အခန်း ၂၄
Vol. 3 Ch. 24
၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး
အပိုင်း ၂၄
"ကလေးက ဘာမှမဖြစ်ပါဘူး။ အာဟာရရှိတာတွေ ပိုကျွေးပေးရင် ရပြီ။ အရင်တုန်းက နှစ်ယောက်စလုံး ကောင်းကောင်းမစားခဲ့ရဘူး ထင်တယ်။ အခု အခြေအနေ ကောင်းလာပြီဆိုတော့ အိမ်မှာ အရမ်းမကျပ်တည်းရင် မနက်တိုင်း ကြက်ဥနှစ်လုံး ပြုတ်စားပါ၊ တစ်ယောက်တစ်လုံးစီပေါ့။ တခြားနည်းတွေနဲ့ လုပ်မနေနဲ့၊ ရေနွေးဖျောထားတဲ့ ကြက်ဥပြုတ်က အာဟာရအရှိဆုံးပဲ။"
ဖုန့်ယန်ဝမ်သည် မယုံနိုင်သလို မျက်နှာထားဖြင့် မေးမိပြန်သည်။ "သူမ တကယ်ပဲ ဘာရောဂါမှ မရှိတာလား ဆရာမ။"
ဆရာဝန်မကြီးက အတန်ငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။ "ရှင်က ရှင့်သမီးကို ရောဂါတစ်ခုခု ရှိစေချင်လို့လား။"
ဖုန့်ယန်ဝမ်တစ်ယောက် ဆွံ့အသွားရသည်။ ခဏတာမျှ သူမတို့ ဆေးရုံသို့ အဘယ်ကြောင့် လာခဲ့ကြသည်ကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။
ရွှီမုန့်က ချက်ချင်းပင် ကြားဖြတ်ဝင်ပြောလိုက်သည်။ "ဆရာမကြီး၊ ကျွန်မအမေက ကလေးမရနိုင်လို့ပါ။ သူမ ငယ်ငယ်တုန်းက ရေထဲပြုတ်ကျဖူးလို့ အဲ့ဒီကနေ ဖြစ်သွားတာလို့ ပြောပါတယ်။ သမီးလည်း ငယ်ငယ်က ရေထဲပြုတ်ကျဖူးတာ တိုက်ဆိုင်နေတော့ အမေက သမီးပါ အဲ့လိုဖြစ်မှာစိုးလို့ လိုက်ပြတာပါ။ အမေ့ကိုလည်း တစ်ချက်လောက် သေသေချာချာ ကြည့်ပေးပါဦး၊ သူ့ရောဂါက ကုလို့ရနိုင်မလားဟင်။"
ဆရာဝန်မကြီးက ချက်ချင်းပင် မနှစ်မြို့သော လေသံဖြင့် "ပေါက်ကရတွေ။ သားအိမ်အေးတာက ဟုတ်ပါပြီ၊ ဒါပေမယ့် ကလေးမရနိုင်လောက်တဲ့အထိတော့ ဘယ်ဖြစ်မလဲ။"
ရွှီမုန့် မေးလိုက်သည်။ "မဖြစ်နိုင်ဘူးလား။"
"နင် ဘယ်တုန်းက စစ်ဆေးဖူးလို့လဲ။ အခြေအနေက ဘာလဲ။ သေချာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖူးရဲ့လား။ သားအိမ်ပြွန်ပိတ်တာလား၊ သားအိမ်ပြင်ပ သန္ဓေတည်တာလား။ အဲ့ဒါတွေက သေချာတဲ့ အဖြေရှိရမယ်။ ဘာမှလည်း သေချာမသိဘဲနဲ့ ရေထဲပြုတ်ကျရုံနဲ့ ကလေးမရဘူးလို့ပဲ ဇွတ်ပြောနေရင် ရေကူးသမားတွေအားလုံး ကလေးမရနိုင်ဘဲ ဖြစ်ကုန်မှာပေါ့။ ဒါက ဘယ်လို ယုတ္တိရှိလို့လဲ။"
ဖုန့်ယန်ဝမ်တစ်ယောက် ရင်ထဲ စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရပြီး ဆရာဝန်အခန်းထဲမှ မည်သို့ လမ်းလျှောက်ထွက်လာခဲ့မိသည်ကိုပင် သေချာမသိတော့ပေ။
ရွှီမုန့် မေးခွန်းအနည်းငယ် ထပ်မေးပြီးနောက် ငိုင်တိုင်တိုင် ဖြစ်နေသော ဖုန့်ယန်ဝမ်ကို တွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
အပြင်သို့ရောက်သော် ရွှီမုန့်က သူမအမေ့ကို ဆေးရုံရှိ ခုံတန်းအရှည်တစ်ခုတွင် ထိုင်ခိုင်းထားခဲ့ပြီး ဆေးထုတ်ရန် ဆေးဆိုင်သို့ သွားခဲ့သည်။ ဖုန့်ယန်ဝမ်သည် ဝိညာဉ်လွင့်ပြယ်သွားသကဲ့သို့ ငြိမ်သက်စွာ ထိုင်နေရှာရာ သူမ ဤမျှ စိတ်လွင့်နေသည်မှာလည်း မဆန်းပေ။ အတိတ်တစ်လျှောက်လုံးတွင် သူမသည် ဤကိစ္စကြောင့်ပင် ရင်ထဲ၌ အပြစ်မကင်းသလို ခံစားခဲ့ရပြီး သိမ်ငယ်စိတ်၊ အားငယ်စိတ်များဖြင့် ရှင်သန်ခဲ့ရခြင်း ဖြစ်သည်။
အမှန်တော့ သူမသည် ၁၉၇၀ ပြည့်လွန်နှစ်များက တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ရွှီမိသားစုက သူမအပေါ် သည်းခံပေးထားသည်ဟူသော အတွေး၊ သူတို့ဘက်က ပြဿနာမရှာခဲ့ကြဟူသော အတွေးများကြောင့် ရွှီကျဲဖန့်ကို ထားခဲ့ရန် သူမတွင် အခွင့်အရေးမရှိဟု ခံစားခဲ့ရခြင်း ဖြစ်သည်။
ပြီးနောက် ကလေးလည်း မမွေးနိုင်၊ ကွာရှင်းထားသည့် မိန်းမတစ်ယောက်အနေဖြင့် နောင်တစ်ချိန်တွင် မည်ကဲ့သို့သော အိမ်ထောင်မျိုးကို မျှော်လင့်နိုင်ဦးမည်နည်း။ တစ်ယောက်ယောက်နှင့် ဆုံခဲ့လျှင်ပင် သူတို့၏ ကလေးများကို ပြုစုစောင့်ရှောက်ပေးမည့်သူ ရှာနေသည့် မရိုးသားသော ရည်ရွယ်ချက်ရှိသူသာ ဖြစ်လိမ့်မည်။
ရွှီမုန့် ငယ်ငယ်တုန်းက ဤအကြောင်းအရာ ပေါ်လာတိုင်း အဘွားရွှယ်က ဖုန့်ယန်ဝမ်၏ နှာခေါင်းကို လက်ညှိုးတငေါက်ငေါက်ထိုးကာ အမြုံမ၊ ကြက်မအမြုံ စသည်ဖြင့် နားမခံသာသော ဆဲရေးတိုင်းထွာမှုမျိုးစုံ ပြုလုပ်ခဲ့သည်ကို ယနေ့တိုင် မှတ်မိနေသေးသည်။ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း ဖုန့်ယန်ဝမ်ဘက်က အမှန်တကယ်ပင် ကိုယ်ဝန်တစ်ခါမျှ မရခဲ့ဖူးပေ။
ဖုန့်ယန်ဝမ်သည် ပညာတတ်အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အရာရာတိုင်းတွင် ပြည့်စုံနေသည်တော့ မဟုတ်ပေ။ သားဖွားမီးယပ်နှင့် ပတ်သက်လာလျှင်မူ သူမအတွက် အမှန်တကယ်ပင် ဗဟုသုတ အလွန် နည်းပါးခဲ့သည်။
ရွှီမုန့်က ဖုန့်ယန်ဝမ်ကို ခဏမျှ တစ်ယောက်တည်း စဉ်းစားရန် လွှတ်ထားပေးလိုက်သည်။ သူမကိုယ်တိုင်၏ စိတ်ထဲတွင်လည်း အတွေးများ ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။
သူမ ငွေပေးသွင်းရမည့် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာစဉ် ရုတ်တရက် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
ထိုလူက အရပ်ရှည်ရှည်၊ သွယ်သွယ်နှင့် ရုပ်ရည်ချောမောလှသော ဟန်ကျိမင်ပင် ဖြစ်သည်။
ရွှီမုန့်က သူ့ကို ချက်ချင်း မြင်သွားသဖြင့် လက်လှမ်းပြလိုက်သည်။ "ဦးလေးဟန်။"
ဟန်ကျိမင်လည်း သူမကို မြင်သွားသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ သူက သူမကို အကဲခတ်သလို ကြည့်ရင်း မျက်ဝန်းများတွင် အပြုံးရိပ်သန်းလျက် မေးလိုက်သည်။ "ဆေးရုံကို ဘာလာလုပ်တာလဲ၊ နေမကောင်းလို့လား။"
ရွှီမုန့်က ငွေသွင်းသည့် ကောင်တာဘက်သို့ လျှောက်သွားရင်း ပြန်ပြောလိုက်သည်။ "အမေ ဆရာဝန်လာပြတာပါ၊ ခန္ဓာကိုယ်ကို ပြန်ပြီး ပြုပြင်ထိန်းသိမ်းမလို့။"
ဟန်ကျိမင်၏ မျက်နှာထက်တွင် စိုးရိမ်စိတ်များ ချက်ချင်း သက်သာသွားပုံ ပေါ်လာသည်။
မနက်ပိုင်းတွင် လူ သိပ်မများသဖြင့် ရွှီမုန့်၏ အလှည့်က အမြန်ပင် ရောက်လာခဲ့သည်။ ငွေပေးချေပြီးနောက် သူမ ပြန်လှည့်ကြည့်လိုက်သောအခါ ဟန်ကျိမင်က ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
ထိုအခါမှသာ သူသည် ဆရာဝန်အင်္ကျီအဖြူကြီး ဝတ်ဆင်ထားကြောင်း သူမ သတိပြုမိတော့သည်။ ထိုဝတ်စုံက သူ့အပေါ်တွင် ထူးခြားသော ခံ့ညားမှုမျိုးကို ပေးစွမ်းနေသယောင် ရှိသည်။
ဟန်ကျိမင်က အနည်းငယ် ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
ရွှီမုန့် ပြုံးလိုက်သည်။ "ပြီးခဲ့တဲ့အကြိမ် ဆုံတုန်းကနဲ့ မတူသလိုပဲ။ ဦးလေးက ဆရာဝန်လား။"
ပထမဆုံး နှစ်ကြိမ် ဆုံခဲ့စဉ်တုန်းကမူ သူသည် အမြဲတမ်း ပေါ့ပေါ့ပါးပါးနှင့် ပေပေတေတေ ပုံစံမျိုး ပေါက်နေခဲ့သောကြောင့် ဖြစ်သည်။
ဟန်ကျိမင် ပြောလိုက်သည်။ "ငါ့တူမလေးကို လာကြည့်တာပါ။"
သူ့မျက်လုံးများက သူမအပေါ်သို့ ဝဲကျလာခဲ့သည်။ "မင်းလည်း ဒီနေ့ ပုံမှန်နဲ့မတူဘဲ ဝတ်ထားတာပဲ။"
ရွှီမုန့် ပြုံးလိုက်သည်။ "ဒီနေ့ အပြင်ထွက်စရာရှိလို့ အမေက အတင်းဝတ်ခိုင်းတာနဲ့ ဝတ်လာရတာပါ။" ထိုသို့ ပြောရင်း အနည်းငယ် စိတ်မလုံသလို ဖြစ်နေမိသည်။
သို့သော် ဟန်ကျိမင် ခပ်တိုးတိုးရယ်မောလိုက်မိသည်။ "တကယ်တော့ ကြည့်လို့ တော်တော်လေး ကောင်းပါတယ်။"
ထိုစကားကြောင့် ရွှီမုန့် ပို၍ပင် ရှက်သွေးဖြန်းသွားရသည်။ သူ့ကဲ့သို့ နောက်ခံမျိုး၊ ရုပ်ရည်မျိုးနှင့်ဆိုလျှင် ဘေးနားတွင် မိန်းကလေးများစွာ ဝိုင်းဝိုင်းလည်နေလိမ့်မည်။ သူမအနေဖြင့် ထိုမိန်းကလေးများထဲတွင် ပါဝင်နိုင်စရာ အကြောင်းမရှိပေ။ ထိုသို့တွေးမိသဖြင့် ပို၍ နေရခက်နေစဉ် အချိန်ကိုက်ပင် လူတစ်ယောက်က ဟန်ကျိမင်ကို လာခေါ်ခဲ့သည်။
"ဦးလေးဟန်၊ သွားစရာရှိတာ သွားပါ။ ကျွန်မလည်း ဒီကိစ္စပြီးရင် ပြန်တော့မှာ။"
"ဘူတာရုံမှာ ဈေးဆက်ရောင်းနေတုန်းပဲလား။ လာမယ့် စာသင်နှစ်ကြရင် ကျောင်းပြန်တက်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။"
"ဟုတ်ပါတယ်၊ အခုက နွေရာသီကျောင်းပိတ်ရက်လေ။ ကျွန်မတို့ အိမ်ကနေ အသစ်ပြောင်းလာရတော့ စားဝတ်နေရေးအတွက် ပိုက်ဆံလိုလို့ပါ။" ရွှီမုန့်က စကားကို ဖြတ်လိုက်သည်။
"ဟိုမှာ လူတစ်ယောက် ဦးလေးကို လှမ်းခေါ်နေတယ်။"
ဟန်ကျိမင်က လှည့်ထွက်ရန် ပြင်ပြီးမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ "တကယ်လို့ အကူအညီ လိုတာရှိရင် ငါ့ဆီ လာခဲ့ပါ။ မင်းနဲ့ ရှောင်ဝူအာတို့က ရင်းနှီးကြတာပဲ၊ အားလုံးက တူတူကြီးပြင်းလာကြတာဆိုတော့ သိပ်ပြီး အားနာမနေပါနဲ့။"
ရွှီမုန့်အတွက်မူ သူ့စကားများက အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်၊ သာမန်အချိန်တွင် ရှိတတ်သည့် ယဉ်ကျေးမှုမျိုး သို့မဟုတ် စနစ်တကျရှိသော စကားအသုံးအနှုန်းမျိုး မရှိသောကြောင့် ဖြစ်သည်။ သို့သော် သူမ သေသေချာချာ မစဉ်းစားရသေးခင်မှာပင် သူက အဝေးသို့ လျှောက်သွားနှင့်ပြီ ဖြစ်သည်။ သူမ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆေးထုပ်ကိုပွေ့ကာ အမေ့ဆီသို့ ပြန်လျှောက်လာခဲ့သည်။
သူမ ပြန်ရောက်သောအခါ ဖုန့်ယန်ဝမ်သည် ထွက်သွားစဉ်ကအတိုင်း ခုံတန်းရှည်ပေါ်တွင် ငိုင်တိုင်တိုင်နှင့် လှုပ်ရှားမှုမရှိဘဲ ထိုင်နေဆဲပင် ဖြစ်သည်။
"အမေ၊ သမီး ဆေးဝယ်လာပြီ၊ မနက်ဖြန်မနက်ကစပြီး သောက်နော်။ စောစောက စုံစမ်းကြည့်တော့ ဒီဆရာဝန်ကြီးက တကယ် နာမည်ကြီးတာတဲ့။"
ဖုန့်ယန်ဝမ်က လှုပ်ရှားမှုမရှိဘဲ ငြိမ်နေဆဲဖြစ်သည်ကို မြင်သောအခါ ရွှီမုန့်က သူမ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ငယ်ငယ်တုန်းကလိုပင် သူမ အမေ၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ထိုအခါမှသာ ဖုန့်ယန်ဝမ်၏ ပါးထက်တွင် မျက်ရည်နှစ်ကြောင်း စီးကျနေသည်ကို သူမ သတိပြုမိတော့သည်။
သူမ ငိုနေခဲ့သည်။
ရွှီမုန့်အနေဖြင့် သူမ အမေ ငိုသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ သူမ၏ အမေသည် အမြဲတမ်း ကြံ့ခိုင်သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။
အဘွားအိုရွှယ်၏ ဆဲရေးခြင်းကို ခံရစဉ်ကဖြစ်စေ၊ ယောက်မနှစ်ယောက်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရစဉ်ကဖြစ်စေ သူမသည် ဘယ်တော့မှ အလျှော့မပေးဘဲ အမြဲတမ်း ပြန်လည်တုံ့ပြန်ခဲ့သူ ဖြစ်သည်။
ရွှီမုန့်လည်း စိတ်မကောင်းဖြစ်ကာ အားပေးလိုက်သည်။ "အမေ၊ ဘာဖြစ်လို့လဲဟင်။ ဆရာဝန်ကြီးက ဘာမှမဖြစ်ဘူးလို့ ပြောလိုက်တာပဲ မဟုတ်လား။ သမီးပြောတာက... ဒီကိစ္စက နဂိုကတည်းက အမေ့ကြောင့် မဟုတ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ကလေးရဖို့ဆိုတာ မိန်းမတစ်ယောက်တည်းရဲ့ အမှားမှ မဟုတ်တာ၊ ဟုတ်တယ်မလား။"
သူမ ပြောလေလေ၊ ပို၍ သေချာလာလေလေ ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် အမြဲတမ်း အဘွားအိုရွှယ်ကသာ ဦးဆောင်ပြီး အမေ့ကို ဆဲဆိုခဲ့သဖြင့် ကလေးမရနိုင်ခြင်းမှာ အမေ့ကြောင့်သာ ဖြစ်သည်ဟု နဂိုကတည်းက စွဲမှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ဆေးဝါးကုသမှု စမ်းသပ်ချက်များမှာ ကန့်သတ်ချက်များစွာ ရှိခဲ့ရာ ဖုန့်ယန်ဝမ်တွင် ကလေးမရနိုင်သည့် ရောဂါရှိသည်ဟု မည်သို့ အသေအချာ ပြောနိုင်ပါမည်နည်း။
ဖုန့်ယန်ဝမ်သည် ငတုံးတစ်ယောက် မဟုတ်ပါလျက်နှင့် အဘယ်ကြောင့် မိမိကိုယ်ကိုယ် ကလေးမွေးနိုင်စွမ်းမရှိသူဟု ယုံကြည်လက်ခံထားခဲ့ရသနည်း။
သားအမိနှစ်ယောက် ဆေးရုံမှ ပြန်ရောက်သောအခါ အိမ်ထဲဝင်သည်နှင့် လျှပ်စစ်ပန်ကာရှေ့တွင် ထိုင်ကာ အပူဒဏ်ကို အတော်ကြာအောင် ခံယူရင်း စကားစမြည် ပြောဖြစ်ကြတော့သည်။
ဖုန့်ယန်ဝမ် ဖွင့်ဟပြောပြလိုက်သော အကြောင်းအရာကြောင့် ရွှီမုန့် အံ့ဩမှင်သက်သွားရသည်။ "ဒါဆို အမေပြောချင်တာက... အဲ့တုန်းက ဆရာဝန်ဆီ သွားပြတော့ အမေတစ်ယောက်တည်း သွားခဲ့တာပေါ့၊ ပြီးတော့ အဲ့ဒီဆရာဝန်ကလည်း မိသားစုက မိတ်ဆက်ပေးတဲ့သူပေါ့ ဟုတ်လား။"
ဖုန့်ယန်ဝမ်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူမက လက်ဖြင့် မျက်နှာကို သုတ်လိုက်ပြီး ပြန်စဉ်းစားကြည့်သောအခါ ထိုစဉ်က သူမ အတော်လေး တုံးအခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ထိုတုန်းက သူမ အများကြီး မစဉ်းစားခဲ့မိပေ။ ဆရာဝန်က ပြတ်ပြတ်သားသား ပြောခဲ့သဖြင့် မည်သူမျှ ဆရာဝန်ကို သံသယမဝင်ခဲ့ကြဘဲ သူမ၌သာ ပြဿနာရှိသည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ထိုစဉ်က ၁၉၇၀ ပြည့်လွန်နှစ်များ ဖြစ်သည်။ တကယ့် ဆရာဝန်ကောင်းအချို့မှာ အလုပ်ကြမ်းစခန်းများသို့ အပို့ခံထားရချိန်ဖြစ်ရာ သူမ ပြသခဲ့သော ဆရာဝန်မှာ တကယ့် ပညာရှင် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကို ရွှီမုန့် အကုန်သိထားပြီးသား ဖြစ်သည်။ သို့သော် သူမသည် သမီးဖြစ်သဖြင့် အမေ့၏ သီးသန့်ကိစ္စများကို ဝင်ရောက်စွက်ဖက် မေးမြန်းရန် မသင့်တော်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဆေးရုံသို့ မလာဖြစ်ခဲ့ပါက ဤအကြောင်းရင်းခံကို သူမ ဘယ်တော့မှ သိခွင့်ရလိမ့်မည်မဟုတ်ပေ။
အမှန်တော့ ဖုန့်ယန်ဝမ် ထိုသို့ ထင်မှတ်ခဲ့သည်ကိုလည်း အပြစ်ဆို၍ မရပါ။ ထိုခေတ်က ဆေးဝါးကုသမှု အဆင့်အတန်းမှာ မမြင့်မားသေးသလို နောင်ဆယ်စုနှစ်များစွာ ကြာမှ ပေါ်လာမည့် အင်တာနက်ပေါ်တွင် ရှာဖွေနိုင်သည့် ခေတ်မျိုးလည်း မဟုတ်သဖြင့် အားကိုးစရာအကောင်းဆုံး သတင်းအချက်အလက်မှာ ဆရာဝန်များထံမှသာ ရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
ဆရာဝန်က သူမကြောင့်ဟု ပြောခဲ့လျှင် သူမ ယုံကြည်မိသည်မှာ မဆန်းလှပေ။
ရုတ်တရက် ရွှီမုန့် အော်လိုက်သည်။ "ဒါပေမယ့် တခြားတစ်ဖက်ကနေ စဉ်းစားကြည့်ရင် ဒါက အမေ့ပြဿနာမဟုတ်ဘဲ သူ့ပြဿနာ ဖြစ်နေတာပေါ့။"
ဖုန့်ယန်ဝမ်သည် သူမ၏ သွေးသားအရင်း ကလေးတစ်ယောက်ကို အမြဲလိုချင်ခဲ့ကြောင်း သူမ သိသည်။ ထိုအရာက တစ်ချိန်က အမေ့အတွက် ဝေးကွာလွန်းပြီး မဖြစ်နိုင်သောအရာဟု ထင်မှတ်ခဲ့ရသည်။ သို့သော် ပြဿနာက အမေ့ကြောင့် မဟုတ်ခဲ့လျှင် အခြားတစ်ယောက်နှင့်ဆိုပါက အဆင်ပြေနိုင်သည် မဟုတ်ပါလား။
ဒါကပဲ ကွာရှင်းပြတ်စဲရန် အကောင်းဆုံးသော အကြောင်းပြချက် ဖြစ်လာနိုင်သည်။ ထိုသွေးစုပ်မည့် မိသားစုဆိုးကြီးထံမှ ဝေးဝေးပြေးနိုင်မှသာ ဘဝက တကယ့်ကို ကောင်းမွန်လာနိုင်လိမ့်မည်။
အပြင်ဘက် ခြံဝင်းထဲတွင် ကလေးသုံးယောက်က ဆော့ကစားနေကြသည်။ ဖုန့်ယန်ဝမ်က အိမ်မိုးစွန်းအောက်ရှိ ဖရဲသီးပုံကြီးကို လှမ်းကြည့်လိုက်ပြီး စိတ်ကိုတင်းကာ ပန်ကာကိုပိတ်၍ အပြင်သို့ ထွက်လာခဲ့သည်။
ကလေးများသည် သူမ အပြင်ထွက်လာသည်ကို မြင်သည်နှင့် အပြိုင်အဆိုင်ပင် မျက်နှာလိုမျက်နှာရ လာရောက်ပြောဆိုကြတော့သည်။
အမြဲတမ်း အကွက်မြင်ပြီး လည်လည်ဝဲဝဲရှိသော ဒုတိယမြောက်ကလေးက အနားသို့ တိုးလာကာ ပြောလိုက်သည်။ "အဒေါ်ဖုန့်၊ ဖရဲသီးလာပို့တဲ့ အဒေါ်ကြီးက ဖရဲသီးတွေက နည်းနည်းသေးလို့ဆိုပြီး တစ်လုံးပိုယူခိုင်းတယ်။ အားလုံးပေါင်း ၁၅ လုံး ရခဲ့တယ်။ ရေပုံးထဲက ရေလည်း အဆင်သင့်ဖြစ်ပြီ၊ ဓာတ်ဘူးထဲမှာလည်း ရေစိမ်းမဟုတ်ဘဲ ကျိုပြီးသား ရေနွေးတွေ ဖြည့်ထားပါတယ်။ အဒေါ် အပြင်သွားတော့မလို့လား၊ ကျွန်တော်တို့ တံခါးဝအထိ လိုက်ပို့ပေးပါ့မယ်။"
ဖုန့်ယန်ဝမ်သည် ကလေးများကို တကယ် သဘောကျသူဖြစ်ပြီး ဤကလေးများမှာလည်း အလွန်ပင် လိမ္မာကြသည်။ ဒုတိယမြောက်ကလေး၏ စကားကို ကြားရသောအခါ သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် အားတက်သွားရတော့သည်။
ဤကလေးများသည် သာမန်အချိန်တွင် သိပ်ပြီး ဂျီမကျတတ်ကြပေ။ အစပိုင်းတွင် သူတို့ ရေပိုက်မှ ရေစိမ်းကို ဒီအတိုင်း သောက်နေကြသည်ကို မြင်ပြီး သူမ လန့်သွားခဲ့ဖူးသည်။ ထို့ကြောင့် ရေကို မသောက်ခင် အရင်ကျိုချက်ရန် သွန်သင်ပေးခဲ့သည်။ ယခုအခါ မနက်တိုင်း သူတို့ ရေနွေးအိုးအကြီးကြီး တစ်အိုး ကျိုတတ်ကြပြီ ဖြစ်သည်။
သို့သော် ရာသီဥတုက ပို၍ ပူပြင်းလာသဖြင့် ထိုပမာဏကပင် တစ်နေ့စာအတွက် မလောက်ချင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့တွင် အလေ့အထတစ်ခု ဖြစ်လာခဲ့သည်၊ မနက် မိုးလင်းထသည်နှင့် ပထမဆုံးအလုပ်မှာ ရေနွေးအိုးတည်ခြင်းပင် ဖြစ်တော့သည်။
ဒါကပဲ သားအမိနှစ်ယောက်အတွက် အလုပ်အများကြီး သက်သာစေခဲ့သဖြင့် ဖုန့်ယန်ဝမ် ရင်ထဲတွင် တကယ်ကို ဝမ်းမြောက်မိရသည်။ သူမက ပြုံးလျက် ဒုတိယမြောက်ကလေးကို ပြောလိုက်သည်။ "ဒါဆိုရင်တော့ အဒေါ့်ကို ရေပုံးလေး ကူသယ်ပေးဖို့ အကူအညီတောင်းရမှာပဲ။"
အခြားပစ္စည်းတွေအကုန်လုံးကို လှည်းပေါ်ပုံတင်လို့ရပေမယ့် ရေကိုတော့ လက်နဲ့ပဲ သယ်ရမှာဖြစ်သည်။ ဈေးရောင်းနေစဉ်အတွင်း လက်ဆေးရန် ရေသန့်လိုအပ်သလို တစ်နေ့တာလုံး အရောင်းအဝယ်ဖြစ်ဖို့ အနည်းဆုံး ရေပုံးနှစ်ပုံးတော့ လိုအပ်သည်။
အကြီးဆုံးက ချက်ချင်း ထခုန်ကာ ပြောခဲ့သည်။ "ကျွန်တော်တို့ အခုပဲ ထွက်ကြတော့မလို့လား။"
ဖုန့်ယန်ဝမ် အာရုံလွှဲသွားသည်ကို မြင်တော့ ရွှီမုန့်လည်း ရင်ထဲမှ သက်ပြင်းကို ခပ်ဖွဖွချလိုက်မိသည်။ သူမသည် ပစ္စည်းများကို သေချာစစ်ဆေးပြီးနောက် အပြင်သို့ ထွက်ခဲ့ကြသည်။ အကြီးဆုံးနှင့် ဒုတိယမြောက်ကလေးက ပစ္စည်းများကူသယ်ပေးကြပြီး အငယ်ဆုံးလေးကတော့ နောက်ကနေ အမြီးလေးလို တကောက်ကောက် လိုက်ပါလာသည်။
မီးရထားဘူတာရုံနား ရောက်ခါနီးတွင် ဖုန့်ယန်ဝမ်က အထုပ်ထဲမှ မြေပုံအချို့ကို ထုတ်ယူကာ ကလေးများကို ရောင်းခိုင်းရန် ပေးလိုက်သည်။
ဒါက ကလေးတွေနဲ့ မကြာသေးမီကမှ သဘောတူထားသည့် အစီအစဉ်ဖြစ်သည်။ ရောင်းရသမျှ အမြတ်ထဲက ထက်ဝက်ကို ကလေးများက ရရှိမည်ဖြစ်သည်။
အချို့သော စီးပွားရေးလုပ်ငန်းများက လူကြီးနှစ်ယောက်တည်းနှင့် မနိုင်နင်းနိုင်ပေ။ ဥပမာအားဖြင့် လူကြီးနှစ်ယောက်က ဖရဲသီးရောင်းရန် တစ်နေရာတည်းတွင် အထိုင်ချနေရချိန် ကလေးများကတော့ ရထားဘူတာရုံတစ်ခုလုံးအနှံ့ ပြေးလွှားနိုင်ကြသည်။
ကလေးများသည် ဘူတာရုံထွက်ပေါက်တွင် လွတ်လွတ်လပ်လပ် ပြေးလွှားရောင်းချကြသည်။ ကံကောင်းသည့်နေ့များတွင် ၁၀ ယွမ်ထက်မနည်း ရတတ်သဖြင့် သူတို့လည်း ထိုအလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ကြသည်။
ထိုအချိန်က ကျောင်းများတွင်လည်း ကျောင်းသားများ ကျောင်းတက်ရင်း အလုပ်လုပ်သည့် အစီအစဉ်ကို တက်တက်ကြွကြွ အားပေးနေချိန်ဖြစ်သည်။ ရပ်ကွက်ရုံးကပင် ဤအကြောင်းကို ကြားသိရသောအခါ အားပေးကူညီကြသည်။ ကလေးများ အလုပ်တစ်ခုခုတွင် အာရုံစိုက်နေခြင်းက အခြားနေရာများ၌ လျှောက်သွားပြီး ပြဿနာရှာခြင်းမှ ကင်းဝေးစေသည်။
ရွှီမုန့်က ကလေးများကို မလွှတ်မီ ဥပဒေသများကို သေသေချာချာ မှာရသည်။ လှုပ်ရှားရမည့် နယ်ပယ်ကို အတိအကျ သတ်မှတ်ပေးပြီး လမ်းကြောင်းမရှိဘဲ လျှောက်မသွားရန် တားမြစ်ရသည်။ သို့သော်လည်း သူမ သိပ်တော့ စိတ်မပူမိပါ၊ အဘယ်ကြောင့်ဆိုသော် ဤကလေးများသည် မီးရထားဘူတာရုံနားတွင် ကြီးပြင်းလာကြသူများမို့ ဤနေရာအနှံ့ကို အလွတ်ရနေ၍ဖြစ်သည်။ ထိုကိစ္စပြီးပြတ်သွားသောအခါ သူမနှင့် ဖုန့်ယန်ဝမ်တို့လည်း ဖရဲသီး စတင်ရောင်းချကြတော့သည်။
ဖုန့်ယန်ဝမ်တစ်ယောက် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ ကျောင်းပြန်ဖွင့်ချိန်အထိ တစ်လမပြည့်သော ကာလအတွင်း ဤလုပ်ငန်းက ရေရှည်မဟုတ်ကြောင်း ရွှီမုန့်က ပြောပြထားဖူးသည်။ ရက်တွက်ကြည့်လျှင် အချိန် သိပ်မကျန်တော့ပေ။
လက်ရှိတွင် တစ်နေ့လျှင် အမြတ်ငွေ ၇၀ မှ ၈၀ ယွမ်အထိ အဆင်ပြေပြေ ရရှိနေသည်။ ကလေးများ ဝိုင်းကူပေးသဖြင့် နောက်ထပ် ၅ ယွမ်မှ ၁၀ ယွမ်ခန့် ပိုရရှိလာသည်။
အမျိုးသမီးနှစ်ယောက်စလုံးက ကလေးများ၏ အမြတ်ဝေစုကို နှမြောတွန့်တိုခြင်း မရှိကြပေ။ ရရှိလာသော ငွေအချို့ကို အိမ်ရှိ ဘုံနေရာများ ပြုပြင်မွမ်းမံရန်အတွက် အသုံးပြုကြသည်။