အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇) - လေ့ချီချန်
အစီရင်ခံစာကို နားထောင်ပြီးနောက် လေ့ထီလျန်သည် သူ၏ တောင်ဝှေးထိပ်ကို လက်ညှိုးဖြင့် ခေါက်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ..."
ထိုသို့ပြောပြီးနောက် သူသည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်နေပြီးမှ ဆက်ပြောလိုက်သည်။
"ဒီဝူလင်စခန်းကို စုံစမ်းစစ်ဆေးလိုက်... နောက်နှစ်ရက်အတွင်း အသေးစိတ် အစီရင်ခံစာကို လိုချင်တယ်..."
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး... သူတို့ကို ချက်ချင်း စုံစမ်းစစ်ဆေးလိုက်ပါ့မယ်..."
ကိုယ်ရေးလက်ထောက်သည် ခေါင်းငုံ့ကာ ပြန်လည်ဖြေကြားလိုက်သည်။
ကိုယ်ရေးလက်ထောက် ရုံးခန်းထဲမှ ထွက်သွားပြီးနောက် လေ့ထီလျန်သည် မှုန်မှိုင်းနေသော ဆောင်းရာသီ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ပြောလိုက်သည်။
"ဟောက်ကျန့်... မင်း ထွက်ပြေးလို့ မရပါဘူး။ ဘယ်နေရာမှာပဲ ပုန်းနေပါစေ... မင်းကို ငါရှာတွေ့မှာပါ”
“မင်းရဲ့ မိဘတွေကို သတ်မိတာကတော့ အမှားတစ်ခုဆိုတာ မှန်ပါတယ်”
“ဒါပေမဲ့ သူတို့က မင်းကို ပေးအပ်မယ့်အစား သေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတော့ အဘိုးအနေနဲ့ သူတို့ကို သတ်ပစ်တာကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ဘူးလေ..."
စကားဆုံးသည်နှင့် သူသည် အပြင်းအထန် ချောင်းဆိုးလာတော့သည်။ သူ၏ လက်ဖဝါးပေါ်ရှိ သွေးများကို ကြည့်ရင်း လေ့ထီလျန်သည် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"ငါ့အတွက် အချိန်သိပ်မကျန်တော့ဘူး... ထာဝရရှင်သန်ဆေးကို အမြန်ဆုံး ရှာတွေ့မှဖြစ်မယ်..."
သူ အသက်ရှူမဝမီမှာပင် တစ်စုံတစ်ယောက်က တံခါးလာခေါက်လေသည်။
ဒေါက်… ဒေါက်… ဒေါက်…
တံခါးခေါက်သံကို ကြားသောအခါ လေ့ထီလျန်သည် သူ၏ အိတ်ကပ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်သည်။ ထို့နောက် လက်ဖဝါးနှင့် နှုတ်ခမ်းပေါ်ရှိ သွေးများကို သုတ်သင်ကာ အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဝင်ခဲ့ပါ..."
တံခါးပွင့်လာသည်နှင့် တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာလေသည်။ သူသည် တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် လေ့ထီလျန်၏ ကျောပြင်ကိုကြည့်ကာ ပြောလိုက်သည်။
"အဘိုး... ကျွန်တော် ပြန်ရောက်ပါပြီ..."
ရင်းနှီးနေသော အေးစက်စက်အသံကို ကြားပြီးနောက် လေ့ထီလျန်သည် လှည့်လာကာ သူ၏ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် အရပ်ရှည်ရှည်နှင့် ချောမောသော အမျိုးသားကို ကြည့်ရင်း ပြောလိုက်လေ၏။
"ချီချန်... မင်း ပြန်ရောက်လာပြီပဲ။ စုံစမ်းစစ်ဆေးမှု တိုးတက်မှု အခြေအနေ ဘယ်လိုရှိလဲ... စမ်းသပ်ခံအမှတ် သုညကို ရှာတွေ့ပြီလား..."
သူ၏ အစ်ကိုဝမ်းကွဲဖြစ်သူအား လေ့ထီလျန်က ‘စမ်းသပ်ခံ သုည’ ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် လေ့ချီချန်၏ မျက်လုံးများထဲ၌ မုန်းတီးမှုများ ဖြတ်ပြေးသွားလေသည်။
သူ၏ အစ်ကိုဝမ်းကွဲသည် သူအားကျလေးစားရသည့် တစ်ဦးတည်းသောသူဖြစ်ပြီး သူ့အပေါ်တွင်လည်း ကြင်နာတတ်သူ ဖြစ်ပေသည်။ သို့သော်လည်း သူ၏ မိဘများထံမှ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရပြီးနောက် သူတို့၏ အဘိုးဖြစ်သူက စမ်းသပ်ခံအဖြစ် အသုံးပြုခဲ့လေသည်။
သူ၏ အဘိုးဖြစ်သူက ရူးသွပ်ဖွယ် ကောင်းလှသော ရည်မှန်းချက်အတွက် လေ့ဟောက်ကျန့်ကို စတေးခဲ့ကြောင်း သိလိုက်ရသည့်နေ့ကို တွေးမိပြီးနောက် လေ့ချီချန်သည် လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ အစ်ကိုကြီးရဲ့ ခြေရာခံလောက်ကိုပဲ တွေ့ခဲ့ရတာပါ... သူ့ရဲ့ တိကျတဲ့ တည်နေရာကိုတော့ မတွေ့ခဲ့ရသေးပါဘူး..."
သူ၏ အဖြေကို ကြားပြီးနောက် လေ့ထီလျန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ ပြောလိုက်သည်။
"ချီချန်... အဲဒီဖုတ်ကောင်က မင်းရဲ့ အစ်ကိုကြီး မဟုတ်ဘူး။ ဟောက်ကျန့်က သေသွားခဲ့တာ ကြာလှပြီ..."
ထိုစကားကို ကြားပြီးနောက် လေ့ချီချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားဘဲ စိတ်ထဲမှ တွေးလိုက်သည်။
'သူ့ကို ခင်ဗျားပဲ သတ်ခဲ့တာလေ... အခုမှ ကျွန်တော့်ကို ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့... တစ်နေ့ကျရင် ဒုတိယဦးလေးရဲ့ မိသားစုကို သတ်ခဲ့တဲ့အတွက် ခင်ဗျားကို တန်ဖိုးပြန်ပေးဆပ်စေရမယ်...'
စကားပြောပြီးနောက် လေ့ထီလျန်သည် လေ့ချီချန်၏ မျက်နှာအမူအရာကို အတန်ကြာ လေ့လာကြည့်ရှုလိုက်သည်။ သူ မည်မျှ တည်ငြိမ်နေကြောင်း မြင်တွေ့ရသောအခါ လေ့ထီလျန်သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ပြောလိုက်တော့၏။
"မင်းရဲ့ စွမ်းဆောင်ရည်တွေကို ငါသိပါတယ်။ စမ်းသပ်ခံအမှတ် သုညကို အမြန်ဆုံး ရှာပါ။ သူသာမရှိရင် စမ်းသပ်မှုကို ဆက်လုပ်လို့ ရမှာမဟုတ်ဘူး..."
လေ့ချီချန်သည် သူ၏ မုန်းတီးမှုများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အဘိုး..."
လေ့ထီလျန်သည် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"မင်း သွားလို့ရပြီ..."
ရုံးခန်းထဲမှ ထွက်လာပြီးနောက် လေ့ချီချန်သည် ပိတ်သွားသော တံခါးကို အတန်ကြာ ကြည့်နေပြီးမှ ထွက်ခွာသွားလေသည်။
အဓိကအဆောက်အအုံမှ ထွက်ခွာလာပြီးနောက် လေ့ချီချန်သည် စစ်ဘက်ဆိုင်ရာ ဂိုဒေါင်ဆီသို့ သွားရောက်ခဲ့၏။ အစောင့်များက သူ လာနေသည်ကို မြင်သောအခါ အလေးပြုလိုက်ပြီး တံခါးဖွင့်ပေးလေသည်။
ဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက် သူသည် လက်နက်ဂိုဒေါင်ဆီသို့ တိုက်ရိုက်သွားခဲ့သည်။
သူ ရောက်ရှိသွားချိန်တွင် သူ၏ အဖွဲ့သားများက ထိုနေရာ၌ ရောက်နှင့်နေပြီး သူ့ကို စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ဒုခေါင်းဆောင်ဖြစ်သူက သူ၏ မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။
"မင်းအဘိုးက မင်းကို ထပ်ပြီး ဖိအားပေးနေပြန်ပြီလား..."
လေ့ချီချန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ ကျောပိုးအိတ်ထဲသို့ လက်နက်များနှင့် ခဲယမ်းများကို စတင်ထည့်သွင်းလိုက်လေသည်။ သူ ထိုကိစ္စနှင့် ပတ်သက်၍ စကားမပြောလိုသည်ကို မြင်သောအခါ ဒုခေါင်းဆောင်ဖြစ်သူက ဆက်မမေးတော့ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် လေ့ချီချန်သည် ဂိုဒေါင်ထဲ၌ အလုပ်လုပ်နေသော ဝန်ထမ်းများကို ကြည့်ကာ ပြောလိုက်သည်။
"ငါ ခဲယမ်း သေတ္တာအလုံး (၂၀) ၊ ပေါက်ကွဲရေးပစ္စည်း သေတ္တာ (၅) လုံး၊ လက်နက် သေတ္တာ (၂) လုံးနဲ့ စစ်ဘက်သုံး ရိက္ခာ သေတ္တာ (၃၀) လိုချင်တယ်..."
စကားဆုံးသည်နှင့် သူ၏ အဖွဲ့သားများနှင့် ဝန်ထမ်းများမှာ အံ့ဩသွားကြလေသည်။ ဝန်ထမ်းဖြစ်သူသည် သူ အကြားအာရုံ မှားယွင်းသွားသည်ဟု ထင်မှတ်သွားပြီး မေးလိုက်၏။
"သခင်လေးချီချန်... စကားကို နောက်တစ်ခေါက်လောက် ပြန်ပြောပေးလို့ ရမလား..."
လေ့ချီချန်သည် သူ့ကို ကြည့်လိုက်ပြီး သူပြောခဲ့သည့် စကားကို ထပ်ခါတလဲလဲ ပြန်ပြောလိုက်သည်။
"ငါ ခဲယမ်း သေတ္တာအလုံး (၂၀) ၊ ပေါက်ကွဲရေးပစ္စည်း သေတ္တာ (၅) လုံး၊ လက်နက် သေတ္တာ (၂) လုံးနဲ့ စစ်ဘက်သုံး ရိက္ခာ သေတ္တာ (၃၀) လိုချင်တယ်..."
သူ့ထံမှ ထပ်တူညီသော စကားများကို ကြားပြီးနောက် ဝန်ထမ်းဖြစ်သူက သူ့ကို ကြည့်ကာ မေးလိုက်သည်။
"သခင်လေးချီချန်... အခုလိုချင်တဲ့ ထောက်ပံ့ရေးပစ္စည်း ပမာဏက သခင်လေးရဲ့ ရာထူးခွင့်ပြုချက်ထက် ကျော်လွန်နေပါတယ်”
“ဥက္ကဋ္ဌလေ့ရဲ့ ခွင့်ပြုချက် ပါပါသလား...ကျွန်တော့်ကို စာရွက်စာတမ်းလေး ပြပေးလို့ ရမလား..."
ကျောပိုးအိတ်ကို လွယ်ထားသော လေ့ချီချန်သည် ဝန်ထမ်းဖြစ်သူကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
"ငါက အဘိုးရဲ့ ခွင့်ပြုချက်မပါဘဲ ထောက်ပံ့ရေးပစ္စည်းတွေကို လာယူမယ်လို့ မင်း ထင်နေတာလား..."
ဝန်ထမ်းဖြစ်သူသည် သူ့ကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် ခေတ္တမျှ တွေးတောကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ... သခင်လေးချီချန်... ခဏလောက် စောင့်ပေးပါ... ထောက်ပံ့ရေးပစ္စည်းတွေကို ချက်ချင်း ပြင်ဆင်ပေးပါ့မယ်..."
ဝန်ထမ်းဖြစ်သူသည် သူလိုချင်သော ထောက်ပံ့ရေးပစ္စည်းများကို ပြင်ဆင်ရန် ထွက်သွားပြီးနောက် ဒုခေါင်းဆောင်ဖြစ်သူက သူ့ကို ကြည့်ကာ တိုးညင်းသော အသံဖြင့် မေးလိုက်သည်။
"အစ်ကို... ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီလား..."
လေ့ချီချန်သည် သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"မနေ့ညက ငါတို့ ရောက်လာတုန်းက ကွေ့မိသားစုက အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီဆိုတာ ငါ တွေ့ခဲ့တယ်”
“သီတင်းပတ် နှစ်ပတ်အတွင်းမှာပဲ သူတို့က အဆင့်မြင့် ဖုတ်ကောင် အကောင် (၄၀၀) ကျော်ကို ကယ်တင်ခဲ့တယ်”
“ငါ့ရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေအရ ငါ့အစ်ကိုကြီးဟောက်ကျန့်ကို သူတို့ ကယ်တင်ခဲ့တာ မဟုတ်ဘဲ သူ့ဘာသာသူ ထွက်ပြေးသွားခဲ့တာပဲ”
“သူ့ရဲ့ ခြေရာခံတွေကို ငါတို့ ရှာတွေ့ထားပြီဆိုတော့ ဒီနေရာကနေ ထွက်သွားပြီး ငါ့အစ်ကိုကြီးကို ရှာဖွေဖို့ ငါ ဆုံးဖြတ်လိုက်တယ်..."
သူတို့၏ ခေါင်းဆောင်နှင့် သူ၏ အစ်ကိုဝမ်းကွဲတို့ မည်မျှ ရင်းနှီးကြကြောင်း သိထားသောကြောင့် အဖွဲ့သားများသည် တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် ဒုခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
"ကောင်းပါပြီ... ဆုံးဖြတ်ပြီးသွားပြီဆိုတော့လည်း မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါတို့ ထောက်ခံပေးပါ့မယ်..."
သူတို့၏ တည်ငြိမ်နေသော မျက်နှာအမူအရာများကို ကြည့်ရင်း လေ့ချီချန်က ရိုးသားစွာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့ရာ..."
အဖွဲ့သားများထဲမှ တစ်ဦးက သူ၏ ပခုံးကို ပုတ်ကာ မေးလိုက်၏။
"ငါတို့ ဘယ်တော့ထွက်ခွာကြမလဲ..."
"ထောက်ပံ့ရေးပစ္စည်းတွေ တင်ပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်ခွာမယ်..."
လေ့ချီချန်သည် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
မိနစ် (၃၀) ကျော်ကြာ စောင့်ဆိုင်းပြီးနောက် ဝန်ထမ်းဖြစ်သူသည် နောက်ဆုံးတွင် ပြန်ရောက်လာလေသည်။ သူသည် လေ့ချီချန်ထံသို့ ခွင့်ပြုချက်စာရွက်ကို ကမ်းပေးကာ ပြောလိုက်သည်။
"သခင်လေး... ဒါက စခန်းကနေ ထွက်ခွာခွင့်ပြုတဲ့ စာရွက်ပါ။ သခင်လေးအတွက် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး ကားတစ်စီးနဲ့ စစ်ဘက်သုံး ကား (၃) စီးကို ပြင်ဆင်ပေးထားပါတယ်။ အချိန်မရွေး ထွက်ခွာလို့ ရပါပြီ..."
ဝန်ထမ်းထံမှ စာရွက်စာတမ်းကို လက်ခံရယူပြီးနောက် လေ့ချီချန်သည် အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်လေသည်။
"သွားကြစို့..."