အခန်း ၁၃၈၃
Vol. 122 Ch. 1383
အခန်း ၁၃၈၃
“ကောင်းပါပြီ။ ဒါပေမဲ့ အခုလောလောဆယ် ကုန်ကြမ်းတွေအများကြီး စုဆောင်းနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ တခြား ဂလက်ဆီ နှစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက သိပ်မကောင်းလှတော့ အသက်ရှင်ကျန်ရစ်သူတွေလည်း ရိက္ခာသေတ္တာတွေ အများကြီး ဖွင့်နိုင်ကြဦးမှာ မဟုတ်ဘူး။”
ကျူးဝူက မနေနိုင်ဘဲ သတိပေးလိုက်သည်။
“အင်း...အဲဒါကြောင့်လည်း အရင်က တခြားဂလက်ဆီတွေဆီကနေ ရိက္ခာတွေ စုဆောင်းဖို့ မင်းကို ငါ အသေအချာ မမှာခဲ့တာပေါ့။ ဒါပေမဲ့ အခု အချိန်က လဝက်ကျော်သွားပြီဆိုတော့ အသက်ရှင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့တဲ့သူတိုင်းဆီမှာ ရိက္ခာတချို့တော့ လက်ဝယ်ရှိနေလောက်ပါပြီ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
အကယ်၍ လဝက်ကျော်ကြာသည်အထိ ရိက္ခာသေတ္တာတစ်လုံးမှ မရခဲ့ပါက သူတို့ သေဆုံးသွားခဲ့ကြသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။
ကျူးဝူက ခေါင်းကို အသာအယာညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ။”
ရှောင်းယီသည် သူလိုအပ်သော ကုန်ကြမ်းများအားလုံးကို ကျူးဝူအား အသိပေးပြီးနောက် စနစ်သိုလှောင်ခန်းထဲမှ ကြယ်တာရာကြားဖြတ်ဆက်သွယ်ရေးစက် (အဆင့်မြင့်) ၃ ခုကို ထုတ်ယူလိုက်သည်။
[“သင်သည် ကြယ်တာရာကြားဖြတ်ဆက်သွယ်ရေးစက် (အဆင့်မြင့်) ၃ ခုကို ရရှိထားကြောင်း စနစ်က သိရှိရပါသည်။ ၎င်းကို အသေးစား အာကာသယာဉ်ပေါ်တွင် တပ်ဆင်ရန် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို အသုံးပြုလိုပါသလား။”]
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ပေါ်လာသော ညွှန်ကြားချက်ကို မြင်သောအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဆက်သွယ်ရေးစက်တစ်ခုကို အာကာသယာဉ်ပေါ်မှာ တပ်ဆင်မယ်။”
“တပ်ဆင်ခြင်း အောင်မြင်ပါသည်။”
အာကာသယာဉ် ယာဉ်မောင်းခန်း၏ ထိန်းချုပ်မှုအကန့်ပေါ်တွင် မျက်နှာပြင်အကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာပြင်ကို ထိတွေ့အသုံးပြုရုံ သက်သက်ဖြင့် လည်ပတ်နိုင်ပေသည်။
ရှောင်းယီသည် ဆက်သွယ်ရေးစက်အနီးသို့ သွားကာ ခေတ္တမျှ လေ့လာကြည့်ပြီးနောက် မည်သို့အသုံးပြုရမည်ကို နားလည်သွားခဲ့သည်။ တစ်ဖက်လူ၏ စက်ပစ္စည်းခွဲခြားသတ်မှတ်မှုကုဒ်ကို ရိုက်ထည့်လိုက်ရုံဖြင့် ၎င်းတို့နှင့် စကားပြောဆိုနိုင်မည် ဖြစ်သည်။
သူ၏လေ့လာမှုကို အဆုံးသတ်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်မျောပါသွားပြီး ကျန်ဆက်သွယ်ရေးစက်နှစ်ခုကို ကျူးဝူထံ ကုန်သွယ်ပေးလိုက်သည်။
“ကြယ်တာရာကြားဖြတ်ဆက်သွယ်ရေးစက် (အဆင့်မြင့်) ၂ - အခမဲ့လဲလှယ်ခြင်း။”
“ကောင်းကင်ဘုံ.. သူဌေး ခင်ဗျား နောက်ထပ် အဆင့်မြင့်စက်ပစ္စည်းတစ်ခု ရလာပြန်ပြီလား။”
ကျူးဝူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
“မင်း နည်းနည်းလောက် တည်တည်ငြိမ်ငြိမ် နေလို့မရဘူးလား။”
ရှောင်းယီက ပြောစရာစကား ကင်းမဲ့သွားဟန်ဖြင့် ပြန်ပြောလိုက်၏။
“ရတာပေါ့၊ ရတာပေါ့၊ ရပါတယ်။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“အစ်ကိုကျန်းပြောတာ မဆန်းတော့ဘူး။ သူဌေးတို့ သုံးတဲ့ပစ္စည်းတွေ အားလုံးက အရမ်းအဆင့်မြင့်တယ်ဆိုတာ။ အခုကြည့်ရတာ အစ်ကိုကျန်းက တကယ် မလိမ်ခဲ့ဘူးပဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါတွေထဲက တစ်ခုကို မင်းရဲ့ အာကာသယာဉ်ပေါ်မှာ တပ်ဆင်လိုက်။ ပြီးတော့ ကျန်တဲ့တစ်ခုကို နောက်ကျရင် အစ်ကိုကျန်းကို ပေးလိုက်ဦး။ ဒါမှ ငါတို့တွေ အတားအဆီးမရှိ ဆက်သွယ်နိုင်မှာ။”
“အတားအဆီးမရှိ ဆက်သွယ်နိုင်မှာ ဟုတ်လား။ တခြား ဂလက်ဆီတွေမှာပါ အဲလိုလုပ်လို့ရတော့မှာလား။”
ကျူးဝူက မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။ ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်ရ၏။
“မင်း ငါကုန်သွယ်ပေးလိုက်တဲ့ ပစ္စည်းတွေရဲ့ နာမည်ကိုတောင် သေချာမကြည့်လိုက်ဘူးလား။”
“သူဌေးကတော့ အရမ်းလန်းတာပဲ။ စောစောက အဲဒီအဆင့်မြင့်ပစ္စည်း သုံးခုက ကျွန်တော့်ရဲ့ ဝက်မျက်လုံးတွေကို ကျိန်းစပ်သွားစေခဲ့တယ်လေ။ ပစ္စည်းနာမည်ကို ဘယ်လိုလုပ်ပြီး သတိထားမိတော့မှာလဲ။”
ကျူးဝူသည် နောက်ဆုံးတွင် ကြယ်တာရာကြားဖြတ်ဆိုသည့် စကားလုံးများကို သတိပြုမိသွားတော့သည်။
“ယူထားလိုက်။ ဒါက ငါတို့ရဲ့ ဆက်သွယ်ရေးကို ပိုပြီးအဆင်ပြေစေလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
ကျူးဝူသည် ကုန်သွယ်မှုကို ချက်ချင်း သဘောတူလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ဒါကလည်း အမြဲတမ်းတော့ ဟုတ်ချင်မှဟုတ်မှာပါ။ အားကုန်းနဲ့ အစ်ကိုကျန်းတို့ အရင်က ဆုံခဲ့ကြတုန်းကလည်း တစ်လျှောက်လုံး ဘာဆက်သွယ်မှုမှ လုပ်လို့မရခဲ့ဘူးလေ။”
ရှောင်းယီသည် အနည်းငယ် မှင်တက်သွားပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“ဒါက ငါ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ပြီးတော့ ငါတို့က လုံးဝကို မတူညီတဲ့ အသိဉာဏ်ရှိတဲ့ သက်ရှိမျိုးစိတ် နှစ်ခု ဖြစ်နေတယ်လေ။”
“သူဌေး ကျွန်တော် တပ်ဆင်ပြီးပြီ။ ကျွန်တော်တို့ စမ်းကြည့်ကြမလား။”
ကျူးဝူက ပြောလိုက်သည်။
“အင်း.. ဗီဒီယိုကောလ် တန်းခေါ်ကြည့်ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းရဲ့ စက်ပစ္စည်းခွဲခြားသတ်မှတ်မှုကုဒ်ကို ငါ့ဆီ ပို့လိုက်။”
“ဟုတ်ကဲ့။”
ကျူးဝူက အမှတ်အသား ၃၂ ခု ပါဝင်သော စာတန်းတစ်ခုကို ချက်ချင်း ပေးပို့လိုက်သည်။
ရှောင်းယီသည် ၎င်းကို သူ၏ ဆက်သွယ်ရေးစက်ထဲသို့ ရိုက်ထည့်ပြီးနောက် ဆက်သွယ်ရန်ကို နှိပ်လိုက်သည်။
မျက်နှာပြင်ပေါ်တွင် ဝက်ခေါင်းကြီးတစ်ခု ချက်ချင်း ပေါ်လာသဖြင့် ရှောင်းယီ ဆွံ့အသွားခဲ့ရ၏။
နောက်အခိုက်တွင် ထိုဝက်ခေါင်းကြီးက စကားပြောလာခဲ့သည်။
“အော်.. သူဌေးရဲ့ ရုပ်သွင်က ဒီလိုကိုး။ ကျစ်.. ကျစ်.. နှမြောစရာပဲ။ သူက တကယ်တော့ ငါ့လောက် ရုပ်မချောဘူး။”
ရှောင်းယီတစ်ယောက် ကူကယ်ရာမဲ့သွားရသည်။
“ငါတို့ဆီမှာတော့ မင်းရဲ့ရုပ်ရည်က သာမန်ရုပ်ဆိုးတာမျိုးတောင် မဟုတ်ဘူး။ ထူးထူးခြားခြားကို ရုပ်ဆိုးတာမျိုးပဲ။”
ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျူးဝူမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားတော့သည်။
ကျူးဝူသည် ရှောင်းယီက မိမိပြောသောစကားကို နားလည်နိုင်ကြောင်း ကျန်းယွင်ထျန်းထံမှ ကြိုတင်သိရှိထားသော်လည်း သူဌေးပြောနေသည့် ဘာသာစကားကိုမူ သူတစ်ခါမျှ မကြားဖူးသည်မှာ ထင်ရှားလှသည်။ သို့ဆိုလျှင် သူက ဘာကြောင့် နားလည်နေရသနည်း။
ဒါက သိပ္ပံနည်းမကျဘူးလေ။
ကျူးဝူ တစ်ယောက် မှင်တက်နေသည်ကို မြင်သောအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“မင်း အဲလို မှင်တက်နေတဲ့ပုံက ပိုတောင် ထူးခြားနေသေးတယ်။”
“အမလေး ဘုရားရေ.. သူဌေး ကျွန်တော်က သူဌေးပြောတာကို တကယ် နားလည်နေတာပဲ။”
ကျူးဝူက အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“ကျွန်တော်က အားကုန်းနဲ့ အစ်ကိုကျန်းတို့လို တစ်ယောက်ကိုတစ်ယောက် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ စိုက်ကြည့်နေကြရုံပဲ ဖြစ်တော့မယ် ထင်နေတာ။”
“အေးပါ အဲလောက်ကြီး အုတ်အော်သောင်းနင်း မလုပ်စမ်းပါနဲ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက ငါ့ရဲ့ စွမ်းရည်တွေထဲကတစ်ခုဖြစ်တဲ့ စိတ်ချင်းဆက်သွယ်ခြင်းပဲ။ ငါတို့ မျက်နှာချင်းဆိုင် စကားပြောနေသရွေ့တော့ တစ်ယောက်ရဲ့ ဆိုလိုရင်းကို တစ်ယောက်က နားလည်နိုင်စွမ်းရှိတယ်။ တကယ်တော့ ငါတို့နှစ်ယောက်စလုံးက တစ်ဖက်လူရဲ့ ဘာသာစကားကို လုံးဝ နားမလည်ကြဘူး။ ဒါကလည်း ငါ ဗီဒီယိုကောလ် တိုက်ရိုက်ခေါ်ရအောင်လို့ ပြောခဲ့ရတဲ့ အကြောင်းအရင်းပဲ။”
“ဒီစွမ်းရည်က အလန်းစားပဲ။”
ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါဆိုရင် နောက်ပိုင်း အဲဒီ အသက်မဲ့နေတဲ့ ဂလက်ဆီတွေကို ဖြတ်သွားရရင်တောင် သူဌေးနဲ့ ဗီဒီယိုကောလ် ပြောလို့ရသေးတာပေါ့။ ဒါဆိုရင် ကျွန်တော်လည်း အထီးကျန်မှာ မဟုတ်တော့ဘူး။ လန်းတယ်ဗျာ။”
“မလုပ်နဲ့။ မင်း အဲလိုလုပ်ရင် ငါ အိပ်ပျော်မှာမဟုတ်တော့ဘူး။ မင်း အစ်ကိုကျန်းတို့ဆီ နောက်တစ်ခေါက် ရောက်တဲ့အခါ ငါကုန်သွယ်ပေးလိုက်တဲ့ ဆက်သွယ်ရေးစက်ကို သူ့ကို ပေးလိုက်ပါ။ တပ်ဆင်ပြီးသွားရင် အားကုန်းနဲ့ စကားသွားပြောချေ။”
ရှောင်းယီက တိုက်ရိုက် ငြင်းပယ်လိုက်သည်။
“သူဌေးရာ.. ကျွန်တော်တို့အပေါ် အဲလောက်အထိ မရက်စက်လို့ မရဘူးလား။”
ကျူးဝူက မကျေမနပ်ဖြင့် ဝမ်းနည်းပက်လက် ပြန်ပြောလိုက်၏။ ရှောင်းယီက မျက်လုံးတစ်ချက်လှန်လိုက်မိပြီး ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ပြောစရာလည်း အများကြီးမရှိတော့ဘူး။ ငါ ဖုန်းချလိုက်ပြီ။”
သူသည် ဆက်သွယ်ရေးစက်ကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်၏။ ကျူးဝူသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
“ဆရာကြီးက တကယ်ကို အရမ်းအစွမ်းထက်လွန်းတယ်။ ဒီလို ဆက်သွယ်ရေးစက်မျိုးကိုတောင် ရနိုင်တယ်ဆိုတော့ တကယ့်ကို မရိုးရှင်းဘူးပဲ။ ပြီးတော့ ဒီလို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ စွမ်းရည်မျိုးလည်း ရှိနေသေးတယ်။ ဒီစွမ်းရည်ကို ရိက္ခာသေတ္တာထဲကနေ ဖွင့်လို့ရခဲ့တာများလား မသိဘူး။”
စကားပြောပြီးနောက် ရှောင်းယီသည် အနာဂတ်အတွက် ရေအရင်းအမြစ်နှင့် အမျိုးမျိုးသော သတ္တုဓာတ်၊အာဟာရဓာတ် ဒြပ်စင်များ၏ ပြဿနာကို ချက်ချင်း စတင်စဉ်းစားတော့သည်။
ပတ်ပတ်လည်ရှိ ဥက္ကာခဲများပေါ်တွင် ရေအရင်းအမြစ်အချို့ ရှိနေနိုင်ပြီး စုစုပေါင်းပမာဏမှာလည်း သေချာပေါက် မနည်းလှပေ။ သို့သော် ထိုကောက်ပဲသီးနှံများအတွက် လိုအပ်သော အာဟာရဓာတ်များမှာမူ ပြဿနာတစ်ခု ဖြစ်နေခဲ့လေသည်။
အာဟာရဖျော်ရည် ပြုလုပ်ရန် အသုံးပြုသည့် ဤအာဟာရဓာတ် ဒြပ်စင်များကို ယေဘုယျအားဖြင့် သာမန်ဥက္ကာခဲများပေါ်တွင် မတွေ့ရှိနိုင်ပေ။
ရှောင်းယီသည် အဆင့်မြင့် စကင်ဖတ်စစ်ဆေးရေးစက်ကို ရရှိပြီးနောက် ရေအရင်းအမြစ် ကြွယ်ဝသော ဥက္ကာခဲများကို ရှာဖွေရန်အတွက် အနီးနားရှိ ဥက္ကာခဲများကို စကင်ဖတ်စစ်ဆေးလိမ့်မည်။
နေ့စဉ် အာကာသချိတ်သည် ရိက္ခာသေတ္တာနှစ်လုံးကို အောင်မြင်စွာ ဖမ်းဆွဲပြီးတိုင်း စကင်ဖတ်ပြီးသား ဥက္ကာခဲများကိုပါ ဖမ်းဆွဲလာလိမ့်မည်ဖြစ်သည်။
ရှောင်းယီ၏လက်ဝယ်တွင် ရိက္ခာစုဆောင်းရေးစက် ၄ ခု ရှိနေသဖြင့် ယခုကဲ့သို့ ပစ်မှတ်ထား စုဆောင်းခြင်းသည် ကြယ်တံခွန်မှ စုဆောင်းခြင်းထက် အရှိန်အဟုန် မနှေးကွေးလှပေ။
သို့သော်လည်း စကင်ဖတ်သည့် လုပ်ငန်းစဉ်အတွင်း ရှောင်းယီသည် အာဟာရဒြပ်စင်များ ပါဝင်သော ဥက္ကာခဲများမှာ အခြေခံအားဖြင့် မရှိသလောက် နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။ အချို့ ဥက္ကာခဲများတွင် အနည်းငယ် ပါဝင်နေလျှင်ပင် ရှောင်းယီအနေဖြင့် ၎င်းတို့ကို အသုံးမချနိုင်သေးချေ။ အကြောင်းမှာ သူ၏ထံတွင် ဥက္ကာခဲများကို ကြိတ်ခွဲနိုင်စွမ်းရှိသည့် ကြိတ်စက်မရှိသောကြောင့် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အာကာသစက်ရုပ် နံပါတ် (၁) စကားဆိုလာ၏။
“ကျွန်းပိုင်ရှင် ကစဉ့်ကလျားဂြိုဟ်က အာကာသယာဉ် ပြန်ရောက်လာပါပြီ။”
ရှောင်းယီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။ ကျူးဝူသည် အာဟာရဒြပ်စင်များကို မရရှိနိုင်သော်လည်း ကစဉ့်ကလျားကြယ်တွင်မူ သေချာပေါက် ရှိနေလိမ့်မည်။
“လေးစားအပ်ပါသော ကမ္ဘာမြေသား...ခင်ဗျား တောင်းဆိုထားတဲ့ အစားအသောက်တွေနဲ့ နေ့စဉ်သုံး ဓာတုပစ္စည်းတွေကို ကျွန်တော်တို့ သယ်ဆောင်လာပေးပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ။”
တစ်ဖက်လူက မက်ဆေ့ခ်ျတစ်ခု ပို့လာပြီးနောက် ခန့်မှန်းခြေ ၈ ကုဗမီတာခန့်ရှိသော သတ္တုကွန်တိန်နာတစ်လုံးကို သူတို့၏ အာကာသယာဉ်ပေါ်မှ တွန်းထုတ်ပေးလိုက်သည်။
ထိုသတ္တုကွန်တိန်နာကို မြင်သောအခါ ရှောင်းယီက ချက်ချင်း တုံ့ပြန်လိုက်သည်။
“အဲဒီမှာပဲ ထားခဲ့လိုက်ပါ။ ငါ လှမ်းဆွဲလိုက်မယ်။”
“ကောင်းပါပြီ “
တစ်ဖက်လူက ပြန်လည်ဖြေကြားလိုက်သည်။
အာကာသချိတ်သည် ထိုနေရာသို့ တိုက်ရိုက် ပျံသန်းထွက်သွားပြီး သတ္တုကွန်တိန်နာကို တိကျစွာ ဖမ်းဆွဲကာ နောက်သို့ ပြန်လည်ဆွဲယူလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှောင်းယီသည် အဆင့်မြင့် စကင်ဖတ်စစ်ဆေးရေးစက်ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ထိုသတ္တုကွန်တိန်နာကို စတင်ဆန်းစစ်လိုက်တော့သည်။