← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈) - ဆွေးနွေးခြင်း

ဆယ်မိနစ်ခန့် ကြာပြီးနောက် စစ်သုံးယာဉ်သုံးစီးနှင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကုန်တင်ကားတစ်စီးတို့သည် လျှို့ဝှက်အဖွဲ့အစည်း၏ ဌာနချုပ်မှ ထွက်ခွာသွားကြသည်။ နောက်ကြည့်မှန်မှတစ်ဆင့် သူတို့နောက်ကွယ်တွင် ဖြည်းညင်းစွာ ပိတ်သွားသော သတ္တုတံခါးကြီးကို ကြည့်ရင်း လေ့ချီချန်က တွေးလိုက်သည်။

'အစ်ကိုကြီး ကျုပ်ကို စောင့်နေပါ... ကျုပ် ခင်ဗျားကို လိုက်ရှာမယ်... ပြီးတော့ လေ့ထီလျန်ကို ကျုပ်တို့ အတူတူ တားဆီးကြတာပေါ့...'

ငါးရက်အကြာတွင် ဝူလင်စခန်းမှ တရားဝင်သတင်းတစ်ရပ် ထုတ်ပြန်လိုက်ပြီး ရေဒီယိုမှတစ်ဆင့် ဖြန့်ဝေလိုက်သည်။ သတင်းထုတ်ပြန်ပြီး ဆယ်မိနစ်အကြာတွင် ဟွမ်ရိဟန်သည် သူ၏ရုံးခန်းအတွင်း ထိုင်နေကာ လက်အောက်ငယ်သားများကို ကြည့်ရင်း သံသယပြည့်နှက်စွာဖြင့် မေးလိုက်သည်။

"ဝူလင်စခန်းက တံခါးဖွင့်ပေးလိုက်ပြီး အရည်အချင်းပြည့်မီတဲ့သူတိုင်းကို လက်ခံပေးဖို့ ဆန္ဒရှိတယ်ဆိုတာ သေချာရဲ့လား..."

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားဆိုလေသည်။

"အစ်ကိုဟွမ်... ကျွန်တော်တို့ အမြန်ဆုံး ထွက်သွားကြရအောင်... အစ်ကို့ဆီ မလာခင်လေးတင် နောက်ထပ်သတင်းတစ်ခု ထပ်ရခဲ့တယ်...”

“တတိယအကြိမ် အအေးလှိုင်းက ရက်အနည်းငယ်အတွင်း ရောက်လာနိုင်တယ်လို့ ခန့်မှန်းရတယ်တဲ့... ဝူလင်စခန်းကို သွားတဲ့လူ အရမ်းများတာကြောင့် စာရင်းသွင်းတဲ့လုပ်ငန်းစဉ်က အချိန်အတော်ကြာနိုင်တယ်..."

“ကျွန်တော်တို့ နောက်ကျမှ ရောက်သွားရင် တတိယအကြိမ် အအေးလှိုင်းမလာခင် ဝူလင်စခန်းကို ရောက်နိုင်မှာ မဟုတ်တော့ဘူး..."

သူ၏စကားကို ကြားပြီးနောက် ဟွမ်ရိဟန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"သတင်းဖြန့်လိုက်ပါ... ဒီနေ့ပဲ ဝူလင်စခန်းကို ထွက်ခွာမယ်လို့... ငါတို့နဲ့ လမ်းခွဲချင်တဲ့သူတွေကို သုံးရက်စာ ရိက္ခာပေးပြီး သွားခွင့်ပြုလိုက်...”

“ငါတို့နဲ့အတူ ဝူလင်စခန်းကို လိုက်ချင်တဲ့သူတွေကိုတော့ တစ်နာရီအတွင်း စုဝေးကြဖို့ ပြောလိုက်ပါ... ပြင်ဆင်မှုတွေ ပြီးတာနဲ့ ချက်ချင်း ထွက်ခွာမယ်..."

ဟွမ်ရိဟန်၏စကားကို ကြားသောအခါ ထိုလူ၏မျက်လုံးများ ရုတ်တရက် အရောင်လက်သွားတော့သည်။ သူက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"ဟုတ်ကဲ့ပါ အစ်ကိုဟွမ်... ကျွန်တော် အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."

လဲ့ဟော်စခန်းရှိ လူတိုင်းသည် သူတို့၏ခေါင်းဆောင်မှ ရုတ်တရက်ထုတ်ပြန်လိုက်သော သတင်းကြောင့် တုန်လှုပ်နေကြချိန်တွင် အခြားစခန်းများမှ လူများသည် ဝူလင်စခန်းသို့ သွားရာလမ်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လေ့ဟောက်ကျန့်သည် ကျူးလင်အပြင် အခြားသော ဖုတ်ကောင်ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်နေလေသည်။

ဘဲဥပုံ ဖန်စားပွဲဝိုင်းတွင် ထိုင်နေရင်း လေ့ဟောက်ကျန့်သည် ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"မိန်းကလေးကျူး... ဒီနေ့ ကျုပ်တို့နဲ့ ဘာများဆွေးနွေးချင်လို့လဲ..."

သူ၏ အက်ကွဲကွဲအသံကို ကြားသောအခါ ကျူးလင်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

သူမသည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် နတ်ဘုရားအာရုံကို အသုံးပြုလိုက်ရာ သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များမှာ နတ်ဘုရားစွမ်းအင်များဖြင့် လုံးဝနီးပါး သန့်စင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယခုအခါ သူ၏အောက်ဒန်တျန်တွင် သေးငယ်သော ဝိညာဉ်အမြုတေတစ်ခု ရှိနေသော်လည်း အထက်ဒန်တျန်ရှိ သလင်းကျောက်အမြုတေမှာမူ ကျုံ့သွားလေပြီ။

သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်တစ်ခု ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် လေ့ဟောက်ကျန့်က ကျူးလင်သည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးနေကြောင်း သိလိုက်သည်။ သူမ စစ်ဆေးပြီးသွားသောအခါ သူက ပြုံးလျက် မေးလိုက်သည်။

"မိန်းကလေးကျူး... ကျုပ်ခန္ဓာကိုယ်ထဲမှာ တစ်ခုခု မှားယွင်းနေတာ တွေ့လို့လား..."

ကျူးလင်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"ရှင့်အနေနဲ့ ကျင့်ကြံလို့ရနေပြီပဲ..."

လေ့ဟောက်ကျန့်က ပြုံးလိုက်ပြီး ကျူးလင်ရှေ့ရှိ စားပွဲပေါ်တွင် ထိုင်နေသော ထူထူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ထူထူ့ကျေးဇူးကြောင့် ကျုပ် အခု စကားပြောနိုင်ပြီလေ..."

ထိုသို့ပြောပြီးနောက် ထူထူက ကျူးလင် စိုက်ကြည့်နေသည်ကို သတိထားမိသွားပြီး မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

"သခင်မ... ကျွန်တော် သူတို့ကို အခြေခံကျင့်စဉ်တချို့ သင်ပေးလိုက်ရုံပါ..."

ပတ်ဝန်းကျင်တွင် ဖုတ်ကောင်များစွာ ရှိနေသောကြောင့် ကျူးလင်က စိတ်ချင်းဆက်သွယ်၍ ပြောလိုက်လေသည်။

'ဒီဖုတ်ကောင်တွေက လူတွေကို ထိခိုက်နစ်နာအောင် လုပ်မလား၊ မလုပ်ဘူးလားဆိုတာ ငါမသိပေမယ့် နင်က သူတို့ကို ကျင့်စဉ်တွေ သင်ပေးရဲတယ်ပေါ့... သူတို့သာ ပိုသန်မာလာပြီး လူတွေကို ထိခိုက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ...'

ထူထူက ကျူးလင်၏လက်ကိုပုတ်ကာ ပြန်ပြောလိုက်သည်။

'သခင်မ... စိတ်မပူပါနဲ့... ကျွန်တော် သူတို့ကို သင်ပေးခဲ့တဲ့ ကျင့်စဉ်တွေက ကိုယ်တိုင်ဖျက်ဆီးနိုင်တဲ့ အစီအရင်နဲ့ ချိပ်ပိတ်ထားတာပါ... သူတို့သာ မကောင်းတာတစ်ခုခုလုပ်ရင် သူတို့ရဲ့အမြုတေက ပေါက်ကွဲသွားလိမ့်မယ်...'

ထူထူ၏စကားကို ကြားသောအခါ ကျူးလင်က ထူထူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။

'နောက်တစ်ခါ အဲ့ဒီလောက်ကြီးကျယ်တဲ့ကိစ္စမျိုးလုပ်ရင် ငါ့ကို အရင်ပြောပြ...'

သူ့သခင်မက အပြစ်မတင်ကြောင်း သိသွားသောအခါ ထူထူက ခေါင်းညိတ်လျက် ပြောလိုက်သည်။

'ဟုတ်ကဲ့ပါ သခင်မ...'

ထူထူနှင့် စကားပြောပြီးနောက် ကျူးလင်သည် လေ့ဟောက်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။

"သခင်လေးလေ့... ဒီနေ့ ရှင်နဲ့ ခေါင်းဆောင်အချို့ကို ဖိတ်ခေါ်ရတဲ့အကြောင်းရင်းက ကျွန်မတို့စခန်းဆီ ချဉ်းကပ်လာနေတဲ့ ဖုတ်ကောင်အုပ်စုအကြောင်း ဆွေးနွေးဖို့ပါပဲ..."

သူမ၏စကားကို ကြားပြီးနောက် လေ့ဟောက်ကျန့်က သူမကို ယဉ်ကျေးစွာ ပြုံးပြကာ ပြောလိုက်လေသည်။

"မိန်းကလေးကျူး... လွတ်လွတ်လပ်လပ်သာပြောပါ..."

ကျူးလင်က ခေါင်းညိတ်လိုက်ပြီးနောက် ယွီယင်းနှင့်တစ်ချိန်တည်း စခန်းသို့ ဝင်ရောက်လာသော ဖုတ်ကောင်ခေါင်းဆောင်ကို ကြည့်ကာ မေးလိုက်သည်။

"ရှင့်နာမည်ကို မေးလို့ရမလား..."

ထိုဖုတ်ကောင်ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး စကားပြောချင်သော်လည်း သူသည် ဤနေရာသို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသဖြင့် စကားမပြောနိုင်သေးပေ။ သူက ကျူးလင်ကို ပြုံးပြကာ ပြောလိုက်သည်။

"ဂါး..."

“ကျုပ်နာမည်က ချန်ကျန့်ဟုန်ပါ...”

သူ၏နာမည်ကို သိပြီးနောက် ကျူးလင်က ဆက်မေးလိုက်သည်။

"သခင်လေးချန်... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖုတ်ကောင်တွေအများကြီး ကျွန်မတို့စခန်းကို လာနေတယ်လို့ ရှင်ပြောခဲ့တယ်နော်... သူတို့ ကျွန်မတို့စခန်းကို လာရတဲ့ ရည်ရွယ်ချက်ကိုရော ရှင်သိလား..."

ချန်ကျန့်ဟုန်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဂါး... ဂါး..."

“ကျုပ် မသိဘူး... ဒါပေမဲ့ ဘီမြို့‌တော်က မိတ်ဆွေတွေဆီက သိရသလောက်တော့ သူတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က မိန်းကလေးကြောင့်လို့တော့ ကြားတယ်...”

သူ၏စကားကို ကြားသောအခါ လေ့ဟောက်ကျန့်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။

"မိန်းကလေးကျူးကြောင့် ဟုတ်လား... သူတို့က မိန်းကလေးအကြောင်း ဘယ်လိုလုပ်သိတာလဲ..."

ချန်ကျန့်ဟုန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်သည်။

"ဂါး... ဂါး... ဟူး... ဟူး..."

“ကျွန်တော်တို့ စခန်းအကြောင်း ကောလာဟလတွေက အနီးအနားမြို့တွေကို ပြန့်နှံ့သွားတာလေ... အက်စ်မြို့နဲ့ အိမ်နီးချင်းမြို့ဖြစ်တဲ့ ဘီမြို့ကလူတွေလည်း အဲ့ဒီကောလာဟလတွေကို ကြားဖူးမှာ သေချာတယ်...”

“သူတို့ မိန်းကလေးကျူးအကြောင်း သိနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး...”

သူ၏ဘေးတွင် ထိုင်နေသော ယွီယင်းက ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်သည်။

"သူပြောတာ မှန်တယ်... ကျွန်မလည်း ကောလာဟလတွေကို ကြားပြီး ကိုယ်တိုင်ကိုယ်ကျ လာစစ်ဆေးချင်လို့ ဘီမြို့ကနေ လာခဲ့တာပါ...”

“အဲဒီဖုတ်ကောင်တွေက ကျွန်မလို ရည်ရွယ်ချက်မျိုးနဲ့ ဒီကိုလာတာ ဖြစ်နိုင်သလို ချန်ကျန့်ဟုန်တို့လိုပဲ နေစရာနေရာတစ်ခု ရှာချင်လို့လည်း ဖြစ်နိုင်တာပဲလေ..."

ကျူးလင်သည် ထိုစကားများကို သေချာစဉ်းစားရင်း တွေးလိုက်လေသည်။

‘ငါပဲ အတွေးလွန်ပြီး အများကြီး တွေးနေမိတာလား...'

ထူထူက သူမ၏ မျက်မှောင်ကြုတ်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

'သခင်မ... အခု ဘာတွေ တွေးနေတာလဲ...'

ကျူးလင်က ထူထူ၏ နူးညံ့သော အမွေးအမျှင်များကို ပွတ်သပ်ပေးရင်း ပြန်ပြောလိုက်သည်။

'ဒီရက်ပိုင်း ငါ့စိတ်ထဲ စိုးရိမ်စိတ်တွေ ဝင်နေတယ်... အဆိုးရွားဆုံးအခြေအနေအတွက် ငါတို့ ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်...'

သူမ၏စကားကို ကြားပြီးနောက် ထူထူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

'သခင်မ... အဲ့ဒီဖုတ်ကောင်တွေ မရောက်လာခင် သူတို့ကို ကျွန်တော် သွားစုံစမ်းပေးရမလား...'

ကျူးလင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

'ကောင်းပြီလေ... သူတို့ရဲ့ ရည်ရွယ်ချက်ကိုသိတာနဲ့ ငါ့ကို ချက်ချင်း အသိပေး...'

ထူထူသည် စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး တံခါးဆီသို့ ပြေးသွားရင်း ပြောလိုက်လေသည်။

'ဟုတ်ကဲ့ပါ သခင်မ...'

All Chapters