← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း (၂၄၁) - နောက်ယောင်ခံလိုက်ခံရခြင်း

ကျီယန်သည် ကျူးလင်ကို ပြုံးပြကာ ပြောလိုက်သည်။

"ငါ သူတို့ကို မသိပေမယ့် ဘယ်သူလွှတ်လိုက်တာလဲဆိုတာတော့ ငါသိတယ်..."

သူမ၏ နားမလည်နိုင်ဖြစ်နေသော အမူအရာကိုကြည့်ကာ ကျီယန်က စာရွက်တစ်ရွက် ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါက ငါတို့နဲ့ ပူးပေါင်းချင်နေတဲ့ စခန်းတွေရဲ့ စာရင်းပဲ..."

ကျူးလင်သည် သူ၏လက်ထဲမှ စာရွက်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင် ရေးထားသော စခန်းများ၏ အမည်များကို ဖတ်ကြည့်လိုက်သည်။ စာရင်းကို ဖတ်ပြီးနောက် သူမက စာရွက်ကို စားပွဲပေါ်တင်လိုက်ကာ ကျီယန်ကိုကြည့်၍ မေးလိုက်သည်။

"သူတို့အားလုံးက ငါတို့နဲ့ ပူးပေါင်းချင်နေကြတာလား... ဘာဖြစ်လို့လဲ..."

ကျီယန်က သက်ပြင်းချလိုက်ပြီး ပြောလေသည်။

"ငါတို့စခန်းအပြင်ဘက်က အပူချိန်က အခုဆိုရင် အနုတ် ၅၉ ဒီဂရီအထိ ရောက်နေပြီ... ဒီအပူချိန်မှာ အပြင်ဘက်က ပစ္စည်းတော်တော်များများက ပျက်စီးကုန်ပြီလေ...”

“အစားအသောက်၊ ရေနဲ့ ဆောင်းတွင်းသုံးပစ္စည်းတွေ မရှိတော့လို့ နေ့တိုင်း လူတွေအများကြီး သေဆုံးနေကြရတယ်...”

“အဲဒါကြောင့် အဲဒီအသေးစားနဲ့ အလတ်စား စခန်းတွေက ရှင်သန်နိုင်ဖို့အတွက် ကြီးမားတဲ့စခန်းတွေနဲ့ ပူးပေါင်းရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး..."

သူသည် စာရွက်ကို ပုတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ပြီးတော့ စစ်ဘက်ဆိုင်ရာစခန်းက ငါတို့နဲ့ ပူးပေါင်းမယ်ဆိုတာကို ကြားပြီးတော့ ဒီစခန်းတွေအားလုံးက ငါတို့ဆီ လာပူးပေါင်းဖို့ ရွေးချယ်ခဲ့ကြတာပဲ..."

ကျီယန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်က မေးလိုက်သည်။

"ဒါဆိုရင် ရှင် ဘယ်လိုဆုံးဖြတ်ထားလဲ... သူတို့ကို ငါတို့နဲ့ ပူးပေါင်းခွင့် ပြုမှာလား..."

ကျီယန်က ထပ်မံသက်ပြင်းချလိုက်ပြန်ပြီး ပြောလေသည်။

"လောင်ရှို့တို့ကတော့ သူတို့ရဲ့ တောင်းဆိုချက်ကို လက်ခံချင်နေကြတယ်... ဒါပေမဲ့ ပြဿနာက ငါတို့ဆီမှာ နေထိုင်စရာ နေရာမလောက်ဘူးဖြစ်နေတာပဲ...”

“ပြီးတော့ လက်ရှိ ငါတို့ရနေတဲ့ အစားအစာထွက်ရှိမှုနဲ့ သူတို့အားလုံးအတွက် လုံလောက်တဲ့ အစားအစာနဲ့ ရေကို ထောက်ပံ့ပေးနိုင်မလားဆိုတာ ငါ သေချာမသိဘူး...”

“ရိတ်သိမ်းရတဲ့ အသီးအနှံတွေက များပြားပေမယ့် စိုက်ပျိုးမြေ ကန့်သတ်ချက်ရှိနေတော့ အရေအတွက်ကလည်း အကန့်အသတ်ဖြစ်နေတယ်..."

“ငါ မယုံကြည်ရတဲ့သူတွေကို ကူညီဖို့အတွက် ငါတို့လူ‌တွေကိုအနစ်နာမခံစေချင်ဘူး..."

ကျီယန် မှန်ကန်ကြောင်းကို ကျူးလင် သိပေသည်။

သူမ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက မြင်တွေ့ခဲ့ရပြီး ဤကမ္ဘာပျက်ကပ်ကြီးတွင် အခြေခံအကျဆုံး ရှင်သန်မှုစည်းမျဉ်းမှာ အခြားသူများကို မျက်လုံးစုံမှိတ်ယုံကြည်၍ မရခြင်းနှင့် သူစိမ်းများအတွက် မိမိကိုယ်ကို အနစ်နာမခံနိုင်ခြင်းပင် ဖြစ်ကြောင်း ကျူးလင် သိနားလည်ထားသည်။

သူမသည် ထိုအချက်ကို သိထားသော်လည်း နတ်ဘုရားတစ်ပါးအနေဖြင့် ဒုက္ခရောက်နေသူများကို လျစ်လျူမရှုနိုင်သလို လက်ပိုက်ကြည့်မနေနိုင်ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။

"စိုက်ပျိုးမြေတွေနဲ့ လူနေထိုင်ဖို့ နေရာတွေအတွက် မြေနေရာ ပိုချပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ တောင်းဆိုချက်ကို ရှင် လက်ခံမှာလား..."

ကျီယန်က သူမကို ကြည့်လိုက်ပြီး ဘာမှမတတ်နိုင်သလို ပြုံးလိုက်ကာ ပြောလေသည်။

"မင်းက မြေနေရာ ပိုချပေးနိုင်မယ်ဆိုရင်တော့ သူတို့အားလုံးကို ငါ လက်ခံမှာပေါ့... သူတို့ ငါတို့နဲ့ လာပူးပေါင်းတဲ့အခါ စိုက်ပျိုးမြေတွေ ပိုဖော်ထုတ်ပြီး သူတို့ကို အလုပ်သမားတွေအဖြစ် ငှားရမ်းလို့ရတယ်..."

“လုံလောက်တဲ့ စိုက်ပျိုးမြေနဲ့ လုပ်သားအင်အား ရှိလာရင် အစားအစာ ပြတ်လပ်မှု ပြဿနာက သဘာဝကျကျ ပြေလည်သွားလိမ့်မယ်...”

“ဒီနေ့ ပထမဆုံး ရိတ်သိမ်းပြီးတဲ့နောက် စိုက်ပျိုးမြေကို တိုးချဲ့ဖို့အတွက် ငါတို့မှာ လုံလောက်တဲ့ မျိုးစေ့တွေ ရှိနေပြီလေ..."

သူ့စကားကို ကြားပြီးနောက် ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"နားလည်ပြီ... စခန်းတိုးချဲ့ဖို့အတွက် ရှင့်မှာ အစီအစဉ်တွေ ရှိလား..."

ကျီယန်သည် အံဆွဲထဲမှ မြေပုံတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် ဖြန့်လိုက်သည်။ အပန်းဖြေစခန်း၏ တောင်ဘက်သို့ လက်ညှိုးထိုးပြကာ သူက ပြောလိုက်သည်။

"ငါတို့စခန်းကို ဒီဘက်ခြမ်းဆီ တိုးချဲ့ဖို့ ငါ စီစဉ်ထားတယ်... တောင်ဘက်ပိုင်းက မြေပြင်ညီညာပြီး ကျယ်ဝန်းတဲ့ မြေနေရာရှိတယ်... လူနေရပ်ကွက်တွေနဲ့ စိုက်ပျိုးမြေတွေအတွက် အရမ်းသင့်တော်တယ်..."

ကျူးလင်သည် မြေပုံကို မှတ်သားထားလိုက်ပြီး ပြောလိုက်သည်။

"အင်း... အကာအကွယ် အတားအဆီးကို တိုးချဲ့ပြီးတဲ့အခါ ရှင့်ကို လာပြောမယ်..."

ကျီယန်က သူမကို ပြုံးပြလိုက်ပြီး ရိုးသားပွင့်လင်းစွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှောင်လင်... မင်းရဲ့ အကူအညီသာမပါရင် ငါတို့ ဘယ်လို ရှင်သန်ရမလဲတောင် မသိတော့ဘူး..."

သူ၏ ရိုးသားနေသော မျက်လုံးများကို ကြည့်ကာ ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မတို့က သူငယ်ချင်းတွေပဲလေ... ကျွန်မတို့ကြားထဲမှာ အဲဒီလိုစကားတွေ ပြောနေစရာ မလိုပါဘူး... ဒီကိစ္စက အရေးတကြီးဖြစ်နေတာဆိုတော့ အခုပဲ သွားလုပ်လိုက်တော့မယ်..."

ကျီယန်သည် ပြုံးလိုက်ပြီး မြေပုံကို လိပ်ကာ အံဆွဲထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ပြောလေသည်။

"ကောင်းပါပြီ... နောက်မှတွေ့ကြတာပေါ့..."

အုပ်ချုပ်ရေးအဆောက်အအုံမှ ထွက်ခွာလာပြီးနောက် ကျူးလင်သည် ဝူလင်စခန်း၏ တောင်ဘက်ခြမ်းသို့ ထွက်လာခဲ့သည်။ စိုက်ပျိုးရေးဇုန်ထဲမှ ထွက်လာသည်နှင့် လူတစ်စု သူမနောက်သို့ နောက်ယောင်ခံလိုက်လာကြောင်းကို သူမ သတိထားမိလိုက်သည်။

ကျူးလင်သည် သူမ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သောအခါ ထိုသူများသည် ယခင်က စပါးကျီအနီးတွင် သူမတွေ့ခဲ့ရသော မသင်္ကာဖွယ်လူများဖြစ်ကြောင်း သိလိုက်ရသည်။

ကျီယန် ခုနလေးတင် သူမကို ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောရင်း သူမသည် တောင်ဘက်သို့သာ တည်ငြိမ်စွာ ဆက်လျှောက်လာခဲ့သည်။

တောင်ဘက်ပိုင်းတွင် မြေကွက်လပ်ငယ်လေးတစ်ခုမှလွဲ၍ ဘာမျှမရှိသောကြောင့် ကျူးလင်သည် လူနေရပ်ကွက်နှင့် ဝေးရာသို့ လျှောက်သွားသောအခါ ပတ်ဝန်းကျင်၌ လူအများအပြား မရှိတော့ပေ။

လူနေရပ်ကွက်နှင့် အဝေးဆုံးနေရာသို့ ရောက်သောအခါ ကျူးလင် ရပ်တန့်လိုက်သည်။ သူမသည် ထိုနေရာတွင် ရပ်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ထွက်ခဲ့ကြတော့... ရှင်တို့အားလုံး ငါ့နောက်ကို လိုက်လာတာ ငါသိတယ်..."

သူမနောက် သိပ်မဝေးသောနေရာတွင် ပုန်းကွယ်နေကြသော ထိုသူများသည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သဘာဝလွန်စွမ်းအားရှင်များ၏ အာရုံငါးပါးသည် သာမန်လူများထက် ပို၍ထက်မြက်ကြောင်း သူတို့သိထားကြသော်လည်း သူတို့ကိုယ်တိုင်ကလည်း သဘာဝလွန်စွမ်းအားရှင်များပင် ဖြစ်ကြသည်။

သူမနောက်သို့ လိုက်စဉ်က သူတို့ မည်မျှသတိထားခဲ့ကြောင်းနှင့် သူတို့အဖွဲ့ဝင်များ၏ ကင်းထောက်စွမ်းရည်တို့ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ သူတို့၏ပစ်မှတ်က သူမနောက်သို့ လိုက်လာမှန်း သိနေခြင်းမှာ အလွန်ပင် အံ့ဩစရာကောင်းလှပေသည်။

စက္ကန့်အနည်းငယ်ကြာအောင် စောင့်နေသော်လည်း သူတို့ ပုန်းကွယ်နေသည့်နေရာများမှ ထွက်မလာကြသေးသဖြင့် ကျူးလင် လှည့်ကြည့်လိုက်ပြီး ပြောလေသည်။

"ဘယ်သူမှ ထွက်မလာချင်ကြဘူးဆိုရင်လည်း ငါ အရင်သွားနှင့်တော့မယ်... ငါ့မှာ လုပ်စရာလေးတွေ ရှိနေသေးလို့..."

ကျူးလင်သည် နောက်ထပ် စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းလိုက်ပြီးနောက် ထိုသူများ သူတို့၏ ပုန်းကွယ်ရာနေရာများမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်ကို မြင်လိုက်ရသည်။ သူမက သူတို့ကို ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့ ငါ့ဆီက ဘာလိုချင်လို့လဲ..."

သူမသည် တည်တည်ငြိမ်ငြိမ်နှင့် ယဉ်ကျေးစွာ ဆက်ဆံနေသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်များထဲမှ တစ်ဦးသည် သူမအား ပြန်ပေးဆွဲလိုသည့်အပေါ် အပြစ်ရှိသလို ခံစားလိုက်ရရှာ၏။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"တောင်းပန်ပါတယ် မိန်းကလေး... ဒါပေမဲ့ ကျုပ်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ... ဒီလိုမှ မလုပ်ရင် ကျုပ်တို့လူတွေက ငတ်သေရင်သေ မဟုတ်ရင် အအေးဒဏ်ကြောင့် သေရလိမ့်မယ်...”

“ကျုပ်တို့ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းက မင်းကို ပြန်ပေးဆွဲပြီးတော့ ရိက္ခာတွေနဲ့ လဲလှယ်ဖို့ပဲ ရှိတော့တယ်..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူနှင့် သူ၏အဖွဲ့ဝင်များသည် သူတို့၏ စွမ်းရည်များဖြင့် တိုက်ခိုက်ရင်း ကျူးလင်ဆီသို့ ပြေးဝင်လာကြသည်။

သူမဆီသို့ ပစ်ခတ်လာသော ရောင်စုံစွမ်းရည်များကို ကြည့်ကာ ကျူးလင်သည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး ပြောလိုက်သည်။

"ရှင်တို့အားလုံး ရှင်သန်ဖို့အတွက် ဒီလိုလုပ်နေတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ရှင်တို့ လမ်းမှားကို ရွေးချယ်လိုက်တာကတော့ နှမြောစရာပဲ..."

ထိုသို့ ပြောပြီးနောက် ကျူးလင်သည် သူမ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ပင်းကျန့်သည် သူမ၏ လက်ထဲတွင် ပေါ်လာတော့၏။

နောက်တစ်စက္ကန့်တွင် သူမသည် ထိုသူများအား ဓားဖြင့် အလျားလိုက် ပိုင်းခုတ်ချလိုက်သည်။ ဓားစွမ်းအင်များသည် သူတို့ဆီသို့ ပျံသန်းသွားပြီး ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်စင်သွားစေရန် နောက်သို့ တွန်းထုတ်ပစ်လိုက်လေသည်။

ဘုန်း… ဂျွတ်… ဂျွတ်… ဂျွတ်…

All Chapters