အခန်း ၁၃၈၁
Vol. 122 Ch. 1381
အခန်း ၁၃၈၁
“ဟုတ်သားပဲ...။ အစ်ကိုကျူးက ရိက္ခာသေတ္တာတစ်လုံးတောင် မဖွင့်ရသေးဘူးမလား။ သူက ဘယ်လိုလုပ်ပြီး အဆင့်မြှင့်ကတ် ရနိုင်မှာလဲ။”
“တခြား ဂလက်ဆီ တစ်ခုကနေ ကုန်သွယ်ပြီး ရလာတာများလား။”
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အခုချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေ အဆင့်မြှင့်ကတ် ရသွားရင်တောင် သူတို့ကိုယ်တိုင် မနည်းရုန်းကန်နေရတဲ့ အခြေအနေဆိုရင် ကုန်သွယ်ဖို့အတွက် သေချာပေါက် ထုတ်ရောင်းကြမှာပဲ။”
“ဒါပေမဲ့ တခြားဂလက်ဆီကလူတွေလည်း သူတို့ဘာသာ သိပ်အဆင်ပြေနေကြတာ မဟုတ်ဘူး။ ရိက္ခာသေတ္တာတွေလည်း အများကြီး ဖွင့်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ သူတို့ဆီမှာ အဆင့်မြှင့်ကတ်တစ်ခု တွေ့ဖို့ဆိုတာ တော်တော် ခက်လိမ့်မယ် မဟုတ်လား။”
“ခက်ခဲတယ်ဆိုတာ မရှိဘူးလို့ မဆိုလိုဘူးလေ။”
“ကဲ...ကဲ...လူတွေအများကြီး ဝိုင်းပြီးဆွေးနွေးမနေကြပါနဲ့တော့။ ငါ့ရဲ့ အရင်းအမြစ်တွေနဲ့ အဆင့်မြှင့်ကတ် အားလုံးကို ဆရာကြီး ပေးခဲ့တာပဲ။”
ကျူးဝူက အုပ်စုထဲတွင် တိုက်ရိုက်ပြောလိုက်သည်။
“အားလုံးပဲ ငါ အောင်မြင်ပါစေလို့ ဆုတောင်းပေးကြပါဦး။”
“သောက်ကျိုးနည်း...ဆရာကြီးရဲ့ ခြေထောက်ကို အမိအရ ဖက်ထားရမယ်လို့ ငါ ပြောသားပဲ။”
“ငါသာ ဆရာကြီးရဲ့ ခြေထောက်ကို မြဲမြဲမြံမြံ ဖက်ထားခဲ့ရင် အခု အဆင့်မြှင့်ခွင့်ရတဲ့လူက ငါ ဖြစ်နေမှာပဲ။”
“နေပါဦး...။ လူတစ်ယောက်တည်းက အဆင့်မြှင့်ကတ် နှစ်ခု ရနိုင်လို့လား။”
“မရဘူးလို့တော့ ဘယ်နေရာမှာမှ မပြောထားဘူးထင်တယ်။”
“တောက်.. ငါတို့မှာ အဆင့်မြှင့်ကတ် တစ်ခုတောင် မရသေးဘူး။ ဆရာကြီးက နှစ်ခုတောင် ရပြီးသွားပြီလား။”
သူတို့အမြင်တွင် ရှောင်းယီက ကျူးဝူကို အဆင့်မြှင့်ကတ်တစ်ခု ပေးနိုင်ခဲ့သဖြင့် သူ့အတွက်လည်း တစ်ခု သေချာပေါက် ရှိနေလိမ့်မည်ဟု ထင်ကြသည်။ မည်သည့်အသက်ရှင်ကျန်ရစ်သူမှ လူတစ်ယောက်သည် မိမိကိုယ်တိုင် မသုံးရသေးမီ အခြားသူတစ်ဦးအား အဆင့်မြှင့်ကတ်ကို သဘောကောင်းစွာ ပေးလိမ့်မည်ဟု မယုံကြည်ကြပေ။
အုပ်စုထဲရှိ အသက်ရှင်ကျန်ရစ်သူများ၏ တုံ့ပြန်မှုကို မြင်သောအခါ ရှောင်းယီက တီးတိုးရေရွတ်လိုက်မိသည်။
“ငါ့ဆီမှာ အဆင့်မြှင့်ကတ် နောက်ထပ် ခြောက်ခု ကျန်သေးတယ်ဆိုတာကိုသာ မင်းတို့ သိသွားရင် ဘယ်လို တွေးကြမလဲ မသိဘူး။”
တစ်ခုမှာ ရှောင်းယီကိုယ်တိုင် ရရှိခဲ့ခြင်းဖြစ်ပြီး အခြားတစ်ခုကို ကျန်းယွင်ထျန်း ရှိနေသည့် ဂလက်ဆီမှ ကျူးဝူက စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုအဆင့်မြှင့်ကတ် နှစ်ခုစလုံးသည် လေးဆတိုးပွားခြင်း ဆုလာဘ်အကျိုးသက်ရောက်မှုကို ရရှိခဲ့၏။ ယခုအခါ နှစ်ခုသာ အသုံးပြုရသေးပြီး တစ်ခုကို ကျန်းယွင်ထျန်းအား ပေးခဲ့ကာ အခြားတစ်ခုကို ကျူးဝူအား ပေးခဲ့ခြင်းဖြစ်သည်။
ကျူးဝူသည် ရှောင်းယီ သူ့ကို ပေးလိုက်သော ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
သူ အဆင့်မြှင့်တင်နေစဉ်အတွင်း မတော်တဆမှုတစ်ခုခု အမှန်တကယ် ဖြစ်ပွားခဲ့ပါက အနည်းဆုံးတော့ ရှောင်းယီအနေဖြင့် ဤအရာများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် သူ၏ အာကာသယာဉ်ပေါ်ရှိ အရာအားလုံးကို ရှောင်းယီထံသို့ အရင်ဆုံး ကုန်သွယ်ပေးလိုက်သည်။
ထို့နောက် ကျူးဝူသည် ယာဉ်ပြင်ပလှုပ်ရှားမှု အာကာသဝတ်စုံကို ဝတ်ဆင်ကာ အဆင့်မြှင့်တင်ခြင်းကတ်ကို ပြတ်ပြတ်သားသား အသုံးပြုလိုက်တော့သည်။
အာကာသယာဉ်ငယ်လေးသည် ချက်ချင်းဆိုသလို အသေးစား အာကာသယာဉ် အဖြစ်သို့ အဆင့်မြှင့်တက်သွားသော်လည်း ကျူးဝူသည် အာကာသယာဉ်၏ နံရံနှင့် မိမိကိုယ်ကိုယ် ပြင်းထန်စွာ ဆောင့်မိသွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ နှစ်ခုကြားရှိ ဆွဲအားတိုးလာခြင်းကြောင့် အာကာသယာဉ်သည်လည်း လျင်မြန်စွာ ဆွဲငင်ခံလိုက်ရခြင်း ဖြစ်ရမည်။
ကျူးဝူသည် ရှောင်းယီထံမှ အာကာသယာဉ်၏ ယေဘုယျဖွဲ့စည်းပုံကို ကြိုတင်လေ့လာထားပြီးဖြစ်သဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အာကာသယာဉ်၏ ယာဉ်မောင်းခန်းသို့ ပြောင်းရွှေ့ရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
“ဝုန်း...”
ကျူးဝူသည် အာကာသယာဉ်၏ နံရံနှင့် ဆောင့်မိသွားပြီး၏။ သူသည် ကားတစ်စီးနှင့် တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ SSS အဆင့် ရုပ်ခန္ဓာနှင့်ပင် သွေးနှင့် အသက်ရှူနှုန်းတို့ ကမောက်ကမဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
ကျူးဝူသည် ရင်ထဲမှ မသက်မသာဖြစ်မှုကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး ယာဉ်မောင်းခန်းဆီသို့ ချက်ချင်း မျောပါသွားလိုက်သည်။
ယခု အာကာသယာဉ်ကို သူ အမြန် တည်ငြိမ်အောင် လုပ်ရမည်။ အကယ်၍ အာကာသယာဉ်ကို ကြယ်တံခွန်၏ ဆွဲငင်အားအတိုင်း လွှတ်ထားလိုက်ပါက ကြယ်တံခွန်ပေါ်သို့ အမှန်တကယ် ပျက်ကျသွားနိုင်ပေသည်။
ကျူးဝူသည် လမ်းတစ်လျှောက်ရှိ လက်ရန်းများကို ဖမ်းဆွဲရင်း ယာဉ်မောင်းခန်းသို့ လျင်မြန်စွာ မျောပါရောက်ရှိသွား၏။
“သူဌေး... လောင်စာ။”
ကျူးဝူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချက်ချင်း ပြောလိုက်သည်။
“[လောင်စာ] (အသေးစား အာကာသယာဉ်အတွက် တွက်ချက်ထားသည်) ၉၀%။”
ရှောင်းယီသည် စိုးစဉ်းမျှ တုံ့ဆိုင်းမနေဘဲ သူ၏ အာကာသယာဉ်ပေါ်ရှိ လောင်စာ ကိုးဆယ်ရာခိုင်နှုန်းကို တိုက်ရိုက် ကုန်သွယ်ပေးလိုက်သည်။
ကျူးဝူသည် ကုန်သွယ်မှုကို ချက်ချင်း သဘောတူလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် မိမိကိုယ်ကိုယ် ယာဉ်မောင်းထိုင်ခုံ၌ ခါးပတ်ကြိုးဖြင့် ချည်နှောင်လိုက်သည်။ ထို့နောက် အာကာသယာဉ်ကို ချက်ချင်း စတင်မောင်းနှင်ပြီး ယခုရွေ့လျားနေသည့် လားရာနှင့် ဆန့်ကျင်ဘက်သို့ မောင်းနှင်ရန် ကြိုးပမ်းလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် လောင်စာများသည် လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း ရလဒ်မှာလည်း သိသာထင်ရှားလှသည်။ အာကာသယာဉ်သည် ကြယ်တံခွန်၏ ဆွဲငင်အားမှ အမှန်တကယ် လွတ်မြောက်သွားပြီး နောက်ပြန်၍ စတင်ပျံသန်းနိုင်ခဲ့တော့သည်။
“သူဌေး ဒီလိုဆို မဖြစ်တော့ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် လောင်စာက သေချာပေါက် လောက်မှာ မဟုတ်ဘူး။ သုံးမိနစ်ကျော်လေးအတွင်းမှာတင် လောင်စာရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ကုန်သွားပြီ။”
ကျူးဝူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ရှောင်းယီသည် သူ၏ လောင်စာထုတ်လုပ်မှု စွမ်းဆောင်ရည်ကို စစ်ဆေးကြည့်ရာ အမှန်တကယ်ပင် အမီမလိုက်နိုင်တော့ပေ။ သူ အနည်းငယ် စဉ်းစားပြီးနောက် ချက်ချင်း ပြောလိုက်သည်။
“ကြယ်တံခွန်ကို ပတ်ပြီး ပတ်လမ်းတစ်ခုဖန်တီးဖို့ ကြိုးစားကြည့်လိုက်။”
ရိုးရိုးရှင်းရှင်း ပြောရလျှင် အာကာသယာဉ်အပေါ် သက်ရောက်နေသည့် ကြယ်တံခွန်၏ ဆွဲအားကို ကမ္ဘာပေါ်ရှိ ဂြိုဟ်တုတစ်ခုကဲ့သို့ စက်ဝိုင်းပုံစံ ရွေ့လျားမှုအတွက် ဗဟိုဆွဲအားအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
ရှောင်းယီ၏ စကားကို ကြားသောအခါ ကျူးဝူသည် ကြယ်တံခွန်နှင့် အာကာသယာဉ်ကို ဆက်သွယ်ထားသော မျဉ်းကြောင်းနှင့် ထောင့်မတ်ကျသည့် လားရာအတိုင်း ဘေးတစ်ဖက်သို့ ချက်ချင်း ပျံသန်းလိုက်သည်။
ဘေးဘက်သို့ ပျံသန်းပြီးနောက် အာကာသယာဉ်သည် ကြီးမားသော ဆွဲငင်အားဒဏ်ကို မခံရတော့ကြောင်း ကျူးဝူ အမှန်တကယ် ခံစားလိုက်ရ၏။ တစ်ပြိုင်နက်တည်းမှာပင် လောင်စာသုံးစွဲမှုသည်လည်း များစွာ လျော့ကျသွားခဲ့သည်။
“သူဌေး ခင်ဗျား အရမ်းတော်တာပဲ။”
ကျူးဝူက မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။ ရှောင်းယီက သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး ပြောလိုက်သည်။
“ဒါက ရုတ်တရက် စိတ်ကူးထဲ ပေါ်လာတာပါ။ ဒီကြယ်တံခွန်ကိုယ်တိုင်က အရမ်းကြီးလွန်းတယ်။ ဂြိုဟ်တစ်ခုမှာ ဂြိုဟ်တု ရှိနိုင်မှတော့ သူလည်း ရှိနိုင်ရမှာပေါ့။ ဒါပေမဲ့ လောလောဆယ် သိပ်ပြီးဝမ်းမသာလိုက်နဲ့ဦး။ ဂြိုဟ်တုပတ်လမ်းကို ရှာပြီး အရင်ဆုံး တည်ငြိမ်အောင် လုပ်လိုက်။”
“ဟုတ်ကဲ့ သူဌေး။”
ကျူးဝူက ပြန်ဖြေလိုက်ပြီးနောက် အာကာသယာဉ်နှင့် ကြယ်တံခွန်ကြားရှိ အကွာအဝေးကို စတင် ညှိနှိုင်းတော့သည်။
ယခင်က ကမ္ဘာ့ဂြိုဟ်တုပတ်လမ်းများကို သီအိုရီအရ တွက်ချက်နိုင်သော်လည်း ယခုအခါ ရှောင်းယီနှင့် ကျူးဝူတို့မှာ ဤပတ်လမ်းကို ကိုယ်တိုင် စမ်းသပ်ရှာဖွေရန်သာ တတ်နိုင်တော့သည်။ ဤအာကာသဟင်းလင်းပြင်ထဲတွင် မရေရာမှုများ အလွန်များပြားလှပြီး ဤဂလက်ဆီရှိ အမျိုးမျိုးသော ကောင်းကင်အရာဝတ္ထုများအကြောင်းကိုလည်း သူတို့ ဘာမှမသိရှိသဖြင့် တွက်ချက်ရန် နည်းလမ်းမရှိပေ။
နံနက်စောစောအချိန် ဖြစ်သော်လည်း အများသုံးချန်နယ်ထဲတွင် လူတိုင်းက ရှောင်းယီ၌ အဆင့်မြှင့်တင်ခြင်းကတ် နှစ်ခု မည်သို့ရှိနေနိုင်သနည်းဟူသော အကြောင်းကို ဆွေးနွေးနေကြဆဲဖြစ်သည်။
“ကောင်းပြီ...ငါတို့ ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး ဆရာကြီးမှာ အဆင့်မြှင့်ကတ် နှစ်ခု ရှိတယ်ဆိုတဲ့ အမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ လက်ရှိအခြေအနေကို လက်ခံပြီး ရိက္ခာသေတ္တာတွေ သွားရှာကြရအောင်။”
“ငါတို့ ဆွေးနွေးနေတာ ဒီလောက်တောင် ကြာနေပြီ။ အစ်ကိုကျူး အဆင့်မြှင့်လို့ ပြီးလောက်ပြီ မလား။ သူ ဘာလို့ အများသုံးချန်နယ်ထဲမှာ ဘာမှ လာမပြောသေးတာလဲ။”
“ဟုတ်ပတ်။ အစ်ကိုကျူးရဲ့ စရိုက်နဲ့ဆိုရင် အဆင့်မြှင့်လို့ ပြီးတာနဲ့ ငါတို့ကို ချက်ချင်း လာကြွားရမှာလေ။”
“အဆင့်မြှင့်တာက အချိန်အကြာကြီး မယူပါဘူး ဟုတ်တယ်မလား။”
“ချက်ချင်း ပြီးသွားတာပဲ ဖြစ်ရမယ်။ ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အင်္ဂါရပ် မဟုတ်ဘူးလား။”
“ချက်ချင်း ပြီးသွားတာဆိုမှတော့ အစ်ကိုကျူး ပြဿနာတစ်ခုခု တက်နေလို့များလား။”
“သေချာပေါက်ပဲ။ သူက အခု ကြယ်တံခွန်တစ်ခုရဲ့ ဆွဲခေါ်ခြင်းကို ခံနေရတဲ့လူလေ။ ရုတ်တရက် အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်လိုက်တာက လက်ရှိ ရှိနေတဲ့ ဆွဲငင်အား ညီမျှခြေကို ပျက်ပြားသွားစေမှာပဲ။ ဖြစ်နိုင်တာက ဆွဲအား တိုးလာပြီး အသစ်အဆင့်မြှင့်ထားတဲ့ အာကာသယာဉ်ကို ကြယ်တံခွန်ပေါ် ပျက်ကျအောင် ဆွဲခေါ်သွားတာမျိုး ဖြစ်နိုင်တယ်။”
“အဲလောက်တောင် အန္တရာယ်များတာလား။”
“ငါ့ရဲ့ ခပ်ညံ့ညံ့ အာကာသရူပဗေဒ အသိပညာအရဆိုရင်တော့ ယာဉ်နှစ်ခုကြားက ဆွဲအား တိုးလာလိမ့်မယ်။ ကြယ်တံခွန်ပေါ် ပျက်ကျအောင် ဆွဲခေါ်သွားမလားဆိုတာတော့ ငါလည်း အသေအချာ မပြောတတ်ဘူး။”
“@ကချေသည်ဝက်၊ သူ့ကို tag တွဲလို့ ရနေသေးတာပဲ။ ဆိုလိုတာက သူ အနည်းဆုံးတော့ အခုလောလောဆယ် အန္တရာယ်မရှိသေးဘူး။”
“တောက်.. ငါ အလုပ်ရှုပ်နေတယ်ကွ။ ငါ့ကို tag မတွဲကြနဲ့။”
ကျူးဝူသည် အများသုံးချန်နယ်ထဲတွင် မက်ဆေ့ခ်ျတစ်ခု ပို့ရန် အမှန်တကယ် အချိန်ရနေသေးသည်။
ကျူးဝူ ပို့လိုက်သော မက်ဆေ့ခ်ျကို မြင်သောအခါ ရှောင်းယီသည် သူ ပတ်လမ်းကို ရှာဖွေတွေ့ရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
အခြားအသက်ရှင်ကျန်ရစ်သူများမှာမူ ကျူးဝူ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရပြီးနောက် ထပ်မံ၍ ဆွေးနွေးငြင်းခုံကြပြန်သည်။
“တွေ့လား...ငါ ပြောသားပဲ မင်းတို့တွေ အပူလွန်နေကြတာပါလို့။ အစ်ကိုကျူးရဲ့ အာကာသယာဉ်က ဘယ်လိုလုပ်ပြီး ပျက်ကျနိုင်မှာလဲ။”
“ဟုတ်ပါ့...။ ဆရာကြီး ပံ့ပိုးပေးထားတဲ့ အရင်းအမြစ်တွေ အများကြီးနဲ့ဆိုရင် သူ သေချင်ရင်တောင် သေဖို့ ခက်လိမ့်မယ်။”
“ငါ တကယ်ပဲ အစ်ကိုကျူးကို အားကျမိတယ်။ ဒါပေမဲ့ ငါ သိချင်နေတုန်းပဲ။ အစ်ကိုကျူး အခု ဘာတွေ အလုပ်ရှုပ်နေတာလဲ။”
“ကြယ်တံခွန်ရဲ့ ဆွဲငင်အားကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရတာ ဖြစ်နိုင်တယ်။”
“အာကာသယာဉ်အဖြစ် အဆင့်မြှင့်လိုက်ရုံနဲ့ တကယ်ပဲ ရုန်းထွက်နိုင်ပါ့မလား။ ငါ့အထင်တော့ ဒီကြယ်တံခွန်ရဲ့ ဒြပ်ထုက တော်တော်ကြီးပုံရတယ်။”
“အာကာသယာဉ်ဆိုတာ ငါတို့ရဲ့ ယာဉ်ငယ်လေးတွေထက် အများကြီး ပိုပြီးကြံ့ခိုင်တယ်။ သူ လွတ်မြောက်သွားနိုင်တယ်ဆိုရင်တောင် မဆန်းပါဘူး။”