← Chapters

အခန်း ၁၀၈၃

Vol. 52 Ch. 1083

အခန်း ၁၀၈၃

Vol. 52 Ch. 1083

အခန်း(၁၀၈၃)

သို့သော်လည်း အထီးကျန်ကြယ် ဘိုးဘေး၏ အရိပ်အယောင်ကိုကား မတွေ့ရသေးသဖြင့် အိုချီဟွာမှာ စိုးရိမ်စိတ်ကို မချုပ်တည်းနိုင်တော့ပေ။ ယင်းနောက် သူက ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်ကာ " ငါ့ရှေ့မှာတော့ လှည့်ကွက်တွေ လာမသုံးတာ အကောင်းဆုံးပဲ။ အထီးကျန်ကြယ် ဘိုးဘေးရဲ့ စွမ်းအားကို ငါမသိဘူးလို့ မှတ်နေလား" ဟု ဆိုချေသည်။

"ဒါပေမဲ့လည်း အထီးကျန်ကြယ် ဘိုးဘေးက ဒီမှာမရှိဘူးလေ။ ငါတို့မောင်းထုတ်လိုက်လို့ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ။ မင်းကိုယ်မင်း အကောင်းသိတယ်ဆိုရင် မြန်မြန်လေးသာ ထွက်ပြေးပုန်းအောင်းလိုက်တော့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြန်လည်ပြောကြားလိုက်သည်။

အိုချီဟွာ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားပြီး ချင်ယွမ်ဖုန်းအား " ငါ့ကို ခြောက်လှန့်ရုံနဲ့ ကြောက်တတ်တဲ့သူလို့ တကယ်ထင်နေတာလား" ဟု ဆိုကာ မြို့တော်ဘက်သို့ လှည့်ကြည့်၍ မင်းတို့တွေ ငါ့ကို သစ္စာဖောက်ကြမလို့လား။ ဟွန်း... ငါက မသေမျိုးနတ်ဘုရားမျိုးနွယ်စုကိုယ်တိုင် ခန့်အပ်ထားတဲ့ ကြယ်အရှင်သခင် ဆိုတာ မင်းတို့မသိဘူးလား။ ငါ့ကို ဆန့်ကျင်တာဟာ မသေမျိုးနတ်ဘုရားမျိုးနွယ်စုကို ဆန့်ကျင်တာပဲ။ မင်းတို့တွေ အသက်ရှင်ရတာ ငြီးငွေ့နေကြပြီ ထင်တယ်" ဟု ဟိန်းဟောက်လိုက်လေသည်။

အိုချီဟွာ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်းပင် ပျက်ယွင်းသွားကြတော့သည်။ မသေမျိုးနတ်ဘုရားမျိုးနွယ်စုသည် တစ်လောကလုံးရှိ နတ်ဘုရားနယ်မြေတစ်ခုလုံး၏ စစ်မှန်သော အရှင်သခင်ကြီးများ ဖြစ်ကြပေ၏။

ထိုမျိုးနွယ်စုသည် မည်သည့် ကြယ်အရှင်သခင်ကိုမဆို ခန့်အပ်နိုင်သလို နတ်ဘုရားနယ်မြေအတွင်းရှိ အာဏာခွဲဝေမှုများကိုလည်း ယင်းတို့ကသာ ဆုံးဖြတ်ခြင်း ဖြစ်တန်ရာသည်။ အိုချီဟွာ ရှိနေသည့် ကုဇေကြယ်မှာ အလွန်ဆုံးရှိမှ အောက်ခြေအဆင့် ဂြိုဟ်တစ်လုံးမျှသာ သတ်မှတ်နိုင်ပေသည်။

ထိုဂြိုဟ်၏ အထက်တွင် အလယ်အလတ်အဆင့် ကြယ်တာရာများ၊ ထိုမှတစ်ဆင့် ပိုမိုစွမ်းအားကြီးမားသော အဆင့်မြင့်အဆင့် ကြယ်တာရာများ ရှိနေပြီး ယင်းတို့အားလုံး၏ အထက်တွင်မှ နတ်မေမျိုးမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းပင်။

ယင်းတို့၏ အင်အားကြီးမားပုံမှာ မည်မျှအထိ ထုထည်ကြီးမားမည်ကို မတွေးဝံ့စရာပင် ဖြစ်ချေသည်။ အကယ်၍ ထိုသူတို့သာ အိုချီဟွာ၏ အမိန့်ကို ဖီဆန်ခဲ့လျှင် မသေမျိုးနတ်ဘုရားမျိုးနွယ်စုကို ဆန့်ကျင်ဘက်ပြုသည်နှင့် အတူတူပင် ဖြစ်ပေရာ ထိုသို့သော တာဝန်ကို ယင်းတို့ မထမ်းဆောင်ဝံ့ကြချေ။

သို့သော်လည်း ချင်ယွမ်ဖုန်းသည်ကား မသေမျိုးနတ်ဘုရားမျိုးနွယ်စုအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ သူသည် ဤနေရာသို့ အသစ်ရောက်ရှိလာသူ ဖြစ်သဖြင့် တစ်ဖက်လူကို ဂရုစိုက်မနေဘဲ တည်ငြိမ်စွာဖြင့် "မသေမျိုးနတ်ဘုရားမျိုးနွယ်စုက အခု ဘယ်မှာလဲ။ ဒီမှာ မရှိဘဲနဲ့ သုတို့အကြောင်း ထုတ်ပြောနေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ" ဟု ဆိုလိုက်သည်။

"နင်က မသေမျိုးနတ်ဘုရားမျိုးနွယ်စုကိုတောင် မျက်စိထဲမထည့်ဘူးပေါ့။ တကယ့်ကို ဥပဒေမဲ့ဆိုးသွမ်းတဲ့ ကောင်ပဲ" အိုချီဟွာက အေးစက်စွာ ဆိုချေသည်။

ချင်ယွမ်ဖုန်းက တည်ငြိမ်မြဲ တည်ငြိမ်စွာဖြင့် "အိုအဘိုးကြီး... စိတ်မလောပါနဲ့။ မင်းလို အာဏာအတွက်နဲ့ လူတိုင်းကို သစ္စာဖောက်ဝံ့တဲ့သူမျိုးပဲ အထက်က စွမ်းအားကြီးတဲ့ အရှိန်အဝါကို ကြောက်နေမှာပေါ့။ သူတို့ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး လူဟာ လူပါပဲ။ ဘာကို ကြောက်နေရမှာလဲ" ဟု ဆိုလိုက်၏။

အိုချီဟွာသည် ချင်ယွမ်ဖုန်းနှင့် စကားပြောနေရခြင်းမှာ အချိန်ကုန်လူပန်းရုံသာ ရှိသည်ဟု ခံစားလိုက်ရသည်။ ဤကလေးက မသေမျိုးနတ်ဘုရားမျိုးနွယ်စုကိုပင် မကြောက်ရွံ့ပေ။

"ငါ့အတွက် မြို့တံခါးကို မြန်မြန်ဖွင့်ပေးစမ်း။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ်" အိုချီဟွာသည် မိမိ၏ စကားများက ချင်ယွမ်ဖုန်းအပေါ် မည်သို့မျှ မသက်ရောက်နိုင်သည်ကို သိသဖြင့် ကုဇေကြယ်မှ သိုင်းပညာရှင်များကို တိုက်ရိုက်ပင် ခြိမ်းခြောက်လိုက်တော့သည်။

သို့သော်လည်း သူ စကားပြောပြီးသည်နှင့် လူအချို့မှာ အမှန်တကယ်ပင် ကြောက်ရွံ့သွားကြပြီး အိုချီဟွာကို အတွင်းသို့ ပေးဝင်ရန်အတွက် မြို့တံခါး အစီအရင်ကို ဖွင့်လှစ်ရန် အပြေးအလွှား သွားကြတော့သည်။

သို့ရာတွင် ထိုအချိန်၌ ချင်ယွမ်ဖုန်းက ထိုလူများကို တားဆီးရန် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီးနောက် အေးစက်စွာဖြင့် "ငါ့အမိန့်မရှိဘဲ ဘယ်သူမှ သူ့ကို အထဲပေးမဝင်စေနဲ့။ မဟုတ်ရင် အဲဒါကလည်း သေလမ်းပဲ" ဟု ဆိုလိုက်၏။

"သူ့ကို အထဲပေးဝင်ဝံ့တဲ့သူဟာ ငါ့အမိန့်ကို ဖီဆန်တာပဲ" အိုယန်ယွန်းကလည်း ရှေ့သို့ တစ်လှမ်းတက်ကာ ဆိုလိုက်လေသည်။

---

ထိုအချိန်တွင် အသက်အရွယ် အလွန်မကြီးပြင်းသေးသော်လည်း ပါရမီ အလွန်ထူးချွန်ပုံရသော လူငယ်တစ်ဦးက ရုတ်တရက် ရှေ့သို့ ထွက်လာပြီး "ကြယ်အရှင်သခင် အိုက မသေမျိုးနတ်ဘုရားမျိုးနွယ်စုကိုယ်တိုင် ခန့်အပ်ထားတဲ့ ကြယ်အရှင်သခင်ပဲ။ မင်းတို့က ဘာကောင်မို့လို့ သူ့အပေါ် ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့ရတာလဲ။ ငါ့အထင်တော့ မင်းတို့တွေ သေချင်နေကြတာပဲ" ဟု အော်ဟစ်လိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် မှင်တက်သွားပြီးနောက် တစ်ဖက်လူကို ကြည့်လိုက်၏။ ထိုလူငယ်သည် မည်သည့် မိသားစုမှ တပည့်ဖြစ်တန်ရာပြီး သူ၏ ကျင့်စဉ်အဆင့်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပုံရပေသည်။

တကယ့်ကို ပါရမီရှင်ကောင်းတစ်ဦး ဖြစ်ချေသည်။ သူသည် အိုချီဟွာ၏ အလေးပေးမှုကို အစောကတည်းက ရရှိထားခဲ့ပုံရပြီး အိုချီဟွာက သူ့ကို ဘာတွေ ပြောထားသည်မသိသော်လည်း ယခုအခါတွင်မူ သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ အိုချီဟွာဘက်မှ အပြည့်အဝ ဘက်လိုက်နေတော့သည်။

ဒုန်း။

ထိုသခင်လေးသည် စကားပြောပြီးသည်နှင့် မိမိလက်ထဲရှိ လှံရှည်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ရာ ချက်ချင်းပင် ပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး မြို့တံခါးကို ဖွင့်လှစ်ရန်အတွက် အပြင်းအထန် ပြေးဝင်သွားတော့သည်။

သို့သော်လည်း ထိုအချိန်၌ ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ချက်ချင်းပင် ပေါ်လာပြီးနောက် ဝိညာဉ်ဓားတစ်လက်ကို ဝှေ့ယမ်းကာ သူ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်လေတော့သည်။

"ဖန်ခိုင်.. နင် အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။ ငါနဲ့ ချင်အကိုရဲ့ အမိန့်ကို ဖီဆန်ဝံ့တယ်ပေါ့။ သေပေတော့" ထွက်လာပြီး တားဆီးလိုက်သူမှာ အိုယန်ယွန်း ဖြစ်ပြီး သူမသည် ထိုလူငယ်နှင့် ရင်းနှီးပုံရကာ သူ၏ အမည်ကို ချက်ချင်းပင် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။

"အိုယန်ယွန်း... နင်က အခု မင်းကိုယ်မင်း ကြယ်အရှင်သခင်လို့ ထင်နေတာလား။ ဟွန်း... မသေမျိုးနတ်ဘုရားမျိုးနွယ်စုရဲ့ အမိန့်မရှိရင် နင်က ဘာမှမဟုတ်ဘူး။ ကြယ်အရှင်သခင် အိုတစ်ယောက်တည်းသာ စစ်မှန်တဲ့ ကြယ်အရှင်သခင်ပဲ။ နင် ငါ့ကို ထပ်တားနေမယ်ဆိုရင်တော့ ငါ အားနာနေမှာ မဟုတ်ဘူး" ဖန်ခိုင်က အေးစက်စွာ ဆိုလိုက်၏။

"ဖန်ခိုင်... ဝင်တိုက်စမ်း။ သူကို သတ်ပြီး ငါ့ကို အထဲပေးဝင်အောင် လုပ်နိုင်ရင် ငါ နင့်ကို ပိုပြီး စွမ်းအားကြီးတဲ့ လှံသိုင်းပညာရပ်တွေ သင်ပေးမယ်။ ပြီးတော့ ငါ့သမီးကို သတ်လိုက်ရင်တောင် ငါ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး" အိုချီဟွာက အပြင်ဘက်မှနေ၍ လှောင်ပြောင်သရော်ရင်း အော်ပြောလိုက်ချေသည်။

ဖန်ခိုင်သည် ချက်ချင်းပင် ကြက်သွေးစွန်းသကဲ့သို့ စိတ်လှုပ်ရှားတက်ကြွသွားပြီး အိုယန်ယွန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ အလွန်ပင် ပြင်းထန်နေပြီ ဖြစ်ချေသည်။

သူ စတင်တိုက်ခိုက်လိုက်သည်နှင့် လက်ထဲရှိ လှံရှည်မှ အလွန်ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အိုယန်ယွန်းကို ချက်ချင်းပင် ဖိနှိပ်ထားသကဲ့သို့ ဖြစ်သွားတော့သည်။

ဖန်ခိုင်၏ ပါရမီအရည်အချင်းမှာ အိုယန်ယွန်းနှင့် အတူတူပင် ဖြစ်တန်ရာပြီး သူက အိုယန်ယွန်းထက် အသက်အနည်းငယ် ပိုကြီးသဖြင့် ကျင့်စဉ်အဆင့်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ အစောကတည်းက တက်လှမ်းနိုင်ခဲ့ပြီး အိုယန်ယွန်းထက် အနည်းငယ် ပိုမို အစွမ်းထက်နေခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူ တိုက်ခိုက်လာသောအခါတွင် အိုယန်ယွန်းသည် မည်သို့မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် ရန်သူကို တိုက်ရိုက်ပင် တန်ပြန်တိုက်ခိုက်လိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ထဲရှိ ထျန်းယုဓားသည်လည်း တောက်ပသော ရောင်ခြည်များ လင်းလက်သွားတော့သည်။

ဤထျန်းယုဓားသည် အထီးကျန်ကြယ် ဘိုးဘေးကိုပင် ထိန်းချုပ်နိုင်ရုံသာမက ယင်း၏ စွမ်းအားမှာလည်း နတ်ဘုရားလက်နက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေရာ။ စတင်ထုတ်ဖော်လိုက်သည်နှင့် ယင်း၏ ထူးခြားလှသော စွမ်းပကားကို မြင်တွေ့နိုင်ချေသည်။

ထိုသူနှစ်ဦးသည် ချက်ချင်းပင် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

---

ပတ်ဝန်းကျင်ရှိ ကုဇေကြယ်မှ ဒေသခံများသည် ထိုသူနှစ်ဦး တိုက်ခိုက်နေကြသည်ကို မျက်လုံးအစုံ ပြူးကျယ်လျက် ကြည့်နေကြပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတော့သည်။ အထူးသဖြင့် ဖန်ခိုင်၏ မိသားစုမှ အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယင်းတို့၏ မျက်နှာများတွင် မကျေနပ်မှုများ ထင်ဟပ်နေကြချေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ယင်းတို့သည် အိုယန်ယွန်းကို ပိုမိုထောက်ခံကြသဖြင့် အိုချီဟွာကို အထဲပေးဝင်ရန် ပြင်းထန်စွာ ကန့်ကွက်နေကြသော်လည်း ဖန်ခိုင်ကမူ ထိုသို့မတွေးပေ။ သူသည် ယခုအခါတွင် အိုချီဟွာ၏ သစ္စာအရှိဆုံးသော အစေခံခွေးတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

"နင့်ရဲ့ ကျင့်စဉ်အဆင့်က ငါ့ကို ဘယ်လိုမှ မမှီနိုင်ဘူး။ နင့်ကို သတ်ရတာ ငါ့အတွက် အလွန်လွယ်ကူတဲ့ ကိစ္စပဲ" ဖန်ခိုင်က ယုတ်မာသော အပြုံးဖြင့် ဆိုလိုက်သည်။

"အဲဒီလိုလား"

အိုယန်ယွန်းက တည်ငြိမ်စွာပင် ရေရွတ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအင်တစ်ခု တက်ကြွလှုပ်ရှားလာတော့သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထိုစွမ်းအင်ကို အလွန်ပင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က "တကယ်ပဲ ကျင့်စဉ်အဆင့် တက်လှမ်းသွားပြီ" ဟု အံ့အားသင့်စွာ အော်ဟစ်လိုက်တော့သည်။

ဤအရှိန်အဝါသည် အိုယန်ယွန်း နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ကျင့်စဉ်အဆင့် တက်လှမ်းသွားသည့် အရှိန်အဝါပင် ဖြစ်ချေသည်။ အမှန်တကယ်တော့ သူမသည် ချင်ယွမ်ဖုန်းနှင့်အတူ ပြန်မလာခင်ကတည်းက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် အနားသတ်သို့ တဖြည်းဖြည်း ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ဖန်ခိုင်နှင့် ဤတိုက်ပွဲကြောင့် သူမ၏ စွမ်းအားများ ပေါက်ကွဲထွက်လာခြင်းပင်။

နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ယခင်က ရှိခဲ့သော ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကြားတွင် ကွာဟချက် အနည်းငယ် ရှိနေသေးသဖြင့် အိုယန်ယွန်း ကျင့်စဉ်အဆင့် တက်လှမ်းသွားပြီးနောက် နတ်ဘုရားလက်နက်အဆင့် ရှိသော ထျန်းယုဓား၏ စွမ်းအားမှာ ချက်ချင်းပင် ပိုမိုပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။

ဖြုန်း။

ဓားတစ်ချက် ခုတ်ချက်ရုံမျှဖြင့် တစ်ဖက်လူ၏ လက်ထဲရှိ လှံရှည်မှာ တိုက်ရိုက်ပင် ကြေမွပျက်စီးသွားပြီးနောက် ထျန်းယုဓား၏ စွမ်းအားမှာ ထပ်မံ၍ စီးဆင်းသွားတော့သည်။ ဖန်ခိုင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့သော အမူအရာများ ထင်ဟပ်လာပြီး "မလုပ်နဲ့" ဟုသာ အော်ဟစ်နိုင်တော့ခြင်းပင်။

All Chapters