အခန်း ၁၅
Vol. 2 Ch. 15
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၁၅
အိမ်အသစ်လေးကို ပြောင်းရွှေ့ငှားရမ်းပြီးနောက်တွင်မူ ရွှီမုန့်နှင့် သူမ၏မိခင်တို့၏ လူနေမှုဘဝမှာ တစ်နေ့ထက်တစ်နေ့ ပို၍ကောင်းမွန် စိုပြေလာခဲ့ရသည်။
ယခင် ရွှီမိသားစုအိမ်ကြီးတွင် ရှိစဉ်ကကဲ့သို့ ဆူညံပွက်လောရိုက်ခြင်းမရှိတော့ဘဲ ယခုအခါ ရွှီမုန့်အတွက် ကျောင်းစာများကို စိတ်အေးချမ်းသာစွာ လေ့လာရန် အချိန်အမြောက်အမြား ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဖုန့်ယန်ဝမ်ကိုယ်တိုင်ပင် ယခင်ကထက် ပို၍ ပင်ပန်းနွမ်းနယ်မှု လျော့ပါးသွားခဲ့ရသည်။
ဟုတ်ပါသည်၊ တစ်နေကုန် စီးပွားရေးလုပ်ကိုင်ရခြင်းက သူတို့ကို အလွန်အမင်း မပင်ပန်းစေခဲ့ပေ။ တကယ်တမ်း သူတို့ကို စိတ်ရောလူရော နွမ်းနယ်စေခဲ့သည့်အရာမှာ ယခင်အိမ်တွင် ရှိစဉ်က တစ်နေ့ပတ်လုံး လုပ်ကိုင်ခဲ့ရသော အိမ်မှုကိစ္စများသာ ဖြစ်သည်။ အိမ်မှုကိစ္စဟူသည်မှာ အခြားသောအလုပ်များနှင့်မတူဘဲ မည်မျှပင် ပင်ပန်းစွာ လုပ်ကိုင်ပါစေ သိသာထင်ရှားသော ရလဒ်ဟူ၍ ထွက်ပေါ်လာလေ့မရှိပေ။
လီရှို့ကျစ်ကို ဥပမာထား၍ ကြည့်လျှင် သူမသည် အဘယ်ကြောင့် ဖုန့်ယန်ဝမ်ကို အမြဲ အထင်သေးအမြင်သေး ပြုလုပ်ခဲ့ရသနည်း။ ၎င်းမှာ ဖုန့်ယန်ဝမ်က အိမ်တွင် တစ်နေကုန် မအားလပ်အောင် အလုပ်ရှုပ်နေခဲ့သော်လည်း သူမအနေဖြင့် မိသားစုအတွက် မည်သို့သော အကျိုးပြုမှုကို ပြုလုပ်ပေးခဲ့သနည်းကို မည်သူမျှ မိမိကိုယ်တိုင် မျက်စိဖြင့် မမြင်တွေ့နိုင်ခဲ့ကြသောကြောင့် မဟုတ်ပါလား။
ဖုန့်ယန်ဝမ်တစ်ယောက် အိမ်မှဆင်းသွားခဲ့စဉ်တုန်းက လီရှို့ကျစ်သည် စိတ်ထဲမှနေ၍ ခနဲ့ကာ ဝမ်းမြောက်နေခဲ့ပြီး သူမ အပြင်လောကတွင် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ရကာ အရှုံးသမားတစ်ဦးကဲ့သို့ မျက်နှာငယ်လေးဖြင့် အိမ်သို့ ပြန်ရောက်ရှိလာမည့် နေ့ရက်ကိုသာ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့က ပထမတစ်ကြိမ် စောင့်မျှော်ခဲ့သော်လည်း သူမ ပြန်မလာခဲ့ပေ။ ဒုတိယအကြိမ် ထပ်မံစောင့်မျှော်ခဲ့သော်လည်း သူမ၏ အရိပ်အယောင်မျှပင် မမြင်တွေ့ခဲ့ရပေ။ ထို့ပြင် ရွှီကျဲဖန့်မှာလည်း သူမအပေါ် ပို၍ စိတ်နာကျည်းလာခဲ့ရသည်။ သူကိုယ်တိုင်လည်း အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသဖြင့် ထိုအဘွားအိုကြီးမှာလည်း သူမ ထင်မှတ်ထားခဲ့သကဲ့သို့ စိတ်ချမ်းသာပျော်ရွှင်နေခြင်း လုံးဝ မရှိတော့ပေ။
မူလက သူတို့သည် ရွှီမုန့်၏ မာနနှင့် ဇွဲသန်မှုကို အနည်းငယ် နှိမ်ချချင်ရုံမျှသာ ဖြစ်သော်လည်း မထင်မှတ်ဘဲ သူမအား အိမ်မှ မောင်းထုတ်မိသကဲ့သို့ ဖြစ်သွားခဲ့ရသည်။ တကယ်တမ်း သူမ ထွက်ခွာသွားသည့် အခါတွင်မူ လောကကြီးထဲမှ လုံးဝ အစအန ပျောက်ကွယ်သွားခဲ့သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ပထမပိုင်းတွင် အဘွားအို ရွှီမှာ တော်တော်လေး တည်ငြိမ်နေခဲ့သေးပြီး ရွှီကျဲဖန့်ကိုပင် သူတို့သားအမိကို သွားရောက်ရှာဖွေခြင်း မပြုရန် လုံးဝ ပိတ်ပင်ထားခဲ့သည်။ သူမက ရဲရဲဝံ့ဝံ့ပင် ကြုံးဝါးခဲ့သေးသည်။ "တကယ်လို့ အဲ့ဒီမိန်းမ ယောင်လို့ပဲဖြစ်ဖြစ် ဒီအိမ်ကို ပြန်လာရဲရင် ကြည့်ထားလိုက်စမ်း၊ ငါကိုယ်တိုင် သူမ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပစ်မယ်။"
သို့သော် နောက်ဆုံးတွင် ဆယ်ရက်ကျော်ခန့် စောင့်ဆိုင်းခဲ့သော်လည်း သူတို့ ပြန်လာမည့် အရိပ်အယောင်ပင် မရှိသဖြင့် အဘွားအို ရွှီတစ်ယောက် အရှက်တကွဲ ဖြစ်ကာ ဒေါသအလိပ်လိပ် ထွက်လာခဲ့ရတော့သည်။
"နင်တို့တွေ... တစ်နေ့တစ်နေ့ ဘာတွေ လုပ်နေကြတာလဲ။ တစ်နေကုန် ဆန်ပြုတ်ချည်းပဲ တိုက်နေကြတာလား။ နင်တို့အပြင်မှာ ကောင်းကောင်းမွန်မွန် သွားစားနေတာတွေကို ငါမသိဘူးလို့ မထင်နဲ့။" အဘွားအို ရွှီသည် သူမ၏ တုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် အပြင်ဘက်သို့ လှည့်ကာ အသံကျယ်ကျယ်ဖြင့် ဆူပူအော်ဟစ်နေခဲ့ပြန်သည်။
ယခင်က ဖုန့်ယန်ဝမ် ရှိစဉ်တုန်းကမူ သူမသည် အစားအသောက်များကို အမြဲတမ်း အလှည့်ကျ ပြောင်းလဲချက်ပြုတ်ပေးလေ့ရှိသည်။ မနက်ပိုင်းတွင် ဆန်ပြုတ်သောက်ပါက ညနေပိုင်းတွင် ခေါက်ဆွဲလုပ်ပေးပြီး မနက်ပိုင်းတွင် ခေါက်ဆွဲစားပါက ညစာအတွက် ထမင်းသေသေချာချာ ချက်ပြုတ်ပေးလေ့ရှိသည်။
သို့သော် ဖုန့်ယန်ဝမ် အိမ်မှ ထွက်ခွာသွားပြီးနောက်တွင်မူ အိမ်တွင်း ချက်ပြုတ်ရေး တာဝန်များမှာ ဝမ်မိန်လိနှင့် သူမ၏ ယောင်းမဖြစ်သူတို့၏ လက်ထဲသို့ ရောက်သွားခဲ့တော့သည်။
ထိုအမျိုးသမီး နှစ်ဦးစလုံးမှာ အလုပ်ကြမ်း လုံးဝ မလုပ်ဖူးကြဘဲ နုနယ်လွန်းလှသူများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ရုံးပိတ်ရက် အားလပ်ရက်ကြီးများတွင် ဟင်းတစ်ခွက် နှစ်ခွက်ခန့် ဝိုင်းကူချက်ပေးရုံမှလွဲ၍ မီးဖိုချောင်ထဲသို့ လုံးဝ ဝင်ရောက်လေ့မရှိကြပေ။
ပေါက်စီ၊ ဖက်ထုပ် သို့မဟုတ် ခေါက်ဆွဲ ပြုလုပ်ရန် နေနေသာသာ ပထမဆုံးနေ့က ထမင်းချက်ရန် ကြိုးစားခဲ့စဉ်ကပင် ထမင်းများ တူးသွားခဲ့သဖြင့် အဘွားအို ရွှီတစ်ယောက် အလွန်အမင်း ဒေါသထွက်ကာ အဆက်မပြတ် ဆဲဆိုကျိန်ဆဲခဲ့ဖူးသည်။
နောက်ပိုင်းတွင်မူ ထိုအမျိုးသမီးနှစ်ဦးမှာ လွယ်ကူသော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ကြသည်၊ ၎င်းမှာ ဆန်ပြုတ်ချက်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်ပြုတ်ချက်ခြင်းက အလွယ်ကူဆုံးနှင့် အလုပ်အသက်သာဆုံး ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သူတို့သည် မနက်ပိုင်းတွင် ဆန်ပြုတ်အိုးကြီးတစ်အိုးကို ချက်ပြုတ်လိုက်ပြီး မနက်မှညအထိ ထိုဆန်ပြုတ်ကိုသာ အားလုံးကို အလှည့်ကျ သောက်ခိုင်းကြတော့သည်။
အခြားသော မိသားစုဝင်များမှာမူ နေ့ခင်းဘက်တွင် မိမိတို့ရုံးလုပ်ငန်းခွင်များ၌ နေ့လယ်စာကို အဆင်ပြေစွာ စားသောက်နိုင်ကြသဖြင့် ပြဿနာမရှိသော်လည်း ဤအဘွားအိုကြီးမှာမူ အိမ်တွင်သာ နေထိုင်ရသူ ဖြစ်သဖြင့် မည်သည့်ရုံးစာမှ မရရှိပေ။
လူနေမှုဘဝမှာ ယခင်ကထက် ပို၍ ဆိုးရွားခက်ခဲလာခဲ့ရသည်။ အဘွားအို ရွှီသည် တစ်သက်လုံး သက်တောင့်သက်သာ နေထိုင်လာခဲ့သူ ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးကို ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ထမင်းစားချိန် ရောက်တိုင်း သူမသည် စတင်၍ အော်ဟစ်ဆဲဆိုတော့သည်။
နောက်ဆုံးတွင် သူမ၏ အော်ဟစ်သံများမှာ လွန်ကဲလာခဲ့သဖြင့် ချွေးမဖြစ်သူများပင် စိတ်ကုန်ကာ သူမဘက်မှ မရပ်တည်ပေးတော့ပေ။ သူတို့သည် နောက်ပိုင်းတွင် ဆန်ပြုတ်ပင် မချက်ပေးတော့ဘဲ မိသားစုဝင် အားလုံးနီးပါး အပြင်တွင်သာ သီးသန့်စီ သွားရောက်စားသောက်ကြတော့သည်။
ဤကဲ့သို့သော အခြေအနေကို အဘွားအို ရွှီတစ်ယောက် မည်သို့ သည်းခံနိုင်ပါမည်နည်း။
"နင်တို့တွေ၊ ကိုယ့်ဘာသာ ထမင်းတစ်နပ်တောင် အဖတ်တင်အောင် မချက်တတ်ကြဘူး။ ငါက နင်တို့ကို ဒီအိမ်ထဲကို ဘာအတွက်ကြောင့် လက်ခံခဲ့ရတာလဲ။ နင်တို့ကိုယ်နင်တို့ သူဌေးကတော်တွေလို့ ထင်နေကြတာလား။ တစ်ယောက်ပြီးတစ်ယောက် တကယ်ကို အသုံးမကျတဲ့ မိန်းမတွေ... နင်တို့အမေတွေ သေကုန်ကြလို့လား၊ ဒါမှမဟုတ် နင်တို့ ဘိုးဘွားတွေရဲ့ သင်္ချိုင်းကို သွားတူးနေကြလို့ ထမင်းတစ်နပ်ချက်ဖို့ အချိန်မရှိရအောင် အလုပ်ရှုပ်နေကြတာလား။"
ထိုစကားကို ကြားလိုက်ရသည့်အခါ လီရှို့ကျစ်က အရင်ဆုံး မခံမရပ်နိုင်ဖြစ်ကာ အခန်းထဲမှ ထွက်လာပြီး အဘွားအိုကို ချက်ချင်း ပြန်လည်အော်ဟစ်တော့သည်။
"ဒီအိမ်မှာ လူတွေ ဒီလောက်အများကြီး ရှိနေတာကို ဘာဖြစ်လို့ ကျွန်မတို့နှစ်ယောက်တည်းကပဲ ထမင်းချက်ရမှာလဲ။ ကျွန်မလည်း အပြင်မှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေရတာပဲ။ အမေကမှ တစ်နေကုန် ဘာလုပ်စရာမှမရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေတာလေ။ အလုပ်လုပ်နေရတဲ့ ကျွန်မတို့က အမေ့အတွက် ထမင်းချက်ကျွေးရမယ် ဟုတ်လား။ နည်းနည်းလေးမှ အားမနာတတ်ဘူးလား။ ကိုယ့်အသက်ကြီးတာကို အကြောင်းပြပြီး လာပြီး ဆရာမလုပ်နဲ့။ ဘေးအိမ်က အဘွားအို စွင်းက အမေ့ထက် ငါးနှစ်တောင် ပိုကြီးတာတောင် တစ်နေ့ သုံးနပ်စာကို ကိုယ်တိုင် ကောင်းကောင်းမွန်မွန် ချက်စားနေတာပဲ။ ဒီအိမ်မှာ ဘယ်သူက မြေပိုင်ရှင်ကတော်လို ပြုမူနေလဲဆိုတာ အားလုံး အသိပဲ။"
စကားပြောလိုက်တိုင်း အပြင်မှာ အလုပ်လုပ်နေရသည်ဟူသောအချက်ကို ထည့်ပြောကာ အခြားသူများကိုမူ ဘာလုပ်စရာမှမရှိသူဟု နှိမ်ချပြောဆိုတတ်သည့် ယခုကဲ့သို့သော ခနဲ့သည့် စကားလုံးမျိုးမှာ အကြီးဆုံးချွေးမဖြစ်သူ လီရှို့ကျစ်ထံမှသာ ထွက်ပေါ်လာနိုင်သည်။
အမှန်တော့ လီရှို့ကျစ်သည် ဘတ်စ်ကားလိုင်းတွင် ဘတ်စ်ကားစပယ်ယာအဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ၎င်းမှာ ရှေးခေတ်ကာလက အခွင့်ထူးခံ အလုပ်အကိုင်ကြီး ရှစ်မျိုး ဖြစ်သော "အဓိက လုပ်သားကြီး ရှစ်ဦး" ထဲမှ တစ်ခု ဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ထိုအလုပ်မှာ အခွင့်အရေးနှင့် လစာကောင်းမွန်လှသော အဆင့်အတန်းမြင့် အလုပ်တစ်ခု ဖြစ်ခဲ့သည်။
ယခုအခါ အများသုံးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ ယခင်အတိုင်း ဆက်၍လည်ပတ်နေသော်လည်း အပြင်လောကတွင် လစာနှင့် အခွင့်အရေး ပိုများပြားသော စီးပွားရေးလုပ်ငန်းများစွာ ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။
ဘတ်စ်ကားစပယ်ယာ အလုပ်မှာ ယခင်ကဲ့သို့ အထင်ကြီးစရာ မဟုတ်တော့သော်လည်း လီရှို့ကျစ်မှာမူ မိမိကိုယ်မိမိ အထက်တန်းကျသည်ဟူသော မာနကို ဘ၀ရဲ့တစ်ဝက်နီးပါးလောက် ဆုပ်ကိုင်ထားခဲ့ပြီး အိမ်တွင်း၌ အမြဲ ဆရာလုပ်လေ့ရှိသည်။
သူမ၏ အတွေးအခေါ်များမှာ ၁၉၆၀ နှင့် ၁၉၇၀ ခေတ်ကာလများတွင်သာ ပိတ်မိနေခဲ့ပြီး အင်္ဂလိပ်စာ ပြသပေးသော ဆရာမ ဖုန့်ယန်ဝမ်ကို အမြဲလိုလို နှိမ်ချဆက်ဆံခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် ဖုန့်ယန်ဝမ်ဟူသည်မှာ ဆင်းရဲပြီး မာနကြီးလှသော ပညာတတ်အသိုင်းအဝိုင်းမျှသာ ဖြစ်သည်။
သူမကိုယ်တိုင် ထမင်းချက်ရန်ဟူသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။
လီရှို့ကျစ်သည် ယခင်က မိမိ၏ ဒေါသကို အောင့်အည်းသည်းခံနိုင်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ မည်သည့်မျက်နှာကိုမျှ ဂရုမစိုက်တော့ပေ။ သူမ၏ သိက္ခာရှိမှုများအားလုံး ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူမကိုယ်တိုင်ပင် ယခင်က အလွန်အမင်း မုန်းတီးခဲ့ဖူးသော အာပေါင်အာရင်းသန်သန်ဖြင့် ရန်ရှာတတ်သည့် မိန်းမကြမ်းကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဤကဲ့သို့သော အခြေအနေတွင် ထိုအဘွားအိုကြီးက သူမအား အလုပ်အကျွေးပြုရန် မျှော်လင့်နေသေးသည် ဟုတ်လား။
သူမသည် ဤမိသားစုကြီးတစ်ခုလုံးကို တကယ်ပင် စိတ်ကုန်လှပြီ ဖြစ်သည်။ ဟုတ်ပါသည်၊ သူမ၏သား တဝေ့မှာ အခြေအနေကောင်းမွန်နေသော်လည်း ၎င်းမှာ ဤအိမ်ရှိ အသုံးမကျသော မိသားစုဝင် အားလုံးကို တစ်သက်လုံး တာဝန်ယူ စောင့်ရှောက်ပေးရမည်ဟု မဆိုလိုပေ။
အရင်တုန်းက အိမ်တွင်း၌ အားလုံးက ဝိုင်းဝန်းတိုက်ခိုက်ရမည့် လူတန်းစား ရန်သူဖြစ်သော ဖုန့်ယန်ဝမ် ရှိနေခဲ့စဉ်က လူတိုင်းတွင် တူညီသော ပစ်မှတ်တစ်ခု ရှိခဲ့ကြသည်။ သို့သော် ယခုအခါ ဖုန့်ယန်ဝမ် အိမ်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ အဘွားအို ရွှီသည် ကျန်ရှိနေသော ချွေးမနှစ်ဦး၏ လုပ်ဆောင်ချက် မှန်သမျှကို လိုက်လံအပြစ်ရှာကာ ရန်ပွဲများ ဖန်တီးနေခဲ့တော့သည်။
"နင်က ငါ့ကို ဘယ်လို စကားမျိုး ပြောလိုက်တာလဲ။ လောကမှာ ချွေးမဖြစ်လာတဲ့သူတိုင်းက အိမ်ပေါ်တက်ပြီး သက်တောင့်သက်သာ နေကြတာချည်းပဲလေ။ ငါ့လို ကံဆိုးတဲ့သူကြမှပဲ အသက်ကြီးတဲ့အထိ ဒီလိုကိစ္စတွေကို လိုက်ပြီး ပူပန်နေရတယ်။"
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း နောက်ဆို ဘာမှ လိုက်မပူပန်နဲ့တော့ပေါ့။ အသက်က ၄၀ ကျော်နေပြီဖြစ်ပြီး တစ်နေကုန် ထိုင်စားရုံတင်မကဘဲ အသက်ရှူရမှာကိုတောင် ပျင်းနေတဲ့ လူစားမျိုးပဲ။" လီရှို့ကျစ်က သရော်ရင်း ပြောလိုက်သည်။ "အဲ့လောက်တောင် အသက်ရှူရတာ ပျင်းနေရင်လည်း ဆက်မရှူဘဲ နေလိုက်ပါလား။"
အဘွားအို ရွှီသည် ပင်ကိုယ်က ပျင်းရိသူ ဖြစ်သော်လည်း ချွေးမဖြစ်သူထံမှ ယခုကဲ့သို့ အပြောအဆိုခံရခြင်းကိုမူ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်တော့ပေ။ သူမသည် ဒေါသအဟုန်ပြင်းစွာဖြင့် ဘေးရှိ တုတ်ကောက်ကို ကောက်ကိုင်ကာ ရိုက်နှက်ရန် ရွယ်လိုက်တော့သည်။
"တကယ်ကို ရိုင်းစိုင်းလှချည်လား။ ဒါ လူကြီးမိဘကို ပြောရမယ့် စကားလား။"
"ကျွန်မက ဒီလိုပဲ ပြောတတ်တာ၊ ဘာဖြစ်လဲ။" လီရှို့ကျစ်က စိန်ခေါ်သကဲ့သို့ ပြန်၍အော်ဟစ်ခဲ့သည်။ "တကယ်လို့ ဗိုက်ဆာရင် ကိုယ့်ဘာသာ ခေါက်ဆွဲတစ်ပွဲလောက် ချက်စားဖို့ မသိဘူးလား။ ဒီအတိုင်း ထိုင်နေပြီး သူများလာကျွေးမယ့်အချိန်ကိုပဲ လည်ပင်းရှည်အောင် စောင့်နေတာ။ အမေ့ကို လုပ်ကျွေးချင်တဲ့သူ ရှိရင်လည်း သွားလုပ်ကျွေးကြပေါ့၊ ကျွန်မကတော့ ဒီအိမ်က သက်ရှိဘုရားကို ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ဘူး။"
အဘွားအို ရွှီမှာ ဒေါသလွန်ကဲသွားကာ တုတ်ကောက်ကို မြှောက်လျက် သူမအား အားကုန်လွှဲ၍ ရိုက်နှက်ရန် ကြိုးစားတော့သည်။
သို့သော် သူမသည် ဒေါသထွက်နေခဲ့သဖြင့် ကြမ်းပြင်ပေါ်တွင် ရှိနေသော ဖရဲသီးအခွံတစ်ခုကို သတိမပြုမိလိုက်ပေ။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်ခဏတွင်ပင် ထိုအခွံကို နင်းမိကာ ခြေချော်သွားခဲ့ပြီး ပက်လက်လန်လျက် ကြမ်းပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ လဲကျသွားခဲ့ရတော့သည်။
နောက်ဆုံးတွင်မူ အသက်အရွယ်က စကားပြောလာခဲ့ပြီ ဖြစ်သည်။ အဘွားအို ရွှယ်တစ်ယောက် ခြေချော်လဲကျသွားသည့်အခါ ၎င်းက လေဖြတ်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ သူမကို ဆေးရုံသို့ ပို့ဆောင်လိုက်သည့် အချိန်တွင်မူ ပါးစပ်မှာ ရွဲ့စောင်းနေခဲ့ပြီး မျက်လုံးတစ်ဖက်မှာလည်း တွဲကျနေခဲ့ပြီ ဖြစ်သည်။
ရွှီကျဲဖန့်မှာလည်း မြို့ပြင်သို့ ခရီးထွက်ခွာသွားခါစပဲ ရှိသေးသည်။ ကျန်ရှိသော သားနှစ်ဦးမှာ ခွဲစိတ်ခန်းအပြင်ဘက်တွင် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးနောက်မှသာ ခွဲစိတ်မှုမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ သူမ၏ အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း အဘွားအို ရွှယ်မှာ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့ရသည့်အပြင် တင်ပါးဆုံရိုးတွင်လည်း အက်ကြောင်းထင်သွားခဲ့သည်။ အနည်းဆုံးတော့ သူမအနေဖြင့် သုံးလခန့် လုံးဝ အနားယူရမည် ဖြစ်သည်။
သူမအား ဆေးရုံလူနာဆောင်သို့ ရွှေ့ပြောင်းလိုက်ရုံမျှရှိသေး၊ ချွေးမနှစ်ဦးမှာ ထိုအဘွားအိုကြီးကို မည်သူက တာဝန်ယူ ပြုစုစောင့်ရှောက်ရမည်နည်းဟူသော ကိစ္စနှင့် ပတ်သက်၍ အပြင်းအထန် အော်ဟစ်အငြင်းပွားကြတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူနာခန်းများအားလုံးတွင်လည်း လူနာများ ပြည့်နှက်နေခဲ့သည်။ ထိုအငြင်းပွားသံကို ကြားလိုက်ရသောသူတိုင်းက စိတ်ပျက်စွာဖြင့် ခေါင်းကိုသာ ခါယမ်းမိကြတော့သည်။ သူမသည် သားသမီး သုံးယောက်အထိ မွေးဖွားခဲ့သော်လည်း တကယ်တမ်း အခက်အခဲကြုံတွေ့ရချိန်တွင်မူ တစ်ယောက်မျှ အားကိုး၍ မရကြပေ။
သူတို့က ဤကဲ့သို့ ပြုမူနေကြမည်ဆိုပါက စောစောစီးစီးကတည်းက ဆေးကုသမှုကို လက်လျှော့လိုက်သည်ကမှ ပို၍ ကောင်းမွန်ဦးမည်။ အဓိက ပြဿနာမှာ ထိုအဘွားအိုကြီးက သေလည်းမသေဘဲ တစ်ပိုင်းသေတစ်ပိုင်းရှင် အခြေအနေမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။ ခွဲစိတ်ခန်းထဲမှ ကုတင်ဖြင့် တွန်းထုတ်လာကတည်းက သူမသည် နာကျင်လွန်းသဖြင့် အဆက်မပြတ် ညည်းတွားအော်ဟစ်နေခဲ့ပြီး မိသားစုတစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် လုပ်နေခဲ့တော့သည်။
ဘေးကုတင်များမှ လူနာများပင် သူမ၏ ဆူညံသံကြောင့် ညဘက်တွင် ကောင်းစွာ အိပ်စက်ခွင့် မရကြပေ။ မြင်တွေ့ရသူတိုင်းကမူ ဤအဘွားအိုကြီးသည် လူတကာကို နှိပ်စက်ရန်အတွက် ဝင်စားလာသော မိစ္ဆာတစ်ကောင်သာ ဖြစ်ရမည်ဟု တီးတိုးပြောဆိုကြတော့သည်။
သူတို့သည် အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက် နောက်ဆုံးတွင် အလှည့်ကျ ပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့ညတွင်မူ အကြီးဆုံးသားနှင့် သူ၏ဇနီးဖြစ်သူတို့က ဆေးရုံတွင် ညစောင့်အဖြစ် ကျန်ရစ်ခဲ့ရသည်။
ဒုတိယမြောက်သားနှင့် ဇနီးဖြစ်သူမှာမူ ပင်ပန်းနွမ်းနယ်လှသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲလျက် အိမ်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ယခုအခါ ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျဉ်းမြောင်းလှသော အိမ်ဝင်းလေးအတွင်း၌မူ အလွန်အမင်း အိုက်စပ်ပူလောင်နေဆဲ ဖြစ်သည်။ ဝမ်မိန်လိသည် ပန်ကာကို ဖွင့်လိုက်ပြီး ၎င်းရှေ့တွင် ကပ်၍ ထိုင်နေမိတော့သည်။
"ဒီအခြေအနေကိုလည်း ကြည့်ပါဦး။ ကျွန်မလည်း တစ်နေ့ကုန် အလုပ်လုပ်ရလို့ ပင်ပန်းလှပါပြီဆိုမှ အခု ဆေးရုံကိုပါ လိုက်ပြီး ပြုစုနေရသေးတယ်။ အဘွားကြီးက အိမ်အတွက် ဘာတစ်ခုမှ ကူညီပြီး မလုပ်ပေးတာကို ထားပါတော့၊ အခုလို ဒုက္ခတွေပါ လိုက်မရှာလို့ မရဘူးလား။"
"မကြိုက်လည်း ငါတို့တွေ ဘာတတ်နိုင်မှာလဲ၊ အခုလောလောဆယ်တော့ အိမ် သုံးအိမ် အလှည့်ကျ တာဝန်ယူရမှာပဲလေ။" ဒုတိယမြောက်သားဖြစ်သူက သူ့၏ အင်္ကျီကို ချွတ်လိုက်ပြီး ရင်ဘတ်ဗလာဖြင့် အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်လှမ်းရင်း မကျေမနပ် ညည်းတွားသည်။
"ဒါတွေအားလုံးက အကြီးဆုံးမရီးကြောင့် ဖြစ်ရတာ။ သူက ဘာဖြစ်လို့ အမေနဲ့ အဲ့လောက်အထိ ရန်ဖြစ်ရတာလဲ။ တကယ်တမ်း ပြောရရင် သူက အကြီးဆုံးမို့လို့ သူပဲ ပိုပြီး တာဝန်ယူသင့်တာလေ။"
သူကိုယ်တိုင်လည်း ထိုအဘွားအိုကြီးကို လုံးဝ မပြုစုလိုသည်မှာ အမှန်ပင် ဖြစ်သည်။
ထိုစဉ် အပြင်ဘက်မှ ဆူညံသံတစ်ခု ကြားလိုက်ရပြီး ရွှီကျား ပြန်လည်ရောက်ရှိလာခဲ့သည်။
ရွှီကျားသည် တစ်နေကုန် အပြင်သို့ သွားရောက်နေခဲ့သဖြင့် သူမအဘွားတွင် လေဖြတ်သည့် ဝေဒနာ ခံစားနေရသည်ကို လုံးဝ မသိပေ။ သူမသည် အိမ်ထဲသို့ ဝင်လာသည်နှင့် ဆိုဖာပေါ်သို့ ပစ်လှဲလိုက်သည်။ "အမေ၊ သမီး အရမ်းပင်ပန်းလို့ ရေသောက်ချင်တယ်။"
တကယ်တမ်း တစ်နေကုန် အပြင်တွင် ရုန်းကန်ခဲ့ရသဖြင့် အရိုးထဲအထိ ပင်ပန်းနေသူမှာ ဝမ်မိန်လိ ဖြစ်သည်။ ထို့ကြောင့် သူမက စိတ်တိုတိုဖြင့် ငေါက်လိုက်သည်။ "နင်လည်း အသက်ကြီးနေပြီပဲ၊ ကိုယ့်ဘာသာ ရေထသောက်လို့ မရဘူးလား။ ဘာလဲ၊ နင့်မှာ လက်တွေ ခြေထောက်တွေ မပါလာလို့လား။"
ရွှီကျားက ဆိုဖာပေါ်မှနေ၍ ညည်းတွားလိုက်သည်။ "ထားလိုက်ပါတော့၊ သမီး မသောက်ဘဲ အောင့်ခံထားလိုက်မယ်။"
သူမသည် အမြဲတမ်း ယခုကဲ့သို့ ကန့်လန့်တိုက်တတ်သူ ဖြစ်သည်။ အကယ်၍ သင်က စိတ်လျှော့ကာ ရေခပ်ပေးလိုက်မည်ဆိုပါက နောက်တစ်ကြိမ်တွင်လည်း သူမက အလိုအလျောက် ထပ်မံခိုင်းစေဦးမည် ဖြစ်သည်။