← Chapters

အခန်း ၁၃၈၂

Vol. 122 Ch. 1382

အခန်း ၁၃၈၂

Vol. 122 Ch. 1382

အခန်း ၁၃၈၂

“မင်းတို့ပြောတော့ အရမ်းလွယ်တာပဲ။ ဒါပေမဲ့ လွတ်မြောက်ဖို့အတွက် လောင်စာ ဘယ်လောက်တောင် ကုန်မလဲဆိုတာ မင်းတို့ သိကြလို့လား။”

ကျူးဝူတစ်ယောက် အများသုံးချန်နယ်တွင် စာပို့ရန် အချိန်ရနေသေးသည်။

“အခု လွတ်အောင်မပြေးနိုင်တော့ဘူးဆိုရင် ဘာလုပ်နေတာလဲ။”

တစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလာခဲ့သည်။

“သေချာတာပေါ့။ ကြယ်တံခွန်ရဲ့ အရံဂြိုဟ်တစ်လုံး ဖြစ်လာအောင် ကြိုးစားနေတာလေ။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

“အမ်... အဲဒါက တကယ်ကြီး ဖြစ်နိုင်လို့လား။ ကြယ်တံခွန်မှာ အရံဂြိုဟ်ရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။”

“အင်း... ငါလည်း မကြားဖူးပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ အပေါ်ယံ နက္ခတ္တရူပဗေဒ အသိပညာအရတော့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီကြယ်တံခွန်မှာ လုံလောက်တဲ့ ဒြပ်ထုရှိတယ်။ သူက ဒီဂလက်ဆီထဲမှာ ဂျီဩမေတြီအရ ဂြိုဟ်တစ်လုံးလို ပြုမူနေတာပဲ။ ဂြိုဟ်တွေမှာ အရံဂြိုဟ်ရှိနိုင်ရင် အခုလိုဖြစ်တာလည်း အဓိပ္ပာယ်ရှိတာပဲလေ။”

“အဲလိုပြောတော့လည်း မဖြစ်နိုင်ဘူးလို့ မပြောနိုင်တော့ဘူးပဲ။ အစ်ကိုကျူး...မင်းရဲ့ အတွေးအခေါ်က တော်တော်လေး လျင်မြန်ဖျတ်လတ်တာပဲ။”

“ဟဲဟဲ...ငါသာ အဲလောက် ဖျတ်လတ်ရင် ကြယ်တံခွန်နဲ့အတူ ပိတ်မိပြီး ပျံသန်းနေပါ့မလား။”

ကျူးဝူက သက်ပြင်းချရင်း ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။

“ဒါတွေအားလုံးက ဆရာကြီးရဲ့ စိတ်ကူးပဲ။ တော်သေးတယ်။ ငါ ဆရာကြီးရဲ့ ခြေထောက်ကို မြဲမြဲဖက်ထားမိလို့။”

“အော်... ယီရန်ပင်း ဆရာကြီးရဲ့ စိတ်ကူးကိုး။ အရမ်း လန်းတာပဲ။”

“အစ်ကိုကျူး မင်းပြောပုံအရဆိုရင် ကြယ်တံခွန်ရဲ့ အရံဂြိုဟ်အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့ပြီပေါ့ ဟုတ်လား။”

ထိုအချိန်တွင် ကျူးဝူသည် သူ၏ အာကာသယာဉ်မှာ မည်သည့် တွန်းအားမှ ထပ်မံမလိုအပ်တော့ဘဲ ကြယ်တံခွန်ကို အလိုအလျောက် ပတ်လမ်းအတိုင်း လှည့်ပတ်နိုင်နေပြီဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။

သူ စိတ်သက်သာရာရစွာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ရှောင်းယီထံ ချက်ချင်း အစီရင်ခံလိုက်တော့လေသည်။

“ကျွန်တော် အခြေခံအားဖြင့် ပတ်လမ်းတစ်ခုကို ရှာတွေ့သွားပြီ။ အခု လောင်စာတွေ အလဟဿ ဖြုန်းတီးစရာ မလိုတော့ဘူး။”

ရှောင်းယီ လာခဲ့သည့် ကမ္ဘာတွင် အရံဂြိုဟ်တစ်ခု ပျံသန်းသည့် အလျားလိုက် အလျင်နှုန်းကို နက္ခတ္တဗေဒအလျင်ဟု ခေါ်သည်။

အရံဂြိုဟ်တစ်ခုသည် ဤအလျားလိုက် အလျင်နှုန်းကို ရရှိသွားသည်နှင့် မည်သည့် အပိုတွန်းအားမှ မလိုဘဲ ကမ္ဘာမြေကို လှည့်ပတ်နိုင်၏။

“အရမ်းကောင်းတယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်မှာ သတင်းဆိုးတစ်ခုလည်း ရှိတယ်။”

ကျူးဝူက သူ့ရှေ့က ကြယ်တံခွန်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒီပတ်လမ်းက မြင့်လွန်းနေတယ်။ နောင်ကျရင် သူဌေး လိုအပ်တဲ့ ရေအရင်းအမြစ်တွေကို ကြယ်တံခွန်ရဲ့ အမြီးပိုင်းထဲ ရောက်တဲ့အချိန်မှပဲ ကောက်ယူလို့ ရနိုင်လိမ့်မယ် ထင်တယ်။”

ရှောင်းယီ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။

“အဲဒါ ပြဿနာမဟုတ်ပါဘူး။ ငါတို့ပတ်ပတ်လည်က ဂြိုဟ်သိမ်ဂြိုဟ်မွှား ခါးပတ်ထဲမှာ ရေပါတဲ့ အရင်းအမြစ်တွေ အများကြီး ရှိတယ်။ ဒါကြောင့် အဲဒါကို စိတ်မပူနဲ့။”

“ဒါဆိုရင်တော့ ကောင်းတယ်။ မဟုတ်ရင် ကျွန်တော် သူဌေးအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတော့မှာ။”

ကျူးဝူက ပြန်ပြောလိုက်သည်။

“ဘာ အရင်းအမြစ်မှလည်း မပေးနိုင်ဘဲ သူဌေးရဲ့ ရိက္ခာတွေကိုပဲ ထိုင်စားနေသလို ဖြစ်နေမှာ။”

“အဲလိုမဟုတ်ပါဘူး။ မင်း အရင်းအမြစ်တွေ အများကြီး မစုဆောင်းနိုင်ရင်တောင် စိတ်အေးလက်အေးနဲ့ မင်းရဲ့ ကြယ်တံခွန်ကုန်သည်အလုပ်ကိုပဲ လုပ်စမ်းပါ။”

ရှောင်းယီက ရယ်မောရင်း ပြောလိုက်သည်။

“ဒီတစ်ခေါက် ခရီးစဉ်မှာတင် မင်း ငါ့ဆီကို အနက်ရောင်ရွှေ ယူနစ် သန်းပေါင်းများစွာ ယူဆောင်လာပေးနိုင်ခဲ့တာပဲ။ မင်း ကြယ်တံခွန်ကို တစ်ချိန်လုံး တူးဖော်နေရင်တောင် အနက်ရောင်ရွှေ ဘယ်လောက်အထိ ထွက်လာမှာမလို့လဲ။”

“အဲဒါလည်း ဟုတ်တာပဲ။ ကျွန်တော် ကျွန်တော့်ရဲ့ အဓိကအလုပ်ကို မေ့သွားတော့မလို့။ ကြည့်ရတာ ကျွန်တော်တော့ တကယ့်ကို အချိန်ပြည့် ကြယ်တံခွန်ကုန်သည်ကြီး ဖြစ်တော့မှာပဲ။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။

ရှောင်းယီက ပြုံးပြီး ယခင်က သူ့ထံ လွှဲပြောင်းပေးထားသည့် ပစ္စည်းများအားလုံးကို ပြန်ပို့ပေးလိုက်သည်။

“အာကာသအိပ်စပ်ခြင်းအိတ် (အဆင့်-S) ၁၊ ချစ်စရာပိတ်စအရုပ်လေး ၁... အခမဲ့ လဲလှယ်ခြင်း။”

ကျူးဝူက အရောင်းအဝယ်ကို ချက်ချင်း လက်ခံလိုက်ပြီး သူ၏ အာကာသယာဉ်ကို စတင်စီစဉ်တော့သည်။ အာကာသယာဉ်အတွင်းပိုင်း နေရာလွတ်မှာ ယခင်က ယာဉ်ငယ်ထက် များစွာ ပိုမိုကျယ်ဝန်းသည်။

သို့သော် သူ့တွင် ပစ္စည်း သိပ်အများကြီး မရှိပေ။ သူသည် ယာဉ်မောင်းခန်းကို အကြမ်းဖျင်း ရှင်းလင်းလိုက်ပြီးနောက် အများသုံးချန်နယ်တွင် လူတိုင်းနှင့် စကားပြောရန်၊ အာပလာစတုဒိသာ တိုက်ကျွေးရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားလိုက်တော့သည်။

သူ တကယ်ကို ပျင်းလွန်းနေပြီ ဖြစ်သည်။

“အစ်ကိုကျူး အဲ့မှာ ဘာဖြစ်နေတာလဲ။ ဘာလို့ စကားပြောနေရင်း တန်းလန်းကြီး ပျောက်သွားတာလဲ။”

“တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား။”

“မဖြစ်နိုင်ပါဘူး။ စောစောက အစ်ကိုကျူး ပို့ထားတဲ့ စာတွေကို ကြည့်ရသလောက် ဘာဖိအားမှ ရှိပုံမပေါ်ပါဘူး။”

“ဒီအာကာသထဲမှာ ဘာမဆို ဖြစ်သွားနိုင်တာပဲ။ ဥက္ကာခဲနဲ့ တိုက်မိတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။”

“မင်းတို့မိသားစုတစ်ခုလုံးပဲ ဥက္ကာခဲနဲ့ တိုက်မိတာကွ။ ငါ ခဏလေး သေးသွားပေါက်တာကို မင်းတို့က ငါ့ကွယ်ရာမှာ အတင်းပြောနေကြပြီလား။”

ကျူးဝူတစ်ယောက် ချက်ချင်း ပေါ်လာခဲ့လေသည်။

“အာ... အစ်ကိုကျူး ငါက ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တစ်ခုကို ပြောပြရုံတင်ပါ။ မင်းကွယ်ရာမှာ အတင်းပြောတာ မဟုတ်ပါဘူး။”

“ဟုတ်သားပဲ ဒါနဲ့ စောစောက ငါတို့မေးတာကို မင်း မဖြေရသေးဘူးနော်။ မင်း တကယ်ပဲ ကြယ်တံခွန်ရဲ့ အရံဂြိုဟ် ဖြစ်သွားပြီလား။”

“ငါက ကြယ်တံခွန်ရဲ့ အရံဂြိုဟ် ဖြစ်လာတာ မဟုတ်ဘူး။ ငါ့ရဲ့ အာကာသယာဉ်က ကြယ်တံခွန်ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းကြောင်းထဲ ရောက်နေတာ။”

ကျူးဝူက စကားလုံးအသုံးအနှုန်းကို သေသေချာချာ ပြင်ဆင်ပေးလိုက်သည်။

“ဟာ... လန်းလိုက်တာဗျာ။ ဒါဆို မင်းက ကြယ်တံခွန်နဲ့ တစ်သားတည်း ဖြစ်သွားပြီပေါ့။”

“ဒါပေါ့။ ငါက ဒီကြယ်တံခွန်ကုန်သည်အလုပ်ကို အဆုံးစွန်ထိ တာဝန်ယူတော့မှာလေ။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါဆို နောင်ကျရင်လည်း ပစ္စည်းအရောင်းအဝယ်နဲ့ အချက်အလက် ကူးပြောင်းပေးတဲ့ အလုပ်တွေကို ဆက်လုပ်နေဦးမှာပေါ့ ဟုတ်လား။”

“သေချာတာပေါ့။ နောက်နောင်ကျရင်လည်း အားလုံး ငါ့ကို ဝိုင်းဝန်းအားပေးကြဖို့ မျှော်လင့်ပါတယ်ဗျာ။”

ကျူးဝူက ချက်ချင်း ပြန်ပြောလိုက်သည်။

“ကျိန်းသေ အားပေးရမှာပေါ့။ ငါကတော့ အစ်ကိုကျူးအနေနဲ့ တခြားဂလက်ဆီမှာ လူတစ်ယောက်လောက် ကူရှာပေးဦးဖို့ မျှော်လင့်တုန်းပဲ။ အနက်ရောင်ရွှေကို ချတ်ဘောက်ကနေ ပို့လိုက်မယ်နော်။”

“ဟုတ်တယ်။ ပထမအဆင့်တုန်းက ငါတို့ရဲ့ အဖော်တွေ ဒီဂလက်ဆီနှစ်ခုထဲမှာ တကယ်ပဲ မရှိကြတာလားဆိုတာကိုလည်း ထပ်ပြီး အတည်ပြုချင်သေးတယ်။ ငါ့ကို ကူပြီး မေးပေးပါဦး။”

“ရပါတယ်။ လူရှာလိုတဲ့သူတွေအနေနဲ့ အရင်အတိုင်းပဲ ငါ့ဆီကို သီးသန့်စာပို့ထားလိုက်ပါ။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

“ငါ အခုပဲ တခြားဂလက်ဆီကနေ ရလာတဲ့ အချက်အလက်တွေကို လက်ခံရရှိထားတယ်။ အားလုံးပဲ တစ်ချက်လောက် ကြည့်ကြပါဦး။ မင်းတို့ကို ရှာနေတဲ့သူ ရှိလားဆိုတာ။”

ကျူးဝူသည် ကျန်းယွင်ထျန်းရှိနေသည့် ဂလက်ဆီမှ လူရှာဖွေနေသည့် စာရင်းကို စခရင်ရှော့ရိုက်ယူကာ ယခုသူရှိနေသည့် ဂလက်ဆီ၏ အများသုံးချန်နယ်တွင် တင်ပေးလိုက်သည်။

အများသုံးချန်နယ်အတွင်း ယာယီအားဖြင့် မည်သူမျှ စာမပို့ကြတော့ဘဲ အားလုံးက စခရင်ရှော့ထဲတွင် မိမိတို့နာမည် ပါဝင်ခြင်း ရှိ၊ မရှိကို သေသေချာချာ လိုက်ကြည့်နေကြသည်။

“မပါဘူးပဲ။ ဟူး... တကယ်တော့ ဒီလိုရလဒ်မျိုး ထွက်လာမယ်ဆိုတာ ငါ သိနေသားပဲ။ ငါတို့ရှာနေတဲ့သူတွေကို ဟိုဘက်မှာလည်း မေးပြီးသွားပြီလေ။ ဟိုမှာမှ မတွေ့တာ။ ဒီမှာလည်း ငါတို့ရဲ့ အဖော်တွေ ကျိန်းသေရှိမှာ မဟုတ်တော့ဘူး။ အဖော်တွေမှ မရှိရင် ဒီစာရင်းထဲမှာလည်း ပါလာစရာ အကြောင်းမရှိဘူး။”

“ဟူး... ဟုတ်ပါရဲ့။ ပထမအဆင့်က အသက်ရှင်ကျန်ရစ်သူတွေကို နေရာချဖို့အတွက် ကမ္ဘာ့စည်းမျဉ်းတွေက ဂလက်ဆီ ဘယ်နှခုတောင် ဖန်တီးထားလဲ မသိဘူး။ ငါတို့ဆီမှာ ဂလက်ဆီ သုံးခုတောင် ရှိနေတာတောင် ငါတို့ထဲက ၉၉ ရာခိုင်နှုန်းက အဖော်တွေကို ရှာမတွေ့ကြသေးဘူး။”

“အမှန်ပဲ။ ဒါက လွန်လွန်းအားကြီးတယ်။ ကမ္ဘာ့စည်းမျဉ်းတွေက စကြဝဠာတစ်ခုလုံးကို ငါတို့ရဲ့ လေ့ကျင့်ရေးကွင်းအဖြစ် သုံးနေတာလား။”

“ငါတို့ရဲ့ အဖော်တွေ စောစောစီးစီး ပြုတ်သွားကြပြီလား မသိဘူး။”

“ဟူး... ရှာမတွေ့ဘူးဆိုပေမဲ့ သူတို့တွေ အသက်ရှင်နေသေးတယ်လို့ပဲ တွေးထားကြရအောင်။”

ဤဂလက်ဆီထဲက အသက်ရှင်ကျန်ရစ်သူ အားလုံးသည် ကနဦးအဆင့်က ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုသည် ကောင်းကောင်းသိကြ၏။ ကနဦးအဆင့်မှာတင် ပြုတ်သွားနိုင်ခြေက အရမ်းကို မြင့်မားလွန်းလှသည်။

အကယ်၍ ယီရန်ပင်းသာ မရှိခဲ့ပါက အသက်ရှင်ကျန်ရစ်သူများ၏ ထက်ဝက်ကျော်လောက်က ပြုတ်သွားလောက်ပြီဟု ခန့်မှန်းရသည်။

ကျူးဝူသည် ဂရုထဲက စကားဝိုင်းကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကာ သီးသန့်ချန်နယ်သို့ ပြောင်းပြီး မေးလိုက်သည်။

“သူဌေး ဟို ဓာတ်ငွေ့အရည် သိုလှောင်/ထုတ်လွှတ်တဲ့ ကိရိယာတွေ ထပ်မရှိတော့ဘူးလား။ တစ်ခုတည်းနဲ့တော့ မလောက်ဘူး။ အဲဒါမျိုး နောက်ထပ် နည်းနည်းလောက်သာ ထပ်ရှိရင် ကျွန်တော် တခြားဂလက်ဆီ နှစ်ခုလုံးက အနက်ရောင်ရွှေတွေကို အကုန်အစင် ခြစ်ယူခဲ့လို့ ရတယ်။”

“ဒီကိရိယာအတွက် ကုန်ကြမ်းတွေက စုဆောင်းရ တော်တော်ခက်တယ်။ အခုအချိန်ထိ နောက်ထပ် တစ်ခုပဲ ထပ်ပြီး ထုတ်လုပ်နိုင်သေးတယ်။ ဓာတ်ငွေ့တွေ အပြည့်ဖြည့်ပြီးတာနဲ့ မင်းဆီ လွှဲပေးလိုက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို အောက်ဆီဂျင်အရည်အတွက် နှစ်ခု၊ ဟိုက်ဒရိုဂျင်အရည်အတွက် တစ်ခုပေါ့။”

ကျူးဝူက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် အစ်ကိုကျန်းတို့ဆီ သွားတုန်းက ကျွန်တော်က အောက်ဆီဂျင် ရောင်းဖို့ပဲ အာရုံစိုက်နေလို့ ဟိုက်ဒရိုဂျင်အရည်ကို လုံးဝ မသုံးဖြစ်ခဲ့ဘူး။”

“ဒီတစ်ခေါက်ကျရင်တော့ လောင်စာနဲ့ အောက်ဆီဂျင်ကို တွဲပြီး ရောင်းလို့ရတယ်။ ဒါနဲ့ ခဏနေရင် ဒီသိုလှောင်/ထုတ်လွှတ် ကိရိယာအတွက် လိုအပ်တဲ့ ကုန်ကြမ်းစာရင်းကို မင်းဆီ ပေးလိုက်မယ်။ တခြားဂလက်ဆီ နှစ်ခုဆီ ရောက်တဲ့အခါ အဲဒီကုန်ကြမ်းအချို့ကို ငါ့အတွက် ကူပြီး စုဆောင်းပေးခဲ့ဦး။”

ရှောင်းယီက မှာလိုက်သည်။

All Chapters