အခန်း ၁၀၉၁
Vol. 52 Ch. 1091
အခန်း(၁၀၉၁)
"အင်း။" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ချေသည်။
ဘေးမှ ချန်ယွီက ဝင်ပြောလာ၏။ "နင်တို့ကြားမှာ အရင်က ဘယ်လိုပတ်သက်မှုမျိုးပဲ ရှိခဲ့ရှိခဲ့၊ အခုတော့ ငါနင့်ကို ပြောလိုက်မယ်၊ ဖန်ယွမ်ရဲ့ အဆင့်အတန်းက အရင်လို မဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ တျန်ယွမ်ကြယ်တစ်ခုလုံးကို သူမက လွှဲပြောင်းရယူရတော့မှာမလို့ပဲ၊ ဒါ့ကြောင့် နင် စကားပြောတဲ့အခါ အပြောအဆို ဆင်ခြင်ဖို့ မျှော်လင့်တယ်။"
ချင်ယွမ်ဖုန်းက ဘာမှပြန်မပြောသော်လည်း အိုယန်ယွန်းမှာမူ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ကွေးသွားတော့မတတ် ဖြစ်ရချေသည်။ ထိုအမျိုးသမီးက အလွန်ပင် ဗိုလ်ကျစိုးမိုးလွန်းလှပေသည်။ သူမက ရင်ဘတ်ကို မတ်ကာ ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် ချင်ယွမ်ဖုန်းက သူမကို တားဆီးလိုက်ပြီး ထို့နောက် သူ့ထံမှ စကားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့၏။ "သူမရဲ့ အဆင့်အတန်းက အခု ဘာပဲဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး၊ သူမက ငါသိတဲ့ ဖန်ယွမ် ဖြစ်နေသရွေ့ ဒါက လုံလောက်ပြီ၊ တျန်ယွမ်ကြယ်က ဘာလုပ်လုပ် ငါနဲ့မဆိုင်ဘူး။"
"ချင်ယွမ်ဖုန်း။" ချန်ယွီ၏ သွယ်လျသော မျက်ခုံးအစုံက တွန့်ချိုးသွားပြီး မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ယှက်သန်းလာချေသည်။ "မင်းက တျန်ယွမ်ကြယ်ကို တကယ်ပဲ မျက်စိထဲ မထည့်တာလား။"
ဖန်ယွမ်က ဘေးမှနေ၍ ဝင်ပြောရှာသည်။ "တော်ပါတော့ ချန်ယွီ၊ ချင်အကို့ကို အခက်အခဲ မလုပ်ပါနဲ့လား၊ ငါတို့က မိတ်ဆွေဟောင်းတွေပဲဥစ္စာ၊ နင် ဘာမှ ထပ်မပြောပါနဲ့တော့။" ချန်ယွီက နှုတ်ခမ်းကို လှုပ်ရှားကာ တစ်ခုခု ပြောချင်သေးသော်လည်း ဖန်ယွမ်၏ အဆင့်အတန်းက အထင်အရှား ရှိနေပြီး သူမကိုယ်တိုင်ကလည်း စကားဟန့်လိုက်ပြီ ဖြစ်ရာ အခုချိန်တွင် သူမ ဘာပြောပြော အပိုသာ ဖြစ်ပေလိမ့်မည်။
ချင်ယွမ်ဖုန်းက ပြောလိုက်၏။ "သံတမန် ချန်ယွီ၊ မင်းရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကနေ အဆင့်မြင့်အဆင့်ကို ကူးပြောင်းခါစပဲ ရှိသေးတယ်လို့ ငါမြင်တယ်၊ အတိအကျ ပြောရရင် မင်းက အဆင့်မြင့်အဆင့် နတ်ဘုရားနယ်ပယ်ထဲကို ခြေလှမ်းလှမ်းရုံပဲ ရှိသေးတာ မဟုတ်လား၊ ဒီလိုကျင့်ကြံခြင်း နယ်ပယ်မျိုးက နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ ဘာမှမဟုတ်သေးပါဘူး၊ မင်းက ဒီလို လောကီအရေးအရာ အသေးအဖွဲတွေထဲမှာပဲ အမြဲနစ်မွန်းနေမယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ်က သိပ်ပြီး တိုးတက်လာမှာမဟုတ်ဘူးလို့ ငါထင်တယ်။"
သူ့စကားကို ကြားလိုက်ရသဖြင့် အရင်ကတည်းက မျက်နှာပျက်နေသော ချန်ယွီသည် ချက်ချင်းပင် မျက်နှာက ညိုမှောင်သွားတော့၏။ သို့သော်လည်း ချင်ယွမ်ဖုန်း ပြောသည်က မှန်ကန်ကြောင်း သူမ ဝန်ခံရပေလိမ့်မည်။
ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိနေသောကြောင့် သူမ၏ ကျင့်ကြံခြင်းအချိန်ကို တစ်ခါတစ်ရံ ကောင်းမွန်စွာ မစီမံနိုင်ခဲ့ချေ။ အထူးသဖြင့် သူမ၏ လက်ရှိနယ်ပယ်တွင် စိတ်နှလုံးထဲ၌ အချို့သော ကိစ္စရပ်များက အမြဲတမ်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့ရာ ယင်းက လက်ရှိကျင့်ကြံခြင်း အတားအဆီးကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
ထိုသို့သာ မဟုတ်လျှင် သူမသည် နတ်ဘုရားနယ်ပယ်၏ ပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိပြီး စစ်မှန်သော နတ်ဘုရားနယ်ပယ်ထဲသို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်တန်ရာသည်။
အခုချိန်တွင် သူမသည် ချင်ယွမ်ဖုန်းက ဘာ့ကြောင့် ဤမျှမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာရသလဲဆိုသည်ကို သိချင်နေမိသော်လည်း ၎င်း၏ စကားသံထဲတွင်မူ အမြဲတမ်း အထက်စီးဆန်သော ခံစားချက်မျိုး ပါဝင်နေချေသည်။
မိမိအပေါ် ထားရှိသော ချင်ယွမ်ဖုန်း၏ အေးစက်စက် စကားလုံးများကို ကြားပြီးနောက် ချန်ယွီ၏ အတွေးများက သိမ်မွေ့စွာ ပြောင်းလဲသွားပြီး ထို့နောက်တွင် သူမက မေးလိုက်တော့၏။ "မင်း ဘယ်လိုမျိုး အတိအကျ ပြန်ကောင်းလာတာလဲ၊ ငါ့ရဲ့ ခန့်မှန်းချက်အရ မင်းရဲ့ စိတ်ဝိညာဉ်နယ်ပယ်က ထိခိုက်သွားခဲ့တာ၊ ဒါပေမဲ့ ယင်းကို ကုသဖို့ဆိုတာ သာမန်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားနဲ့ လုံးဝမစွမ်းဆောင်နိုင်တဲ့ အရာပဲ။"
ချင်ယွမ်ဖုန်းသည် သူမ၏ သဘောထားက အနည်းငယ် ပြောင်းလဲသွားသည်ကို ကြားလိုက်ရသဖြင့် ယင်းကို သူမအား ထပ်မံဖုံးကွယ်မထားတော့ပေ။ သူက ပြောလိုက်၏။ "မင်း လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးရဲ့ နာမည်ကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ် ထင်တယ်။"
"လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးလား။" ချန်ယွီက အနည်းငယ် မှင်တက်သွားပြီးနောက် ပြောလိုက်သည်။ "ငါ့ရဲ့ လူကြီးမိဘတွေ ပြောတာကို ငါတစ်ခါ ကြားဖူးတယ်၊ လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက နတ်ဘုရားအရှင်သခင်အဆင့်ရှိတဲ့ ပညာရှင်ကြီးတစ်ယောက်လို့ သိရတယ်၊ ဒါပေမဲ့ ဘာလို့ သူ့ရဲ့ သတင်းတွေ ကာလအတော်ကြာ ပျောက်ဆုံးနေလဲဆိုတာ ငါမသိဘူး၊ ဒါဆိုရင်..."
ချန်ယွီက တစ်ခုခုကို တွေးမိသွားပုံရပြီး ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ သူမအား ပြောလိုက်၏။ "မင်း ခန့်မှန်းတာ မှန်ပါတယ်၊ လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးက ဒီနေရာမှာ ရှိနေတာ၊ သူ့ရဲ့ ဘေးကင်းမှုအတွက် ငါ ဒီကိစ္စကို မင်းကို အသေးစိတ် ပြောပြမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း နားလည်ထားဖို့ မျှော်လင့်တာက ငါမင်းကို ပြောပြသင့်တဲ့ ကိစ္စမျိုးဆိုရင် ငါ အလိုအလျောက် ပြောပြမှာပဲ၊ အကယ်၍ ငါမပြောပြချင်ဘူးဆိုရင်တော့ မေးနေလည်း အပိုပဲ ဖြစ်လိမ့်မယ်။"
ချန်ယွီသည် မိမိ၏ အရင်က စစ်ဆေးမေးမြန်းမှုများက ချင်ယွမ်ဖုန်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံရကြောင်း ချက်ချင်း သဘောပေါက်သွားတော့၏။ အမှန်တော့ သူမတွင် မကောင်းသော ရည်ရွယ်ချက် မရှိချေ၊ အခြေအနေကို နားလည်လိုရုံသက်သက်သာ ဖြစ်ပေသည်။ သူမက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးနောက် ပြောလိုက်၏။ "ငါ ဒီကိစ္စကို မင်းအတွက် လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးထားပါ့မယ်။"
ချင်ယွမ်ဖုန်းက "ငါ မင်းကို ယုံပါတယ်" ဟု ဆိုသည်။
ချန်ယွီက အနည်းငယ် မှင်တက်သွားပြီးနောက် မေးလိုက်၏။ "မင်း ငါ့ကို နားလည်လို့လား။"
ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။ "မင်းက နည်းနည်း စိတ်မြန်လက်မြန် ရှိတာကလွဲရင် စိတ်ထဲမှာ သိပ်ပြီး ရှုပ်ထွေးတဲ့ အတွေးမျိုးတွေ ရှိတာ မဟုတ်ဘူးမလား။" ထို့နောက် သူက ချန်ယွီ စကားပြန်ပြောသည်ကို မစောင့်တော့ဘဲ ဖန်ယွမ်ကို ကြည့်ကာ ပြောလိုက်၏။ "မိန်းကလေး ဖန်ယွမ်၊ မင်းရဲ့ ဆွေမျိုးသားချင်းတွေကို ပြန်ရှာတွေ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ အော်... ဒါနဲ့၊ မင်း ငါ့ဆီ ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ်ဆိုတော့ တစ်ခုခု လိုအပ်လို့လား။"
ဖန်ယွမ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့အကြိမ်တုန်းက နင် ငါ့ဒေါ်လေးဆီသွားဖို့ လူလွှတ်ပြီး လိုက်ပို့ပေးခဲ့တယ်၊ ပြီးတော့ ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ အများကြီးလည်း ပေးခဲ့သေးတယ်၊ နင့်ကို ဘယ်လို ကျေးဇူးဆပ်ရမှန်း ငါမသိတာနဲ့ နင့်အတွက် လက်ဆောင်အသေးစားလေး တစ်ခု ယူလာခဲ့တာ။" စကားဆုံးသည်နှင့် ဖန်ယွမ်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ သွေးရောင်တောက်နေသော အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်ရာ ယင်းက မှိုကဲ့သို့ ပုံသဏ္ဌာန် ရှိချေသည်။
"သွေးတိမ်တိုက်လင်ဇီးလား။" ချင်ယွမ်ဖုန်းက အနည်းငယ် အံ့အားသင့်သွားရ၏။
"ဟီးဟီး၊ ဒီအရာက အနှစ်တစ်သောင်းမှာ တစ်ပင်ပဲ ရင့်မှည့်တာလို့ ငါကြားဖူးတယ်၊ ပြီးတော့ နတ်ဘုရားတစ်ပါးရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူး အများကြီး ရှိတယ်၊ နင် ဒါကို လုံးဝ ငြင်းလို့မရဘူးနော်။" ထိုသို့ပြောပြီးနောက် သူမက ချင်ယွမ်ဖုန်း ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် ချင်ယွမ်ဖုန်း၏ လက်ထဲသို့ တိုက်ရိုက်ပင် ထိုးထည့်ပေးလိုက်တော့သည်။ ချင်ယွမ်ဖုန်းက မတတ်သာသလို ပြုံးလိုက်မိ၏။
ထိုမိန်းကလေးငယ်၏ ကျေးဇူးသိတတ်မှုက ကောင်းမွန်သောအရာ ဖြစ်သော်လည်း သူမ ထုတ်ပေးလိုက်သည့် ပစ္စည်းကမူ တကယ်ပင် အလွန်တန်ဖိုးကြီးလှပေသည်။ ရှောင်လင်၏ စနစ်အရောင်းဆိုင်ထဲတွင်လည်း ဤကဲ့သို့သော ရတနာများ ရှိသော်လည်း ဈေးနှုန်းကမူ အလွန်ပင် ကြီးမြင့်လှ၏။
ထိုစဉ်တုန်းက ချင်ယွမ်ဖုန်းသည် ယင်းကို မော့ကြည့်ရုံသာ တတ်နိုင်ခဲ့သော်လည်း အခု ဖန်ယွမ်က ယင်းကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ယင်းက တျန်ယွမ်ကြယ်၏ အရင်းအမြစ်များ မည်မျှအထိ ကြွယ်ဝချမ်းသာသလဲဆိုသည်ကို သူ့အား တွေးတောမိစေသည်။ အဆုံးစွန်၌ ယင်းက အတော်အတန် အထက်ဆင့် ကြယ်နယ်မြေတစ်ခု ဖြစ်ပြီး ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားခြင်းက ၎င်း၏ အလွန်အမင်း အစွမ်းထက်သော အင်အားကို ပြသနေခြင်းပင်။
"ဒါက မင်းရဲ့ ဒေါ်လေးက ယူလာခိုင်းတာလား။" ချင်ယွမ်ဖုန်းက ယင်းကို လက်ခံရင်း ခပ်ပေါ့ပေါ့ မေးလိုက်ချေသည်။ ဤသွေးတိမ်တိုက်လင်ဇီးကို ရရှိခြင်းက အခုချိန်တွင် ကျင့်ကြံခြင်းအင်အားကို မြှင့်တင်ရန် လိုအပ်နေသော သူ့အတွက် အလွန်ပင် အရေးကြီးလှပေသည်။
ဖန်ယွမ်က "ဒါပေါ့၊ ဒါမှမဟုတ်ရင် ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ဒီလိုမျိုး အကောင်းစားအရာကို ဘယ်လိုလုပ် ရနိုင်မှာလဲ" ဟု ဆိုသည်။
"မင်းရဲ့ ဒေါ်လေးက မင်းအပေါ် တကယ် ကောင်းပုံရပါတယ်။"
"အင်း၊ ငါ့ဒေါ်လေးက ငါ့ကိုမြင်တော့ သိပ်ဝမ်းသာသွားတာ၊ သူမက ငါတို့မိသားစု ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ထင်နေခဲ့တာ၊ ငါ သူမကို သွားရှာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။" ဖန်ယွမ်က ပြောလိုက်၏။
---
အိုယန်ယွန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အနည်းငယ် မနာလိုဖြစ်သွားရချေသည်။ တစ်စုံတစ်ယောက်က ချင်အကို့ကို ဤမျှကောင်းမွန်သော အရာအား ပေးအပ်နေသော်လည်း သူမသည် ကုဇေကြယ်ပေါ်က စစ်ပွဲကို ချင်အကို ကူညီနှိမ်နင်းပေးခဲ့ပြီးနောက်ပိုင်း ချင်အကို့အတွက် ဘာတစ်ခုမှ မပေးရသေးချေ။
ထို့ကြောင့် သူမက လှည့်လိုက်ပြီး မိသားစုထဲတွင် ကြီးမြတ်သော တန်ဖိုးရှိသည့် အရာမျိုး ရှိမရှိ နောက်ကွယ်က ကြီးကြပ်သူကြီးအား မေးမြန်းလိုက်တော့သည်။
ကြီးကြပ်သူကြီးက ပြောလိုက်၏။ "ပြီးခဲ့တဲ့အကြိမ်က အထီးကျန်ကြယ် ဘိုးဘေး သေဆုံးပြီးနောက်မှာ သူက ရတနာတော်တော်များများ ချန်ထားခဲ့ပါတယ်၊ ယင်းထဲက တစ်ခုကတော့ သူကျင့်ကြံထားတဲ့ ကောင်းကင်ဘုံလမ်းစဉ်ဆေးလုံးပဲ ဖြစ်ပါတယ်။"
အိုယန်ယွန်းက နှုတ်ခမ်းကို ဆူလိုက်ပြီး ပြော၏။ "အဲ့ဒီအရာက မူလကတည်းက ချင်အကိုနဲ့ပဲ ဆိုင်တာလေ၊ ဘာလို့လဲဆိုတော့ အထီးကျန်ကြယ် ဘိုးဘေးက သူ့လက်နဲ့ပဲ အသေခံခဲ့ရတာဥစ္စာ၊ ဒါ့အပြင် ငါတို့ တခြားဘာမှ မထုတ်ပေးနိုင်တော့ဘူးလား။"
"အင်း..."
ကြီးကြပ်သူကြီးက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "အိုချီဟွာ ဒီမှာရှိတုန်းက ကျင့်ကြံဖို့အတွက် အသုံးပြုတဲ့ ရေခဲကန်တစ်ခု ရှိခဲ့ဖူးပါတယ်၊ ထိုရေခဲကန်က နတ်ဘုရားတစ်ပါးရဲ့ ကျင့်ကြံခြင်းအတွက် အလွန်ကောင်းမွန်တဲ့ အာနိသင်ရှိပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး၊ ကြားဖူးရုံပဲ ရှိတာပါ၊ ယင်းက အကျုံးဝင်မလားတော့ မသိဘူး။"
အိုယန်ယွန်း၏ မျက်လုံးများက တောက်ပသွားပြီး သူမက ပြောလိုက်ချေသည်။ "ဒါပေါ့ အကျုံးဝင်တာပေါ့၊ ငါလည်း သူပြောဖူးတယ်၊ ဒါက ရှေးဟောင်းရေခဲလွှာကန်ပဲ၊ အဲ့ထဲမှာရှိတဲ့ လွင့်မျောတိမ်တိုက် ရေခဲချီစွမ်းအင်က သိုင်းပညာရှင်တွေအတွက် အလွန် အန္တရာယ်များပေမဲ့ သတ်မှတ်ထားတဲ့ အခြေအနေအောက်မှာတော့ ယင်းက သိုင်းပညာရှင်တစ်ယောက်ရဲ့ ပိုမိုကြီးမားတဲ့ ပါရမီကို လှုံ့ဆော်ပေးနိုင်ပြီး အဲ့ဒီကနေတစ်ဆင့် သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို ကြံ့ခိုင်စေနိုင်တယ်လေ။"