← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

"ဒီကောင်တွေ အကုန်လုံး သေစမ်း ဟုန်ဂျုံဂိုဏ်းသားတို့ ငါ့နောက်ကို လိုက်ခဲ့ကြ"

ဂျူဂီလ်တေး၏ ရုတ်တရက် အော်ဟစ်လိုက်မှုကြောင့် ဂျူဟျောလ်နှင့် ဂျူဂီလ်ဆော့တို့မှာ သူတို့၏ စစ်သည်များကို ဦးဆောင်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

သူ၏ လုပ်ရပ်ကြောင့် ဆာဆောင်ဂိုဏ်းမှ စစ်သည်များမှာ ဒေါသထွက်သွားကြသည်။

ဟုန်ဂျုံဂိုဏ်း ခေါင်းဆောင်၏ တတိယသားဖြစ်သူက တာအိုဂိုဏ်းများ၏ ဂုဏ်ကျက်သရေအတွက် အော်ဟစ်လိုက်ခြင်းမှာ စစ်ပွဲတစ်ခုမှလွဲ၍ အခြားမည်သည့် ရွေးချယ်စရာမျှ မကျန်တော့သည်ကို ပြသနေသည်။

"ဝါး..."

ဟုန်ဂျုံဂိုဏ်းမှ စစ်သည်များသည် စစ်ချီတက်ရာတွင် အော်ဟစ်လေ့ရှိသော တိုက်ပွဲဝင် ကြွေးကြော်သံများအစား ပြေးလွှားရင်း အော်ဟစ်သံကဲ့သို့သော အသံများကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့၏ အဦးဆုံးတွင် ဂျူဟျောလ်နှင့် ဂျူဂီလ်ဆော့တို့ ရှိနေသည်။

သူတို့နှစ်ဦးစလုံးသည် ဓားများကို ဆွဲထုတ်ကာ သူတို့၏ မိုက်မဲသော သားနှင့် ညီအတွက် အသက်ကို ပဓာနမထားဘဲ ရှေ့သို့ တိုးဝင်ကာ တိုက်ခိုက်လိုက်ကြသည်။

"သူတို့ကို ရင်ဆိုင်လိုက်ကြ"

ဂိုဏ်းခေါင်းဆောင်၏ အမိန့်ပေးသံနှင့်အတူ ဆာဆောင်ဂိုဏ်းမှ စစ်သည်များက တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

မကြာမီပင် ဆာဆောင်ဂိုဏ်းမှ စစ်သည်များနှင့် ဟုန်ဂျုံဂိုဏ်းမှ စစ်သည်တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားတော့သည်။

"ငါတို့ ဘာလုပ်ကြမလဲ"

ဆန်ဆွတ်၏ မေးခွန်းကြောင့် အွန်းဘန်သည် ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။

ထိုအချိန်တွင် ယူအူဆွန်းက စကားစလိုက်သည်။

“…တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ မဟုတ်လား”

“ဘာကိုလဲ”

“ဆာဆောင်ဂိုဏ်းခေါင်းဆောင်က ဂျူဂီလ်တေးက သူ့ဂိုဏ်းကို သစ္စာဖောက်ပြီး သူတို့ဘက်မှာ ရပ်တည်နေတယ်လို့ သေချာပေါက် ပြောခဲ့တာလေ။ သူ့ရဲ့ သစ္စာဖောက်မှုကြောင့် ဂျင်ဆိုဟွန်း အန္တရာယ်ကြုံခဲ့ရတယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမဲ့… အခု ဂျူဂီလ်တေးက တာအိုဂိုဏ်းတွေဘက်မှာ ရပ်တည်နေတာက ထူးဆန်းနေသလိုပဲ မဟုတ်ဘူးလား”

ယူအူဆွန်း၏ ရှင်းပြချက်ကြောင့် အွန်းဘန်နှင့် ဆန်ဆွတ်တို့ မျက်တောင်ခတ်လိုက်ကြသည်။

ထိုအခါ ပန်အိုဂျောင်က သူ၏ဓားကို အမြင့်သို့ မြှောက်ကာ ပြောလိုက်သည်။

“ဒါဆိုရင် အဖြေက တစ်ခုပဲ ရှိတော့တယ် ဟုန်ဂျုံဂိုဏ်းကို ကူညီပြီး တိုက်ခိုက်ကြစို့”

မည်သူမျှ စကားတစ်ခွန်းမျှ မပြောခင် ပန်အိုဂျောင်က ရှေ့သို့ ပြေးထွက်သွားပြီး အွန်းဘန်၊ ဆန်ဆွတ်နှင့် ယူအူဆွန်းတို့ကလည်း သူ့နောက်မှ အနီးကပ် လိုက်ပါသွားကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ရှိနေသည်။

ဂိုပါလ်ဆတ်သည်လည်း ဂျူဂီလ်တေး၏ ရုတ်တရက် လုပ်ဆောင်ချက်ကြောင့် သံသယဖြစ်မိသူတစ်ဦး ဖြစ်သည်။

ဘာလို့ ဂျူဂီလ်တေးက အခုမှ ဟုန်ဂျုံဂိုဏ်းဘက်မှာ ရပ်တည်နေရတာလဲ

ဆာဆောင်ဂိုဏ်းတွင် ရာထူးကြီးတစ်ခု ပေးမည်ဟု ကတိပြုခံထားရပြီးသားဖြစ်သော ဂျူဂီလ်တေးသည် သူ၏ စွမ်းအားရှိသမျှ အကုန်သုံး၍ တိုက်ခိုက်နေသည်။

သူက မိသားစုရဲ့ အရေးပါမှုကို ရုတ်တရက် နားလည်သွားလို့လား

မဟုတ်ပါဘူး…..

ဂိုပါလ်ဆတ်သည် ဂျူဂီလ်တေးကဲ့သို့ လူစားမျိုးကို ကောင်းကောင်း သိသည်။

သူက သစ္စာစောင့်သိမှု ဒါမှမဟုတ် ချစ်ခင်မှုအတွက် တိုက်နေတာ မဟုတ်ဘူး။ သူ အတင်းအကျပ် တိုက်ခိုက်ခိုင်းခံနေရတာ။

ဂျူဂီလ်တေးသည် ကျောနောက်တွင် ဓားတစ်ချောင်း ထောက်ထားသကဲ့သို့ တိုက်ခိုက်နေသည်ကို ဂိုပါလ်ဆတ် သတိပြုမိသည်။ သူ့တွင် နောက်ဆုတ်ရန် လမ်းမရှိပေ။ ပြီးတော့ သူ့ကို ထိုသို့သော အခြေအနေမျိုး ရောက်အောင် ဖိအားပေးနိုင်သူက တစ်ယောက်ပဲ ရှိသည်။

“ဂျင်ဆိုဟွန်း…”

သို့သော် သူ နားမလည်နိုင်ပေ။

မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့မှ ထိပ်တန်းသိုင်းသမား သွေးအေးသေမင်းတမန်နှင့် သူ၏ လက်အောက်ငယ်သားများက သူ့နောက်ကို သေချာပေါက် လိုက်သွားခဲ့ကြခြင်းပင်။

ထိုတိုက်ပွဲတွင် ဂျင်ဆိုဟွန်း သေဆုံးသွားရမည်ပင်။

ဒါဆိုရင် ဘာလို့ ဂျူဂီလ်တေးက ဟုန်ဂျုံဂိုဏ်းနှင့် သိုင်းလောက မဟာမိတ်အဖွဲ့ဘက်မှာ ရှိနေရတာလဲ

“မဖြစ်နိုင်တာ…”

သူ ငြင်းပယ်ချင်သော်လည်း အခြေအနေက ခွင့်မပြုပေ။

“ဒါဆို သွေးအေးသေမင်းတမန်က ဂျင်ဆိုဟွန်းကို ရှုံးနိမ့်သွားတယ်လို့ ပြောတာလား”

ယခုအချိန်တွင် ၎င်းမှာ ဖြစ်နိုင်ခြေ အရှိဆုံးသော အယူအဆ ဖြစ်သည်။ အကယ်၍သာ အမှန်တကယ် ဖြစ်ခဲ့လျှင် ဂိုပါလ်ဆတ်အတွက် အချိန်မရှိတော့ပေ။

ဂျင်ဆိုဟွန်း ဒီနေရာမှာ ပေါ်မလာတာက သွေးအေးသေမင်းတမန်နဲ့ တိုက်ပွဲမှာ အကြီးအကျယ် ဒဏ်ရာရထားလို့ပဲ ဖြစ်ရမယ်။ ဒီလိုဆိုရင် ငါတို့ ဂျင်ဆိုဟွန်းကို ရှာပြီး သတ်ပစ်ရမယ်။

သူတို့၏ ထိပ်တန်းသိုင်းသမားတစ်ဦး ဆုံးရှုံးလိုက်ရသော မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့မှာ သေချာပေါက် လက်တုံ့ပြန်လိမ့်မည်။ သွေးအေးသေမင်းတမန် သေဆုံးရခြင်းမှာ ဆာဆောင်ဂိုဏ်း ပါဝင်ပတ်သက်နေကြောင်း သိသွားပါက…

“ဆာဆောင်ဂိုဏ်းသားတို့ နားထောင် ဒီအချိန်ကစပြီး ဟုန်ဂျုံဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ငါတို့ရဲ့ အင်အားအပြည့် သုံးရမယ် တတ်နိုင်သမျှ မြန်မြန်”

အတွင်းအားများ ထည့်သွင်း အော်ဟစ်လိုက်သည့် ဂိုပါလ်ဆတ်၏ အမိန့်ကြောင့် ဆာဆောင်ဂိုဏ်း၏ အင်အားအပြည့်မှာ စတင် လှုပ်ရှားတော့သည်။ ဟုန်ဂျုံဂိုဏ်းကဲ့သို့ စစ်သည်များကို ရွေးချယ်ကာ စုစည်းထားခြင်း မဟုတ်ဘဲ ဒုတိယမျိုးဆက် သို့မဟုတ် တတိယမျိုးဆက် တပည့်ဖြစ်စေကာမူ ဆာဆောင်ဂိုဏ်းသည် သူတို့၏ သိုင်းသမားအားလုံးကို အကုန်ထုတ်လိုက်သည်။

သူတို့သည် မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့နှင့် ဆက်စပ်နေကြောင်း သိသွားပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေ လူတိုင်းကို သတ်ပစ်ရမည်ပင်။

“သွားကြ အကြင်နာမရှိနဲ့ သူတို့အားလုံးကို သတ်ပစ်လိုက်”

ခေါင်းဆောင်၏ ထပ်ခါတလဲလဲ အမိန့်ပေးမှုကြောင့် ဆာဆောင်ဂိုဏ်းမှ သိုင်းသမားများသည် သတ်ဖြတ်လိုစိတ်များ တောက်ပနေသော မျက်လုံးများဖြင့် ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဂျူဟျောလ်သည် ဓားကို ဝှေ့ယမ်းရင်း တစ်လှမ်းချင်း နောက်ဆုတ်လိုက်သည်။

သူတို့ တိုက်ခိုက်တာ အရမ်းပြင်းထန်လွန်းတယ် ဒီအတိုင်းဆိုရင် ငါတို့ ဆက်ပြီး ခုခံနိုင်မှာ မဟုတ်တော့ဘူး

ဟုန်ဂျုံဂိုဏ်းမှ သိုင်းသမားများသည် ဒဏ်ရာများ ရရှိနေပြီး စစ်မြေပြင်မှ ဆုတ်ခွာရန် အတင်းအကျပ် ပြုလုပ်ခံနေရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဆာဆောင်ဂိုဏ်းမှ သိုင်းသမားများမှာ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိပေ။

သူတို့၏ အဆင့်ချင်း ကွာခြားမှုမှာ အလွန်ရှင်းလင်းနေသည်။ ဤအတိုင်းဆိုပါက ဟုန်ဂျုံဂိုဏ်းမှ သိုင်းသမားများအားလုံး တစ်နာရီအတွင်း သေဆုံးသွားကြလိမ့်မည်။

“နောက်ဆုတ်ကြ အခုချက်ချင်း ဆုတ်ခွာကြ”

သူ၏ ဂိုဏ်းသားများအားလုံးကို ဤနေရာတွင် ဆုံးရှုံးရမည်ကို မခံနိုင်သော ဂျူဟျောလ်သည် နောက်ဆုတ်လိုက်ပြီး ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ အမိန့်ပေးသည်နှင့် တပြိုင်နက် ကြောက်လန့်နေသော ဟုန်ဂျုံဂိုဏ်းသားများက ထွက်ပြေးရန် အလုအယက် ကြိုးပမ်းကြသည်။

“တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့ ဆာဆောင်ဂိုဏ်းကို စော်ကားတဲ့အတွက် သူတို့ကို ကြီးမားတဲ့ ပေးဆပ်မှု ဖြစ်စေရမယ်”

ဂိုပါလ်ဆတ်တွင် အကြင်နာတရားမရှိပေ။ အနာဂတ်တွင် ပြဿနာ မဖြစ်စေရန် ဤနေရာတွင် ရှိသူအားလုံးကို သတ်ပစ်ရမည်ပင်။

အထူးသဖြင့် သူ၏ မျက်လုံးများက သူတို့ ဂိုဏ်းကို တိုက်ခိုက်ရာတွင် ဟုန်ဂျုံဂိုဏ်းကို ကူညီပေးနေသော ထိုသိုင်းသမားလေးဦးထံသို့ စိုက်ကြည့်နေသည်။

မဟာမိတ်အဖွဲ့က အဲ့ဒီကောင်တွေကို… မဖြစ်မနေ သတ်ပစ်ရမယ်။

စိတ်ဆုံးဖြတ်ချက် ချပြီးနောက် ဂိုပါလ်ဆတ်သည် ဂိုဏ်း၏ အကြီးအကဲများကို ခေါ်ယူလိုက်သည်။ ခေါင်းဆောင်၏ ခေါ်ယူမှုကြောင့် အကြီးအကဲ စုစုပေါင်း ရှစ်ဦး စုရုံးလာကြသည်။

“အကြီးအကဲတို့ နားထောင်ကြ။ မဟာမိတ်အဖွဲ့က လူငယ်သိုင်းသမားတွေကို အသက်ရှင်ခွင့် မပေးနိုင်ဘူး"

"တောက်။ အဲဒီလူငယ် လေးယောက်ကို သတ်ဖို့ အကြီးအကဲတွေ အကုန်လုံး ထွက်လာရမှာလား"

"အဲဒီထဲက တစ်ယောက်ကိုလွတ်သွားရင်တောင် ဆာဆောင်ဂိုဏ်း ပြီးဆုံးသွားလိမ့်မယ်။ ငါပြောတာကို နားလည်လား"

ဂိုပါလ်ဆတ်၏ အေးစက်သော အသံအဆုံးတွင် အကြီးအကဲများက ခေါင်းညိတ်ကာ ကျားသစ်များကဲ့သို့ ရှေ့သို့ ခုန်ထွက်သွားကြသည်။

ဆာဆောင်ဂိုဏ်း၏ အကြီးအကဲ ရှစ်ဦးတို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်ကို ပန်အိုဂျောင်က ပထမဆုံး ရိပ်မိလိုက်သည်။

"တစ်ခုခု လာနေပြီ"

"မပြန့်ကြဲစေနဲ့ အတူတူ စုနေကြ"

အွန်းဘန်နှင့် ပန်အိုဂျောင်တို့ ဗဟိုပြုကာ သိုင်းသမား လေးဦးသည် ပခုံးချင်းယှဉ်၍ ရပ်လိုက်ကြသည်။ ခဏအကြာတွင် အကြီးအကဲ ရှစ်ဦးတို့သည် သူတို့၏ ရှေ့တည့်တည့်သို့ ဆင်းသက်လာသည်။

"ငါက ဆာဆောင်ဂိုဏ်းရဲ့ အကြီးအကဲ ဆိုယိုဂျန်းပဲ။ လူငယ်တွေကို အကြီးအကဲတွေက ထွက်တိုက်ရတာ ရှက်စရာကောင်းပေမဲ့ နားလည်ပေးကြပါ။ ငါတို့က စစ်ပွဲထဲမှာ ရှိနေတာမို့ပါ"

"အကြီးအကဲတွေ…"

ဂိုဏ်းငယ်တစ်ခုသာ ဖြစ်သော်လည်း အကြီးအကဲများမှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် ပထမတန်းစား အဆင့် သို့မဟုတ် အထွတ်အထိပ် အဆင့်နားသို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။ ပထမတန်းစားဟု ခေါ်ရခက်သေးသည့် လူငယ် လေးဦးအတွက်မူ သူတို့မှာ ရင်ဆိုင်ရန် မလွယ်ကူသည့် ပြိုင်ဘက်များပင်။

အကြီးအကဲ တစ်ယောက်တည်းတောင် ခက်ခဲနေပြီ။ အခုတော့ ရှစ်ယောက်တောင်….

အွန်းဘန်၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ သူဂိုဏ်းကို စွန့်ခွာပြီး သိုင်းလောကထဲ ရောက်လာသည့်အချိန်မှစ၍ သူသည် သေခြင်းတရားကို ဤမျှ ကြောက်ရွံ့ခဲ့ဖူးခြင်း မရှိပေ။

"မြန်မြန် အဆုံးသတ်ကြစို့"

ဆိုယိုဂျန်း၏ စကားကို အခြားအကြီးအကဲများက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။ အကြီးအကဲ ရှစ်ဦးသည် ဓားများမှ ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ ရှေ့သို့ ခုန်တက်ရန် ပြင်လိုက်ချိန်တွင်...

"ဒီကောင်တွေ"

ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်သည့် မိုးခြိမ်းသံကဲ့သို့ အော်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ရှောင်လင်ဂိုဏ်း၏ ခြင်္သေ့ဟိန်းသံနှင့် ဆင်တူသော ထိုအော်သံကြောင့် စစ်မြေပြင်ရှိ သိုင်းသမားများအားလုံး ရပ်တန့်သွားကြသည်။

လက်ထဲတွင် ဓားကိုင်ထားရင်း တောင့်ခဲသွားသော သိုင်းသမားများအားလုံးက တစ်ပြိုင်နက် ခေါင်းမော့ကြည့်လိုက်ကြသည်။

သူတို့၏ အကြည့်တို့ ရောက်သွားသော နေရာတွင် အမျိုးသားတစ်ဦး ရပ်နေသည်။ အရပ်မြင့်မားပြီး အချိုးအစားကျသော ခန္ဓာကိုယ်ရှိသည့် သက်လတ်ပိုင်း အမျိုးသားသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ စိမ်းပြာရောင် ဝတ်ရုံများမှာ လေထဲတွင် လှုပ်ခါနေသည်။

ထိုအမျိုးသား၏ နောက်တွင် ခါး၌ ဓားရှည်များ ချိတ်ဆွဲထားသည့် စိမ်းပြာရောင် ယူနီဖောင်း ဝတ်ဆင်ထားသော သိုင်းသမားများ ပေါ်လာသည်။ သူတို့၏ အရေအတွက်မှာ အနည်းဆုံး ငါးဆယ်ခန့် ရှိသည်။

"စိမ်းပြာရောင် ဝတ်စုံနဲ့ ဓားရှည်တွေ… ဒါ မဖြစ်နိုင်တာ…"

"ဟီဘေ… ဟီဘေပန်မျိုးနွယ်စုပဲ"

"ပန်မျိုးနွယ်စု ရောက်လာပြီ"

ဟီဘေ၏ အာဏာရှင်၊ ဟီဘေ၏ ရဲရင့်သော ကျားသစ်၊ မိသားစုငါးခုကြီးထဲမှ တစ်ခုဖြစ်သည့် ဟီဘေပန်မျိုးနွယ်စု စစ်မြေပြင်သို့ ရောက်ရှိလာခဲ့ခြင်းပင်။

ထို့ပြင် ပန်မျိုးနွယ်စုကို ဦးဆောင်လာသော သက်လတ်ပိုင်း အမျိုးသား၏ ဘေးတွင် အကျွမ်းတဝင်ရှိသော မျက်နှာတစ်ခု ရှိနေသည်။

"ဆာဆောင်ဂိုဏ်းက မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ အရုပ်တစ်ရုပ် ဖြစ်နေတာလား"

"အဲဒီလိုဆိုရင်တော့ ငါတို့ ပန်မျိုးနွယ်စုအနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး"

သူ လမ်းလျှောက်လာရုံဖြင့် မြေကြီးပင် တုန်ခါသွားသည်။

သက်လတ်ပိုင်း အမျိုးသားသည် သူ၏ ဓားလက်ကိုင်ကို ကိုင်ရင်း ပြောလိုက်သည်။

"ငါက ဟီဘေပန်မျိုးနွယ်စုက ပန်အိုဟွန်းပဲ"

"ပန်အိုဟွန်း"

"ရဲရင့်သော ကျားသစ် သံဓားကြီး ရောက်လာပြီ….."

ဟီဘေပန်မျိုးနွယ်စုကို ကိုယ်စားပြုသည့် ထိပ်တန်းတပ်ဖွဲ့ သုံးဖွဲ့ထဲမှ တစ်ခုဖြစ်သော ရဲရင့်သော ကျားသစ် သံဓားကြီးတပ်ဖွဲ့သည် သူတို့၏ သိုင်းစွမ်းအား အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူတို့ ဖန်တီးလိုက်သော အရှိန်အဝါက စစ်မြေပြင်ကို လွှမ်းခြုံသွားသဖြင့် ပုံမှန်အဆင့်ရှိ သိုင်းသမားများမှာ အသက်ရှူရန်ပင် မဝံ့ရဲကြတော့ပေ။

"ဟူးး….."

"ရဲရင့်သော ကျားသစ် သံဓားကြီး... ရောက်လာလိမ့်မယ်လို့..."

"ဟီဘေပန်မျိုးနွယ်စု…"

ဟီဘေပန်မျိုးနွယ်စု ရောက်ရှိလာခြင်းကြောင့် ဟုန်ဂျုံဂိုဏ်းမှာ ထိခိုက်မှု အနည်းငယ်ဖြင့် ဆုတ်ခွာနိုင်ခဲ့သည်။ ယခုအခါတွင် ဆာဆောင်ဂိုဏ်းမှာ ဟီဘေပန်မျိုးနွယ်စု၏ စစ်သည်များနှင့် ထိပ်တိုက်ရင်ဆိုင်နေရပြီ ဖြစ်သည်။

ပန်အိုဟွန်းက ရှေ့ဆုံးမှရပ်ကာ ဆာဆောင်ဂိုဏ်းဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာစဉ် ဂိုပါလ်ဆတ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“ဂုဏ်သရေရှိ ပန်မျိုးနွယ်စုက အကြီးအကဲတစ်ယောက်က… ဂိုဏ်းငယ်လေးတွေကြားက အရေးမပါတဲ့ ပြဿနာမှာ ဘာလို့ ဝင်ပတ်သက်ရတာလဲ…”

ထို့နောက် ဂိုပါလ်ဆတ်သည် ပန်အိုဟွန်း၏ ဘေးတွင် သစ်ပင်ဟောင်း၌ ကပ်နေသည့် ပုစွန်လုံးကဲ့သို့ တွယ်ကပ်နေသော ဂျင်ဆိုဟွန်းကို မြင်လိုက်ရသည်။

အဲဒီကောင်က ဟီဘေပန်မျိုးနွယ်စုကို ဒီပြဿနာထဲ ဆွဲခေါ်လာတာပဲ။

ဟီဘေ၏ အာဏာရှင် ပန်မျိုးနွယ်စုကို စစ်ပွဲထဲ ဆွဲခေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဂိုပါလ်ဆတ်ပင် စိတ်ပျက်အားငယ်မှု ဖြစ်ပေါ်လာသည်။

ဂိုဏ်းငယ်လေးတစ်ခုနှင့် မျိုးနွယ်စုကြီး တစ်ခုကြား ကွာခြားချက်မှာ ယုန်တစ်ကောင်နှင့် ကျားတစ်ကောင်ကြား ကွာခြားချက်နှင့် တူသည်။ သူတို့က ကျားရဲများဖြစ်ပြီး ဆာဆောင်ဂိုဏ်းမှာမူ ယုန်တစ်ကောင်သာ ဖြစ်သည်။

ဂိုပါလ်ဆတ်၏ မျက်လုံးများ တုန်ရီနေသည်။

“ဆာဆောင်ဂိုဏ်းက မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ အရုပ်တစ်ရုပ် ဖြစ်နေတယ်ဆိုတာ ဟုတ်လား”

“မ…မဖြစ်နိုင်တာ”

“အင်း မင်းပြောတာ အမှန်ဆိုရင် သွေးအေးသေမင်းတမန်က ဘာလို့ ဆာဆောင်ဂိုဏ်းမှာ ရောက်နေတာလဲဆိုတာ ရှင်းပြပေးမလား”

“အဲဒါက…”

ဂိုပါလ်ဆတ်၏ ဦးနှောက်မှာ အရှိန်ပြင်းစွာ လည်ပတ်နေသည်။ ဆာဆောင်ဂိုဏ်း၏ အသက်ရှင်သန်မှုမှာ ဤအဖြေပေါ်တွင် တည်နေသည်။ သူသည် မြန်မြန်ဆန်ဆန်ပင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်တို့လည်း သွေးအေးသေမင်းတမန်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာပါ ဂိုဏ်းကို ကာကွယ်ဖို့အတွက် ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ…”

“အဲဒါ အမှန်ပဲလား”

“မှန်ပါတယ်”

အနီးတွင် တိတ်ဆိတ်စွာ နားထောင်နေကြသော ဂျူဂီလ်တေးနှင့် ဂျူဟျောလ်တို့ တစ်စုံတစ်ခု ပြောရန် ပြင်ဆင်လိုက်သော်လည်း ဂျင်ဆိုဟွန်းက လက်ကိုမြှောက်ကာ တားလိုက်သည်။ ထိုအချိန်တွင် ပန်အိုဟွန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါ မင်းစကားကို ယုံကြည်ပါတယ်"

အံ့အားသင့်စရာကောင်းလောက်အောင်ပင် ပန်အိုဟွန်းက ဂိုပါလ်ဆတ်၏ စကားကို အလွယ်တကူပင် ယုံကြည်ပေးလိုက်သည်။ မျှော်လင့်ချက် ရောင်ခြည်သန်းလာသည့် ဂိုပါလ်ဆတ်၏ မျက်နှာမှာ ဝင်းပသွားသည်။ သို့သော် သူ၏ အပြုံးမှာ ကြာရှည်မခံလိုက်ပေ။

“ဒါပေမဲ့ ငါ့ယုံကြည်မှုကို သက်သေပြဖို့ ဆာဆောင်ဂိုဏ်း လုပ်ကိုင်ရမယ့် အရာတစ်ခုတော့ ရှိတယ်"

“ဘာ… ဘာများ ဖြစ်မလဲခင်ဗျာ”

ဂိုပါလ်ဆတ် စိုးရိမ်နေသော်လည်း သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်၍ မရတော့ပေ။ ငွေကြေးဆိုရင် သူတို့လိုချင်သလောက် ပေးမယ်။ ဂိုဏ်းရဲ့ တိုင်တွေကို နုတ်ထုတ်ရရင်တောင်မှပေါ့…..

ထိုသို့ သူ တွေးလိုက်သည်။ ဆာဆောင်ဂိုဏ်း ပိုင်ဆိုင်သည့် ကြွယ်ဝမှုအားလုံးကို ပေးဆပ်ရန် သူ အသင့်ဖြစ်နေသည်။

သို့သော် ပန်အိုဟွန်း၏ အဆိုပြုချက်မှာ မမျှော်လင့်ထားသည့်အရာ ဖြစ်နေသည်။

“သွေးအေးသေမင်းတမန်နဲ့ သူ့လက်အောက်ငယ်သားတွေ အကုန် သေသွားပြီ။ သူတို့ကို သတ်ခဲ့တာ ဆာဆောင်ဂိုဏ်းပဲလို့ လူသိရှင်ကြား ကြေညာလိုက်ပါ"

“ဗျ… ဗျာ”

ဂိုပါလ်ဆတ်မှာ နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေစဉ် ပန်အိုဟွန်း၏ နှုတ်ခမ်းထက်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။

“ဘာလို့လဲ မလုပ်နိုင်ဘူးလား”

“ဒါပေမဲ့… သွေးအေးသေမင်းတမန်ကို သတ်ခဲ့တာ ကျွန်တော်တို့မှ မဟုတ်တာဗျာ"

“ဟုတ်တာပေါ့။ ဒါပေမဲ့ မင်းတို့က မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ အရုပ်မဟုတ်ဘူးဆိုတာ သက်သေပြဖို့ဆိုရင် အဲဒီလောက်တော့ လုပ်ပေးရမှာပေါ့ ဟုတ်တယ်မလား။ သိုင်းလောကအပေါ် မင်းတို့ရဲ့ သစ္စာတရားကို ပြသလိုက်ပါ"

ငါတော့ ပြီးသွားပြီ….

ပန်အိုဟွန်းနှင့် ဂျင်ဆိုဟွန်းတို့သည် သူကိုဖြစ်စေ၊ ဆာဆောင်ဂိုဏ်းကိုဖြစ်စေ ခွင့်လွှတ်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ဂိုပါလ်ဆတ် ရိပ်မိသွားသည်။

သူတို့၏ အဆိုပြုချက်ကို လက်ခံပြီး သွေးအေးသေမင်းတမန်ကို သတ်ခဲ့ကြောင်း ကြေညာလိုက်ပါက မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့၏ လက်တုံ့ပြန်မှုကို သေချာပေါက် ခံရမည်ပင်။ ငြင်းဆန်လိုက်ပါကလည်း သစ္စာမရှိသူအဖြစ် သတ်မှတ်ခံရပြီး ထိုနေရာမှာပင် အမြစ်ပြတ် သတ်ဖြတ်ခံရမည်ပင်။

“ကျွန်တော်တို့ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ အမျက်ဒေါသကို မခံနိုင်ပါဘူး ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာတွေကိုပဲ ပေးအပ်ပါ့မယ်…”

“ငါလိုချင်တာ ငွေမဟုတ်ဘူး သစ္စာတရားပဲ"

ပန်အိုဟွန်း၏ ပြတ်သားသော အဖြေကြောင့် ဂိုပါလ်ဆတ်က အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်… ကျွန်တော် ကြေညာချက် ထုတ်ပါ့မယ်"

“ကောင်းပြီ မင်းစကားကိုပဲ ယုံမယ်။ ဟီဘေပန်မျိုးနွယ်စုကလည်း ဆာဆောင်ဂိုဏ်းရဲ့ ဒီလိုကြီးမားတဲ့ အောင်မြင်မှုသတင်းကို နေရာအနှံ့ ပျံ့နှံ့အောင် ကူညီပေးပါ့မယ်။ ဟားဟားဟား”

“…”

ဆာဆောင်ဂိုဏ်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဂိုပါလ်ဆတ် ခံစားမိသည်။

ဤအရာအားလုံးမှာ…

ဂျင်ဆိုဟွန်း အဲဒီကောင်က ဒါတွေကို အကုန် ကြိုစီစဉ်ထားတာပဲ။

သူ ကြောက်ရွံ့နေမိသည်။

သွေးအေးသေမင်းတမန်ကို သတ်ဖြတ်ပြီး အခြေအနေကို လှည့်စားနိုင်ခဲ့သည့် ဂျင်ဆိုဟွန်း၏ စွမ်းအားကို ကြောက်ရွံ့သလို ဆာဆောင်ဂိုဏ်းကို လုံးဝ မြေမြှုပ်ပစ်မည့် သူ၏ ရက်စက်သော အကြံအစည်ကိုလည်း သူ ကြောက်ရွံ့နေမိသည်။

အခုတော့ ငါတို့ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရင်းနဲ့ပဲ ဘဝကို ဖြတ်သန်းရတော့မယ်။

ဆာဆောင်ဂိုဏ်းမှ သိုင်းသမားတိုင်းသည် သေဆုံးချိန်အထိ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့၏ လက်တံရှည်များအောက်တွင် ကြောက်ရွံ့ကာ တုန်လှုပ်နေကြတော့မည်ပင်။

"ကောင်းပြီ ဒီမှာ အလုပ်ကိစ္စတွေ အားလုံး ပြီးပြတ်လုနီးပါး ဖြစ်သွားပြီဆိုတော့..."

ပန်အိုဟွန်းသည် ဂျင်ဆိုဟွန်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ရဲ့ စာရင်းရှင်းကြရအောင်လား"

"အာ အဲဒီမတိုင်ခင် ကျွန်တော် လုပ်စရာလေးတစ်ခု ရှိပါသေးတယ်"

"မင်း ထွက်ပြေးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်"

ဂျင်ဆိုဟွန်းမှာ လန့်သွားပြီး အားနာသလို ရယ်မောလိုက်သည်။

"ဟားဟား… ကျွန်တော် တစ်ခုခု ကျန်ခဲ့လို့ပါ။ ခဏနေ ပြန်လာခဲ့ပါ့မယ်"

ဆာဆောင်ဂိုဏ်း၏ အိမ်တော်ဆီသို့ လေနှုန်းအတိုင်း ပျံသန်းသွားသော ဂျင်ဆိုဟွန်း၏ ပုံရိပ်ကို ကြည့်ရင်း ပန်အိုဟွန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟားဟားဟား ငါ သူ့ကို ကြည့်လေလေ အဲဒီကောင်လေးကို ပိုပြီး လိုချင်လာလေလေပဲ"

All Chapters