← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

"ဒါပေမဲ့ ဟုန်ဂျုံဂိုဏ်းရဲ့ အင်အားနဲ့ ဆာဆောင်ဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး"

"ဒါတော့ ကံဆိုးတာပေါ့ဗျာ"

ဂျင်ဆိုဟွန်းက သူ့ကိစ္စမဟုတ်သလိုမျိုး နောက်သို့ ဆုတ်လိုက်သောအခါ ဂျူဟျောလ်မှာ အသည်းအသန် ဖြစ်သွားရသည်။

ထိုအတိုင်း ဆက်သွားနေပါက ဒေါသထွက်နေသော ဆာဆောင်ဂိုဏ်း၏ လက်ချက်ဖြင့် ဟုန်ဂျုံဂိုဏ်း ဖျက်ဆီးခံရမည့်အချိန်မှာ ရောက်လာတော့မည်ပင်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ"

"အခမဲ့လား"

"င…ငွေ ငွေလိုတယ်ဆိုရင်လည်း ခင်ဗျား လိုချင်သလောက် ပေးပါ့မယ်"

ဟုန်ဂျုံဂိုဏ်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ချမ်းသာသော ဂိုဏ်းတစ်ခု ဖြစ်သည်။ လိုချင်သလောက် ငွေပေးမည်ဆိုသည့် ဂျူဟျောလ်၏ အော်ဟစ်သံကြောင့် ဂျင်ဆိုဟွန်းက ဟန်ဆိုအွန်ကို လှည့်ကြည့်လိုက်သည်။

"သတ္တုတွင်းတစ်ခု တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက်လောက် ရှိမလဲ"

"အဲဒါကတော့ ပမာဏအပေါ် မူတည်တာပေါ့။ ဒါပေမဲ့ ခင်ဗျားက ဘာလို့ မေးတာလဲ"

"ဒွန်ဟိုတောင်အောက်မှာ သံရိုင်းသတ္တုတွင်း ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော်တို့ အဲဒါကို တူးဖော်ဖို့ လိုလိမ့်မယ်"

"အဲဒါက..."

ဟန်ဆိုအွန်မှာ ဘိုးဘွားတို့၏ သင်္ချိုင်းများရှိရာ တောင်ကို တူးဖော်ရမည်ဟူသော စိတ်ကူးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံဖြင့် ချီတုံချတုံ ဖြစ်နေသည်။

သူ၏ ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ရိပ်မိသည့် ဂျင်ဆိုဟွန်းက နူးညံ့သော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

"သံရိုင်းသတ္တုတွင်းက ဒွန်ဟိုတောင်အောက်မှာ ရှိနေသရွေ့ ဒွန်ဟိုဂိုဏ်းက အခုလိုမျိုး အမြဲတမ်း ခြိမ်းခြောက်ခံနေရဦးမှာပဲ။ ဒါကြောင့် သင်္ချိုင်းတွေကို မထိခိုက်စေဘဲ သံရိုင်းတွေကိုပဲ တူးဖော်ကြရအောင်။ ပြီးတော့ အဲဒီငွေတွေနဲ့ ဒွန်ဟိုဂိုဏ်းကို ပိုမိုသာယာဝပြောလာအောင် လုပ်ကြတာပေါ့"

အကယ်၍ ထိုသို့သာ ဖြစ်လာပါက ဒွန်ဟိုဂိုဏ်း၏ တပည့်ဦးရေ တိုးပွားလာမည်ဖြစ်ပြီး ခုခံကာကွယ်ရေးစွမ်းအားများလည်း ပိုမိုအားကောင်းလာမည်ပင်။

"သတ္တုတွင်းကို တူးဖော်ပြီး ဒွန်ဟိုဂိုဏ်း သာယာဝပြောလာရင် ခင်ဗျားတို့ရဲ့ ဘိုးဘွားတွေက ပိုပြီး ကျေနပ်ကြမှာ မဟုတ်ဘူးလား"

သေလွန်သူတို့တွင် စကားပြောခွင့် မရှိတော့ပေ။ ဘိုးဘွားတို့ တကယ်တမ်း ဘာကို လိုချင်သလဲဆိုတာ သိနိုင်မည့် နည်းလမ်း မရှိပေ။

သို့သော် ဤနေရာမှာ အသက်ရှင်နေသူတို့၏ မြေဖြစ်သည်။ အသက်ရှင်သူတို့သည် သေလွန်သူတို့အတွက် အသက်ပေး၍ မရနိုင်ပေ။

အတွေးကို အဆုံးသတ်လိုက်သည့် ဟန်ဆိုအွန်က ဂျူဟျောလ်၏ အကြည့်ကို တုံ့ပြန်လိုက်သည်။

"သတ္တုတွင်း တည်ဆောက်ဖို့ ဘတ်ဂျက်က သတ်မှတ်ပြီးသား မဟုတ်ဘူးလား"

"ဟုတ်ပါတယ် သတ်မှတ်ပြီးပါပြီ"

ဆာဆောင်ဂိုဏ်းထံမှ သတ္တုတွင်း လုပ်ငန်းအခွင့်အရေးကို ရယူရန် ကတိပေးထားသည့် ဟုန်ဂျုံဂိုဏ်းမှာ တွက်ချက်မှုများ ပြီးစီးထားနှင့်ပြီး ဖြစ်သည်။

"ဒါဆိုရင် တွက်ချက်မှုက မြန်မြန်ဆန်ဆန် ပြီးနိုင်ပါတယ်။ ဟုန်ဂျုံဂိုဏ်းက အဲဒီပမာဏကို ဒွန်ဟိုဂိုဏ်းကို ပေးချေလိုက်ပါ။ ပြီးတော့ ဒွန်ဟိုဂိုဏ်း... ကျွန်တော့်ကို တူးဖော်ရမယ့် သံရိုင်းတွေထဲက တစ်စိတ်တစ်ပိုင်း ပေးဖို့ ကတိပေးပေးပါ"

သံရိုင်းပေးရန် ဂျင်ဆိုဟွန်း၏ စကားကြောင့် ဟန်ဆိုအွန်က ချီတုံချတုံမဖြစ်ဘဲ ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား လိုချင်သလောက် ယူပါ"

ဆာဆောင်ဂိုဏ်းနှင့် ဟုန်ဂျုံဂိုဏ်းတို့၏ လက်သည်းခြေသည်းများထဲမှ ဂိုဏ်းကို ကာကွယ်ပေးခဲ့သူမှာ ဂျင်ဆိုဟွန်း ဖြစ်သည်။

လူငယ်သူရဲကောင်းဂျင်က ဆုလာဘ်တစ်ခုခု လိုချင်တာ သဘာဝပါပဲ။ သူလည်း လူပဲလေ။

မည်သူမဆို ဆုလာဘ်တစ်ခုခုကို လိုချင်ခြင်းနှင့် လောဘတက်ခြင်းမှာ သဘာဝကျသည်။ ထို့အပြင် ဂျင်ဆိုဟွန်းမှာ ဒွန်ဟိုဂိုဏ်း၏ ကျေးဇူးရှင်လည်း ဖြစ်သည်။

ဟန်ဆိုအွန်မှာ သူ လိုချင်သလောက် သံရိုင်းများကို ပေးရန် အဆင်သင့် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ဂျင်ဆိုဟွန်းသာ မရှိပါက သံရိုင်းအားလုံးမှာ ဆာဆောင်ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သွားမည်သာ ဖြစ်သည်။

"ကဲ အခုတော့ ဆာဆောင်ဂိုဏ်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြရအောင်လား"

"ဒွန်ဟိုဂိုဏ်းနဲ့ ဟုန်ဂျုံဂိုဏ်းရဲ့ အင်အားလောက်နဲ့ပဲ ဆာဆောင်ဂိုဏ်းကို ခုခံနိုင်ပါ့မလား"

ဂျူဟျောလ်က ကိုယ့်ကိုကိုယ် အထင်သေးသည့် လေသံဖြင့် မေးလိုက်သောအခါ ဂျင်ဆိုဟွန်းက ဘာကို ဆိုလိုတာလဲဟူသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"ဘာလို့ ဒွန်ဟိုဂိုဏ်းက ရင်ဆိုင်ရမှာလဲ"

"ဗ…ဗျာ ဂိုဏ်းနှစ်ခု ပူးပေါင်းပြီး ဆာဆောင်ဂိုဏ်းကို တိုက်ရိုက် တိုက်ခိုက်ရမှာ မဟုတ်ဘူးလား ဒါကြောင့်လည်း ကျွန်တော်တို့ကို သတ္တုတွင်းတည်ဆောက်ခ ပေးခိုင်းတာ မဟုတ်ဘူးလား"

"ဟေ့ မဟုတ်ဘူး။ ဆာဆောင်ဂိုဏ်းက အဲဒီလောက်အထိ အင်အားကြီးတယ်ဆိုရင် ဒွန်ဟိုဂိုဏ်းက ရှေ့မထွက်သင့်ဘူး။ အန္တရာယ်များတယ်"

ဟန်ဆိုအွန်၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ သူသည်လည်း သတ္တုတွင်း တည်ဆောက်ခအတွက် လဲလှယ်၍ ဟုန်ဂျုံဂိုဏ်းနှင့် ပူးပေါင်းကာ ဆာဆောင်ဂိုဏ်းကို တိုက်ခိုက်ရန် စီစဉ်ထားခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဆာဆောင်ဂိုဏ်း ပျောက်ကွယ်သွားမှသာ ဒွန်ဟိုဂိုဏ်း ဘေးကင်းမည်ပင်။

"ဒါဆို တခြားနည်းလမ်း ရှိသေးလို့လား"

ခေါင်းညိတ်လိုက်သော ဂျင်ဆိုဟွန်းမှာ တောက်ပစွာ ပြုံးလိုက်သည်။

"ငါတို့မှာ ကူညီပေးဖို့ စစ်ကူတွေ ရှိတယ်လေ"

ဟုန်ဂျုံဂိုဏ်းကို သူတို့ဂိုဏ်းသို့ ပြန်၍ စစ်ပွဲအတွက် ပြင်ဆင်ရန် ညွှန်ကြားလိုက်ပြီးနောက် ဂျင်ဆိုဟွန်းက သူ၏ အဖွဲ့ဝင်များကို ခေါ်လိုက်သည်။

"ခေါ်လိုက်တာလားဗျ"

"အစ်ကို ကျွန်တော့်ကို ရှာနေတာလား"

လေးဓားတပ်ဖွဲ့နှင့် တိုက်ပွဲပြီးနောက် အဖွဲ့ခေါင်းဆောင် ဂျင်ဆိုဟွန်းကို ဆက်ဆံသည့် ပုံစံမှာ လုံးဝ ပြောင်းလဲသွားသည်။ အဖွဲ့ဝင်များ၏ မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုတို့ အပြည့်ရှိနေသည်။

လေ့ကျင့်မှု ကောင်းမွန်သော စစ်သည်များ၏ မျက်ဝန်းများကို ကြည့်ရသကဲ့သို့ပင် ဝန်လေးစရာ ကောင်းလှသည်။

"အခြေအနေက ဒီလို ဖြစ်နေပြီဆိုတော့ ဆာဆောင်ဂိုဏ်းနဲ့ တိုက်ရိုက် ရင်ဆိုင်ရတော့မယ်"

"ကျွန်တော်တို့ အစ်ကို့ကို ယုံကြည်ပြီး လိုက်ပါမယ်"

ဆန်ဆွတ်က တက်ကြွစွာ ဖြေလိုက်သည်။ ယခုအခါတွင် သူတို့မှာ ဂျင်ဆိုဟွန်းကို အတိုင်းအဆမရှိ ယုံကြည်နေကြပြီ ဖြစ်သည်။

"ဘာလုပ်ရမလဲဗျ"

အွန်းဘန်ကလည်း ထိုအတိုင်းပင်။ သို့သော် သူတို့ သစ္စာရှိရသည့် နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိနေသည်။

ခွေးကောင် အဲဒီ ပျင်းရိတဲ့သူက ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... သူ့ကို နောက်ကွယ်ကနေ အတင်းပြောခဲ့တာ သိသွားရင် ငါတို့အားလုံး သေပြီ။

အပြစ်ကျူးလွန်ထားမိသည့် အွန်းဘန်နှင့် ဆန်ဆွတ်မှာ ဂျင်ဆိုဟွန်းနောက်သို့ ပို၍ပင် အသည်းအသန် လိုက်ပါလာကြသည်။ ယူအူဆွန်းနှင့် ပန်အိုဂျောင်မှာလည်း ဂျင်ဆိုဟွန်းကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။

"ကျန်တဲ့သူတွေက ငါနဲ့အတူ ဟုန်ဂျုံဂိုဏ်းကို လိုက်ဖို့ ပြင်ဆင်ထားပါ။ အိုဂျောင်"

"ဗျာ အစ်ကို"

"ငါတို့ ဟီဘေပန်မျိုးနွယ်စုရဲ့ အကူအညီ လိုအပ်တယ်။ ဟုန်ဂျုံဂိုဏ်းနဲ့ ငါတို့ အင်အားလောက်နဲ့တင် ဆာဆောင်ဂိုဏ်းကို မနိုင်နိုင်ဘူး"

"ဟုတ်ကဲ့ပါ ဒါပေမဲ့ ကျွန်တော် အတိအကျကြီးတော့ ကတိမပေးနိုင်ဘူးနော်"

မိသားစုငါးခုမျိုးနွယ်စုထဲမှ တစ်ခုဖြစ်သည့် ဟီဘေပန်မျိုးနွယ်စု၏ စွမ်းအားဖြစ်သည်။ ဟီဘေကို ကိုယ်စားပြုသဖြင့် အလွယ်တကူ လှုပ်ရှားပေးမည့် နေရာမျိုး မဟုတ်ပေ။

ပန်မျိုးနွယ်စု လှုပ်ရှားလိုက်ပြီဆိုလျှင် ဟီဘေတစ်ခုလုံး လှုပ်ရှားလိုက်သည်နှင့် အတူတူပင်။ ပန်အိုဂျောင်က စိတ်မကောင်းသည့် မျက်နှာဖြင့် ပြုလုပ်လိုက်သောအခါ ဂျင်ဆိုဟွန်းက သူ့ပုခုံးပေါ်သို့ လက်တင်လိုက်သည်။

"စိတ်မပူပါနဲ့။ ငါက အလကား အကူအညီ တောင်းနေတာ မဟုတ်ပါဘူး။ ပန်မျိုးနွယ်စုက သိုင်းမျိုးနွယ်စုလေ အရည်အသွေးမြင့် သံရိုင်းတွေ မလိုချင်ဘူးလား"

"လိုချင်တာပေါ့"

ဂိုဏ်းများ သို့မဟုတ် သိုင်းမျိုးနွယ်စုများအတွက် ဓားများ၊ ဓားရှည်များ ပြုလုပ်ရန် သံရိုင်းမှာ အလွန်လိုအပ်သည်။

အထူးသဖြင့် အရည်အသွေးမြင့် သံရိုင်းဆိုပါက အထူးတန်းစား လက်နက်များကို ပြုလုပ်နိုင်သဖြင့် ငြင်းပယ်မည့် ဂိုဏ်း သို့မဟုတ် သိုင်းမျိုးနွယ်စု မရှိသလောက်ပင်။ အရည်အသွေးမြင့် သံရိုင်း ရနိုင်မည်ဟု ကြားလိုက်ရသဖြင့် ပန်အိုဂျောင်၏ မျက်လုံးများမှာ တောက်ပသွားသည်။

"အခုချက်ချင်း ပန်မျိုးနွယ်စုဆီကို စာပို့လိုက်ပါ။ ဖြစ်နိုင်ရင် အမြန်ဆုံးနည်းလမ်းနဲ့ ပို့လိုက်"

ဂျင်ဆိုဟွန်းက ကြိုတင်ရေးသားထားသော စာကို ပန်အိုဂျောင်ထံ ပေးလိုက်သည်။

"ကျွန်တော် အမြန်ဆုံး သွားလိုက်ပါ့မယ်"

ပန်အိုဂျောင်က အနီးအနားရှိ စာပို့စခန်းတွင် စာပို့နေချိန်တွင် ဂျင်ဆိုဟွန်းမှာလည်း အလုပ်များစွာဖြင့် လှုပ်ရှားနေသည်။

"ငါတို့လည်း လှုပ်ရှားကြရအောင်"

"ဟုတ်ကဲ့"

မယုံကြည်မှုများ ပျောက်ကွယ်သွားသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ အဖွဲ့ဝင်တို့သည် ထိုပျင်းရိနေသည့် လူငယ်လေး၏ ညွှန်ကြားချက်အတိုင်း အလုပ်ရှုပ်နေကြသည်။

သူတို့ကို တင်ဆောင်လာသည့် နွားလှည်း၏ ခြေလှမ်းများမှာမူ ယခင်အတိုင်းပင် အေးဆေးသက်သာ ရှိနေဆဲပင်။

"အိုက်ဂူး... တကယ်ကို အလုပ်ရှုပ်လိုက်တာဗျာ"

မြက်စည်းပုံပေါ်တွင် လှဲလျောင်းနေရင်း ဂျင်ဆိုဟွန်းက သီချင်းတစ်ပုဒ်ကို ညည်းဆိုနေသည်။ အသံမှာ အတော်လေး နားထောင်ရဆိုးသော်လည်း သူ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့် အဖွဲ့ဝင်များမှာမူ ဘာမျှ မပြောရဲကြပေ။

ထိုသို့ဖြင့် နဂါးပြာဂိုဏ်းမှ အရာရှိများကို တင်ဆောင်လာသည့် နွားလှည်းမှာ နားညီးဖွယ် သီချင်းသံများနှင့်အတူ ရှေ့သို့ တိုးသွားနေသည်။

"ဘာ လေးဓားတပ်ဖွဲ့ တစ်ဖွဲ့လုံး ပျက်စီးသွားတယ် ဟုတ်လား"

ဆာဆောင်ဂိုဏ်းချုပ် ဂိုပါလ်ဆတ် ဒေါသထွက်နေစဉ် လေးဓားတပ်ဖွဲ့ခေါင်းဆောင် ချောလ်ဂျွမ်းက နဖူးကို မြေပြင်ပေါ် တေ့ကာ ရှိခိုးလိုက်သည်။

"ကျွန်တော့်ကို သတ်လိုက်ပါ ဒွန်ဟိုဂိုဏ်းမှာ သိုင်းမဟာမိတ်အဖွဲ့ရဲ့ အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက် ရှိနေမယ်လို့ ကျွန်တော် အိပ်မက်ထဲမှာတောင် မထင်ခဲ့မိပါဘူး"

"သိုင်းမဟာမိတ်အဖွဲ့..."

ဂိုပါလ်ဆတ် ဒေါသကို ထိန်းချုပ်လိုက်သည်။

"ဒါဆိုရင် မဟာမိတ်အဖွဲ့က စေလွှတ်လိုက်တဲ့ သိုင်းပညာရှင်က ဘယ်သူလဲ"

"သူ့နာမည်က ဂျင်ဆိုဟွန်းပါ။ သူ ပျံသန်းဓားကို အသုံးပြုပုံက ကောင်းကင်ပျံ ဓားဆယ်လက်နည်းလမ်းထက် မလျော့ပါဘူး။ ဓားတစ်ချက်တည်းနဲ့ ဒွန်ဟိုဂိုဏ်းရဲ့ ပင်မတံခါးကို လွင့်စင်သွားအောင် လုပ်လိုက်တာ။ အဲဒီဓားသာ ကျွန်တော်တို့ဆီကို ပျံသန်းလာရင်... ကျွန်တော်တို့ထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး"

"ခွပ်"

ဂိုပါလ်ဆတ် ခေါင်းကိုက်လာသည်။

လေးဓားတပ်ဖွဲ့မှာ ဆာဆောင်ဂိုဏ်း၏ အကောင်းဆုံး အင်အားစုဖြစ်သည်။ အထူးသဖြင့် အထွတ်အထိပ်အဆင့်၏ အစပိုင်း သိုင်းပညာရှင် ချောလ်ဂျွမ်းမှာ တခြားသိုင်းပညာရှင် အများစု၏ ပြိုင်ဘက် မဟုတ်ပေ။

သို့သော် သိုင်းမဟာမိတ်အဖွဲ့က စေလွှတ်လိုက်သည့် လူငယ်သိုင်းပညာရှင်က လေးဓားတပ်ဖွဲ့ တစ်ခုလုံးကို တစ်ယောက်တည်းဖြင့် အနိုင်ယူသွားသည်။ ထို့အပြင် သူတို့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးခဲ့သည့် ထူးဆန်းသော ကရုဏာကိုလည်း ပြသသွားခဲ့သည်။

မပြောပါနဲ့ဦး... ဒွန်ဟိုတောင်မှာ သံရိုင်းသတ္တုတွင်း ရှိနေတယ်ဆိုတာကို သိုင်းမဟာမိတ်အဖွဲ့က သိသွားတာများလား။

မဟုတ်ပါက ဟီဘေ၏ အစွန်အဖျားတွင် ရှိသော ဒွန်ဟိုဂိုဏ်းကို ကူညီပေးရမည့် အကြောင်းရင်း မရှိပေ။ အထူးသဖြင့် အထွတ်အထိပ် သို့မဟုတ် ထို့ထက်မြင့်သော သိုင်းပညာရှင်တစ်ယောက်ကို စေလွှတ်ပေးရလောက်အောင်ထိ မရှိပေ။

"အခြေအနေက ရှုပ်ထွေးလာပြီ... သူတို့ကို ဘယ်လို ရှင်းပြရမလဲ..."

ပိတ်ထားသော တံခါးမှာ ပြင်းထန်စွာ ပွင့်သွားပြီး လူတစ်ယောက် ပေါ်လာသည်။ အမှောင်ရိပ်သန်းနေသော အမူအရာနှင့် ထိုလူမှာ သူ၏ အနက်ရောင်ဝတ်ရုံကို မြေပြင်တွင် ဆွဲငင်လျက် လျှောက်လာသည်။

"သတ္တုတွင်းကိစ္စ ဘာဖြစ်သွားပြီလဲ"

သူ ပေါ်လာသည့်အခါ ဂိုဏ်းချုပ် ဂိုပါလ်ဆတ်မှာ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။

"အကြီးအကဲ ပြဿနာတစ်ခု တက်နေပါတယ်ခင်ဗျ"

"ပြဿနာ ဟုတ်လား"

"ဟုတ်ကဲ့။ ဒွန်ဟိုဂိုဏ်းနဲ့ ဟုန်ဂျုံဂိုဏ်းကြားထဲကို သိုင်းမဟာမိတ်အဖွဲ့ ဝင်ရောက်စွက်ဖက်သွားပါတယ်ခင်ဗျ"

"သိုင်းမဟာမိတ်အဖွဲ့ သူတို့က ဘယ်လိုလုပ် သိပြီး ဝင်စွက်ဖက်ရတာလဲ"

"အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမဲ့ သိုင်းမဟာမိတ်အဖွဲ့က အထွတ်အထိပ် သို့မဟုတ် ထို့ထက်မြင့်တဲ့ သိုင်းပညာရှင်တစ်ယောက်ကို စေလွှတ်လိုက်တာတော့ အမှန်ပါပဲ"

ထိုလူက လက်ကို ဆန့်ထုတ်လိုက်သည့်အခါ ဝပ်တွားနေသော ဂိုဏ်းချုပ် ဂိုပါလ်ဆတ်၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ ပေါလောပေါ်လာသည်။

အလွန်အမင်း ထိတ်လန့်သွားသော ဂိုပါလ်ဆတ်မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ ခဏအကြာတွင် ထိုလူ၏ လက်က ဂိုပါလ်ဆတ်၏ လည်ပင်းကို ထိလိုက်သည်။

ကျစ်

"ကော... အောက်..."

"မင်းကို တိတ်တိတ်ဆိတ်ဆိတ် ရှင်းခိုင်းထားတာ မဟုတ်လား။ သံရိုင်းသတ္တုတွင်း ရှိနေတာကို အပြင်လူ သိသွားရင် ငတ်မွတ်နေတဲ့ ဝံပုလွေအုပ်ကြီးလိုမျိုး လူတွေ အလုအယက် ရောက်လာမှာကို ပြောခဲ့သားပဲ"

"ခ…ခွင့်လွှတ်ပါ... ကေ…ကွတ်... ကွတ်"

အသက်ရှူရ ခက်ခဲလာသောကြောင့် ဂိုပါလ်ဆတ်၏ မျက်နှာမှာ ပြာနှမ်းလာသည်။ ခေါင်းပင် မမော့ရဲသော ချောလ်ဂျွမ်းမှာလည်း ကြမ်းပြင်ကို နဖူးဖြင့် တေ့ကာ တုန်ယင်နေသည်။

"နောက်တစ်ခါ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့တော့ ဂိုပါလ်ဆတ်"

ထိုလူက လက်ကို လွှတ်ပေးလိုက်သည့်အခါ လွတ်မြောက်လာသော ဂိုပါလ်ဆတ်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အသက်ကို အလုအယက် ရှူနေရသည်။

"ဘာပဲဖြစ်ဖြစ် မဟာမိတ်အဖွဲ့က စေလွှတ်လိုက်တဲ့ သိုင်းပညာရှင်အကြောင်း ငါ့ကို ပြောပြစမ်း"

ယခုတစ်ကြိမ်တွင် ချောလ်ဂျွမ်းက ဂျင်ဆိုဟွန်းအကြောင်းကို ချက်ချင်းပင် ရှင်းပြလိုက်သည်။ ထိုရှင်းပြချက်ကို ကြားလိုက်ရသည့် ထိုလူ၏ နှုတ်ခမ်းထောင့်များမှာ တွန့်သွားသည်။

"ဂျင်ဆိုဟွန်း ဟုတ်လား"

"ဟုတ်ကဲ့။ သူက သူ့ကိုယ်သူ ဂျင်ဆိုဟွန်းလို့ပဲ မိတ်ဆက်ခဲ့တာပါ"

"အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တစ်ယောက်... စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ထိုလူမှာ ဆာဆောင်ဂိုဏ်း ဘာကြောင့် ကျရှုံးသွားရသလဲဆိုသည့် အကြောင်းရင်းကို သိရှိသွားပုံပင်။ အကယ်၍ ဂျင်ဆိုဟွန်းသာ ဒွန်ဟိုဂိုဏ်းမှာ တကယ်ရှိနေခဲ့ပါက သူတို့၏ အင်အားသက်သက်ဖြင့် အနိုင်ယူနိုင်စရာ အကြောင်းမရှိပေ။

"ဂိုပါလ်ဆတ်"

"ဗျာ အကြီးအကဲ"

"ဆာဆောင်ဂိုဏ်းမှာ ရှိသမျှ အင်အားတွေကို စုစည်းလိုက်"

"နားလည်ပါပြီ။ ကျွန်တော် သတ္တုတွင်းကို ပြန်ရအောင်..."

"မလိုဘူး။ ငါတို့ရဲ့ ပစ်မှတ်က သိုင်းမဟာမိတ်အဖွဲ့က လာတဲ့ သိုင်းပညာရှင်ပဲ"

"ဂျင်ဆိုဟွန်း... ကို ပြောတာလား"

"ဟုတ်တယ်"

ဝတ်ရုံကို ဝတ်ဆင်ထားသည့် ထိုလူ၏ မျက်ဝန်းတို့မှာ ပြင်းထန်စွာ တောက်လောင်လာသည်။

"ငါတို့ရဲ့ ပစ်မှတ်က လက်ဆယ်ချောင်း သွေးတစ္ဆေရဲ့ တပည့်၊ ဂျင်ဆိုဟွန်းပဲ"

"ခလော..ခလော…."

အချိန်ပေါင်း ၁၂ နာရီကြာအောင် အိပ်ပျော်နေခဲ့သော ဂျူဂီလ်တေးမှာ နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။

"ဖူး... ငါတော့ အသက်ရှင်နေပါသေးလား။ လုပ်ကြံသတ်ဖြတ်သူဆိုပေမဲ့ သူက ကတိကိုတော့ တကယ်တည်တာပဲ"

သူ့တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေသည်။ အထူးသဖြင့် လည်ပင်းနောက်ကျောမှာ တုတ်ဖြင့် အရိုက်ခံထားရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေသည်။

ကြမ်းပြင်ပေါ်မှ မနည်းထူထူထောင်ထောင် ထလိုက်သည့် ဂျူဂီလ်တေးမှာ မေးနှင့် လည်ပင်းကို ပွတ်သပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

"ပြင်ဆင်ကြ"

"မြန်မြန်လှုပ်ရှား"

"...ဘာတွေလဲ"

အခန်းထဲမှ ထွက်လာသည့် ဂျူဂီလ်တေးမှာ ဟုန်ဂျုံဂိုဏ်း၏ လေထုမှာ ပုံမှန်နှင့် လုံးဝမတူတော့ကြောင်း ရိပ်မိလိုက်ကာ အလွန်အမင်း ရှုပ်ထွေးပွက်လောရိုက်နေသည်။

အကြောင်းအရင်းကို မသိရှိရှာသော ဂျူဂီလ်တေးမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဂျူဂီလ်ဆော့ကို တွေ့လိုက်ရသည်။

"အစ်ကို"

"ဂီလ်တေး မင်း ဘာတွေလုပ်နေလို့ အခုမှပဲ ပေါ်လာရတာလဲ"

"ဒ…ဒါက..."

လုပ်ကြံသူလက်ချက်ဖြင့် အရိုက်ခံပြီး မေ့မြောသွားသည်ကို ဝန်မခံဝံ့သဖြင့် ဂျူဂီလ်တေးမှာ ပါးစပ်ထဲ ရှိတာကို ထုတ်ပြောလိုက်သည်။

"ကျွန်တော်... အရက်နည်းနည်း ပိုသောက်မိသွားလို့ပါ"

"ဒီကောင်အရူး။ ဂိုဏ်းကြီး ပျက်စီးတော့မယ့် အရေးမှာ မင်းက အရက်သောက်နေတယ်"

"ပ…ပျက်စီးခြင်း... ဘာကို ဆိုလိုတာလဲ အစ်ကို"

"ပါးစပ်ပိတ်ထား တိုက်ခိုက်ဖို့ပဲ ပြင်ဆင်တော့"

တစ်ဖက်သတ် ပြောဆိုကာ ဟုန်းဟုန်းတောက်နေသောဒေါသဖြင့် ထွက်သွားသော ဂျူဂီလ်ဆော့ကို ကြည့်ရင်း ဂျူဂီလ်တေးမှာ အပြစ်မရှိသော မြေပြင်ကို ကန်ကျောက်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ အခြေအနေကိုတော့ ရှင်းပြပေးသွားလို့ ရတာပေါ့"

ဟုန်းဟုန်းတောက် ဒေါသထွက်နေသော ဂျူဂီလ်တေးမှာ လုံးဝ မမျှော်လင့်ထားသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"အဲဒီကောင် ဒီမှာ ဘာလို့ ရှိနေရတာလဲ..."

မြန်ဆန်သော ခြေလှမ်းဖြင့် ချဉ်းကပ်သွားပြီး ထိုလူ၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

"မင်း….မင်း ဒီမှာ ဘာလာလုပ်တာလဲ"

ကော်လာကို ဆွဲကိုင်ခံလိုက်ရသော ဂျင်ဆိုဟွန်းမှာ တောက်ပစွာ ပြုံးလိုက်သည်။

"အော် သတိပြန်ဝင်လာပြီပေါ့"

"မဖြစ်နိုင်ဘူး... မင်း... မင်းက အဲဒီ လုပ်ကြံသူပဲ"

"ဟုတ်တယ်။ အဲဒီအတိုင်းပဲ"

"မင်းတော့ မိုက်ရိုင်းလိုက်တာ..."

ဂျူဂီလ်တေးမှာ နောက်ထပ် စကားဆက်မပြောနိုင်တော့ပေ။ လေပြင်းတစ်ချက်လို အရှိန်ဖြင့် ပျံသန်းလာသော ဂျူဂီလ်ယွန်းက သူ့ကို ဘေးမှ ကန်ချလိုက်သောကြောင့်ပင်။

"ဒီကောင်အရူး မင်း ဘာလုပ်နေတာလဲ"

"အား…."

ဘေးမှ အကန်ခံလိုက်ရသဖြင့် ဂျူဂီလ်တေးမှာ မြေပြင်ပေါ်သို့ အကျည်းတန်စွာ လိမ့်သွားသည်။

"အ…အစ်မ..."

"မင်း အဆင်ပြေရဲ့လား"

ဂျူဂီလ်ယွန်းမှာ ဖျော့တော့သော မျက်နှာဖြင့် ဂျင်ဆိုဟွန်း၏ အခြေအနေကို စိုးရိမ်တကြီး မေးမြန်းနေသည်။

"ကျွန်တော် အဆင်ပြေပါတယ်။ အဲဒါနဲ့ ပြင်ဆင်မှုတွေရော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့။ အစ်ကိုပြောတဲ့အတိုင်းပဲ ပြင်ဆင်နေကြပါတယ်"

"မင်းတို့ တကယ်ပင်ပန်းနေကြပြီ"

"...ဟုတ်ကဲ့ပါ"

နောက်ကျမှ သတိဝင်လာသော ဂျူဂီလ်တေးမှာ ဤအခြေအနေကို လုံးဝ နားမလည်နိုင်တော့ပေ။

ဟုန်ဂျုံဂိုဏ်းက ဘာကြောင့် စစ်ပွဲအတွက် ပြင်ဆင်နေရတာလဲ။

ပြီးတော့ ဂျူဂီလ်ယွန်းက ဘာကြောင့် ဂျင်ဆိုဟွန်းရှေ့မှာ ရှက်ရွံ့နေတဲ့ မျက်နှာပေးမျိုး ဖြစ်နေရတာလဲ။

တကယ်ပဲ ဘာတွေဖြစ်နေတာလဲ

သိလိုစိတ်ကို မထိန်းနိုင်တော့သော ဂျူဂီလ်တေးမှာ ထိုင်ရာမှ ကုန်းရုန်းထလိုက်ပြီး လက်နက်များကို ရွှေ့ပြောင်းနေသော တပည့်ငယ်တစ်ဦးကို လှမ်းခေါ်လိုက်သည်။

"ဟေ့ကောင်"

"အာ ဟုတ်ကဲ့ သခင်လေး"

"ဒီမှာ တကယ် ဘာတွေဖြစ်နေတာလဲ ရှင်းပြစမ်း"

"အဲဒါက..."

တပည့်ငယ်မှာ ဒွန်ဟိုဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော လေးဓားတပ်ဖွဲ့နှင့် ဂျင်ဆိုဟွန်းတို့၏ တိုက်ပွဲအကြောင်းကို ရှင်းပြလိုက်သည်။ နားထောင်နေသော ဂျူဂီလ်တေး၏ မျက်နှာမှာ တစ်ခဏချင်းစီ ပြောင်းလဲသွားသည်။ အစပိုင်းတွင် ပြာနှမ်းသွားရာမှ ယခုအခါတွင်မူ လုံးဝ ဖျော့တော့သွားသည်။

"အဲဒီကောင်က လေးဓားတပ်ဖွဲ့ကို တစ်ယောက်တည်းနဲ့ အကုန် ရှင်းလိုက်တာ ဟုတ်လား"

"ဟုတ်ကဲ့။ မှန်ပါတယ်"

ဂျူဂီလ်တေးမှာ ဝေခွဲမရ ဖြစ်နေသည်။ ဟုန်ဂျုံဂိုဏ်းနှင့် ဆာဆောင်ဂိုဏ်းမှာ တစ်ညတည်းဖြင့် ရန်သူဖြစ်သွားရုံသာမက စစ်ပွဲအတွက်ပါ ပြင်ဆင်နေကြကာ ထိုအရာအားလုံး၏ အလယ်ဗဟိုမှာ ဂျင်ဆိုဟွန်း ရှိနေခြင်းပင်။

မဖြစ်နိုင်ပါဘူး... ငါ ဂျူဂီလ်ယွန်းအကြောင်းကို သူ့ကို ပြောပြမိလို့များ ဖြစ်သွားတာလား

ဂျူဂီလ်တေးမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လည်ပင်းကို ရှုံ့လိုက်သည်။

အကယ်၍ ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်လာရတာဆိုရင် ဂျူဟျောလ်ရဲ့ သား ဖြစ်နေပါစေဦး ငါအသက်ရှင်နိုင်မှာ မဟုတ်ဘူး။ မဟုတ်ဘူး အသက်ရှင်ခဲ့ရင်တောင် ငါ အရင်လို ဘယ်တော့မှ နေလို့ရတော့မှာ မဟုတ်ဘူး။

အရင်ဆုံး ဒီကနေ ထွက်ပြေးရမယ်။ ငါ့မှာရှိတဲ့ ပိုက်ဆံတွေနဲ့…

"ဂီလ်တေး"

သူ့ကို ခေါ်လိုက်သော ဂျင်ဆိုဟွန်း၏ အသံကြောင့် ဂျူဂီလ်တေးမှာ တုန်လှုပ်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။

"ခ…ခေါ်လိုက်တာလား"

ဂျူဂီလ်တေး၏ ဘေးသို့ လျှောက်လာသော ဂျင်ဆိုဟွန်းက ဖော်ရွေစွာ ပြုံးရင်း ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်အတွက် လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်လို့ ထင်တယ်"

"ကျွန်တော်... ကျွန်တော်က..."

"ကျွန်တော့်ကို ဘာလို့ ကျွန်တော့်ကိုမှ ရွေးရတာလဲဆိုပြီး ပြန်မမေးပါနဲ့နော်။ ခင်ဗျားကြောင့်သာ ကျွန်တော် ဒီအထိ ရောက်လာနိုင်ခဲ့တာ မဟုတ်လား"

သူ့မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း ထိုအပြုံးထဲတွင်တော့ ထက်မြက်လှသည့် ဓားသွားတစ်ချောင်းကို ဝှက်ထားသကဲ့သို့ပင်။

လွတ်မြောက်နိုင်မည့် လမ်းစမရှိတော့ကြောင်း သဘောပေါက်သွားသည့် ဂျူဂီလ်တေးမှာ အသက်မရှိတော့သည့် မျက်နှာပေးဖြင့် မေးလိုက်သည်။

"ကျွန်တော်... ဘာလုပ်ပေးရမလဲ"

"သူလျှို"

"...ဘာဗျ"

ဂျင်ဆိုဟွန်းက သူ့လက်သီးကို မြှောက်လိုက်ရင်း ပြောလိုက်သည်။

"ခင်ဗျား ခင်ဗျားက အခုကစပြီး ကျွန်တော့်ရဲ့ သူလျှိုပဲ"

All Chapters