အခန်း ၁၃၈၈
Vol. 122 Ch. 1388
အခန်း ၁၃၈၈
တစ်စုံတစ်ယောက်က ဤသို့မေးမြန်းလိုက်သည်ကို ကြားလိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူအားလုံးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်ကြသည်။
“အမှန်အတိုင်းပြောရရင် ငါ တကယ်ပဲ ပထမအဆင့် ယဉ်ကျေးမှုအပျက်အစီးတစ်ခုကို တူးဖော်တွေ့ရှိခဲ့တယ်။ အဲဒါက အရင်က ငါရခဲ့တဲ့ အပျက်အစီးမြေပုံပဲ။”
“ဝိုး.. ဒါဆို မင်း ကြီးပွားသွားပြီပေါ့ ဟုတ်လား။”
“ကြီးပွားသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ အမြောက်အမြားကိုတော့ သက်သာသွားစေတယ်။”
“အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ အများကြီး သက်သာသွားတယ် ဟုတ်လား။ မင်း အာကာသယာဉ်တစ်စီးကို တိုက်ရိုက် ရှာတွေ့ခဲ့တာလား။”
“ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက နည်းနည်းတော့ ပျက်စီးနေတယ်။ ဒါပေမဲ့ ငါတို့ဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေတော့ ပြုပြင်ဖို့က အတော်လေး လွယ်ကူပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ အများကြီး လိုအပ်တာကလွဲရင်ပေါ့။”
“ဝိုး...သူ တကယ်ကြီး အာကာသယာဉ်တစ်စီး ရှာတွေ့ခဲ့တာပဲ။ ဒါဆိုရင် ငါတို့ အဆင့်မြှင့်တင်ခြင်းကတ်တွေ လိုက်ရှာနေမယ့်အစား အပျက်အစီးမြေပုံတွေကိုပဲ လိုက်ရှာကြရအောင်။”
“မှန်တယ်။ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေကို အများကြီး လိုက်စုနေမယ့်အစား အပျက်အစီးမြေပုံ ရှာရတာက ပိုပြီးတော့ စိတ်ချရတယ်လို့ ခံစားရတယ်။”
“စကားတွေ အများကြီး ပြောမနေနဲ့တော့။ ငါ အခုချက်ချင်း ငါ့ပတ်ဝန်းကျင်က ဥက္ကာခဲတွေကို သွားတူးတော့မယ်။”
ထိုအသက်ရှင်ကျန်ရစ်သူသည် အာကာသယာဉ်တစ်စီးကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်ကို မြင်သောအခါ ရှောင်းယီသည်လည်း အံ့အားသင့်သွားခဲ့သည်။
သူသည် ယခင်က တစ်စုံတစ်ယောက်က အပျက်အစီးမြေပုံ ရရှိခဲ့လျှင်ပင် ၎င်းကို အမှန်တကယ် အသုံးပြုနိုင်ရန် အချိန်အတော်ကြာလိမ့်မည်ဟု အမြဲတွေးခဲ့ပြီး ထိုအပျက်အစီးများသည်လည်း ဂြိုဟ်တစ်ခုပေါ်တွင်သာ ရှိနေသင့်သည်ဟု ယူဆခဲ့သည်။
သို့သော် ထိုအပျက်အစီးမြေပုံသည် အာကာသထဲရှိ တိကျသော တည်နေရာတစ်ခုကို ညွှန်ပြနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။
သို့သော် ယခုပြန်စဉ်းစားကြည့်လျှင် သူသည် ယခင်အတွေ့အကြုံဟောင်းများ၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းသာ ဖြစ်သည်။
ရိက္ခာသေတ္တာထဲမှ ရရှိနိုင်သော ပစ္စည်းများသည် အခြေခံအားဖြင့် မကြာမီ အသုံးပြုနိုင်မည့်အရာများ ဖြစ်သည်ဟု အတည်ပြုနိုင်ပေသည်။
ထို့ပြင် ယခုအဆင့်တွင် အသုံးပြုနိုင်မည့် အပျက်အစီးမြေပုံများကို ဂြိုဟ်တစ်ခုပေါ်တွင် စီစဉ်ထားရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကယ်ဆယ်ရေးယာဉ်လေးဖြင့် ဂြိုဟ်ပေါ်သို့ ဆင်းသက်ရန်မှာ အလွန်တရာ ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ထိုမြေပုံကို ရရှိခဲ့သူသည် ဤအချက်၏ သော့ချက်ကို သဘောပေါက်ခဲ့ခြင်းကြောင့်သာ ထိုမျှလောက် မြန်မြန်ဆန်ဆန် သွားရောက်တူးဖော်နိုင်ခဲ့ပြီး အပျက်အစီးများထဲမှ အာကာသယာဉ်တစ်စီးကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“တကယ့်ကို လူတော် အများကြီး ရှိနေသေးတာပဲ။”
ရှောင်းယီ တအံ့တဩ ရေရွတ်လိုက်မိသည်။
ဤအချိန်တွင် အများသုံးချန်နယ်ထဲရှိ အသက်ရှင်ကျန်ရစ်သူများစွာမှာမူ အပျက်အစီး တူးဖော်မှု ဖြစ်စဉ်အပေါ် အလွန် စူးစမ်းလိုစိတ် ပြင်းပြနေကြဆဲ ဖြစ်သည်။
“ညီအစ်ကို အပျက်အစီးတွေကို တူးဖော်တဲ့ ဖြစ်စဉ်မှာ ဘာအန္တရာယ်တွေ ရှိနိုင်လဲဆိုတာ ပြောပြပေးလို့ ရမလား။”
“ဟုတ်တယ်၊ ဟုတ်တယ်။ တူးဖော်တဲ့ လုပ်ငန်းစဉ်နဲ့ သတိထားရမယ့် အချက်တွေကို ပြောပြပေးပါဦး။”
“စိတ်မရှိပါနဲ့။ အချိန်မရလို့ပါ။”
“အဲလို မလုပ်ပါနဲ့နဲ့ ညီအစ်ကိုရာ။ ငါတို့ တစ်ယောက်ချင်းစီက မင်းရဲ့ နည်းဗျူဟာအတွက် အနက်ရောင်ရွှေတချို့ကို အခကြေးငွေအဖြစ် ပေးပါ့မယ်ဆိုရင်ရော...ဘယ်လိုလဲ။”
“ဒါဆိုလည်း ကောင်းပြီလေ။ နည်းဗျူဟာတစ်ခုကို အနက်ရောကင်ရွှေ ၁၀ ယူနစ် ကျသင့်မယ်။ လိုအပ်တယ်ဆိုရင် သီးသန့်မက်ဆေ့ခ်ျကနေတစ်ဆင့် ကုန်သွယ်လိုက်ပါ။ ငါ ဖြစ်စဉ်တွေကို အတိအကျ ပြောပြပေးမယ်။”
“အနက်ရောင်ရွှေ ၁၀ ယူနစ် ဟုတ်လား။ အဲဒါက နည်းနည်း ဈေးကြီးလွန်းမနေဘူးလား။”
“ဒါက သတင်းအချက်အလက်ရဲ့ တန်ဖိုးပဲလေ။ မင်းတို့အပေါ်ပဲ မူတည်တယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ။”
၎င်းကို မြင်သောအခါ ရှောငယီသည် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး တီးတိုးရေရွတ်လိုက်မိသည်။
“သူ လူတွေကို လိမ်စားနေတာပဲ။”
ပထမအဆင့်တုန်းကလည်း ရှောင်းယီသည် နည်းဗျူဟာပိုင်းဆိုင်ရာ ဆရာကြီးတစ်ယောက်ဖြစ်သည့် ဂျေဘီနှင့် ဆုံတွေ့ခဲ့ဖူးသည်။ အနည်းဆုံးတော့ ထိုသူသည် အများသုံးချန်နယ်တွင် အခမဲ့ နည်းဗျူဟာတစ်ခုကို အရင် မျှဝေပေးခြင်းဖြင့် သူ၏ ကျွမ်းကျင်မှုကို သက်သေပြခဲ့ပြီးမှသာ အခပေးနည်းဗျူဟာများကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
ယဉ်ကျေးမှုအပျက်အစီး တစ်ခုတည်းကိုသာ စူးစမ်းလေ့လာဖူးသေးပြီး ထိုအရာက လူအများစုအတွက် ကိုယ်စားပြုနိုင်ရဲ့လားဆိုသည်ကိုပင် မသေချာသေးဘဲနှင့် ချက်ချင်း ငွေကောက်ခံဖို့ စဉ်းစားနေလျှင် စွန့်စားရသည်ကို အထူးနှစ်သက်သည့် အသက်ရှင်ကျန်ရစ်သူတွေလောက်သာ ထိုအရာကို ဝယ်ရန် ရွေးချယ်ကြလိမ့်မည်။
ဟုတ်ပါသည်။ အနက်ရောင်ရွှေ ၁၀ ယူနစ်ဆိုသည်မှာ ရှောင်းယီရှိနေသည့် ဂလက်ဆီက အသက်ရှင်ကျန်ရစ်သူများအတွက် မတတ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် လူအတော်များများ ဝယ်ကြလိမ့်မည်လည်း ဖြစ်နိုင်သည်။
ဤအနက်ရောင်ရွှေ ၁၀ ယူနစ်သည် ရှောင်းယီအတွက်မူ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သော်လည်း သူလည်း အလိမ်အညာမခံရန် ဆုံးဖြတ်လိုက်သည်။ ဤအနက်ရောင်ရွှေ ၁၀ ယူနစ်ကို မိမိ၏ အာကာသယာဉ် ပျက်စီးမှုများကို ပြုပြင်ရန် သိမ်းဆည်းထားခြင်းကသာ ပို၍ကောင်းပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျူးဝူထံမှ သီးသန့်မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာ၏။
“သူဌေး ကျွန်တော်တို့ နည်းဗျူဟာတစ်ခုလောက် ဝယ်ပြီး ကြည့်ကြမလား။ ကျွန်တော်တို့နှစ်ယောက် ပေါင်းပြီး တစ်ခု ဝယ်လို့ရတာပဲ။”
“မလိုဘူး။ အာကာသရဲ့ ပတ်ဝန်းကျင်က အရမ်း ရှုပ်ထွေးလွန်းတယ်။ ပြီးတော့ အပျက်အစီးအားလုံးက အာကာသထဲမှာပဲ ရှိနေမယ်လို့လည်း အခုထိ အသေအချာ မပြောနိုင်သေးဘူး။ သူက အပျက်အစီးတစ်ခုကို ဒီလောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့တယ်ဆိုကတည်းက ကြားထဲက သွားလာရတဲ့ အချိန်တွေကိုပါ ထည့်တွက်ရင် အဲဒီမှာ ဘာအန္တရာယ်နဲ့ အခက်အခဲမှ အများကြီး ရှိခဲ့ပုံမရဘူး။”
ရှောင်းယီက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ဒီလူက တကယ့် နည်းဗျူဟာ ဆရာကြီးအစစ် ဟုတ်မဟုတ်ဆိုတာကိုလည်း ငါတို့အနေနဲ့ မေးခွန်းထုတ်စရာ လိုသေးတယ်။”
ကျူးဝူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။ ကျွန်တော် နားလည်ပါပြီ။ ဒါဆိုရင်တော့ ကျွန်တော် ဒီပွဲကို ထိုင်ပဲကြည့်နေလိုက်တော့မယ်။”
ကျူးဝူနှင့် စကားပြောပြီးရုံတင်ရှိသေး လုမေယွိထံမှ အခြားမက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာပြန်သည်။
“သူဌေး ကျွန်တော် ဒီနည်းဗျူဟာကို ဝယ်ကြည့်မလို့။ ပြီးရင် သူဌေးကိုပါ မျှဝေပေးပါ့မယ်။”
“မလိုဘူး။”
ရှောင်းယီသည် ကျူးဝူအား စောစောက ပြောခဲ့သည့် စကားများကိုပင် ထပ်ပြောပြလိုက်သည်။ လုမေယွီသည်လည်း ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေး။ မဟုတ်ရင် ကျွန်တော် အနက်ရောင်ရွှေ ၁၀ ယူနစ်ကို အလဟဿ ဖြုန်းတီးမိတော့မှာ။”
“အားနာမနေပါနဲ့။ ငါတို့ အပျော် ပွဲထိုင်ကြည့်ကြရအောင်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် အပျက်အစီးများကို တူးဖော်ခဲ့သူက အများသုံးချန်နယ်တွင် မေးလိုက်သည်။
“နည်းဗျူဟာ လိုချင်တဲ့လူ ရှိသေးလား။ အချိန်ကန့်သတ်ချက် ပြည့်တော့မယ်နော်။”
“ဘာလို့ အချိန်ကန့်သတ်ချက် ရှိနေရတာလဲ။ စဉ်းစားခွင့်လေးတောင် မပေးတော့ဘူးလား။”
“ဟုတ်ပါ့။ ငါ့မှာ အခုလောလောဆယ် ရန်ပုံငွေ နည်းနည်း ပြတ်နေတယ်။ ဥက္ကာခဲတွေ တူးပြီးမှပဲ စဉ်းစားတော့မယ်။”
“အပေါ်ကလူ မင်း ပြောနေတာက အတုကြီးအတိုင်းပဲ။ အခုချိန်မှာ ဘယ်သူက အနက်ရောင်ရွှေ ပြတ်နေလို့လဲ။ အနက်ရောင်ရွှေ ၁၀ ယူနစ် ရဖို့အတွက်တောင် တူးနေရဦးမှာလား။”
“ဟူး.. ဝဝလင်လင် စားနေရတဲ့သူက ငတ်မွတ်နေတဲ့သူရဲ့ ဒုက္ခကို ဘယ်သိပါ့မလဲ။ ဥက္ကာခဲမိုး ရွာတုန်းက ဘေးကင်းဖို့အတွက် ငါ ဘာဥက္ကာခဲမှ သွားမဖမ်းခဲ့ဘူး။ ဒီရက်ပိုင်း အရင်းအမြစ်တွေ ဝယ်ရတာလည်း တော်တော်များသွားတော့ ငါ့ဆီမှာ အနက်ရောင်ရွှေ တကယ် သိပ်မကျန်တော့တာ။”
“မဖြစ်နိုင်တာ။ ဒီလောက်အထိ ဆင်းရဲတဲ့ အသက်ရှင်ကျန်ရစ်သူ တကယ် ရှိနေသေးတာလား။”
“ရှိတာပေါ့။ မြို့ပေါ်ကလူတွေက ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသရဲ့ ဆင်းရဲမွဲတေမှုကို ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်သလိုမျိုးပဲ။”
“အင်း.. အဲလောက်ကြီးအထိ မပိုစမ်းပါနဲ့။ သူ သရုပ်ဆောင်နေတာပဲ ဖြစ်ရမယ်။”
ထိုလူသည် နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ဝယ်ယူခဲ့ကြသူများထံသို့ ပြည့်စုံသော နည်းဗျူဟာကို ပေးပို့လိုက်သည်။
စုစုပေါင်း စာစောင် ၅၀၀၀၀ ရောင်းချခဲ့ရသည်။ ဤနည်းဗျူဟာအသေးစားလေး တစ်ခုတည်းဖြင့်ပင် ထိုအသက်ရှင်ကျန်ရစ်သူသည် အနက်ရောင်ရွှေ ၅၀၀၀၀၀ ယူနစ်အထိ ရရှိသွားခဲ့သည်။
သို့သော် မကြာမီမှာပင် နည်းဗျူဟာကို ဝယ်ယူခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည် အများသုံးချန်နယ်တွင် စတင်ဆဲဆိုကြတော့၏။
“ချီးပဲ.. ဒါကို နည်းဗျူဟာလို့ ခေါ်တာလား။ မူလတန်းကျောင်းသားတစ်ယောက်ရဲ့ အက်ဆေးကမှ ဒီထက် ကောင်းဦးမယ်။”
“ဟုတ်ပါ့။ ငါကတော့ အသုံးဝင်မယ့် သတင်းအချက်အလက်တွေ ပါလိမ့်မယ် ထင်နေတာ။ ချီးပဲ.. မြေပုံအတိုင်း လိုက်သွားတယ်၊ ပြီးတော့ ပျက်စီးနေတဲ့ အာကာသယာဉ်ကို ရတယ်၊ ပြီးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး ပြုပြင်တယ်၊ ဒါပဲလေ။”
“စကားသုံးခွန်းထဲနဲ့ ပြောလို့ပြီးမယ့်အရာကို သူက စာလုံးရေ သုံးထောင်လောက်ဖြစ်အောင် ဆွဲဆန့်ထားတယ်။ ချီးပဲ.. ပိုင်ဝူနျူရဲ့ ဝတ္ထုတွေထက်တောင် ပိုပြီး ရည်မွှန်းထားသေးတယ်။”
“ချီးပဲကွာ.. အနက်ရောင်ရွှေ ၁၀ ယူနစ် ပေးလိုက်ရတာ ဒီအတွက်တဲ့လား။”
“ငါ အနက်ရောင်ရွှေ ၁၀ ယူနစ်ကို ရေထဲပစ်ချလိုက်ရင်တောင် အနည်းဆုံးတော့ ဗွမ်းခနဲ အသံလေး ကြားရဦးမယ်။”
“အဲလိုတော့ မပြောနဲ့လေ။ မင်းတို့ ဝယ်လိုက်တာက ငါ့ရဲ့ အပျက်အစီး တူးဖော်မှု ဖြစ်စဉ်တစ်ခုလုံးပဲ။ ငါ အပြည့်အစုံ ဖော်ပြပေးထားတာပဲ။ ကြားထဲမှာ ငါ ဘယ်နှစ်ကြိမ် နားခဲ့တယ်ဆိုတာကိုပါ ထည့်ပြောပေးထားသေးတယ်။ ဒါတောင် မင်းတို့က မကျေနပ်သေးဘူးလား။”
ထိုလူက ပြန်လည်ချေပလိုက်၏။
“ခွေးသူတောင်းစား.. ငါ ကံဆိုးလို့ အလိမ်ခံလိုက်ရတာပဲ။ အဲဒီ အနက်ရောင်ရွှေ ၁၀ ယူနစ်ကို ခွေးကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်။”
“မှန်တယ်။ အဲဒါတွေကို မင်းအတွက် မီးရှို့ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်မယ်။ မင်း ငရဲပြည်ကို အမြန်ဆုံး ဆင်းသက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”
“ဒီမသာ...မင်း ငါနဲ့သာ မတိုးမိစေနဲ့။ တွေ့တဲ့နေရာတိုင်းမှာ မင်းကို အသေချပစ်မယ်။”
“အပေါ်ကလူကို အကြံပြုချက်လေး တစ်ခုလောက် ပေးပါရစေ။ မင်း အခု သူ့ကို မချနိုင်ဘူးနော်။ သူက အာကာသယာဉ် ရှိနေပြီ။”
“သောက်ကျိုးနည်း.. တစ်နေ့ကျရင် ငါလည်း တစ်စီး ရအောင်လုပ်မှာပေါ့ကွ။”
လူတိုင်း၏ ဒေါသတကြီး ဖြစ်နေကြပုံကို မြင်သောအခါ ကျူးဝူနှင့် လုမေယွီတို့သည် ဥဒါန်းမကျူးဘဲ မနေနိုင်ကြတော့ပေ။
“ဆရာကြီးကတော့ တကယ်ကို စူးရှတဲ့ အမြင်ရှိတာပဲ။”