေးလိုက်သည်။ "မောင်လေးလည်း အခု အရွယ်ရောက်လာပြီဆိုတော့ မိန်းကလေးတွေ ရှေ့မှာ ဘောင်းဘီချွတ်ချပြီး ဆီးမသွားရဘူးလေ၊ သိရဲ့လား။"
ဒုတိယမြောက်ကောင်လေးက မျက်လုံးလေး ထပ်မံကလယ်ကလယ်လုပ်ရင်း ပြောလိုက်သည်။ "ကျွန်တော်လည်း အဲ့ဒီကိစ္စကို သိတာ ကြာပါပြီ၊ ကျွန်တော့်ပုံစံက အဲ့လိုမျိုး လျှောက်ပြမယ့် လူနဲ့ တူလို့လား။"
အေးပါ၊ မင်းက လူအများရှေ့မှာ လျှောက်မပြဘူးဆိုရင်တောင် နှုတ်ခမ်းကတော့ တော်တော်လေး စကားတတ်လွန်းပါတယ်။
ထိုစဉ် အငယ်ဆုံးကောင်လေးက ရုတ်တရက် သတိရသွားသည့်အလား "ဆီး၊ ကျွန်တော် ဆီးသွားချင်လို့ အခုပဲ ထွက်တော့မယ်။" ထိုသို့ အော်ဟစ်ကာ နေရာတွင်တင် ထိုင်ချရန် ပြင်တော့သည်။
ကလေးများ၏ သဘာဝဟူသည် ဤသို့ပင် ဖြစ်တတ်သည်။ သူတို့ ဆီးသွားချင်သည်ဟု ပြောဆိုချိန်တွင် အခြေအနေမှာ တားဆီးရန် နောက်ကျနေပြီ ဖြစ်သည်။
ဒုတိယမြောက်ကောင်လေးမှာ ထိတ်လန့်သွားကာ အငယ်ဆုံးကောင်လေး၏ လက်ကို ဆွဲ၍ အပြင်ဘက်ရှိ အများသုံးအိမ်သာဆီသို့ အပြေးအလွှား ခေါ်ဆောင်သွားခဲ့တော့သည်။
ရွှီမုန့်တစ်ယောက် တဟားဟားဖြင့် အားရပါးရ ရယ်မောမိတော့သည်။ မကြာမီမှာပင် ဒုတိယမြောက်ကောင်လေးက အငယ်ဆုံးလေး၏ လက်ကိုဆွဲကာ ပြန်လည်ဝင်ရောက်လာပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။ "မင်းကလည်း၊ သူများပြောတာ ကြားတာနဲ့ လျှောက်အော်တော့တာပဲ။ တကယ်တမ်းကြတော့လည်း ဆီးက မသွားချင်ဘဲနဲ့။"
ဒုတိယမြောက်ကောင်လေးမှာ တကယ်ပင် စကားပြောရသည်ကို ဝါသနာပါပုံရသည်။ သူသည် ရွှီမုန့်တစ်ယောက် သန့်ရှင်းရေးလုပ်ရန် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ပြောစရာမလိုဘဲနှင့် အလိုလိုပင် ဝင်ရောက်ကူညီတော့သည်။ သူက အိမ်တံမြက်စည်းလှည်းခြင်း၊ စားပွဲသုတ်ခြင်း စသည့် အိမ်မှုကိစ္စများကို တော်တော်လေး ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သည်။ ဤသို့ဖြင့် ရွှီမုန့်တစ်ယောက် အိမ်နီးနားချင်း ကလေးငယ်များနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာခဲ့တော့သည်။
ဤကလေးငယ်လေးများမှာ တကယ်ပင် ချစ်စရာကောင်းပြီး လိမ္မာကြသည်။
သူမသည် ကလေးများနှင့် ခဏအတွင်းပင် တရင်းတနှီး ရှိသွားခဲ့သည်။ အကြီးဆုံးကောင်လေးမှာ အသက် ရှစ်နှစ်ရှိပြီး ဒုတိယတန်းတွင် ပညာသင်ကြားနေသည်။
ဒုတိယမြောက်ကလေးမှာမူ အသက် ခြောက်နှစ်သာ ရှိသေးသော်လည်း လာမည့်ပညာသင်နှစ်တွင် ဒုတိယတန်းသို့ တက်ရောက်ရမည် ဖြစ်ရာ သူက အသက်အရွယ်ထက် ကျောင်းစောစောတက်ခဲ့ပြီး ဉာဏ်တော်တော်ကောင်းသူ ဖြစ်ကြောင်း ထင်ရှားသည်။
အငယ်ဆုံးလေးမှာမူ အသက် လေးနှစ်ပင် မပြည့်သေးပေ။ မူလက သူ့ဖခင်၏ လုပ်ငန်းဌာနရှိ ကလေးထိန်းကျောင်းသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း မီးသတ်တပ်ဖွဲ့၏ ကျောင်းမှာ ဤနေရာနှင့် အနည်းငယ် ဝေးကွာလွန်းသဖြင့် ရပ်ကွက်ရုံးက ထောက်ခံစာထုတ်ပေးကာ အနီးနားရှိ ကျောင်းတွင်သာ အဆင်ပြေအောင် အပ်နှံပေးခဲ့ခြင်း ဖြစ်သည်။ ကလေးသုံးဦးစလုံးမှာ နေ့လယ်စာကို ကျောင်းတွင်ပင် စားသောက်ကြသည်။
သူတို့ စကားစမြည် ပြောဆိုနေကြစဉ်မှာပင် ကျန်ရှိသော အငယ်နှစ်ဦးကလည်း သန့်ရှင်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ဝင်ရောက်ကူညီကြပြန်သည်။
သူတို့ ဝိုင်းဝန်းလုပ်ကိုင်နေကြရင်းဖြင့်ပင် ကောင်းကင်ကြီးမှာလည်း တဖြည်းဖြည်း မှောင်ရိပ်သန်းလာခဲ့ပြီ ဖြစ်သည်။
ရွှီမုန့်က အကြီးဆုံးကောင်လေးကို လှမ်း၍ မေးမြန်းလိုက်သည်။ "ဟေ့၊ အကြီးကောင်လေး၊ မင်းတို့ အိမ်မှာ ရေချိုးရင် ရေနွေးကို ဘယ်လိုမျိုး အပူပေးလဲ။"
သူတို့အနေဖြင့် ဆောင်းရာသီအတွက် ကျောက်မီးသွေး ဝယ်ယူရန် ကိစ္စကို မည်သူမျှ ထည့်သွင်းပြောဆိုခြင်း မရှိသေးသည်ကို သူမ ရုတ်တရက် သတိပြုမိသွားခြင်း ဖြစ်သည်။
အကြီးဆုံးကောင်လေးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "အစ်မကလည်း၊ ကျွန်တော့်ကို အဲ့လိုကြီး မခေါ်ပါနဲ့လား။"
ရွှီမုန့်က သူ့ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ "နာမည်တွေ မှတ်ရတာ တကယ် ခက်လို့ပါ။ မင်းတို့ကတော့ အဆင်ပြေတာပေါ့၊ တစ်ယောက်က အန်တီ လို့ခေါ်ပြီး ကျန်တဲ့သူက အစ်မ လို့ ခေါ်ကြတာကိုး။ အစ်မက အခု အထက်တန်းနောက်ဆုံးနှစ် ရောက်နေတော့ ကျောင်းစာအုပ်တွေကိုတောင် အကုန်အလွတ်မကျက်နိုင်သေးဘူး။ အခုလို အချိန်မှာ နာမည်တွေ လိုက်မှတ်နေရင် ဦးနှောက်က တကယ် ပေါက်ကွဲသွားလိမ့်မယ်။"
သူမက တကယ်ပင် တည်တည်ငြိမ်ငြိမ်ဖြင့် အတည်ပေါက် ပြောဆိုလိုက်ရာ ကောင်လေးမှာလည်း ယုံကြည်သွားပုံရသည်။ သူက နှုတ်ခမ်းလေးကို စေ့လိုက်ရင်း နံရံခြေရင်းတွင် ပုံထားသော အပေါက်ပါ ကျောက်မီးသွေးခဲ အပုံလေးကို လက်ညှိုးထိုးပြလိုက်သည်။
"ဖေဖေတို့ လုပ်ငန်းဌာနက တချို့တော့ ပေးပါတယ်။ ဒါပေမယ့် ဆောင်းရာသီရောက်ရင် မလောက်မှာ စိုးရိမ်လို့ ကျွန်တော် ညီလေးတို့ကို အများကြီး မသုံးခိုင်းရဲဘူး။ အခုလို ရာသီဥတုမျိုးမှာဆိုရင်တော့ ကျွန်တော်တို့တွေ ရေကို နေပူထဲမှာ အပူပေးပြီးမှ ချိုးကြတာပေါ့။ နေ့ခင်းဘက် ဟင်းချက်စရာရှိရင်တော့ ထင်းပဲ သုံးတယ်။"
"ဒါဆိုရင်တော့ နောက်နောင်ကြရင် အစ်မတို့က တစ်လကို ယွမ် ၅၀ ဖိုးလောက် ကျောက်မီးသွေးတွေ ဝယ်ပြီး အတူတူ မျှသုံးကြတာပေါ့။ အိမ်မှာ လူတွေ ပိုများလာပြီဆိုတော့ ခဏခဏ ထင်းမီးမွှေးနေရတဲ့ အလုပ်ကို လျှော့လိုက်ရအောင်လေ၊ ဟုတ်ပြီလား။"
အကြီးဆုံးကောင်လေးက သေသေချာချာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင် ဆောင်းရာသီကြရင်ရော ကျောက်မီးသွေးကို ဘယ်လို သုံးကြမလဲ။"
ဆောင်းရာသီသည် အအေးဒဏ် ခံနိုင်ရန်အတွက် ကျောက်မီးသွေးနှင့် မီးသွေးခဲများ အသုံးပြုမှု အမြင့်မားဆုံးအချိန် ဖြစ်သည်။
ရွှီမုန့် မေးလိုက်သည်။ "မင်းတို့က ဒီကျောက်မီးသွေးတွေကို အိပ်ရာအောက်က ကုတင်ကို အပူပေးဖို့အတွက် သိမ်းထားတာလား။" ထိုသို့ဆိုလျှင်ပင် ပမာဏမှာ လုံလောက်လိမ့်မည် မဟုတ်ပေ။
ဒုတိယမြောက်ကောင်လေးက နံရံ၏ အလယ်ဗဟိုကို ညွှန်ပြလိုက်သည်။ "ဒီမှာ နံရံအပူပေးစနစ် ရှိတယ်။"
အလို၊ ဒါက တကယ်ကို ကောင်းမွန်တဲ့ စနစ်ပဲ။ ရွှီမုန့်၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်တောက်သွားခဲ့သော်လည်း နံရံအပူပေးစနစ်ဟူသည် ကျောက်မီးသွေး ပိုကုန်ကျတတ်သည်ကို သူမ သိရှိထားသည်။
ယခင် ရွှီမိသားစုအိမ်တွင်မူ ယခုကဲ့သို့သော ဆန်းပြားသည့် စနစ်မျိုး လုံးဝ မရှိခဲ့ဖူးပေ။ အဘွားအိုရွှယ်က ကျောက်မီးသွေးမီးဖိုလေးတစ်ခုကို အသုံးပြုလေ့ရှိသော်လည်း ၎င်းကို သူမ၏ အခန်းထဲတွင်သာ နေ့ညမပြတ် ထားရှိခြင်း ဖြစ်သည်။ အိမ်တွင် လူဦးရေ များပြားလွန်းရာ ရွှီမုန့်အနေဖြင့် အဘွားအို၏ အနားတွင် သွားရောက်မကပ်လိုသဖြင့် ဆောင်းရာသီရောက်တိုင်း အအေးဒဏ်ကိုသာ အောင့်အည်းခံခဲ့ရရှာသည်။
"အစ်မကို အဲ့ဒါလေး ပြလို့ ရမလား။"
"ဟိုဘက် ထောင့်မှာလေ။"
ထိုပစ္စည်းများကို အခန်းထောင့်တစ်ခုတွင် ပလတ်စတစ်အုပ်ကာ စနစ်တကျ မဟုတ်ဘဲ ပုံထားခဲ့ခြင်း ဖြစ်သည်။ ပမာဏမှာ မနည်းလှသော်လည်း ဆောင်းရာသီတစ်ခုလုံးစာအတွက်မူ သေချာပေါက် မလုံလောက်နိုင်ပေ။
"ဒါက မောင်လေးတို့ အဖေရဲ့ ဌာနက ဝယ်ပေးထားတာလား။"
"ဟုတ်ကဲ့၊ ဌာနကနေ လစဉ် ကျောက်မီးသွေးခဲ အလုံး ၅၀ စီ ထောက်ပံ့ပေးပါတယ်။"
"ဒါဆို လွန်ခဲ့တဲ့နှစ်ကရော မင်းတို့ ဒီနံရံအပူပေးစနစ်ကို သုံးခဲ့လား၊ အဲ့ဒါက လောက်ရော လောက်ကြရဲ့လား။"
"မလောက်ပါဘူး။ ဒါကြောင့် မီးဖိုလေးကိုပဲ အားကိုးလိုက်ရတယ်။ အဲ့ဒါကြောင့် အငယ်ဆုံးလေးဆိုရင် အအေးမိပြီး ဖျားတောင်ဖျားသွားသေးတယ်။"
"အိုကေလေ၊ ဒီနှစ် အစ်မတို့ဘက်က ပိုက်ဆံအဆင်ပြေရင်တော့ ကျောက်မီးသွေးဖိုးကို အညီအမျှ စိုက်ထုတ်ပြီး အပူပေးစနစ်ကို စောစောစီးစီး စတင်အသုံးပြုကြတာပေါ့။" ကလေးများ နွေးနွေးထွေးထွေး နေထိုင်နိုင်မည်ဆိုပါက ရွှီမုန့်အနေဖြင့် ငွေကြေးစိုက်ထုတ်ရန် ဝန်မလေးပေ။
"ဒါပေမယ့် အဲ့ဒီအချိန်ကြရင် မင်းတို့ဘက်ကလည်း နည်းနည်း ထပ်ဝယ်ဖို့ လိုလိမ့်မယ်နော်။ ဆောင်းရာသီမှာ အနည်းဆုံး နှစ်လ သို့မဟုတ် သုံးလစာလောက် လိုအပ်မှာမို့လို့။ အစ်မတို့ သားအမိ အခြေအနေကလည်း မင်းမြင်တဲ့အတိုင်းပဲလေ၊ အိမ်လခကိုတောင် လဝက်တစ်ကြိမ် ခွဲပေးနေရတာဆိုတော့..."
ထိုစကားကို ကြားလိုက်ရသောအခါ အကြီးဆုံးကောင်လေးမှာ ချက်ချင်းပင် ဝမ်းမြောက်သွားပြီး မျက်ဝန်းများ အရောင်တောက်လာခဲ့သည်။ "စိတ်ချပါ၊ ကူညီစရာရှိရင်လည်း အားမနာတမ်း ခိုင်းပါ။ ကျွန်တော်နဲ့ ဒုတိယညီလေးက အိမ်အလုပ်တွေကို တော်တော်လေး ဝိုင်းကူနိုင်ကြပါပြီ။"
"ဒီနေ့တော့ အသ်မ တကယ် ပင်ပန်းနေပြီမို့ မနက်ဖြန်မှပဲ အိမ်ကို ထပ်ပြီး သန့်ရှင်းရေးလုပ်ကြတာပေါ့။" ရွှီမုန့်က ယနေ့အတွက် ဆက်မလုပ်ကိုင်တော့ဘဲ ခေတ္တရပ်နားလိုက်ရင်း တိုးတိုးလေး ညည်းတွားမိလိုက်သည်။ "ရပ်ကွက်ရုံးကလူတွေက အမြဲတမ်း လာပြီး သန့်ရှင်းရေး ဝိုင်းလုပ်ပေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား။" သူတို့က စကားကို တကယ် အဆင်ပြေအောင် ပြောဆိုခဲ့ကြသဖြင့် ယခုအခါတွင်မူ သူမအနေဖြင့် အနည်းငယ် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားမိသွားသည်။
"အဲ့ဒီ အန်တီကြီးတွေကလည်း သူတို့အိမ်ကိစ္စတွေနဲ့တင် အလုပ်ရှုပ်နေကြတာပ။ အလွန်ဆုံးရှိလှမှ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေနဲ့ အိပ်ရာခင်းတွေကို လာပြီး လျှော်ဖွပ်ပေးရုံပါပဲ။" အကြီးဆုံးကောင်လေးက ရှင်းပြသည်။
"ပုံမှန်ဆိုရင်တော့ ကျွန်တော်နဲ့ ဒုတိယညီလေးကပဲ လျှော်တာပေါ့၊ ဒါပေမယ့် ကလေးတွေဆိုတော့ သိပ်ပြီး မသန့်ရှင်းဘူးလေ။ အန်တီကြီးတွေ ရောက်လာတဲ့အခါကြမှ အဝတ်တွေကို သေသေချာချာ ပြန်လျှော်ပေးကြတာ။ အိမ်သန့်ရှင်းရေးကတော့ သူတို့လာရင် ကူလုပ်ပေးပြီး မလာရင်တော့ ကျွန်တော်တို့ဘာသာပဲ လုပ်ကြတာပါ။"
ဪ၊ ဒါဆိုရင်တော့ သဘောပေါက်သွားပြီ။
"ဒါနဲ့ စားသောက်ရတာကရော၊ မင်းတို့ ပုံမှန်ဆိုရင် ဘယ်လိုမျိုး ချက်ပြုတ်စားသောက်ကြလဲ။"
"ကျွန်တော်တို့ ဖေဖေ့ရဲ့ လုပ်ငန်းဌာနကနေ စားသောက်စရိတ် ကူပွန်တွေ ပေးထားလို့ အဲ့ဒီမှာပဲ သွားစားကြပါတယ်။"
ဤစနစ်ကမူ သူတို့အတွက် တကယ်ပင် အဆင်ပြေလွန်းလှသည်။
အကြီးဆုံးကောင်လေးက သူ့ခေါင်းကို အသာအယာ ကုတ်လိုက်သည်။ "ဒါပေမယ့် ဖေဖေ့ရဲ့ ဌာနက ဒီနေရာနဲ့ နည်းနည်းတော့ ဝေးတယ်။ ညနေပိုင်းဆိုရင်တော့ ကျွန်တော်တို့တွေ အဲ့ဒီကို လမ်းလျှောက်သွားပြီး စားကြတာပေါ့။ မနက်ပိုင်းကြရင်တော့ ဆန်ပြုတ် ဒါမှမဟုတ် ခေါက်ဆွဲကို ကိုယ်တိုင်ပဲ ချက်စားကြတယ်။ ဆောင်းရာသီကြရင်တော့ ပိုပြီး အဆင်ပြေတာပေါ့၊ ပေါက်စီတွေကို အများကြီး ကြိုဝယ်ထားပြီး မနက်ကြရင် ရေနွေးထဲ စိမ်ပြီး စားကြတာ။ ဟုတ်တယ်မလား ညီလေး။"
အငယ်ဆုံးလေးမှာမူ ခေါင်းလေးငုံ့ကာ ဖန်ဂေါ်လီများဖြင့် ဆော့ကစားနေသည်။ အစ်ကိုဖြစ်သူက လှမ်းခေါ်လိုက်သောအခါမှသာ ခေါင်းလေးမော့လာပြီး အလိုက်သင့် ခေါင်းလေးညိတ်ပြသည်။
ရွှီမုန့်က ကလေးလေး၏ လက်ထဲမှ ဖန်ဂေါ်လီများကို ချက်ချင်းပင် လှမ်း၍ သိမ်းဆည်းလိုက်သည်။ "မောင်လေး၊ ဒါတွေနဲ့ ဆော့လို့ မရဘူးနော်။"
သူမသည် ကလေး၏ ကစားစရာများကို အတင်းအကျပ် လုယူလိုက်သည့် ဗီလိန်ကြီးတစ်ဦးကဲ့သို့ ဖြစ်သွားသဖြင့် ကလေးလေးမှာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သည်။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် အကြီးဆုံးကောင်လေးအား ရှင်းပြလိုက်သည်။ "သူက အသက်ငယ်သေးတော့ ဒီဖန်ဂေါ်လီတွေကို မတော်တဆ မြိုချမိသွားနိုင်လို့ပါ။"
ထိုအခါ အငယ်ဆုံးကလေးလေးမှာ တကယ်ပင် ငိုတော့မည့်ဆဲဆဲ ဖြစ်လာကာ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။ သူ၏ နှုတ်ခမ်းလေးမှာ တုန်ရီနေပြီး ထိုနေရာတွင်တင် အော်ဟစ်ငိုကြွေးတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
ရွှီမုန့်တစ်ယောက် ဘာဆက်ပြောရမှန်းမသိဘဲ ခေတ္တမျှ ဆွံ့အသွားခဲ့ရတော့သည်။
တစ်ချိန်တည်းမှာပင်၊ ဖုန့်ယန်ဝမ်၏ စိတ်ထဲတွင်မူ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ယခုကဲ့သို့သော လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသည့် လူသားဆန်သော ဘဝမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်ခံစားနေရပြီ ဖြစ်သည်။
ရွှီမုန့်က မျက်လုံးလေးအဝိုင်းသားဖြင့် ငိုတော့မည့်ဆဲဆဲ ဖြစ်နေသော အငယ်ဆုံးလေးကို ကြည့်ကာ ပြောလိုက်သည်။ "မောင်လေး၊ စက္ကူခေါက်တတ်လား။"
အငယ်ဆုံးလေးက ခေါင်းခါပြရှာသည်။
ထို့ကြောင့် ရွှီမုန့်က အကြီးဆုံးကောင်လေးဘက်သို့ လှည့်၍ ခိုင်းလိုက်သည်။ "စာရေးပြီးသား အဟောင်းဖြစ်ဖြစ်၊ စာအုပ်အစုတ်တစ်အုပ်လောက် သွားယူပေးပါလား။"
စကားပင် ဆုံးအောင်မပြောရသေးမီ ဒုတိယမြောက်ကောင်လေးက အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့ပြီး ပြန်ထွက်လာသည့်အခါတွင်မူ စာရေးပြီးသား စာအုပ်အဟောင်း အနည်းငယ်ကို လက်ထဲတွင် ကိုင်ဆောင်လာခဲ့ပြီ ဖြစ်သည်။
"ကဲ၊ ကြည့်ပါဦး၊ ဒါက ဖားပြုတ်ကြီးနော်။" ရွှီမုန့်က စက္ကူဖြင့် ခေါက်ထားသော ဖားရုပ်လေးကို အငယ်ဆုံးလေးထံသို့ ကမ်းပေးလိုက်ပြီးနောက် သူတို့၏ ဖန်ဂေါ်လီများကိုပါ ချက်ချင်း သိမ်းဆည်းလိုက်သည်။ "နောက်ဆိုရင် ဖန်ဂေါ်လီတွေနဲ့ လုံးဝ မဆော့ရဘူးနော်။"
ထိုအခါ ဒုတိယမြောက်ကောင်လေးမှာ မကျေမနပ်ဖြစ်သွားကာ အငယ်ဆုံးလေးကို လက်ညှိုးထိုးပြီး ပြောခဲ့သည်။ "မင်းကြောင့်မို့လို့ ငါ့မှာ ခက်ခက်ခဲခဲ စုထားရတဲ့ ဖန်ဂေါ်လီတွေ အကုန်ပါသွားပြီ။" ထိုဖန်ဂေါ်လီများမှာ သူက အခြားကလေးများနှင့် ကစားရင်း ဒိုင်ခံနိုင်ခဲ့သည့် အဖိုးတန် ပစ္စည်းလေးများ ဖြစ်ကြသည်။
ထို့နောက် သူက မျက်နှာချိုသွေးသော အပြုံးလေးဖြင့် ရွှီမုန့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အစ်မ၊ နောက်ခါကြရင် ကျွန်တော် အငယ်ကောင်လေး ရှေ့မှာ လုံးဝ ထုတ်မဆော့တော့ပါဘူး။ အဲ့ဒါကြောင့် ဖန်ဂေါ်လီတွေကို ပြန်ပေးပါနော်... နော်။"
ထိုခေတ်ကာလက ကလေးများအတွက် ကစားစရာဟူ၍ သီးသန့် အများအပြား မရှိခဲ့ပေ။ အထူးသဖြင့် ယောက်ျားလေးများအတွက်မူ ဖန်ဂေါ်လီရိုက်ခြင်းကသာ အသုံးအများဆုံးနှင့် အပျော်ဆုံး ဖျော်ဖြေရေးတစ်ခု ဖြစ်ခဲ့သည်။
ရွှီမုန့်က ခေတ္တမျှ တွေးတောပြီးပြောလိုက်သည်။ " တကယ်လို့ မင်းရဲ့ ညီလေးက သိမ်းထားတဲ့အထဲက တစ်လုံးကို ယူပြီး မတော်တဆ မြိုချမိသွားရင်ရော၊ အသက်အန္တရာယ် ဆိုတဲ့အရာက စနောက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။"