အခန်း ၅၀၉
Vol. 51 Ch. 509
အခန်း ၅၀၉
ကိုယ်ပွါးပါရမီမှာ အလွန်စွမ်းအားကြီးမားသော ရေနတ်ဆိုးတစ်ကောင်ထံမှ ရရှိလာခြင်းပင်။
ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမှာ အနက်ရောင် ရွှံ့နွံများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်ပြီး ဧရာမ ကိုယ်ထည်တစ်ခုလုံးတွင် များပြားလှသော ရေဘဝဲကဲ့သို့ လက်တံများဖြင့် ဖုံးအုပ်ထားသည်။
၎င်း၏ လက်တံတစ်ခုစီတိုင်းမှာ နွားကလေးအရွယ်အစားရှိသော သေးငယ်သည့် ရေနတ်ဆိုးများအဖြစ် ကွဲထွက်နိုင်ပြီး အတော်အတန် ပြင်းထန်သော တိုက်ခိုက်မှု စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
လုံယီမှာ ဤပါရမီကို ကြာမြင့်စွာကပင် လိုချင်တပ်မက်နေခဲ့သည်။
သို့သော် အံ့အားသင့်ဖွယ် လှိုင်းလုံးကိုယ်ခံပညာကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးမှသာ ၎င်းကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိခဲ့ခြင်းပင်။ သေချာသည်မှာ ရေနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် ပါရမီကို ရရှိလိမ့်မည်ဟု အာမခံချက် မရှိသော်လည်း ကံကောင်းစွာဖြင့် လုံယီ၏ ကံတရားမှာ ဤတစ်ကြိမ်တွင် မဆိုးလှပေ။
သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ကိုယ်ပွားပါရမီကို ရွေးချယ်လိုက်သည်။
[ကိုယ်ပွား (မစတင်ရသေး 0/200) → ကိုယ်ပွား (စတင်ပြီ 0/600 + 1 သွေးကျောက်ကြာပွင့်)]
ထူးဆန်းသော မှတ်ဉာဏ်များမှာ သူ၏ စိတ်ထဲသို့ နောက်ဆက်တွဲ ပေါ်လာတော့သည်။
ထိုမှတ်ဉာဏ်များထဲတွင် လုံယီမှာ မည်သူမှ မသိရှိနိုင်သော ရွှံ့နွံအိုင်တစ်ခုအတွင်း အသက်မဲ့နေသော အနက်ရောင် ရွှံ့နွံအစိတ်အအပိုင်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်နေ့တွင်မူ နေရောင်ခြည်ကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးနှစ်ကောင်မှာ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ အနီးရှိ တောင်တန်းများမှာ ပြားချပ်သွားပြီး၊ ရေကန်များမှာ အငွေ့ပျံသွားကာ၊ လေပြင်းများ တိုက်ခတ်လျက် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် တစ်နယ်မြေလုံးအပေါ် သက်ရောက်မှု ရှိသွားတော့သည်။
နတ်ဆိုးတစ်ကောင်၏ အော်ဟစ်သံနှင့်အတူ ၎င်း၏ အသက်သွေးရည်ကြည် အမြောက်အမြားမှာ ကောင်းကင်မှ မိုးရေစက်များအလား ရွာကျလာသည်။
ထိုသွေးစက်များအနက်မှ တစ်စက်မှာ ရွှံ့နွံအိုင်ပေါ်သို့ ကျရောက်သွားရာ ထိုရွှံ့နွံမှာ ဝိညာဉ်ဝင်စားလာသကဲ့သို့ တောက်ပသော အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။
မည်မျှကြာမြင့်မှန်း မသိသော နှစ်ကာလများ ကုန်လွန်သွားပြီးနောက် ထိုရွှံ့နွံမှာ သိစိတ်ကို တဖြည်းဖြည်း ရရှိလာသည်။
သူ၏ ဖြစ်တည်မှုကို နားလည်လာကာ ကမ္ဘာကြီးကို လှည့်လည်ကြည့်ရှုလိုစိတ် ပြင်းပြလာသည်။ သို့သော် ကံမကောင်းစွာပင် သူသည် မလှုပ်ရှားနိုင်ဘဲ အခွင့်အရေးကိုသာ ငေးမောစောင့်ဆိုင်းနေရသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တစ်ခါတစ်ရံတွင် ငါး၊ ပုစွန်များ သူ့ပေါ်တွင် လာရောက်သေဆုံးပြီး စုပ်ယူခံရသည်။
ကြွေကျလာသော အရွက်များမှာလည်း သူ၏ အစာဖြစ်လာသည်။ ရွှံ့နွံ၏ သိစိတ်မှာ ပိုမိုခိုင်မာလာပြီး သူ၏ မျက်နှာပြင်မှာလည်း ပိုမိုချောမွေ့ ပြောင်လက်လာသည်။
သူသည် အစာရှာဖွေရန်နှင့် ကိုယ့်ကိုကိုယ် အားဖြည့်ရန်အတွက် မထင်ရှားသော လက်တံငယ်များကို စတင်ပေါက်ဖွားလာသည်။
အသက်ရှင်နေသော ငါး၊ ပုစွန် အမျိုးမျိုးကို ဆက်လက်စားသုံးရင်း ရွှံ့နွံမှာ ပိုမိုကြီးထွားလာသည်။ ၎င်းသည် ပိုမိုကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းလာပြီး အနည်းငယ် လှုပ်ရှားကာ နေရာရွှေ့ပြောင်းနိုင်လာသည်။
နတ်ဆိုး၏ သွေးဖြင့် အသက်ဝင်နေသော အခြားမြေဆီလွှာများကို ရှာဖွေတွေ့ရှိကာ တစ်ခုချင်းစီကို စားသုံးခြင်းဖြင့် ကိုယ့်ကိုကိုယ် ပိုမိုကြီးမားအောင် လုပ်ဆောင်လာသည်။
နောက်ဆုံးတွင် ထိုရွှံ့နွံမှာ လွတ်လပ်စွာ လှုပ်ရှားနိုင်ကာ အမဲလိုက်နိုင်ပြီး ရွှံ့နွံအိုင်၏ ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကို ကိုယ်ပွားများအဖြစ် ခွဲထုတ်နိုင်ကြောင်း သူတွေ့ရှိသွားသည်။
မှတ်ဉာဏ်မှာ ထိုနေရာတွင် ရုတ်တရက် အဆုံးသတ်သွားပြီး လုံယီမှာ မျက်လုံးကို ဖွင့်လိုက်သည်။
အာကာသထဲမှ စွမ်းအင်အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာကို ပြင်းထန်စွာ ပြန်လည် ပုံဖော်ပေးကာ မျိုးဗီဇများကို ပြန်လည် ရေးသားနေသည်။
သူသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းတွင် ပူလောင်သော ဝေဒနာကို ခံစားနေရသည်။
သူ၏ အရေပြားမှာ ပြင်းထန်သော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်မျက်နှာပြင်မှ အဖြူရောင် မြူခိုးများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ပြောင်းလဲခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ လုံယီမှာ သူ၏ ခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားလာသကဲ့သို့ ပေါ့ပါးသွားသည်ဟု ခံစားရသည်။
အသွင်အပြင်အားဖြင့် သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း အရည်အချင်းပြမျက်နှာပြင်မှာမူ သူ၏ ကိုယ်ပွားပါရမီအကြောင်းကို စတင်ဖော်ပြပေးလိုက်သည်။
ကိုယ်ပွါးစွမ်းရည်မှာ အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ပျော့ပြောင်းမှုနှင့် ပြန်လည်သက်သာနိုင်စွမ်းမှာ တဖြည်းဖြည်း တိုးတက်လာမည်ပင်။
အရည်အချင်းပြမျက်နှာပြင်ပေါ်ရှိ ဖော်ပြချက်များကို ကြည့်ရင်း လုံယီမှာ တွေးတောမိသည်။
ဤကိုယ်ပွား ပါရမီမှာ သူထင်ထားသည်ထက် ကန့်သတ်ချက်များ ပိုများနေသော်လည်း ယခုကဲ့သို့ အစပျိုးအဆင့်တွင် မျှော်လင့်ချက် ကြီးမားလွန်းရန် မသင့်ကြောင်း သူသိသည်။ အနာဂတ်တွင် ကိုယ်ပွား ပါရမီ မြင့်တက်လာသည်နှင့်အမျှ ၎င်း၏ စွမ်းအားမှာလည်း များစွာ တိုးတက်လာမည်မှာ အသေအချာပင်။
ဖတ်ခနဲ
လုံယီသည် ခုခံမှုအားလုံးကို ရုပ်သိမ်းလိုက်ပြီး သူ၏ လက်ယာဖက်လက်မှ ကြည်လင်သော အနီရောင်ချီစွမ်းအင်ကို ဓားသွားပုံစံ ဖန်တီးကာ သူ၏ လက်ဝဲဘက်လက်တစ်ခုလုံးကို ဖြတ်တောက်လိုက်သည်။ ပြတ်တောက်သွားသော လက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ကိုယ်ပွား"
နောက်တစ်ခတ်တွင် မြေပြင်ပေါ်ရှိ လက်ဝဲဘက်လက်မှာ ဝေဝါးသွားသည်။
၎င်းမှာ ရွှံ့စေးကဲ့သို့ အသားစိုင်ဖြစ်သွားကာ အဆက်မပြတ် ကျုံ့ဝင်ကာ ကျယ်ပြန့်လာပြီး ပွက်ဟူသော လေပူဖောင်းများ ဖြစ်ပေါ်လာသည်။ မကြာမီပင် ထိုအသားစိုင်မှာ လူပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။
ဆယ်သက်ခန့် ကြာပြီးနောက် အခန်းထဲတွင် လုံယီနှင့် တစ်ပုံစံတည်းတူသော လူတစ်ဦး ပေါ်လာသည်။ ထိုသူမှာ အဝတ်အစားမဲ့ကာ ခြေဗလာဖြစ်နေပြီး မျက်လုံးများမှာ အသက်မဲ့စွာဖြင့် ရှေ့ကိုသာ ငေးကြည့်နေသည်။
လက်ဆုံးရှုံးသွားသော မူလလုံယီမှာမူ ပြန်လည်သက်သာခြင်းပါရမီကြောင့် လက်သစ်တစ်ခု မြန်ဆန်စွာ ပြန်လည်ပေါက်ဖွားလာသည်။
သို့သော် သူ၏ သွေးချီဓာတ်ဆယ်ပုံတစ်ပုံခန့် ထာဝရ ဆုံးရှုံးသွားခဲ့ရပြီး ၎င်းကို ပြန်လည်ဖြည့်တင်းရန် အချိန်အတော်ကြာ လိုအပ်မည်ပင်။
ဤအချက်အရ လက်ရှိ ကိုယ်ပွားတွင် ပါဝင်သော သွေးချီဓာတ်မှာ မူလကိုယ်၏ ဆယ်ပုံတစ်ပုံခန့် ရှိကြောင်း သိသာသည်။
သို့သော် ၎င်းကို အံ့အားသင့်ဖွယ် လှိုင်းလုံး၊ မှန်သားချပ်ဝတ်၊ ကိုယ်ခန္ဓာဓားအသွင်ကဲ့သို့သော ကိုယ်ခံပညာရပ်များဖြင့် ပံ့ပိုးပေးလိုက်ပါက သာမန် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ်တစ်ဦး၏ စွမ်းအားမျိုး ရရှိနိုင်ပြီး လုပ်ငန်းတာဝန်များစွာကို ဆောင်ရွက်ပေးနိုင်မည်ပင်။
ဆက်လက်၍ လုံယီသည် ကိုယ်ပွားအတွက် ကူးယူရမည့် ပါရမီကို ရွေးချယ်ရမည်ပင်။ အရည်အချင်းပြမျက်နှာပြင်တွင် ပါရမီတိုင်း၏ ဘေး၌ ကူးယူနိုင်ကြောင်း ပြသသည့် စတုရန်းပုံသင်္ကေတများ ပေါ်လာသည်။
လုံယီမှာ ခဏတာ တွေးတောပြီးနောက် အသွင်ပြောင်းခြင်းပါရမီကို ရွေးချယ်လိုက်သည်။
စတုရန်းပုံသင်္ကေတကို နှိပ်လိုက်သည်နှင့် အရည်အချင်းပြမျက်နှာပြင်ပေါ်တွင် အသိပေးစာတစ်ခု ပေါ်လာသည်။
[အသွင်ပြောင်းခြင်းပါရမီကို ကူးယူရန် အသက်တစ်ရာရှူချိန်ခန့် အားထုတ်ရပါမယ်။ ဆက်လက်လုပ်ဆောင်လိုပါသလား]
"လုပ်ဆောင်မယ်"
နောက်တစ်ခဏတွင် ကြည်လင်နေသော တိုးတက်မှုပြဘားတစ်ခု ပေါ်လာပြီး ၎င်း၏ အရှည်မှာ တဖြည်းဖြည်း တိုးလာသည်။ ၎င်းအဆုံးသို့ရောက်သွားသောအခါ ကိုယ်ပွားထံမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အောင်မြင်စွာ ကူးယူနိုင်ခဲ့ကြောင်း ပြသလိုက်သည်။
လုံယီ၏ စိတ်ဖြင့် ထိန်းချုပ်မှုအောက်တွင် ကိုယ်ပွား၏ မျက်နှာပြင်ရှိ အသားများမှာ အဆက်မပြတ် ချိုင့်ဝင်ပြီး ဖောင်းကြွကာ ရှည်ထွက်လာပြီး အရိုးများဆီမှလည်း ဂျွတ်... ဂျွတ်...ဟူသော မြည်သံများ ထွက်ပေါ်လာသည်။
မကြာမီပင် သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အခန်းထဲတွင် ပေါ်လာသည်။
လုံယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ လက်ရှိ အမြင်အာရုံဖြင့်ပင် ထိုအမျိုးသားထံမှ ထူးခြားချက် တစ်စုံတစ်ရာကိုမျှ မတွေ့ရှိရပေ။
နောက်တစ်ဆင့်မှာ ကိုယ်ပွားထဲသို့ ဝိညာဉ် သွတ်သွင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။
သူ၏ စိတ်ထဲတွင် လှည့်ပတ်နေသော လင်းယုန်ငှက်မှာ တွန့်ဆုတ်စွာဖြင့် ပျံသန်းထွက်ခွာလာပြီး ကိုယ်ပွား၏ ခေါင်းဆီသို့ တိုးဝင်သွားသည်။ ၎င်း၏ ဦးနှောက်ထဲတွင် ကျိုးပဲ့နေသော အတောင်ပံတစ်ခုကို ချန်ရစ်ခဲ့ပြီးနောက် လင်းယုန်ငှက်မှာ အနည်းငယ် ဝေဝါးသွားကာ လုံယီ၏အထဲသို့ တိတ်ဆိတ်စွာ ပြန်လည်ဝင်ရောက်၍ ခိုအောင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် လုံယီက အရည်အချင်းပြမျက်နှာပြင်ပေါ်တွင် ကိုယ်ပွားအတွက် စည်းကမ်းချက်အချို့ကို ရေးသားလိုက်သည်။
ပထမဆုံးစည်းကမ်း... မူလကိုယ်ကို ဘယ်တော့မှ သစ္စာမဖောက်ရဘူး။ အကယ်၍သာ အဲဒီလို သစ္စာဖောက်ချင်တဲ့ အတွေးမျိုး စိုးစဉ်းမျှ ပေါ်လာတာနဲ့ ကိုယ့်ကိုကိုယ် ချက်ချင်း ဖျက်ဆီးပစ်ရမယ်...
ဒုတိယစည်းကမ်း ရန်သူ့လက်ထဲကို အဖမ်းခံရမယ့် အန္တရာယ်မျိုး ကြုံလာရပြီဆိုရင် သတင်းအချက်အလက်တွေ ပေါက်ကြားမသွားအောင် ကြိုတင်ပြီး ကိုယ့်ကိုကိုယ် အစအနမကျန် ဖျက်ဆီးပစ်ရမယ်...
တတိယစည်းကမ်း တခြားကမ္ဘာတစ်ခုကို မကူးပြောင်းခင်မှာ မူလကိုယ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အားလုံးကို အကုန်အစင် ဖျက်ထုတ်ပစ်ရမယ်...
စတုတ္ထစည်းကမ်း မူလကိုယ်ရဲ့ အမျိုးသမီး မိတ်ဆွေတွေ၊ အသိုင်းအဝိုင်းတွေနဲ့ ဘယ်လိုရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုးကိုမဆို... လုံးဝမလုပ်ရဘူး...
လုံယီသည် သူ၏ ယခင်ဘဝက ပရိုဂရမ်ရေးဆွဲရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အယ်လ်ဂိုရီသမ်များကို ကောင်းစွာ တတ်မြောက်ထားသူဖြစ်ရာ ဤစည်းကမ်းချက်များ ရေးဆွဲရသည့် လုပ်ငန်းစဉ်က သူ့အတွက် သာယာလှပသော အတိတ်မှတ်ဉာဏ်များစွာကို ပြန်လည် နိုးကြားလာစေသည်။
သေချာသည်မှာ ဤစည်းကမ်းချက်များတွင် ချို့ယွင်းချက်များ ရှိနိုင်သော်လည်း ကိုယ်ပွား ပါရမီကို အသုံးပြုသည့် အတွေ့အကြုံများ တိုးပွားလာသည်နှင့်အမျှ ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်သည်အထိ ချို့ယွင်းချက်များကို တစ်ခုပြီးတစ်ခု ရှင်းလင်းသွားနိုင်မည်ပင်။
အရေးအကြီးဆုံးမှာ ပထမဆုံး စည်းကမ်းချက်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
အမှန်တကယ်တော့ အရည်အချင်းပြမျက်နှာပြင်တွင်လည်း အလားတူ ကန့်သတ်ချက်မျိုး ရှိပြီးသားဖြစ်သော်လည်း လုံယီက နှစ်ထပ်ကွမ်း အာမခံချက်ရစေရန် ထပ်မံဖြည့်စွက်ခဲ့ခြင်းပင်။
စည်းကမ်းချက်များကို ရေးသားပြီးနောက် လုံယီသည် အရည်အချင်းပြမျက်နှာပြင်မှတစ်ဆင့် ကိုယ်ပွားထံသို့ ထည့်သွင်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပွား၏ စိတ်ထဲတွင် အရည်အချင်းပြမျက်နှာပြင်၏ ရိုးရှင်းသော ကူးယူဗားရှင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။
ကိုယ်ပွား အပြည့်အဝ ဖြစ်တည်သွားသည့်အခါ သူ၏ မျက်ဝန်းများတွင် အသက်ဝင်မှုနှင့် ခံစားချက်များ ပေါ်ပေါက်လာပြီး အသက်မဲ့နေသည့် ပုံစံမျိုး မရှိတော့ပေ။
လုံယီ၏ မူလကိုယ်သည် ကိုယ်ပွား၏ အမြင်နှင့် အချိန်မရွေး ချိတ်ဆက်နိုင်သလို အချိန်မရွေး ပြန်ဖြတ်တောက်နိုင်သည်။
ထိုသို့သော ထူးခြားသည့် ခံစားချက်မျိုးကို သူ အသားကျစေရန် ခဏတာ အချိန်ယူလိုက်ရသည်။
အာရုံခံနိုင်သည့် အကွာအဝေးနှင့် ပတ်သက်၍ အရည်အချင်းပြမျက်နှာပြင်မှ အတိအကျ ဖော်ပြထားခြင်း မရှိသဖြင့် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ရန် လိုအပ်လိမ့်မည်။ သို့သော်လည်း မိုင်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာ ဝေးကွာသည့်တိုင် ချိတ်ဆက်မှုမှာ တည်ငြိမ်နေမည်ဟု သူ မျှော်လင့်ထားသည်။
ချိတ်ဆက်မှု ပြတ်တောက်သွားသည့်တိုင် ကိုယ်ပွား ပျက်စီးသွားသည့် ထိုအချိန်အတိုင်းအတာအတွင်း အချက်အလက်များကို မူလကိုယ်ထံသို့ ပြန်လည်ပေးပို့နိုင်မည်ပင်။
ချက်ချင်းဆိုသလိုပင် လုံယီသည် အလွန်အန္တရာယ်များလှသော အဟူရာနတ်ဆိုးလောကကို စဉ်းစားမိသည်။
ထိုနေရာသည် အလွန်ပင် နက်ရှိုင်းလှသဖြင့် သူကိုယ်စား ကိုယ်ပွားကို စေလွှတ်ခြင်းမှာ အလွန်ပင် လက်တွေ့ကျသည်။ ဤနည်းလမ်းဖြင့် မူလကိုယ်ကို မလိုအပ်ဘဲ အန္တရာယ်ထဲသို့ ရောက်ရှိခြင်းမှ ကာကွယ်ပေးနိုင်မည်ပင်။