အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း ၁၀၃
"အမည်မသိ သိုင်းသမားတစ်ယောက်လို့ ပြောခဲ့တယ်မဟုတ်လား"
ခမ်းနားသော ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း လက်ဖဝါးဖြင့် မေးကို ထောက်ကာ ဂျူဂီလ်တေးကို စူးစိုက်ကြည့်နေသည့် ဟုန်ဂျုံဂိုဏ်းချုပ် ဂျူဟျောလ်၏ အသံမှာ အေးစက်နေသည်။
သူ၏ မည်းမှောင်နေသော အကြည့်ကြောင့် ဂျူဂီလ်တေးမှာ တုန်လှုပ်သွားသည်။
"သူတို့က သိုင်းလောကအဖွဲ့ချုပ်လက်အောက်ခံ သိုင်းသမားတွေ ဖြစ်ဖို့ ရာခိုင်နှုန်း ရှိသလား"
"အဲဒီ ဖြစ်နိုင်ခြေကတော့..."
ဂျူဂီလ်တေးမှာ ချက်ချင်း ပြန်မဖြေနိုင်ဖြစ်နေစဉ် သူ၏ဘေးတွင် ရပ်နေသည့် ဂျူဂီလ်ဆော့က ဝင်ပြောလိုက်သည်။
"ဖြစ်နိုင်ခြေ အတော်များပါတယ်။ ဟန်ဆိုအွန်ရဲ့ ရှုထောင့်ကကြည့်ရင် ဒါက မှန်ကန်တဲ့ စာချုပ်မဟုတ်မှန်း သိနေမှာမို့ သိုင်းလောကအဖွဲ့ချုပ်ဆီမှာ ကြားဝင်ပေးဖို့ တောင်းဆိုခဲ့ဖို့ သေချာသလောက်ပါပဲ"
"ဟုတ်တယ်။ မင်းပြောတာ မှန်တယ်"
ဂျူဟျောလ်မှာ ပုံစံကို ပြင်ထိုင်လိုက်သည်။ ထိုအချိန်မှာပင် ပိတ်ထားသည့် အတွင်းခန်း၏ တံခါးမှာ ပွင့်သွားပြီး အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
ရှည်လျားပြီး ဖြောင့်စင်းသော ဆံပင်များနှင့် လှပသော်လည်း ပြင်းထန်သော အကြည့်များပိုင်ဆိုင်သည့် ထိုအမျိုးသမီးမှာ ဖြည်းညှင်းစွာ ခြေလှမ်းလှမ်းကာ ဝင်လာပြီး ဂျူဟျောလ်ကို အရိုအသေပေးလိုက်သည်။
"အဖေ ကျန်းမာပါရဲ့လားရှင်"
"ဂီလ်ယွန်းပဲကိုး။ ဆာဆောင်ဂိုဏ်းမှာ နေရတာ အဆင်ပြေရဲ့လား"
"မပြေပါဘူးအဖေ။ သူက ကျွန်မမြင်ဖူးသမျှထဲမှာ အတုံးဆုံး ဖူးစားဘက်ပါပဲ"
ဂျူဂီလ်ယွန်းသည် ဂျူဟျောလ်ထိုင်နေသည့် ခမ်းနားသော ကုလားထိုင်ဘေးသို့ လျှောက်သွားကာ လက်တင်ခုံပေါ်တွင် ထိုင်လိုက်သည်။
သူမ၏ ချွန်းထက်သော လက်ချောင်းဖျားများက ဂျူဟျောလ်၏ မေးရိုးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ မည်သူ့အမြင်တွင်မဆို ရိုသေမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်သော်လည်း ဂျူဂီလ်ဆော့နှင့် ဂျူဂီလ်တေးတို့မှာ စကားတစ်ခွန်းမျှ မဟရဲပေ။
ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရောက်လာသည့် ထိုရှည်လျားသော ဆံပင်ပိုင်ရှင် အမျိုးသမီးမှာ ဂျူဟျောလ်၏ အကြီးဆုံးသမီး ဂျူဂီလ်ယွန်း ဖြစ်သောကြောင့်ပင်။
"ဒွန်ဟိုတောင်ကိစ္စ ဘယ်လိုဖြစ်နေပြီလဲ"
"အဆင်ပြေပြေနဲ့ ရှေ့ဆက်နေပါတယ် အဖေ"
"ဂီလ်တေးက အနီရောင်ဓားတပ်ဖွဲ့ကို ခေါင်းဆောင်သွားပြီး လူမိုက်တစ်ယောက်လို အထိုးခံလာရတယ်လို့ ကြားတယ်။ အဲဒါ အမှန်လား"
"ဟုတ်ပါတယ်..."
"အို... သေပါရောလား"
ဂျူဂီလ်ယွန်း၏ အကြည့်များ သူ့ဆီ ရောက်လာသောအခါ ဂျူဂီလ်တေးမှာ မျက်နှာလွှဲလိုက်သည်။
"ဂီလ်တေး။ အစ်မနဲ့ မတွေ့ရတာ ကြာပြီမို့လို့ ဒီအတိုင်း လျစ်လျူရှုတော့မလို့လား"
"အဲဒါက... အခြေအနေအရ..."
"ဂီလ်တေး"
ပြင်းထန်သော ဖိအားတစ်ရပ်က ဂျူဂီလ်တေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖိချလိုက်သည်။
"အား"
အပ်ပေါင်းရာနှင့်ချီ၍ စူးဝင်နေသကဲ့သို့ ခံစားရသည့် ဖိအားကြောင့် ဂျူဂီလ်တေးမှာ ဂျူဂီလ်ယွန်းဘက်သို့ မျက်နှာပြန်လှည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"နောက်တစ်ခါ အစ်မကို လျစ်လျူရှုဖို့ ကြိုးစားရင် တစ်သက်လုံး နောင်တရသွားလိမ့်မယ်။ နားလည်လား"
ဂျူဂီလ်ယွန်း၏ ပါးစပ်က ပြုံးနေသော်လည်း သူမ၏ မျက်ဝန်းများကမူ မပြုံးပေ။ သူမ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အသိဆုံးဖြစ်သော ဂျူဂီလ်တေးက အလျင်အမြန်ပင် ဖြေလိုက်သည်။
"တ…တောင်းပန်ပါတယ် အစ်မ"
"အင်း။ ကောင်းပြီ"
သူ၏ အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သော ဂျူဂီလ်ယွန်းမှာ ဂျူဟျောလ်၏ မေးရိုးကို ပြန်ပွတ်သပ်ရင်း...
"ဆာဆောင်ဂိုဏ်းချုပ်က ဒွန်ဟိုတောင်ကို တတ်နိုင်သလောက် မြန်မြန်ရချင်နေတာပါ အဖေ"
"ဒွန်ဟိုတောင်က မကြာခင် ဟုန်ဂျုံဂိုဏ်းလက်ထဲ ရောက်လာတော့မှာမို့ စိတ်မပူပါနဲ့"
"အဖေ။ ဟုန်ဂျုံဂိုဏ်း မဟုတ်ဘဲ ကျွန်မတို့ လက်ထဲ ရောက်လာမှာပါလို့ ပြောသင့်တာပေါ့။ သမီးကို စိတ်ရှုပ်အောင် လုပ်နေတာလား"
"ဟုတ်ပါပြီ... အဖေ စကားမှားသွားတယ်"
"ကောင်းပြီလေ"
ကုလားထိုင်ပေါ်မှ ဆင်းလိုက်သော ဂျူဂီလ်ယွန်းမှာ ပြတ်သားစွာ ပြုံးလိုက်ပြီး ပိတ်ထားသော တံခါးဘက်သို့ လက်ယပ်ခေါ်လိုက်သည်။
"ဝင်လာခဲ့ပါ"
တံခါးပွင့်လာသောအခါ ခန္ဓာကိုယ် တောင့်တင်းသော လူတစ်ယောက် ထွက်ပေါ်လာသည်။ ဆံပင်အတိုနှင့် ခန္ဓာကိုယ် တောင့်တင်းသည်နှင့်အမျှ တည်ကြည်သော ရုပ်ရည်ရှိသည့် ထိုသူမှာ ဂျူဟျောလ်ထံသို့ တလှမ်းချင်း လျှောက်လာပြီး အရိုအသေပေးလိုက်သည်။
"ဟုန်ဂျုံဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ကျွန်တော်က ဆာဆောင်ဂိုဏ်းရဲ့ လေးဓားတပ်ဖွဲ့က ခေါင်းဆောင် ချောလ်ဂျွမ်းပါ"
"ချောလ်ဂျွမ်း... မင်းက လေးဓားတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတာ မဖြစ်နိုင်ဘူးမလား"
"ဟုတ်ပါတယ်"
လေးဓားတပ်ဖွဲ့၏ ခေါင်းဆောင် ရောက်ရှိလာသဖြင့် ဂျူဟျောလ်မှာ အံ့ဩတကြီး ထရပ်လိုက်မိသည်။ လေးဓားတပ်ဖွဲ့ဆိုသည်မှာ ဆာဆောင်ဂိုဏ်း၏ အထူးတပ်ဖွဲ့ဝင်များပင်။ စစ်ရေးအရ အမှန်တကယ် လက်ရုံးရည် ပိုင်ဆိုင်သူများ ရောက်ရှိလာသဖြင့် ဂျူဟျောလ်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီရဲလာသည်။
"ဂိုဏ်းချုပ်ကိုယ်တိုင် လေးဓားတပ်ဖွဲ့ကို စေလွှတ်လိုက်တာလား"
"ကျွန်တော်အပါအဝင် လေးဓားတပ်ဖွဲ့ဝင် ငါးဆယ်မှာ ဟုန်ဂျုံဂိုဏ်းကို အခုပဲ ရောက်ရှိလာပါပြီ"
"ဟိုဟို ဂိုဏ်းချုပ်က အဖေကို ကူညီဖို့အတွက် အင်အားဖြည့်ပေးလိုက်တာပဲ"
သူတို့ ဟုန်ဂျုံဂိုဏ်းသို့ ရောက်လာခြင်းမှာ ဒွန်ဟိုတောင်ကြောင့်သာ ဖြစ်ကြောင်း ဂျူဟျောလ် ချက်ချင်းပင် ရိပ်မိလိုက်သည်။
ဆာဆောင်ဂိုဏ်းချုပ်က ငါ့ကို ဖိအားပေးနေတာပဲ။
မျက်နှာချိုသွေးခြင်းမှာ အကြောင်းပြချက်သာ ဖြစ်ပြီး လေးဓားတပ်ဖွဲ့မှာ ဟုန်ဂျုံဂိုဏ်းကို စောင့်ကြည့်ရန်နှင့် တိုက်တွန်းရန် စေလွှတ်လိုက်ခြင်းပင်။
ဒါပေမဲ့လည်း ကောင်းပါတယ်။
ဂျူဂီလ်တေးနှင့် အနီရောင်ဓားတပ်ဖွဲ့မှာ ဒွန်ဟိုဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အသေးစိတ် အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သိုင်းလောကအဖွဲ့ချုပ်ထံ အကူအညီ မတောင်းခံခင် သူတို့ အမြန်ဆုံး လှုပ်ရှားရမည်ပင်။
"အချိန်ကိုက်ပါပဲ။ ဟုန်ဂျုံဂိုဏ်းလည်း ဒွန်ဟိုဂိုဏ်းဆီသွားပြီး သွေးကြွေးဆပ်ဖို့ ပြင်ဆင်နေတာပါ"
"လေးဓားတပ်ဖွဲ့ကလည်း အစွမ်းကုန် ကူညီပေးပါ့မယ်"
"ဆာဆောင်ဂိုဏ်းရဲ့ အကူအညီကြောင့် စိတ်အေးရပါပြီ။ ကျေးဇူးတင်ပါတယ်"
ဂျူဟျောလ်၏ အကြည့်များမှာ ဂျူဂီလ်တေးထံမှ ဂျူဂီလ်ဆော့ဘက်သို့ ရောက်သွားသည်။
"ဂီလ်ဆော့။ မနက်ဖြန်ကျရင် ဒွန်ဟိုဂိုဏ်းကို သွားကြမယ်။ ပြင်ဆင်ထား"
"ဟုတ်ကဲ့"
"ဒါဆိုရင် အားလုံးပဲ သက်ဆိုင်ရာနေရာတွေကို ပြန်ကြတော့။ မနက်ဖြန်ဆိုရင် အလုပ်ရှုပ်ရတော့မှာမို့လို့"
လူတိုင်း ထွက်ခွာသွားကြသော်လည်း ဂျူဂီလ်တေးမှာမူ ထိုနေရာတွင် ကျန်ရစ်နေခဲ့သည်။ အိပ်ခန်းသို့ ပြန်ရန်ပြင်နေသော ဂျူဟျောလ်က သူ့ခြေလှမ်းများအား ခဏရပ်လိုက်သည်။
"မင်းမှာ မကျေနပ်စရာ ရှိလို့လား"
"အနီရောင်ဓားတပ်ဖွဲ့ကို ခေါ်သွားပြီး ရလဒ်မထွက်ခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ဒီအစီအစဉ်ကို ဒီအထိ ရောက်အောင် လုပ်ခဲ့တာက ကျွန်တော့်ရဲ့ စွမ်းအားတွေပါ..."
"ငါ သိပါတယ်"
ဂျူဟျောလ်သည် ဂျူဂီလ်တေး၏ ပုခုံးကို ပုတ်လိုက်သည်။
"ဒါကြောင့် ကျန်တာကိုတော့ မင်းရဲ့ အစ်ကို၊ အစ်မတို့လက်ကိုပဲ လွှဲပေးလိုက်ပါ"
ပြောပြီးသည်နှင့် ဂျူဟျောလ်မှာ ထွက်ခွာသွားသည်။ တစ်ယောက်တည်း ကျန်ခဲ့သော ဂျူဂီလ်တေးမှာ အောင့်ထားသမျှ ဒေါသများ ပေါက်ကွဲထွက်လာသည်။
"ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေ"
သူ့ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ သူသာ မရှိလျှင် ထိုတစ်ဖက်သတ် စာချုပ်ကို ရနိုင်မည် မဟုတ်သလို အကြောင်းပြချက်လည်း ရမည် မဟုတ်ပေ။
ယခုမူ သူ့ကို စွန့်ပစ်လိုက်ခြင်းပင်။
ဂျူဂီလ်တေး၏ မျက်နှာမှာ ဒေါသဖြင့် ရဲတက်နေသည်။
"ခွေးကောင်တွေ"
အတွင်းခန်းမှ ထွက်လာပြီးနောက် ဂျူဂီလ်တေးမှာ သူ၏ နေရာသို့ အမြန်လျှောက်သွားလိုက်သည်။
"ဒီအတိုင်းဆိုရင် ဂျူဂီလ်ဆော့ဆိုတဲ့ ကောင်ကပဲ ဂိုဏ်းချုပ် ဖြစ်သွားတော့မှာပေါ့... ခွေးကောင်"
နေရာသို့ ပြန်ရောက်သည့်အခါ သူသည် အကြံထုတ်နေသည်။ ဂျူဂီလ်ဆော့သာ ဂိုဏ်းချုပ် ဖြစ်လာလျှင် သူသည် ထာဝရ အရိပ်မည်းအောက်တွင်သာ နေရတော့မည်။ သို့သော် မည်မျှပင် စဉ်းစားစေကာမူ သင့်လျော်သော အကြံကောင်း မထွက်လာပေ။
"အဲဒီကောင်သာ အရာအားလုံး ဖျက်ဆီးလိုက်ရင် ကောင်းမယ်..."
အစာအိမ်ကို သက်သာစေရန် ရေခွက်ကို လှမ်းယူနေသည့် ဂျူဂီလ်တေး၏ ကိုယ်ခန္ဓာမှာ ချက်ချင်း ရပ်တန့်သွားသည်။
ဘာ…ဘာဖြစ်တာလဲ
သူသည် လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်နိုင်ပေ။ သူ၏ မျက်လုံးနှစ်လုံးသာ လှုပ်ရှားနိုင်တော့သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဂျူဂီလ်တေး၏ ကိုယ်ခန္ဓာကို ဆွဲလှဲကာ ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ပေါ်လာသည်။
ထိုသူက လက်ညှိုးဖြင့် နှုတ်ခမ်းကို ပိတ်လိုက်ပြီး လည်ပင်းကို လှီးဖြတ်မည့် အရိပ်အယောင် ပြလိုက်သည်။
ငါ ပြောရင် သတ်မယ်လို့ ဆိုလိုတာလား
သူသည် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်ကြောင်း ဂျူဂီလ်တေး သဘောပေါက်လိုက်သည်။
ဘယ်သူ စေခိုင်းလိုက်တာလဲ ဒွန်ဟိုဂိုဏ်းက လုပ်ကြံသူကို လွှတ်လိုက်တာလား
သူ၏ နှလုံးသားမှာ မြန်ဆန်စွာခုန်နေသည်။ သူသည် အသက် ၂၈ နှစ်သာ ရှိသေးကာ သေဆုံးရန် ငယ်လွန်းသေးသည်။
လုပ်ကြံသူက သူ၏ စကားမပြောနိုင်အောင် ပိတ်ထားသည့် အချက်အချာကို ဖြေပေးလိုက်သည့်အခါ အသံထွက်လာသည်။ သို့သော်လည်း သူ အကူအညီ မတောင်းနိုင်ပေ။
ပြိုင်ဘက်မှာ သူ၏ တည်ရှိမှုကို ဖုံးကွယ်ရင်း ဂျူဂီလ်တေး၏ အသက်အချက်အချာကို ထိန်းချုပ်နိုင်သည့် ကျွမ်းကျင်သော လုပ်ကြံသူ ဖြစ်သည်။ အသံကိုသာ အမှတ်တမဲ့ မြှင့်လိုက်လျှင် သူ၏ လည်ပင်းမှာ သေချာပေါက် ပြတ်သွားလိမ့်မည်။
"အခု ငါ ပြောတာကို သေချာနားထောင်"
ဂျူဂီလ်တေး ခေါင်းညိတ်လိုက်သည်။
"ဟုန်ဂျုံဂိုဏ်းက ဘာကြောင့် ဒွန်ဟိုဂိုဏ်းရဲ့ ဘိုးဘွားပိုင် တောင်တန်းကို လိုချင်နေတာလဲ"
ဒါဆို သူက ဒွန်ဟိုဂိုဏ်းက စေလွှတ်လိုက်တဲ့ လုပ်ကြံသူပဲ။
သူ့ထင်ကြေး မှန်ကန်နေသော်လည်း မှန်ကန်နေသည့်တိုင် သူ ဘာမျှ မလုပ်နိုင်ပေ။ သူသည် အချက်အချာအထိန်းခံထားရပြီး လုပ်ကြံသူက ဓားကို ကိုင်ထားသည်။
"အင်း။ ငါလည်း ဒီလို အကြမ်းဖက်တဲ့နည်းကို မသုံးချင်ပါဘူး"
အနက်ရောင်ဝတ်စုံနှင့် လူမှာ ဂျူဂီလ်တေးထိုင်နေသည့် ကုလားထိုင်ကို နံရံကပ်အောင် ဆွဲလိုက်သည်။ ထို့နောက် ခုနစ်လှမ်း နောက်ဆုတ်ကာ ရင်ဘတ်ထဲမှ တူအချို့ကို ထုတ်လိုက်သည်။
"ကဲ တူစုစုပေါင်း ဆယ်ချောင်း ရှိတယ်"
"အဲဒါတွေနဲ့ ဘာလုပ်မလို့..."
"ဖျတ် ဗျစ်"
ဂျူဂီလ်တေး၏ ပါးစပ် ဟသွားသည်။ လေကိုခွင်းကာ ပျံသန်းလာသော တူတစ်ချောင်းမှာ သူ၏ မျက်နှာဘေးတွင် စိုက်ဝင်သွားသည်။ သူ၏ နှလုံးမှာ ပြင်းထန်စွာ ထပ်ခုန်လာသည်။
ငါ သေတော့မယ် ငါ သေတော့မယ်။
တူသာ သူ၏ မျက်ခုံးကြား စိုက်ဝင်လာလျှင် သူ သေချာပေါက် သေမည်ပင်။ ထို့နောက် တူနှစ်ချောင်းက ပျံသန်းလာပြီး ဂျူဂီလ်တေး၏ လည်ပင်း နှစ်ဖက်စလုံးတွင် စိုက်ဝင်သွားသည်။
"ဟူး"
အံ့အားသင့်သွားသော ဂျူဂီလ်တေးမှာ အသက်ကို ပြင်းပြင်း ရှိုက်လိုက်ရသည်။
"အခု ခုနစ်ချောင်း ကျန်တယ်"
"စ…စောင့်ဦး မင်း... မင်းက ဒွန်ဟိုဂိုဏ်းက စေလွှတ်တဲ့ လုပ်ကြံသူ မဟုတ်လား ဘယ်လောက်လဲ ဘယ်လောက် ရခဲ့လို့လဲ"
"မင်း အခု ငါ့ကို စော်ကားနေတာလား"
အနက်ရောင်ဝတ်စုံနှင့် လူက တူလေးချောင်းကို တစ်ပြိုင်နက် ပစ်လိုက်သည်။
လေကိုခွင်းသည့်အသံနှင့်အတူ တူလေးချောင်းမှာ ဂျူဂီလ်တေး၏ ခေါင်းပေါ်တည့်တည့်တွင် တန်းစီ၍ စိုက်ဝင်သွားသည်။
"အူး အူး"
သေမင်းအနား ရောက်နေသည့် ဂျူဂီလ်တေးမှာ ရူးမတတ် ဖြစ်နေသည်။
"အခု သုံးချောင်းပဲ ကျန်တော့တယ်။ တူတစ်ချောင်းပဲ ကျန်တော့ရင် ဘာဖြစ်မလဲဆိုတာ မင်း သိမှာပါ ဟုတ်တယ်မလား"
"ကျွန်တော် ပြောမယ် ကျွန်တော် ပြောပါ့မယ် ကျွန်တော့်အသက်ကို..."
"မြန်မြန်ပြော... ဟတ်ချိုး"
အနက်ရောင်ဝတ်စုံနှင့် လူက နှာချေလိုက်ရင်း တူတစ်ချောင်းကို ပစ်လိုက်သည်။ ထိုတူမှာ ဂျူဂီလ်တေး၏ ပေါင်ကြား တည့်တည့်တွင် စိုက်ဝင်သွားသည်။
"ဟီး"
"အော် အဲဒါ မှားသွားတယ်။ အခု နှစ်ချောင်းပဲ ကျန်တော့တယ်"
ဒီလောက် ရူးသွပ်တဲ့ ကောင်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး။
သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ကျန်တော့ကြောင်း ဂျူဂီလ်တေး သဘောပေါက်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသွားရင်တောင် ဂျူဂီလ်ဆော့ပဲ ဂိုဏ်းချုပ် ဖြစ်လာမှာ။ အခုလောလောဆယ် ငါ့အသက် အရင်လွတ်အောင် လုပ်ရမယ်
စိတ်ကို မာကျောလိုက်သော ဂျူဂီလ်တေးမှာ ပါးစပ်ကို ဟလိုက်သည်။
"ဒွန်ဟိုတောင်ကို လိုချင်နေတာ ကျွန်တော်တို့ ဟုန်ဂျုံဂိုဏ်း မဟုတ်ဘူး... ဆာဆောင်ဂိုဏ်းကပါ"
"ဆာဆောင်ဂိုဏ်း အဲဒါ ဘယ်မှာလဲ"
"ဒီနေရာကနေ မြောက်ဘက်ကို သွားရင် ရှိတဲ့ ဂိုဏ်းပါ။ တပည့်အရေအတွက်က ကျွန်တော်တို့ ဂိုဏ်းနဲ့ ဆင်တူပေမဲ့ သူတို့ရဲ့ တစ်ဦးချင်းစီ သိုင်းပညာက အများကြီး ပိုသာပါတယ်"
"ဒါဆို ဆာဆောင်ဂိုဏ်းက ဒွန်ဟိုတောင်ကို ဘာလို့ လိုချင်နေတာလဲ"
"အဲဒါတော့ ကျွန်တော်တို့လည်း မသိပါဘူး"
"အင်း"
အနက်ရောင်ဝတ်စုံနှင့် လူက တူတစ်ချောင်းကို မြှောက်လိုက်သည့်အခါ ဂျူဂီလ်တေးမှာ အမြန်ပင် အော်ပြောလိုက်သည်။
"တကယ်ပါ ဒွန်ဟိုတောင်ကို ဘာကြောင့် လိုချင်တာလဲဆိုတာကို ဆာဆောင်ဂိုဏ်းက ကျွန်တော်တို့ကို မပြောပြပါဘူး။ ဒွန်ဟိုတောင်ကို ရအောင်ယူပေးရင် ဒွန်ဟိုဂိုဏ်းကို ဖယ်ရှားပြီး နမ်ဆိုဟွန်းဒေသရဲ့ အရှင်သခင် ဖြစ်လာအောင် ကူညီပေးမယ်လို့ပဲ ပြောတယ်။ ပြီးတော့ ဆုလာဘ်အဖြစ် ငွေအမြောက်အမြား ပေးမယ်လို့လည်း ပြောပါတယ်"
"အင်း..."
အနက်ရောင်ဝတ်စုံနှင့် လူ၏ခေါင်းမှာ ယခုအခါ ဘေးသို့ စောင်းသွားသည်။ သူ၏ လက်ထဲမှ တူမှာလည်း မည်သည့်အချိန်တွင် ပစ်လွှတ်လိုက်မလဲ မသိနိုင်လောက်အောင် ယိမ်းနွဲ့နေသည်။
ဒီခွေးကောင် ငါ ဘာလုပ်ရမှာလဲ။
ဂျူဂီလ်တေးမှာ စိတ်ပျက်အားငယ်မှုကြောင့် သေမလို ခံစားနေရသည်။ သို့သော် ထိုအချိန်တွင် မျက်နှာတစ်ခုနှင့် နာမည်တစ်ခုမှာ သူ၏ စိတ်ထဲသို့ ရောက်လာသည်။
"ဂျူဂီလ်ယွန်း"
"ဂျူဂီလ်ယွန်း ဟုတ်လား"
"သူက ကျွန်တော့်ရဲ့ အစ်မပါ။ ဂျူဂီလ်ယွန်းက ဆာဆောင်ဂိုဏ်းချုပ်ရဲ့ သားနဲ့ စေ့စပ်ထားတာပါ။ ဒွန်ဟိုတောင်ကိစ္စကိုလည်း အဲဒီမိန်းမကပဲ အဆိုပြုလာတာပါ။ ဟုတ်တယ် ဂျူဂီလ်ယွန်း သိမှာပဲ"
"ဟုတ်လား"
အနက်ရောင်ဝတ်စုံနှင့် လူက ကုလားထိုင်ကို ဆွဲယူကာ ဂျူဂီလ်တေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
"ဒါဆိုရင် အခု ငါ့ကို ဂျူဂီလ်ယွန်းအကြောင်း ပြောပြစမ်း"
"ဟူး အိမ်ပြန်ရောက်တာနဲ့တင် စိတ်သက်သာရာ ရလိုက်တာ"
ကြာမြင့်စွာမှ အိမ်သို့ ပြန်ရောက်လာသည့် ဂျူဂီလ်ယွန်းမှာ ရေချိုးပြီးနောက် လန်းဆန်းသော ခန္ဓာကိုယ်ဖြင့် အဝတ်အစားလဲကာ ထွက်လာခဲ့သည်။ ညဉ့်နက်သန်းခေါင်တွင် လမ်းလျှောက်ခြင်းမှာ ဂျူဂီလ်ယွန်း၏ ဝါသနာသစ် ဖြစ်သည်။
အဲဒီ အရုပ်ဆိုးတဲ့ကောင်သာ မဟုတ်ရင်...
သူမ ညဉ့်နက်ပိုင်း လမ်းလျှောက်နေရသည့် အကြောင်းရင်းမှာ သူမ၏ ဖူးစားဘက်ဖြစ်သည့် ဆာဆောင်ဂိုဏ်းချုပ်၏ သား ဂိုချောလ်ဂျီ ကြောင့်ပင်။
သူ့ရုပ်ရည်မှာ အလွန်ရုပ်ဆိုးလွန်းသဖြင့် ဟီဘေဒေသတွင် အဆိုးဆုံးဟု ဆိုရလောက်အောင်ပင် ဖြစ်ပြီး သူ၏ ပျင်းရိသော အကျင့်ကြောင့် သိုင်းပညာမှာလည်း အသုံးမကျလှပေ။ သို့သော် ဂျူဂီလ်ယွန်းမှာ ဆာဆောင်ဂိုဏ်း၏ အာဏာနှင့် ကျောထောက်နောက်ခံကို ရရှိရန်အတွက်သာ သူနှင့် စေ့စပ်ထားခြင်းပင်။
တစ်နည်းအားဖြင့် နိုင်ငံရေးအရ စေ့စပ်ထားခြင်းပင်။
သို့သော် ဂျူဂီလ်ယွန်းမှာ ကြီးမားသော မကျေနပ်ချက်မျိုး မရှိပေ။ ဤကြမ်းတမ်းသော ကုန်းမြေမြင့်တွင် ကောင်းမွန်စွာ ရှင်သန်နိုင်ရန် သူမတွင် အာဏာ လိုအပ်သည်။
သူမကို အားပေးထောက်ခံမည့် ခိုင်မာသော ကျောထောက်နောက်ခံ လိုအပ်သည်။
ထို့ကြောင့်ပင် သူမသည် ဂိုချောလ်ဂျီနှင့် စေ့စပ်ခဲ့ခြင်းပင်။ သူမနှင့် တစ်ညလုံး အတူနေရန် ကြိုးစားနေသော ထိုကောင်ဆီမှ လွတ်မြောက်ရန်အတွက် ညဉ့်နက်ပိုင်း လမ်းလျှောက်ခြင်းကို သူမ နှစ်သက်သည်။
"အာဏာနဲ့ ကျောထောက်နောက်ခံ... ဒီနှစ်ခုလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး"
ဂျူဂီလ်ယွန်းမှာ တစ်ခါမျှ မခံစားဖူးသည့် ခံစားချက်ကြောင့် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် အာဏာနှင့် အကျိုးစီးပွားနောက်သို့သာ အမြဲလိုက်နေသူဖြစ်သော်လည်းလရောင်အောက်တွင် တည်ငြိမ်စွာ ရပ်နေသည့် ထိုလူငယ်၏ အရှိန်အဝါကြောင့် ရုတ်တရက် အသက်ရှူမှားသွားသလို ဖြစ်သွားသည်။
တံမြက်စည်းကို ကိုင်ထားသော်လည်း သူ၏ အမူအရာမှာ အစေခံတစ်ယောက်နှင့် လုံးဝမတူဘဲ ပန်းချီကားတစ်ချပ်ထဲမှ ပုဂ္ဂိုလ်တစ်ဦးနှင့် တူနေသည်။
"မင်္ဂလာပါ မမလေး..."
သူက အဆင်မပြေသလို ပြုံးကာ နှုတ်ဆက်လိုက်သည်။
ဂျူဂီလ်ယွန်းမှာ ခဏတာ ငေးမောသွားပြီးမှ သူမ၏ တည်ငြိမ်မှုကို ပြန်လည် ထိန်းချုပ်လိုက်သည်။ သူမသည် အမြဲတမ်း အခြေအနေကို ထိန်းချုပ်နိုင်သူ ဖြစ်ရမည်။
"ဒီအချိန်ကြီး ဒီနေရာမှာ ဘာလုပ်နေတာလဲ။ ဂိုဏ်းရဲ့ အစေခံတွေက ဒီလောက်တောင် အလုပ်ကြိုးစားကြတာလား"
သူမ၏ အသံမှာ အနည်းငယ် အေးစက်ပြီး စူးရှနေသည်။ သူမသည် အစေခံတစ်ဦး၏ အပြုံးကြောင့် စိတ်လှုပ်ရှားသွားရသည်ကို မလိုလားပေ။
သို့သော်လည်း ထိုလူငယ်၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး သူမ၏ ခြိမ်းခြောက်သံကို လုံးဝ ဂရုစိုက်ပုံမပေါ်ပေ။
သူက တံမြက်စည်းကို အသာအယာ ချလိုက်ပြီးနောက် သူမကို စူးစိုက်ကြည့်သည်။
"ညဘက်မှာ ပေါင်းသင်ရတာ ပိုပြီး အေးဆေးလို့ပါ။ ဒါနဲ့... မမလေးက ညဘက် လမ်းလျှောက်ရတာကို အရမ်းနှစ်သက်ပုံပဲနော်"
ဂျူဂီလ်ယွန်း၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ သူမ၏ လမ်းလျှောက်သည့် အလေ့အကျင့်ကို မည်သူမျှ မသိကြပေ။
ဒီလူက ဘယ်သူလဲ။
သူမ၏ ရင်ထဲတွင် သံသယများ၊ စူးစမ်းလိုစိတ်များနှင့်အတူ တစ်စုံတစ်ရာသော စိတ်လှုပ်ရှားမှုများ ရောထွေးလာတော့သည်။