အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆) - တွေ့ဆုံခြင်း
ရှို့ဝူ၏ဘေးတွင် ရပ်နေသော ကျူးလင်သည် ယွီယင်းကို ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
‘သူမက စကားပြောနိုင်ပေမယ့် သူမရဲ့စိတ်က ကလေးတစ်ယောက်လိုပဲ... သူမက သိပ်မူမမှန်တဲ့အပြင် ဖုတ်ကောင်တွေကို ထိန်းချုပ်ဖို့ ကြမ်းတမ်းတဲ့ခွန်အားကိုပဲ သုံးတတ်တယ်...’
‘အနာဂတ်မှာ ဒီဖုတ်ကောင်တွေ ပုန်ကန်ရင် ဒုက္ခရောက်လိမ့်မယ်... တကယ်လို့ ရှို့ဝူက သူမနဲ့ သူမရဲ့ လက်အောက်ငယ်သားတွေကို ဒီစခန်းမှာ နေခွင့်ပြုမယ်ဆိုရင် ဒီဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ သခင်လေးလေ့ကို ငါ အကူအညီတောင်းမှ ရမယ်...'
သူမ တွေးတောနေဆဲမှာပင် ရှို့ဝူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးသွားလေပြီ။ သူသည် ယွီယင်းကို ကြည့်ကာ ပြောလိုက်သည်။
"မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါတို့စခန်းမှာ နေခွင့်ပြုနိုင်ပေမယ့် မင်းတို့က ငါတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်...’
‘မင်း ဒါမှမဟုတ် သူတို့တွေက စည်းမျဉ်းတွေကို ချိုးဖောက်မိတာနဲ့ ငါတို့က မင်းတို့အားလုံးကို ရှင်းပစ်ရလိမ့်မယ်... မင်း သဘောတူတယ်ဆိုရင် ငါတို့စခန်းကနေ မင်းတို့ကို ကြိုဆိုပါတယ်..."
ရှို့ဝူ၏ စကားပြောဆိုပုံကြောင့် ယွီယင်း ဒေါသထွက်သွားသော်လည်း သူမ၏ မောင်လေးအတွက် သည်းခံလိုက်လေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် စိတ်ကို တည်ငြိမ်စေလိုက်ပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ... ငါ့ရဲ့ လက်အောက်ငယ်သားတွေ မင်းတို့ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်အောင် ငါ သေချာဂရုစိုက်ပါ့မယ်... တကယ်လို့ သူတို့က စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ရင် သူတို့ကို ငါကိုယ်တိုင် ရှင်းပစ်မယ်..."
သူမ၏ နီရဲနေသော မျက်လုံးများကို ကြည့်ပြီးနောက် ရှို့ဝူသည် ခေါင်းညိတ်ပြလိုက်ပြီး အစောင့်တစ်ဦးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"သူတို့ နေထိုင်ခွင့်ရဖို့ လုပ်ငန်းစဉ်တွေကို အများပြည်သူဆိုင်ရာရုံးကနေ စီစဉ်ပေးလိုက်ပါ... အရှေ့ဘက်ဇုန်ဆီ သူတို့ကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်..."
"ဟုတ်ကဲ့ပါ ဗိုလ်ကြီးရှို့..."
အစောင့်သည် ထိုသို့ပြောပြီးနောက် အများပြည်သူဆိုင်ရာရုံးတွင် အလုပ်လုပ်နေသော ဝန်ထမ်းများကို အကြောင်းကြားရန် အမြန်ထွက်သွားလေသည်။
အစောင့်မှ ဇုန် ၅ ဝင်ပေါက်ကို ဖွင့်ပေးပြီးနောက် ရှို့ဝူသည် ဖုတ်ကောင်များကိုကြည့်ကာ ပြောလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့..."
ရှို့ဝူ၊ ထန်ဝေ့၊ ရန်ယွမ်၊ ကျူးလင်နှင့် အစောင့်များသည် အဆင့်မြင့်ဖုတ်ကောင် အုပ်စုနှစ်စုအား အရှေ့ဘက်ဇုန်သို့ လိုက်လံပို့ဆောင်ပေးနေသည့် သတင်းမှာ စခန်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ယွီယင်းနှင့် ဖုတ်ကောင်များသည် အရှေ့ဘက်ဇုန်ရှိ အိမ်တော်ထဲသို့ ပြောင်းရွှေ့သွားချိန်တွင် အရှေ့ဘက်ဇုန်၌ အဆင့်မြင့်ဖုတ်ကောင် နှစ်ရာကျော် ထပ်တိုးလာကြောင်း လူတိုင်းက သိရှိနေကြပြီ ဖြစ်သည်။
အချို့လူများသည် ၎င်းတို့၏ စခန်းတွင် နေထိုင်သော ဖုတ်ကောင်အရေအတွက် တိုးလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြသော်လည်း အချို့မှာမူ ဂရုမစိုက်ကြဘဲ မိမိတို့၏ ဘဝအတွက်သာ အာရုံစိုက်နေကြသည်။
တစ်ချိန်တည်းမှာပင် အိတ်ခ်ျမြို့ရှိ လျှို့ဝှက်အဖွဲ့အစည်း ဌာနချုပ်တွင် လေ့ထီလျန်သည် လျှို့ဝှက်အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိများကို စိုက်ကြည့်နေလေသည်။ သူသည် သူ၏ရှေ့ရှိ စားပွဲပေါ်မှ စာရွက်စာတမ်းများကို ပုတ်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့အားလုံး အစီရင်ခံစာကို ဖတ်ပြီးကြပြီလား..."
သူ၏ အမေးစကားကို ကြားသောအခါ အဆင့်မြင့်အရာရှိများအားလုံး ခေါင်းငုံ့သွားကြသည်။ လျှို့ဝှက်အဖွဲ့အစည်း၏ ပိုင်ရှင်နှင့် တစ်ဦးတည်းသော ခေါင်းဆောင်တစ်ဦးအနေဖြင့် လေ့ထီလျန်သည် အဆင့်မြင့်အရာရှိများအပေါ် တောင်းဆိုမှုများ မြင့်မားလေသည်။
ထို့ကြောင့် နောက်ဆုံးရ အစီရင်ခံစာများကို မြင်လိုက်ရချိန်တွင် သူသည် ဒေါသတကြီး ဖြစ်သွားရသည်။ လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ၎င်းတို့သည် အဆင့်မြင့်ဖုတ်ကောင် လေးရာကျော် ဆုံးရှုံးခဲ့ရသည်။ ဤအရေအတွက်မှာ လုံးဝကို အလွန်အကျွံ ဖြစ်နေလေသည်။
သူကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ပြီး လေ့ကျင့်ပေးထားသော လူများသည် ခေါင်းကိုသာ ငုံ့ထားနိုင်သည်ကို မြင်သောအခါ လေ့ထီလျန်သည် ဒေါသတကြီးဖြင့် အစီရင်ခံစာကို ကောက်ယူကာ စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။
သူသည် ကုလားထိုင်မှ ထရပ်လိုက်ပြီး ဘဲဥပုံစားပွဲကြီးပတ်လည်တွင် ထိုင်နေကြသော အဆင့်မြင့်အရာရှိများအားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"နောက်လမတိုင်ခင် သူတို့အားလုံးကို ဖမ်းလာခဲ့... အဲဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ နာမည်တွေက နောက်ထပ် စမ်းသပ်ခံရမယ့်လူတွေရဲ့ စာရင်းထဲမှာ ပါလာလိမ့်မယ်..."
ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် သူသည် အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားလေသည်။ သူနှင့် သက်တော်စောင့်များ ထွက်သွားပြီးနောက် တံခါးပိတ်သွားချိန်တွင် အမျိုးသား အဆင့်မြင့်အရာရှိတစ်ဦးသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်များကို ဆွဲဖွလိုက်ပြီး ပြောလိုက်သည်။
"ထွက်ပြေးသွားတဲ့ ဖုတ်ကောင်တွေကို ငါတို့က ဘယ်မှာသွားရှာရမှာလဲ...”
“အဲဒီဖုတ်ကောင်တွေက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာကို ဥက္ကဋ္ဌလေ့က မသိဘူးလား... နှစ်ပတ်အတွင်းမှာ သူတို့အားလုံးကို ဖမ်းဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး..."
သူ၏စကားကို ကြားပြီးနောက် သူ၏ဘေးတွင် ထိုင်နေသော အမျိုးသမီးအရာရှိသည် သက်ပြင်းချကာ ပြောလိုက်သည်။
"ငါတို့ မြေကြီးကို သုံးမီတာလောက် တူးရမယ်ဆိုရင်တောင်မှ အဲဒီဖုတ်ကောင်တွေကို သေချာပေါက် ရှာတွေ့အောင် လုပ်ရလိမ့်မယ်... အဲဒီလိုမှမဟုတ်ရင် ငါတို့တွေက နောက်ထပ် ဖုတ်ကောင်အုပ်စုအသစ် ဖြစ်သွားလိမ့်မယ်..."
သူမ စကားပြောပြီးသွားသောအခါ အမျိုးသား အဆင့်မြင့်အရာရှိသည် သူမကိုကြည့်ကာ သံသယဖြင့် မေးလိုက်သည်။
"ဥက္ကဋ္ဌလေ့က ငါတို့ကို တကယ်ကြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲပစ်မှာတော့ မဟုတ်ပါဘူးနော်..."
အမျိုးသမီးအရာရှိသည် စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး မတ်တတ်ရပ်ကာ သူ့ကို ကြည့်ပြီး မေးလိုက်သည်။
"သူ့ရဲ့ မြေးအရင်းကိုတောင် စမ်းသပ်မှုတွေအတွက် အသုံးချရဲတဲ့သူက မင်းကို စမ်းသပ်မှုတွေအတွက် အသုံးမချဘူးလို့ မင်း ထင်နေတာလား..."
အမျိုးသား အဆင့်မြင့်အရာရှိကို မေးပြီးနောက် အမျိုးသမီး အဆင့်မြင့်အရာရှိသည် သူ၏အဖြေကို မစောင့်တော့ဘဲ အစည်းအဝေးခန်းမထဲမှ ထွက်သွားလေသည်။
အဆင့်မြင့်အရာရှိ အများစု ထွက်သွားကြသည်ကို မြင်သောအခါ အမျိုးသား အဆင့်မြင့်အရာရှိသည်လည်း စာရွက်စာတမ်းများကို အမြန်သိမ်းဆည်းလိုက်ပြီး အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားတော့သည်။
နောက်ထပ် အစည်းအဝေးမှာ သီတင်းနှစ်ပတ်သာ လိုတော့သည်။ ထိုအချိန်မတိုင်မီ ထွက်ပြေးသွားသော ထိုဖုတ်ကောင်များကို သူ ရှာဖွေရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူသည် သေချာပေါက် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစည်းအဝေးခန်းမမှ ထွက်လာပြီးနောက် လေ့ထီလျန်သည် သူ၏ ကိုယ်ရေးလက်ထောက်အား မေးမြန်းရင်း ရုံးခန်းဆီသို့ လျှောက်သွားလေသည်။
"သူ ဘယ်မှာပုန်းနေတယ်ဆိုတာကို မင်း ရှာတွေ့ပြီလား..."
ကိုယ်ရေးလက်ထောက်သည် တံတွေးမျိုချလိုက်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဥက္ကဋ္ဌ... သခင်လေး ဘယ်မှာရှိနေလဲဆိုတာကို ကျွန်တော်တို့ မရှာတွေ့သေးပါဘူး... ဒါပေမဲ့ ခြေရာခံအဖွဲ့က ပြီးခဲ့တဲ့ညက သခင်လေးရဲ့ ခြေရာတွေကို ရှာတွေ့ထားပါတယ်..."
လေ့ထီလျန်သည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် မေးလိုက်သည်။
"ဘယ်မှာလဲ..."
"ဝူလင်စခန်းမှာပါ..."
ကိုယ်ရေးလက်ထောက်က လေးစားစွာ ပြန်ဖြေလိုက်လေသည်။
လေ့ထီလျန်၏ ရုံးခန်းသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ကိုယ်ရေးလက်ထောက်သည် သူ့အတွက် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
တံခါးကို ပိတ်ပြီးနောက် ကိုယ်ရေးလက်ထောက်သည် စားပွဲကြီး၏ရှေ့တွင် ရပ်နေသော်လည်း လေ့ထီလျန်မှာမူ ကြမ်းပြင်မှ မျက်နှာကျက်အထိရှိသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေလေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လေ့ထီလျန်က ပြောလိုက်သည်။
"ဒီဝူလင်စခန်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ငါ့ကို ပြောပြစမ်း..."
သူ စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ရေးလက်ထောက်က ပြောလိုက်သည်။
"ဝူလင်စခန်းဆိုတာက အက်စ်မြို့အနီးမှာ အသစ်တည်ဆောက်ထားတဲ့ စခန်းတစ်ခုပါ...”
“အက်စ်မြို့နဲ့ အနီးနားက မြို့တွေတစ်ဝိုက်မှာ ဒီဝူလင်စခန်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများကြီးရှိပေမယ့် အတည်ပြုနိုင်တာကတော့ ထူထပ်တဲ့ မြူခိုးတွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေပဲ ဖြစ်ပါတယ်..."
"အဲဒီကောလာဟလတွေအကြောင်းကို ငါ့ကို ပြောပြစမ်း..."
လေ့ထီလျန်၏ အသံတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပါဝင်လာကာ ပြောလိုက်သည်။
ဝူလင်စခန်းအပေါ် သူ၏ စိတ်ဝင်စားမှုကို အာရုံခံမိသွားသော ကိုယ်ရေးအရာရှိသည် စာရွက်စာတမ်းတစ်ခုကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
"မြူခိုးတွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ပျံ့နှံ့သွားကတည်းက အမှန်တရားကို စစ်ဆေးဖို့ လူအများအပြား သွားရောက်ခဲ့ကြပါတယ်...”
“မြူခိုးတွေထဲ ဝင်သွားကြတဲ့ သဘာဝလွန်စွမ်းအားရှင်အဖွဲ့ နှစ်ရာကျော်လောက် ပျောက်ဆုံးသွားခဲ့ပြီး သူတို့ထဲက လက်တစ်ဆုပ်စာလောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ပါတယ်..."
“အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူတွေကတော့ ဝူလင်စခန်းကို ဖိတ်စာနဲ့ သွားခဲ့တဲ့သူတွေပါပဲ... သူတို့အားလုံးက လမ်းပြမရှိဘဲ မြူခိုးတွေထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်..."