← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

ဟုန်ဂျုံဂိုဏ်း၏ လေထုထဲတွင် သိမ်မွေ့သော်လည်း ပြင်းထန်သော တင်းမာမှုများ လွှမ်းခြုံနေသည်။

အညိုရောင်ရင့်ရင့် သိုင်းဝတ်ရုံများကို ဝတ်ဆင်ထားကြသော ဟုန်ဂျုံဂိုဏ်းသားများမှာ တင်းမာမှုကြောင့် ပူနွေးနေသော အသက်ရှူသံများကို အဆက်မပြတ် ထုတ်လွှတ်နေကြသည်။

"ပြင်ဆင်မှုတွေကရော"

"ကုသမှုခံယူပြီးတဲ့ အနီရောင်ဓားတပ်ဖွဲ့လည်း ပြန်ရောက်လာပါပြီ။ တပည့်ပေါင်း တစ်ရာ့ငါးဆယ်ကလည်း တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ ဂိုဏ်းချုပ်"

"ဟူး..."

ဂျူဟျောလ်သည် သူ၏လက်ဖဝါးတွင် စုစည်းလာသော ချွေးစက်များကို ဝတ်ရုံရှည်ဖြင့် သုတ်လိုက်သည်။

အချိန်ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။

ငယ်ရွယ်စဉ်အခါက သူ၏ တက်ကြွမှုများဖြင့် ရဲရင့်စွာ တိုက်ခိုက်ခဲ့သော အသက်သေဆုံးနိုင်သည့် တိုက်ပွဲများမှာပင် ယခုကဲ့သို့ စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေ။ ထိုအချိန်က စတေးရမည့်အရာမှာ သူ့အသက်တစ်ခုတည်းသာ ဖြစ်သည်။

သို့သော် အခုတော့ မတူတော့ချေ။

သူသည် အဖွဲ့ဝင် ငါးရာကျော်ရှိသည့် ဂိုဏ်းငယ်တစ်ခု၏ ဂိုဏ်းချုပ် ဖြစ်နေပေပြီ။ ဤဂိုဏ်းဝင်းအတွင်း အသက်ရှင်နေထိုင်နေကြသူ အားလုံး၏ အသက်အိုးအိမ်စည်းစိမ်မှာ သူ၏ လက်ထဲတွင်သာ ရှိနေသည်။

ထိုသို့ ဂျူဟျောလ်တစ်ယောက် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ လူတစ်ယောက်ကြောင့်ပင်။

"ကျွန်တော် သွားလိုက်ပါဦးမယ်"

"သတိထားပါဦး"

"ခရီးလမ်းချောမောပါစေ"

လုပ်ဖော်ကိုင်ဖက်များနှင့် နှုတ်ဆက်ပြီးနောက် ဂျင်ဆိုဟွန်းသည် ဟုန်ဂျုံဂိုဏ်းမှတစ်ယောက်တည်း ထွက်ခွာသွားသည်။ အသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေနိုင်သည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ရာ သူ၌ နည်းလမ်းတစ်ခုခုတော့ ရှိရမည်ပင်။

ဂျူဟျောလ်သည် မယုံနိုင်စရာကောင်းလောက်အောင်ပင် သိုင်းမဟာမိတ်အဖွဲ့မှ လာသော ဂျင်ဆိုဟွန်းကို ယုံကြည်နေမိသည်။ သူ၌ တစ်စုံတစ်ခုသော နည်းလမ်း ရှိလိမ့်မည်ဟုပင်။

"အဖေ... ကျွန်တော်တို့ ဂိုဏ်းရဲ့ တည်ရှိမှုတစ်ခုလုံးကို အဲဒီလူတစ်ယောက်အပေါ်မှာ ပုံအပ်ပြီး အန္တရာယ်ပြုဖို့ တကယ်ပဲ သင့်တော်ရဲ့လား"

"အခုအချိန်မှာ ငါတို့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား"

ဂျူဟျောလ် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။

"စိတ်ကို ခိုင်ခိုင်ထားပါ။ ဒီနေ့ကတော့ ရှည်လျားတဲ့ နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်"

ဂျူဂီလ်ဆော့သည် တိတ်ဆိတ်စွာဖြင့် သူ၏ဓားရိုးကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူပြောသည့်အတိုင်းပင် ဒီနေ့သည် ရှည်လျားလှသော နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။

"မိုးရွာတော့မလို့လား"

ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းနေသည်။ မိုးရွာတော့မည့်အလား ဖြစ်နေသော ကောင်းကင်ကို ကြည့်ရင်း ဂျင်ဆိုဟွန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနေရာကနေပဲ အရေးကြီးတဲ့ အပိုင်းတွေ စတော့မှာ"

ယခုအချိန်အထိ အရာရာတိုင်းသည် ဂျင်ဆိုဟွန်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သည်။ ပြဿနာမှာ ယခုအချိန်မှစ၍ ဖြစ်သည်။

ဂိုဏ်းအချင်းချင်း ဖြစ်ပွားသည့် စစ်ပွဲတစ်ခုတွင် ပြောင်းလဲနိုင်သည့် အကြောင်းအရင်းများစွာ ရှိနေသဖြင့် တစ်ခုချင်းစီကို တွက်ချက်ထားရန် မဖြစ်နိုင်ပေ။

ယခုအချိန်မှစ၍ အရာအားလုံး အစီအစဉ်အတိုင်း ချောမွေ့စွာ ဖြစ်ပျက်သွားစေရန်သာ သူ မျှော်လင့်ရတော့မည်။ ထို့ပြင် ဂျင်ဆိုဟွန်း၌ သူ ယုံကြည်ထားသည့် အရာတစ်ခု ရှိနေသေးသည်။

"ဒီအချိန်လောက်ဆိုရင်တော့ ဂိုဏ်းချုပ်ဆီကို သတင်းရောက်လောက်ပြီ"

ဂျင်ဆိုဟွန်း၏ အကြည့်သည် ဝေးကွာလှသော တောအုပ်ဆီသို့ ရောက်သွားသည်။

…..

"သူ ဘာတွေ ပြောနေတာလဲ"

"သူ ပြောနေတာက... သတိထားပြီး... စောင့်ကြည့်ဖို့... လို့ ထင်တယ်"

ဂွမ်မြောင်၏ အမိန့်အရ နဂါးပြာဂိုဏ်းမှ နည်းပြဆရာများသည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် ထွက်ခွာသွားသော အရာရှိများကို အဝေးမှ စောင့်ကြည့်နေကြသည်။

၎င်းမှာ မမျှော်လင့်ထားသော အန္တရာယ်များ ကြုံတွေ့လာပါက ကူညီရန် သို့မဟုတ် ဂိုဏ်းသို့ အကူအညီ တောင်းခံနိုင်ရန်အတွက် ဖြစ်သည်။ ဒွန်ဟိုဂိုဏ်း၊ ဟုန်ဂျုံဂိုဏ်းနှင့် ဆာဆောင်ဂိုဏ်းတို့အကြား ပဋိပက္ခသတင်းသည် နဂါးပြာဂိုဏ်းသို့ ရောက်ရှိပြီး ဖြစ်သည်။

"သူ ကျွန်တော်တို့ ရှိနေတဲ့နေရာကို သိနေတာများလား..."

"အရာရှိဂျင်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့"

နည်းပြဆရာ နှစ်ဦးစလုံးသည် ဂျင်ဆိုဟွန်း၏ စွမ်းအားကို ကောင်းစွာ သိရှိကြသည်။ ဂျင်ဆိုဟွန်းသည် လေးဓားတပ်ဖွဲ့ကို တစ်ယောက်တည်းဖြင့် အနိုင်ယူခဲ့ပုံနှင့် ဒွန်ဟိုဂိုဏ်း၏ တံခါးကို ဓားချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်ခဲ့ပုံကို သူတို့၏ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

"အာ သူ ပျောက်သွားပြီ"

"ဘယ်လိုလုပ်ကြမလဲ"

ဂျင်ဆိုဟွန်းကို လျှို့ဝှက်စောင့်ကြည့်နေသည့် နည်းပြနှစ်ဦး၏ မျက်နှာများမှာ စိုးရိမ်မှုများဖြင့် ရှုပ်ထွေးသွားသည်။ သူတို့ စောင့်ကြည့်နေသူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"လောလောဆယ်တော့ အရာရှိ ဂျင်ကို ဒီအတိုင်း လွှတ်ထားဖို့ပဲ ရှိတော့တယ်။ ကျန်တဲ့လူတွေက ပိုပြီး အရေးကြီးနေတယ်"

"တောက်"

နည်းပြများသည် ဂျင်ဆိုဟွန်းကို လိုက်လံစောင့်ကြည့်ရန် လက်လျှော့လိုက်သည်။ သူသာ သူ၏ လှုပ်ရှားမှုအပြည့်ဖြင့် လှုပ်ရှားပါက နောက်မှ လိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

နည်းပြနှစ်ဦးသည် ဟုန်ဂျုံဂိုဏ်းတွင် ကျန်ရှိနေသော ကျန်အရာရှိများ၏ ဘေးကင်းရေးကိုသာ အဓိကထား အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

"ဘာ ဂိုဏ်းအချင်းချင်း စစ်ဖြစ်တယ် ဟုတ်လား"

ဟီဘေမှ ရောက်ရှိလာသည့် သတင်းကို ကြားရသောအခါ ဂွမ်မြောင်၏ မျက်နှာမှာ တွန့်ချိုးသွားသည်။

"ငါက အေးဆေးဖြေရှင်းပေးဖို့ စေလွှတ်လိုက်တာ။ သူတို့က စစ်ပွဲစတင်ခိုင်းလိုက်တာ ဟုတ်လား"

ဂိုဏ်းချုပ် ဂွမ်မြောင်မှာ ခေါင်းကိုက်လာသည်။ ဂိုဏ်းကြီးများ သို့မဟုတ် မျိုးနွယ်စုကြီးများအကြား ဖြစ်ပွားသော စစ်ပွဲမျိုး မဟုတ်ဘဲ၊ ဂိုဏ်းငယ်လေးများအကြား ဖြစ်ပွားသော စစ်ပွဲမျိုးမှာ အလွန်ပင် အဖြစ်များသည်။

ဒေသတစ်ခုကို လွှမ်းမိုးထားသည့် ဂိုဏ်းကြီးများ ချန်ထားခဲ့သော အကျန်အဖတ်လေးများကို ကောက်ယူရန် ယှဉ်ပြိုင်မှုများမှာ မလွှဲမရှောင်သာပေ။

ယခုတစ်ကြိမ် ဟီဘေတွင် ဖြစ်ပွားသော စစ်ပွဲ၏ ပြဿနာမှာ နဂါးပြာဂိုဏ်း၏ အရာရှိများ ထိုနေရာတွင် ရှိနေခြင်းပင်။

"ဒါဆို ဘာဖြစ်ကုန်တာလဲ"

"အခြေအနေအရဆိုရင် ဒွန်ဟိုဂိုဏ်းနဲ့ ဟုန်ဂျုံဂိုဏ်းတို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကနေ ဟုန်ဂျုံဂိုဏ်းနဲ့ ဆာဆောင်ဂိုဏ်းတို့အကြား စစ်ပွဲအဖြစ် ပြောင်းလဲသွားပုံပဲခင်ဗျ"

အမြန်တမန်မှ သတင်းပေးပို့ချက်ကြောင့် ဂွမ်မြောင်မှာ သူ့နားထင်ကို ဖိနှိပ်လိုက်သည်။

"သူတို့ရဲ့ အလယ်ဗဟိုမှာ... အရာရှိ ဂျင် ရှိနေပါတယ်"

"အဲဒီ ပျင်းရိနေတဲ့ကောင်က ဘာလို့"

"အခြေအနေအားလုံးကို ဦးဆောင်နေတာ အရာရှိ ဂျင်ပါ။ ကျန်တဲ့လူတွေအားလုံးက သူ့နောက်ကို လိုက်နေကြပုံပါပဲ"

ဂျင်ဆိုဟွန်းက လေးဓားတပ်ဖွဲ့ကို တစ်ယောက်တည်းဖြင့် အကုန်ရှင်းထုတ်ခဲ့သည်ဆိုသော သတင်းကို ကြားရသောအခါ ဂွမ်မြောင်က အံတင်းတင်းကြိတ်လိုက်သည်။

"ငါ သူ့ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ နေဖို့ ပြောခဲ့သားပဲ... အခု လှုပ်ရှားလို့ရတဲ့ နည်းပြဆရာ ဘယ်နှစ်ယောက်လောက် ရှိသေးလဲ"

ဂွမ်မြောင်၏ မေးခွန်းကို ဂွမ်မြောင်၏ လက်ထောက်ဖြစ်သူ ဆုန်အူက အမြန်ပြန်ဖြေလိုက်သည်။

"အများစုက အရာရှိတွေကို ကာကွယ်ပေးဖို့နဲ့ စောင့်ကြည့်ဖို့ အပြင်ရောက်နေကြလို့ နည်းပြဦးရေ မလုံလောက်ပါဘူး"

"တောက် အရင်ဆုံး ဟီဘေမှာရှိတဲ့ သူတောင်းစားဂိုဏ်းရဲ့ အကိုင်းအခက်ဆီကို သတင်းစကား ပို့လိုက်ပါ။ အမြန်လုပ်"

"ဟုတ်ကဲ့"

တမန်တော်မှာ အလုပ်ရှုပ်စွာဖြင့် လှုပ်ရှားသွားပြီး ဂွမ်မြောင်လည်း သူ၏ ထိုင်ခုံမှ ထလိုက်သည်။

"ဂိုဏ်းချုပ် ကိုယ်တိုင် လှုပ်ရှားဖို့ ပြင်နေတာလား"

"အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါ ကိုယ်တိုင် သွားကြည့်မှ ဖြစ်တော့မယ်"

"ကျွန်တော် ပြင်ဆင်လိုက်ပါ့မယ်"

ခဏအကြာတွင် မြင်းစီးထားသော လူနှစ်ဦးမှာ နဂါးပြာဂိုဏ်းမှ အရှိန်ပြင်းစွာ ထွက်ခွာသွားကြသည်။

ဟုန်ဂျုံဂိုဏ်းနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေသော ဆာဆောင်ဂိုဏ်း၏ ဂိုဏ်းဝင်းအတွင်းသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာကြသည်။ သူတို့ကို ကြိုဆိုလိုက်သော ဂိုဏ်းချုပ် ဂိုပါလ်ဆတ်က သံသယဖြစ်ဖွယ် မျက်နှာပေးဖြင့် မေးလိုက်သည်။

"ဒါဆို မင်းတို့ ပြောချင်တာက... အဲဒီကောင် ဂျင်ဆိုဟွန်းက ဟုန်ဂျုံဂိုဏ်းနဲ့ ငါတို့ဂိုဏ်းကို တိုက်ခိုက်အောင် ဖိအားပေးနေတယ်... ဒါမျိုးလား"

"ဟုတ်ပါတယ်"

ဂျူဂီလ်ယွန်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။

"ဒွန်ဟိုတောင်မှာ သံရိုင်းသတ္တုတွင်း ရှိနေတယ်ဆိုတာ သိတာနဲ့ သူ့မျက်နှာက ပြောင်းသွားတာ။ အဲဒီ ချောမောတဲ့ မျက်နှာက လောဘတွေ ဖုံးလွှမ်းသွားတယ်... သူက ဟုန်ဂျုံဂိုဏ်းနဲ့ ဆာဆောင်ဂိုဏ်းကို တိုက်ခိုက်ခိုင်းပြီး နှစ်ဖက်လုံးကို ရှင်းထုတ်ဖို့ စီစဉ်နေတာပါ"

"သူက တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောချင်တာလား"

"မှန်ပါတယ်"

"မင်းတို့ နှစ်ယောက်ကရော ဘယ်လို လွတ်မြောက်လာခဲ့တာလဲ"

ဂိုဏ်းချုပ် ဂိုပါလ်ဆတ်က သတိထားနေသည်။ သူကို သံသယဝင်နေသည်ဟု ခံစားမိသော ဂျူဂီလ်ယွန်းက ဒူးတစ်ဖက်ကို အမြန်ထောက်လိုက်သည်။

"ကျွန်မရဲ့ အဖေက ကျွန်မကို ယုံကြည်လို့ မနည်း လွတ်မြောက်လာခဲ့တာပါ။ ဂိုဏ်းချုပ် အခုလိုမျိုး ဟုန်ဂျုံဂိုဏ်းနဲ့ စစ်ဖြစ်လိုက်ရင် သိုင်းမဟာမိတ်အဖွဲ့ကပဲ အကျိုးအမြတ် ခံစားရမှာပါ။ ဒါကြောင့် အခြေအနေကို ပိုသေချာအောင် ကြည့်ပေးပါဦး"

"အင်း"

ဂျူဂီလ်ယွန်း၏ စကားများမှာ ယုတ္တိရှိသည်။

"သခင်မလေးဂျူ"

ထိုအချိန်တွင် ဂိုချောလ်ဂျီ ရောက်ရှိလာသည်။

"မင်း... မင်း အဆင်ပြေရဲ့လား"

ဂိုချောလ်ဂျီမှာ အမောတကော ပြေးလာပြီး ဂျူဂီလ်ယွန်းကို အပေါ်အောက် ကြည့်လိုက်သည်။

"ဒီကလေးမ အဆင်ပြေပါတယ်"

"အာ... ကံကောင်းလိုက်တာ ကံကောင်းလိုက်တာ"

သူ၏ စေ့စပ်ထားသူ ဂျူဂီလ်ယွန်း လွတ်မြောက်လာသည်ကို အတည်ပြုပြီးနောက် ဂိုချောလ်ဂျီက သူမကို အမြန် ထူပေးလိုက်သည်။

"ဘာလို့ ဒီလို လုပ်နေတာလဲ ထပါတော့"

"ဂိုချောလ်ဂျီ မင်း ဘာလုပ်နေတာလဲ"

"အဖေ အဖေက သခင်မလေးဂျူကို သံသယဝင်နေတာလား"

"ဒါက ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ယုံလို့ မရတဲ့ အခြေအနေမျိုးမို့လို့..."

"ခ…ခဏလောက် စောင့်ပေးပါဦး"

ထိုအချိန်တွင် ဂျူဂီလ်ယွန်းနှင့်အတူ ဆာဆောင်ဂိုဏ်းသို့ လိုက်ပါလာသည့် ဂျူဂီလ်တေးမှာ ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။ သူ၏ ရုတ်တရက် အပြုအမူကြောင့် ဂိုပါလ်ဆတ်နှင့် ဂိုချောလ်ဂျီသာမက ဂျူဂီလ်ယွန်းပါ အံ့ဩသွားကြသည်။

"ဂိုဏ်းချုပ် ကျွန်တော့်ကို တစ်ခါလောက် ယုံကြည်ပေးပါ"

"မင်း ဘာပြောချင်တာလဲ"

"ကျွန်တော်က ဟုန်ဂျုံဂိုဏ်းချုပ် ဂျူဟျောလ်ရဲ့ တတိယမြောက်သား ဂျူဂီလ်တေး ဖြစ်ပါတယ်"

"မင်းရဲ့ နာမည်နဲ့ အဆင့်အတန်းကို ငါ စိတ်မဝင်စားဘူး။ အဓိကအချက်ကိုပဲ ပြော"

ဂျူဂီလ်တေးက ခိုင်မာသော မျက်နှာပေးဖြင့် ခေါင်းမော့လိုက်သည်။

"ဂျူဂီလ်ယွန်းကို မယုံပါနဲ့"

သူ့စကားကြောင့် ဂိုပါလ်ဆတ်၏ အမူအရာမှာ ထူးဆန်းသွားပြီး ဂျူဂီလ်ယွန်း၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

"မ…မင်း ဘာပြောတာလဲ သခင်လေးဂျူ"

ဂိုချောလ်ဂျီက စကားထစ်လျက် မေးမြန်းလိုက်သည်။ ဂျူဂီလ်တေးက ဆက်ပြောသည်။

"ဂျူဂီလ်ယွန်းက ဂျင်ဆိုဟွန်းလို့ခေါ်တဲ့ ပရိယာယ်ကြွယ်တဲ့ကောင်ရဲ့ စကားကို ယုံပြီး ဂိုဏ်းချုပ်နဲ့ ဆာဆောင်ဂိုဏ်းကို လိမ်ညာနေတာပါ ဟုန်ဂျုံဂိုဏ်းက စစ်အတွက် ပြင်ဆင်မှုတွေ ပြီးသွားပြီ၊ ဝေးလံတဲ့နေရာကနေတောင် စစ်ကူတွေကို ခေါ်ထားပြီးသား"

"မင်းပြောတာ အမှန်ပဲလား"

"ကျွန်တော့်ရဲ့ အစ်မကိုတောင် ရောင်းစားပြီး လိမ်ညာရလောက်တဲ့အထိ ကျွန်တော် ဘာလို့ လိမ်ရမှာလဲ ဒါ့အပြင်... ကျွန်တော့်ဆီမှာ လျှို့ဝှက်သတင်းတစ်ခု ရှိသေးတယ်"

"ဂျူဂီလ်တေး"

ဂျူဂီလ်ယွန်းသည် အော်ဟစ်လိုက်ပြီး ဂျူဂီလ်တေး၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

"ဒီကောင် မင်း ဘာလုပ်နေတာလဲ"

"ကြည့်ကြပါဦး ဂျူဂီလ်ယွန်းက သစ္စာဖောက်တစ်ယောက်ပါ။ ဆာဆောင်ဂိုဏ်းကို သစ္စာဖောက်တဲ့သူပါ"

"ဒ…ဒါက... ဒါက မဖြစ်နိုင်ဘူး"

ဂိုချောလ်ဂျီမှာ ငိုယိုကာ တုန်လှုပ်နေစဉ် ဂိုပါလ်ဆတ်က အမိန့်ပေးလိုက်သည်။

"ဂျူဂီလ်ယွန်းကို ချည်နှောင်လိုက်"

အသင့်အနေအထားရှိနေသော ဆာဆောင်ဂိုဏ်းမှ သိုင်းသမားများမှာ ပြေးလာပြီး ဂျူဂီလ်ယွန်းကို ဖမ်းဆီးကာ ချည်နှောင်လိုက်ကြသည်။

"ဒီခွေးကောင်"

"ဘာလုပ်နေကြတာလဲ ဒီသူလျှိုမိန်းမကို ချက်ချင်းခေါ်သွားစမ်း"

ဂိုဏ်းချုပ်၏ အမိန့်အရ ဂျူဂီလ်ယွန်းကို ဆွဲခေါ်သွားသည့်အခါ ဂိုချောလ်ဂျီမှာ မူးဝေနေသော မျက်နှာဖြင့် ဟိုဒီလျှောက်လှမ်းနေသည်။ ထိုမြင်ကွင်းကို မနှစ်မြို့သည့် ဂိုပါလ်ဆတ်သည် ဂိုချောလ်ဂျီကို ထွက်သွားခိုင်းလိုက်ပြီး ဂျူဂီလ်တေးထံသို့ ချဉ်းကပ်သွားသည်။

"ကောင်းပြီ မင်းရဲ့ အစ်မကိုတောင် ရောင်းစားပြီး မင်းယူလာတဲ့ ဒီလျှို့ဝှက်သတင်းဆိုတာ ဘာလဲ"

"အဲဒါမတိုင်ခင် ကျွန်တော့်ကို တစ်ခုလောက် ကတိပေးပါ"

"ကတိလား သတင်းကို အရင်ထုတ်ပြောစမ်း"

"ကျွန်တော် အရင်ဆုံး ဘေးကင်းအောင် လုပ်ပေးပါ။ ကျွန်တော် သိထားတဲ့ သတင်းကို ပေးလိုက်တဲ့အချိန်မှာ ကျွန်တော်က ဟုန်ဂျုံဂိုဏ်းကို ပြန်လို့မရတဲ့ သူတစ်ယောက် ဖြစ်သွားတော့မှာ... ဆာဆောင်ဂိုဏ်းက ကျွန်တော့်ကို လက်ခံမယ်ဆိုရင် ကျွန်တော့်ကိုယ့်ကိုကိုယ်အပ်နှံပြီး သစ္စာရှိရှိနဲ့ အမှုထမ်းပါ့မယ်"

ဂိုပါလ်ဆတ်သည် ဂျူဂီလ်တေးကို သံသယဖြင့် ကြည့်လိုက်သည်။ သူ၏မျက်နှာကို စိုက်ကြည့်နေရင်း ဂိုပါလ်ဆတ်က ရုတ်တရက် ရယ်မောလာသည်။

"ဟားဟားဟား မင်းမျက်နှာကို ကြည့်ရတာ လောဘတွေနဲ့ ပြည့်နေတာပဲ။ ငါ လောဘကြီးတဲ့သူတွေကို သဘောကျတယ်။ ဒါကြောင့်လည်း မင်းအစ်မကို ငါ့သားရဲ့ စေ့စပ်သူအဖြစ် လက်ခံခဲ့တာပေါ့"

ဂိုပါလ်ဆတ်သည် ဒူးညွတ်ချလိုက်ပြီး ဂျူဂီလ်တေး၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်သည်။

"ငါ မင်းကို လက်ခံမယ်။ ဒါပေမဲ့ သစ္စာဖောက်ဖို့တော့ အိမ်မက်တောင် မမက်နဲ့။ မင်းကိုယ်မင်း အသတ်ခံရဖို့ တောင်းဆိုချင်တာ မဟုတ်ရင်ပေါ့"

"သေချာပေါက်ပါပဲ"

"ကောင်းပြီ။ မင်းကို ဆာဆောင်ဂိုဏ်းမှာ ရာထူးကြီးတစ်ခု ပေးမယ်လို့ ကတိပေးတယ်။ ဒါကြောင့် အချိန်မဆွဲနဲ့တော့ သတင်းကို ပြောစမ်း"

"နားလည်ပါပြီ"

တံတွေးကို အလုအယက်မျိုချကာ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ဂျူဂီလ်တေးမှာ စကားစလိုက်သည်။

"လက်ရှိမှာ ဂျင်ဆိုဟွန်းက ဟုန်ဂျုံဂိုဏ်း ဒါမှမဟုတ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတူဘဲ တစ်ယောက်တည်း သီးသန့် လှုပ်ရှားနေပါတယ်။ သူ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိပါတယ်"

"ဟို အဲဒါ တကယ်ပဲလား"

"ဟုတ်ကဲ့။ မကြာခင် သိလာတော့မှာကို ကျွန်တော် ဘာလို့ လိမ်ရမှာလဲ လိမ်ရင် ကျွန်တော့်လည်ပင်း ပြတ်သွားမှာပေါ့"

"ဟုတ်တယ် မှန်တယ်"

ဂျင်ဆိုဟွန်း တစ်ယောက်တည်း ရှိနေသည်ဆိုသော သတင်းကြောင့် ဂိုပါလ်ဆတ်၏ မျက်နှာမှာ တောက်ပသွားသည်။

"အဲဒီကောင် အခု ဘယ်မှာလဲ"

"ဂျင်ဆိုဟွန်းက ကျွန်တော့်ကို သူလျှိုလုပ်ခိုင်းခဲ့ပေမဲ့ ကျွန်တော်က ဆာဆောင်ဂိုဏ်းအပေါ်မှာပဲ သစ္စာရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်ပါ"

ဂျူဂီလ်တေးသည် ရင်ဘတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူကာ ဂိုပါလ်ဆတ်ထံ ပေးလိုက်သည်။ မြေပုံပေါ်တွင် ဆာဆောင်ဂိုဏ်းနှင့် မဝေးလှသော စွန့်ပစ်ထားသည့် လယ်တဲတစ်ခုကို အမှတ်အသားပြုထားသည်။

"သူက ဒီနေရာမှာ ကျွန်တော့်ကို စောင့်နေမယ်လို့ ပြောခဲ့ပါတယ်"

"ဒါသာ လိမ်ညာတာ ဒါမှမဟုတ် ထောင်ချောက်တစ်ခုခုဆိုရင်..."

"ဒါဆိုရင်တော့ တုံ့ဆိုင်းမနေဘဲ ကျွန်တော့်ခေါင်းကို ဖြတ်ပစ်လိုက်ပါ"

"ကောင်းပြီ။ မင်းက ရွှေဥဥတဲ့ ဘဲကို ယူလာပေးတာဆိုတော့ မင်းကို ထိုက်သင့်သလို ဆက်ဆံရမှာပေါ့။ ဟေ့ မစ္စတာဂျူကို ဧည့်ခန်းကို လိုက်ပို့လိုက်"

"ဟုတ်ကဲ့"

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ဂျူဂီလ်တေးကို လိုက်ပို့နေစဉ် ဂိုပါလ်ဆတ်သည် မြေပုံကို ကိုင်ကာ အမြန်ခြေလှမ်းဖြင့် လျှောက်သွားသည်။ သူရောက်သွားသည့်နေရာမှာ ဆာဆောင်ဂိုဏ်း၏ ဗဟိုတွင်ရှိသော အတွင်းခန်းဆောင်ဖြစ်သည်။

မူလက ဂိုပါလ်ဆတ်၏ နေအိမ်ဖြစ်သော်လည်း ယခုအခါတွင်မူ တစ်ခြားတစ်ယောက်က အစားထိုးကာ အသုံးပြုနေသည်။ ဂိုပါလ်ဆတ်သည် တံခါးရှေ့သို့ ရောက်သောအခါ ဂရုတစိုက် ပြောလိုက်သည်။

"အကြီးအကဲ... ကျွန်တော်ပါ ဂိုပါလ်ဆတ်ပါ"

"ဝင်ခဲ့"

ခွင့်ပြုချက်ရသည်နှင့် ဂိုပါလ်ဆတ်သည် တံခါးကို ဖွင့်လိုက်သည်။

အူး

တံခါးဖွင့်လိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ နှာခေါင်းကို စူးရှသွားစေလောက်အောင် အေးစက်လှသော အအေးဓာတ်။ အေးခဲနေသော ကြမ်းပြင်ပေါ်တွင် လျှောက်လှမ်းနေသည့် ဂိုပါလ်ဆတ်သည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ၏ ရှေ့တွင် ဦးညွှတ်လိုက်သည်။

"ဟုန်ဂျုံဂိုဏ်းက ဂျူဂီလ်တေးဆိုတဲ့ကောင်က အရည်အသွေးမြင့် သတင်းတစ်ခု ယူလာပါတယ်ခင်ဗျ"

"ငါ့ဆီကို ယူလာတယ်ဆိုတော့ အဲဒါ ဂျင်ဆိုဟွန်းအကြောင်းပဲ ဖြစ်မှာပေါ့ ဟုတ်လား"

ဂိုပါလ်ဆတ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်ပါတယ် အကြီးအကဲ"

"အဲဒီသတင်းက ဘယ်လောက် ယုံကြည်ရလဲ"

"ဒီသတင်းယူလာတဲ့ကောင်က သူ့ကိုယ်သူ အသက်ရှင်ဖို့အတွက် အစ်မအရင်းကိုတောင် ရောင်းစားမယ့် လောဘကြီးတဲ့ကောင်ပါခင်ဗျ။ သူက သူ့အသက်ကို ပေါင်ပြီး ကစားမယ့်ကောင်မျိုး မဟုတ်ပါဘူး"

ထိုလူသည် ဂိုပါလ်ဆတ် ပေးလိုက်သည့် မြေပုံကို ယူကာ အမှတ်အသားပြုထားသည့် နေရာကို စစ်ဆေးလိုက်သည်။

"ဂျင်ဆိုဟွန်းက ဒီနေရာမှာ ရှိနေတယ်လို့ ပြောတာပေါ့"

"သူ တစ်ယောက်တည်းပါ အကြီးအကဲ"

အနက်ရောင်ဝတ်ရုံနှင့် ထိုလူသည် ဖြည်းညှင်းစွာ ထလာသည်။ ထိုအခိုက်တွင် သူ၏နောက်ဘက်မှ အရိပ်ကိုးခု ပေါ်ထွက်လာသည်။

အေးစက်သော အငွေ့အသက်များကို ဖြန့်ကျက်လျက် ထလာကြသည့် ထိုအရိပ်များက ဂိုပါလ်ဆတ်ကို စကားတစ်ခွန်းမျှ မဆိုဘဲ ကျော်ဖြတ်သွားသည်။

"အူး"

တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည့် ဂိုပါလ်ဆတ်မှာ တုန်လှုပ်သွားသည်။

"ဂျင်ဆိုဟွန်း... မင်း သေပြီပဲ မှတ်တော့"

အေးစက်မှုကိုသာ ချန်ရစ်ခဲ့ပြီး ပျောက်ကွယ်သွားသည့် အရိပ်များ ရှိခဲ့သော လွတ်လပ်သည့် နေရာလပ်ဆီသို့ ဂိုပါလ်ဆတ်၏ အကြည့်တို့မှာ စူးစိုက်လျက် ရှိနေသည်။

" သွေးအေးသေမင်းတမန်တွေ မင်းဆီကို ရောက်သွားပြီ"

All Chapters