အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅) - ယွီယင်း၏ ဆုံးဖြတ်ချက်
အစောင့်သည် ထန်ဝေ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှို့ဝူထံသို့ အမြန်သွားရောက်သတင်းပို့လေသည်။ သူတို့စောင့်ဆိုင်းနေစဉ်အတွင်း ယွီယင်းသည် ထန်ဝေ့ကို စိတ်ဝင်တစား ကြည့်နေ၏။ သူမ၏အကြည့်များ သူ့ထံကျရောက်နေသည်ကို အာရုံခံမိသောအခါ ထန်ဝေ့သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။
"ငါ့ကို ဘာလို့ အဲဒီလိုကြည့်နေတာလဲ..."
ယွီယင်းသည် သူ့ကို တောင့်တင်းသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ရှင်က ဒီကလူသားတွေနဲ့ မတူဘူးပဲ..."
သူမ၏စကားကို ကြားသောအခါ ထန်ဝေ့သည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မေးလိုက်သည်။
"ဘာလို့ အဲဒီလိုပြောတာလဲ..."
ယွီယင်းသည် သူ၏ အောက်ဒန်တျန်ကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
"လျှို့ဝှက်ဓာတ်ခွဲခန်းထဲကနေ ကျွန်မတို့ကို ကယ်ထုတ်သွားတဲ့သူတွေလိုပဲ ရှင့်ရဲ့ အောက်ဒန်တျန်မှာလည်း သေးငယ်တဲ့ ဝိညာဉ်အမြုတေတစ်ခု ရှိနေတယ်..."
သူမ၏စကားကို ကြားပြီးနောက် ထန်ဝေ့သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထူထူကို ကြည့်ကာ တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။
"ထူထူ... သူပြောတာကို နားလည်လား..."
ထူထူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အင်း... သူက မင်းရဲ့ သွေးကြောတွေနဲ့ အောက်ဒန်တျန်ထဲမှာ လှည့်ပတ်နေတဲ့ နတ်ဘုရားစွမ်းအင်အကြောင်းကို ပြောနေတာ..."
ထန်ဝေ့၏ နားမလည်နိုင်ဖြစ်နေသော အမူအရာကို မြင်သောအခါ ထူထူက ရှင်းပြလိုက်သည်။
"မင်းက နတ်ဘုရားစွမ်းအင်တွေ ပြည့်နှက်နေတဲ့နေရာမှာ နေထိုင်နေတာကြောင့် အချိန်တွေကြာလာတာနဲ့အမျှ နတ်ဘုရားစွမ်းအင်တွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာပြီး ဝိညာဉ်အမြုတေတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်... “
“အခုဆိုရင် မင်းရဲ့ အောက်ဒန်တျန်မှာ သေးငယ်တဲ့ ဝိညာဉ်အမြုတေတစ်ခု ရှိနေပြီ..."
ထူထူ၏စကားကို ကြားသောအခါ ထန်ဝေ့၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။
"ဒါဆို အခု ငါက ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်လို့ရပြီလား..."
ထူထူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"မင်းကို ကျင့်ကြံသူတစ်ဝက်လို့တော့ သတ်မှတ်လို့ရတယ်..."
ထန်ဝေ့သည် စိတ်ပျက်သွားသည့်ဟန်ဖြင့် မေးလိုက်သည်။
"ဘာလို့ အပြည့်အဝ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ တစ်ဝက်တည်းဖြစ်ရတာလဲ..."
ထူထူက သူ၏ပါးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းက ဘယ်ကျင့်စဉ်ကိုမှ မသင်ယူရသေးလို့ပဲ...”
“မင်းရဲ့ နတ်ဘုရားစွမ်းအင်တွေကို စုပ်ယူပြီး အဲဒီသေးငယ်တဲ့ ဝိညာဉ်အမြုတေ ဖြစ်တည်လာပုံနဲ့ဆိုရင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ အနည်းဆုံး နှစ်လေးရာလောက် အချိန်ယူရလိမ့်မယ်...”
“ချီသန့်စင်ခြင်းအဆင့်ရဲ့ အစောပိုင်းအဆင့်ကို ရောက်မှသာ ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်လို့ရမှာ..."
ထိုစကားကို ကြားသောအခါ ထန်ဝေ့သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ပြောလိုက်သည်။
"အဲဒီအချိန်ရောက်ရင် ငါက ရှေးဟောင်းပစ္စည်းတစ်ခုတောင် ဖြစ်နေလောက်ပြီ..."
ထူထူသည် သူ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ငါ မင်းကို အခြေခံကျင့်စဉ်တချို့ သင်ပေးလို့ရတယ်...”
“မင်းသာ ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ပါရမီနဲ့ဆို ဒီဘဝမှာ ချီသန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး..."
ထူထူ၏စကားကို ကြားသောအခါ ထန်ဝေ့သည် ပါးစပ်ပိတ်ထားလိုက်ပြီး ထိုယုန်ကို လျစ်လျူရှုထားလိုက်တော့သည်။
ထူထူက ထန်ဝေ့ကို စနောက်နေစဉ်အတွင်း သူတို့ပြောသမျှစကားအားလုံးကို ယွီယင်း ကြားသွားလေသည်။ သူမသည် ထူထူကို အံ့ဩတကြီး ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သန္ဓေပြောင်သားရဲတွေ စကားပြောတတ်တယ်ဆိုတာကို ကျွန်မ တစ်ခါမှ မသိခဲ့ဘူး..."
ထူထူသည် သူ့ကိုယ်သူ သန္ဓေပြောင်းသားရဲတစ်ကောင်နှင့် နှိုင်းယှဉ်ခံလိုက်ရဖြင့် အလွန်အမင်း စော်ကားခံရသည်ဟု ခံစားလိုက်ရသည်။ထို့နောက် ထူထူသည် ယွီယင်းကို တစ်စက္ကန့်ခန့်သာ မျက်စောင်းထိုးကြည့်လိုက်ပြီး သူမကို လျစ်လျူရှုထားလိုက်သည်။
မိနစ်နှစ်ဆယ်ကျော်ကြာ စောင့်ဆိုင်းပြီးနောက် ရှို့ဝူသည် ကျူးလင်၊ ချန်ယွီတို့နှင့်အတူ ရောက်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ယွီယင်းသည် ချန်ယွီကို မြင်သည်နှင့် သူမ၏ အနီရောင်မျက်လုံးအစုံတွင် ပျော်ရွှင်မှုများ အထင်အရှား ပေါ်လွင်လာကာ သူ၏အနီးသို့ အမြန်လျှောက်သွားလေသည်။
သူမ အနီးသို့ မရောက်မီ ရှို့ဝူသည် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ယွီယင်း၏ ခြေလှမ်းရှေ့ရှိ မြေပြင်သည် အက်ကွဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူမသည် အက်ကွဲကြောင်းနှင့် မီတာအနည်းငယ်အကွာသို့ အလိုအလျောက် ခုန်ဆုတ်လိုက်မိသည်။ နောက်တစ်စက္ကန့်တွင် သူမသည် မျက်လုံးများကို မော့ကြည့်လိုက်ပြီး ရှို့ဝူကို စိုက်ကြည့်လိုက်လေသည်။
သူမသည် အံကြိတ်လိုက်ပြီး ဒေါသသံစွက်နေသော လေသံဖြင့် ပြောလိုက်သည်။
"ရှင်က ဘယ်သူလဲ... ဘာလို့ ကျွန်မကို ရုတ်တရက် တိုက်ခိုက်ရတာလဲ..."
ရှို့ဝူသည် သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါက ဒီစခန်းရဲ့ ခေါင်းဆောင် ရှို့ဝူပဲ... အစောင့်တွေဆီကနေ မင်းအကြောင်း ငါကြားပြီးပြီ... မင်းက ချန်ယွီရဲ့ အစ်မလို့ ပြောတယ်ဆို... အဲဒီစကားကို မင်း သက်သေပြနိုင်လား..."
ယွီယင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် ချန်ယွီကို ကြည့်ကာ ပြောလိုက်သည်။
"ယွီယွီလေး ကလေးအရွယ်မှာတင် ကျွန်မတို့ ပြန်ပေးဆွဲခံခဲ့ရတာဆိုတော့ ကျွန်မက သူ့ရဲ့ အစ်မပါဆိုတာကို သက်သေပြဖို့ ဘာအထောက်အထားမှ မရှိဘူး...”
“ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သူက နှစ်လသားအရွယ်ပဲ ရှိသေးတာဆိုတော့ ဘာကိုမှ မှတ်မိမှာမဟုတ်ဘူး..."
“ဒါပေမဲ့ သူ့ရဲ့ ဘယ်ဘက်နားရွက်အနောက်မှာ အနီရောင်မှဲ့တစ်ခု ရှိတယ်ဆိုတာကို ကျွန်မ သိတယ်... ကျွန်မတို့ရဲ့ မိဘတွေက အဲဒီအနီရောင်မှဲ့ကို အနီရောင် ဟင်္သပြဒါးလို့ ခေါ်လေ့ရှိတယ်..."
သူမ ထိုသို့ပြောပြီးနောက် ကျူးလင်သည် ငုံ့ကာ ချန်ယွီ၏ ဘယ်ဘက်နားရွက်ကို စစ်ဆေးကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမသည် ရှို့ဝူကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"သူ လိမ်ပြောနေတာ မဟုတ်ဘူး... ချန်ယွီရဲ့ ဘယ်ဘက်နားရွက်အနောက်မှာ အနီရောင်မှဲ့တစ်ခု တကယ်ရှိတယ်..."
ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ယွီယင်းကို ကြည့်ကာ ပြောလိုက်သည်။
"မင်းက ချန်ယွီကို ခေါ်ပြီး ဒီစခန်းကနေ ထွက်သွားချင်တယ်လို့ ပြောတယ်ဆို... သူသာ မင်းနောက်ကို လိုက်လာရင် ဝဝလင်လင်စားရပြီး ဆောင်းရာသီကို အသက်ရှင်လျက် ဖြတ်သန်းနိုင်မယ်ဆိုတာကို မင်း အာမခံနိုင်လား..."
“မင်းရဲ့ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ကြောင့် သူ့ကို သေခိုင်းဖို့သက်သက်နဲ့ ငါ သူ့ကို မကယ်ချင်ဘူး..."
ယွီယင်း၏ မျက်လုံးများထဲမှ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ရှို့ဝူက ထပ်ပြောလိုက်သည်။
"ချန်ယွီက ဖုတ်ကောင်မဟုတ်ဘဲ စွမ်းရည်ရှင်တစ်ယောက်ဆိုတာကို မင်း သိထားရမယ်...”
“သူက သာမန်လူသားတွေထက် ခံနိုင်ရည်ပိုကောင်းပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်ပဲဖြစ်ပြီး ငါတို့ထက် ပိုအားနည်းတယ်..."
“လုံလောက်တဲ့ အကာအကွယ်မရှိရင် သူ ဒီဆောင်းရာသီကို အသက်ရှင်လျက် ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး... သူ့ကို ခေါ်သွားတာက အကောင်းဆုံး ဆုံးဖြတ်ချက်လို့ မင်း ထင်နေတုန်းပဲလား..."
ထိုသို့ပြောပြီးနောက် ရှို့ဝူသည် ယွီယင်း၏ တုံ့ပြန်မှုကို လေ့လာကြည့်လိုက်သည်။
သူမ၏ တုံ့ဆိုင်းနေမှုနှင့် မလိုလားမှုတို့ကို အာရုံခံမိသောကြောင့် သူသည် တိတ်ဆိတ်စွာပင် ရပ်နေလိုက်သည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ယွီယင်းက နောက်ဆုံးတွင် ပြောလိုက်သည်။
"ရှင်ပြောတာ မှန်တယ်... သူက ဖုတ်ကောင်မဟုတ်တဲ့အတွက် ယွီယွီလေးက ကျွန်မတို့လို အပြင်ဘက်က နေထိုင်မှုအခြေအနေတွေမှာ အသက်ရှင်နိုင်မယ်လို့ မထင်ဘူး..."
ရှို့ဝူသည် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
"ဒါဆို မင်း ဘာဆက်လုပ်မလဲ..."
သူ၏အမေးကို ကြားသောအခါ ယွီယင်းသည် အခြားသော အဆင့်မြင့်ဖုတ်ကောင်အုပ်စုကို ခေတ္တမျှ စဉ်းစားချင့်ချိန်လျက် ကြည့်လိုက်ပြီးနောက် ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မ မောင်လေးနဲ့အတူ ဒီစခန်းမှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီ..."
ရှို့ဝူ ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် ယွီယင်းသည် အခြားသော အဆင့်မြင့်ဖုတ်ကောင်အုပ်စုကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
"ရှင်သာ သူတို့ကို ရှင့်ရဲ့စခန်းမှာ နေခွင့်ပြုနိုင်တယ်ဆိုရင် ကျွန်မနဲ့ ကျွန်မရဲ့ လက်အောက်ငယ်သားတွေကိုလည်း ရှင့်ရဲ့စခန်းမှာ နေခွင့်ပြုနိုင်မယ်လို့ ယုံကြည်တယ်...”
“ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးက ဖုတ်ကောင်တွေချည်းပဲလေ..."
“ဒါ့အပြင် ကျွန်မရဲ့ လက်အောက်ငယ်သားတွေက သူတို့ထက်လည်း ပိုသန်မာကြတယ်...”
“ရှင့်ရဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ ကျွန်မတို့ရဲ့ အကူအညီလိုတယ်ဆိုရင် ကျွန်မ ကတိပေးပါတယ်... ဘာမှပြန်မတောင်းဘဲ ရှင့်ကို ကူညီပေးပါ့မယ်... ကျွန်မ မောင်လေးနဲ့အတူ နေခွင့်ပြုသရွေ့ပေါ့..."