အသက်အငယ်ဆုံးအမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်
Vol. 37 Ch. 514
အခန်း (၅၁၄) အသက်အငယ်ဆုံးအမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်
ပင်လယ်ရေပြင်ထက်ရှိ ရန်ကျောက်ကဲ၏ပုံရိပ်ကို အလင်းရောင်များက လွှမ်းခြုံသွားသည်။
သူ့ဦးခေါင်းထက်တွင် အင်းသင်္ကေတများစွာ ထွက်ပေါ်လာပြီး ထူးဆန်းသောအင်းသင်္ကေတတစ်ခုအဖြစ် တဖြည်းဖြည်း ပေါင်းစပ်ဖြစ်တည်နေသည်။
၎င်း အမတအင်းသင်္ကေတထွက်ပေါ်လာသည်နှင့် အစပိုင်းတွင် အလွန်ရိုးရှင်းသော်လည်း နောက်ပိုင်းတွင် အဆုံးမရှိသော နိယာမတရားနှင့် ရှင်းပြရန်ခက်ခဲသော သဘောတရားများ ပြည့်နက်လာသည်။
ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်၏။
ဤသည်က သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တဖြစ်သော “အမတအင်းသင်္ကေတ” ဖြစ်သည်။ ထိုအင်းသင်္ကေတ အပြီးတိုင်ဖွဲ့စည်းပြီးသည်နှင့် သူသည်လည်း အမတလက်ဖွဲ့အဆင့်သို့ ရောက်ရှိပေပြီ။
ရန်ကျောက်ကဲ ပြုံးလိုက်စဉ် သူ၏ဦးခေါင်းထက်မှ အမတအင်းသင်္ကေတက ရုတ်တရက် ပြောင်းလဲသွားသည်။ ရိုးရှင်းသည့်သဏ္ဌန်မရှိတော့သလို အဆုံးမရှိသောနက်နဲမှုများလည်း ရှိမနေတော့ဘဲ ကျယ်ပြန့်သည့် ကောင်းကင်ပြင်အလား ပြောင်းလဲသွားသည်။
ထို့နောက်မှာတော့ အမတအင်းသင်္ကေတက တိမ်တိုက်များအလယ် ပျံသန်းနေသည့် စိမ်းပြာရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားပြန်၏။
နောက်တစ်ခါမှာတော့ ခရမ်းနီရောင်မီးလျှံများတောက်ပနေသည့် မီးပြင်းဖိုတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
အမတအင်းသင်္ကေတတစ်ခုတည်းတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်ဖြစ်စဉ်များနှင့် မရေမတွက်နိုင်သော ပြောင်းလဲခြင်းများ ပါဝင်သည်။ ဤအရာများအားလုံးက ရန်ကျောက်ကဲ ကျင့်ကြံအောင်မြင်ခဲ့သော သိုင်းစွမ်းအနှစ်သာရများကို ပြသခြင်း ဖြစ်သည်။
အဆုံးသတ်မှာတော့ ရန်ကျောက်ကဲ၏ အမတအင်းသင်္ကေတက သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး အလင်းတန်းများလည်း မှေးမှိန်သွားသည်။ ထိုအခါမှ ဤနေရာတွင်ရှိနေသူတိုင်း သူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရသည်။
ရန်ကျောက်ကဲက ပြောင်းလဲမှုတစ်စုံတစ်ရာမရှိဘဲ နဂိုနေရာမှာပင် ရှိနေဆဲဖြစ်သည့်တိုင် ဤလူငယ်သည် အမတလက်ဖွဲ့အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်ကြောင်း အားလုံး သိရှိကြသည်။
စောစောက သူတို့ တွေးထင်ထားသလိုပင် ဤလူငယ်သည် အမတလက်ဖွဲ့အဆင့်သို့ တက်လှမ်းခြင်းကို ရပ်နားချင်သည့်အချိန်တွင် ရပ်နားထားပြီး တက်လှမ်းလိုသည့်အချိန်တွင် တက်လှမ်းနိုင်စွမ်း ရှိလေသည်။ အားလုံးကို သူ့အလိုဆန္ဒအတိုင်း ချောမွေ့စွာ လုပ်ဆောင်နိုင်သည်ပင်။
သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများက ရန်ကျောက်ကဲ၏ ငယ်ရွယ်နုပျိုသောအသွင်အပြင်ကို ငေးမောကြည့်ရင်း သူတို့စိတ်နှလုံးများ အလွန်တရာ တုန်လှုပ်သွားကြသည်။
ဤသည်က သိုင်းစွမ်းအားကိုအသုံးပြုကာ ငယ်ရွယ်နုပျိုအောင် တမင်တကာ ဖန်ဆင်းထားခြင်းမဟုတ်ဘဲ သူ၏အသက်အရွယ်နှင့် ပုံပန်းသဏ္ဌန်ကိုက်ညီစွာ အမှန်တကယ်ပင် ငယ်ရွယ်ခြင်း ဖြစ်သည်။
သမုဒ္ဒရာကမ္ဘာ၏ ရှည်လျားသောသမိုင်းကြောင်းတွင် ဤမျှငယ်ရွယ်သော အမတလက်ဖွဲ့သိုင်းဆရာသခင် ဘယ်တုန်းကမှ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။
ရုတ်တရက် သူတို့အားလုံး တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“နေပါဦး... အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်ကို မပြောနဲ့ ၊ ဒီလိုငယ်ရွယ်တဲ့ အမတဝိညာဉ်သိုင်းဆရာသခင်တောင် ရှိခဲ့ဖူးလို့လား”
ထိုအကြောင်း သေသေချာချာ တွေးကြည့်မိတော့ လူတိုင်းပြောစရာစကားများ ပျောက်ရှသွားသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ဖူအန်းစုသည်ပင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။
အတန်ကြာမှ သူမက တိုးတိတ်စွာ သက်ပြင်းချရင်း...
“ရန်တိရေ... တခြားဟာတွေဘေးဖယ်ထား... ကျင့်ကြံခြင်းအဆင့်မှာတော့ မင်းရဲ့သားက မင်းကိုသာသွားပြီ”
“သူက အသက်အငယ်ဆုံးသိုင်းဆရာသခင်ဆိုတဲ့ မင်းရဲ့စံချိန်ကို မချိုးနိုင်ပေမယ့် မင်းက အသက် (၂၅)နှစ်မှာ အမတလက်ဖွဲ့သိုင်းဆရာသခင် မဖြစ်သေးဘူးလေ ၊ ဟုတ်တယ်မလား ၊ အခု ကျောက်ကဲက အသက် (၂၅)နှစ် မပြည့်သေးဘူးဆိုတော့ မင်းထက်သာတာ အမှန်ပဲ”
အမတလက်ဖွဲ့သိုင်းဆရာသခင်အဆင့်သို့တက်ရောက်ရန် မည်မျှ ခက်ခဲပါသနည်း။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပဲဖြစ်ဖြစ် ၊ သမုဒ္ဒရာကမ္ဘာမှာပဲဖြစ်ဖြစ် “အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်” ဆိုသည်က အထွတ်ထိပ်အဆင့်တွင် ရပ်တည်နေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။
သိုင်းကျင့်ကြံသူအများအပြားသည် ဘဝတစ်လျှောက် ကျင့်ကြံခဲ့ကြသော်လည်း အောင်မြင်မှုမရဘဲ အိုမင်းရင့်ရော်လာကာ နောက်ဆုံး အသက်သေဆုံးသွားကြသည်ပင်။
အမတလက်ဖွဲ့သိုင်းဆရာသခင်များကတော့ အခြားသူများထက် သက်တမ်းတိုးမြှင့်လာကြသဖြင့် ၎င်းတို့၏တပည့်များထက်ပင် အသက်ပိုရှည်ကြသည်မှာ ထူးဆန်းသောအရာ မဟုတ်ပေ။ တပည့်များနှင့် မြေးတပည့်များက အသက်အရွယ်ကြီးရင့်လာကာ ဆုံးပါးသွားကြသည့်တိုင် သူတို့ကတော့ သက်လတ်ပိုင်းလူရွယ်အဖြစ် ငယ်ရွယ်မှုနှင့် အသက်ရှည်ခြင်းကို ထိန်းသိမ်းထားနိုင်ကြသည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ ကဲ့သို့ အသက်ငယ်ရွယ်လွန်းသော အမတလက်ဖွဲ့သိုင်းဆရာသခင်ကို ယခင်က တစ်ခါမှ မကြားခဲ့ဖူးပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဖူအန်းစုဖြစ်စေ ၊ သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများပင်ဖြစ်စေ ယခု ရန်ကျောက်ကဲကိုကြည့်ရင်း မတူကွဲလွဲမှုကို ခံစားကြရသည်။
ယခုပင် ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ကြသော ကျန်းဟောက်ချန်နှင့် လီရှန်တို့မှာ ပို၍ပင် ဆွံ့အလျှက် ရှိကြသည်။
ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ က သတိပြန်ဝင်လာပြီး ရန်ကျောက်ကဲကိုကြည့်ရင်း မျက်ခုံးများကို တွန့်ချိုးထားသည်။
“သူက မိစ္ဆာသူတော်စင်ဂိုဏ်းကလား...ဟုတ်နေရင်တော့ သေချာပေါက် အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး ၊ ဒါပေမဲ့ မဟုတ်ဘူးဆိုရင် ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲ ၊ အရင်က သူ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး ၊ အခုလို ထွက်ပေါ်လာတာက ဘာအတွက်လဲ ၊ ရန်သူလား... မိတ်ဆွေလား”
ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ နှင့် အခြားသော အမတလက်ဖွဲ့သိုင်းဆရာသခင်များသည်လည်း ယခုအချိန်တွင် သံသယများနှင့် ပြည့်နက်လျှက် ရှိကြ၏။
ဖူအန်းစုက ရန်ကျောက်ကဲဘေးတွင်ရပ်နေပြီး ဤနေရာတွင်ရှိနေသူများအားလုံးကို အရေးမစိုက်ဟန်ဖြင့် ကြည့်နေသည်။
ရန်ကျောက်ကဲက အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်အဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သော်လည်း ကန်းလင်မိုးရေစက်များနှင့် လုပ်ဆောင်နေသောအလုပ် မပြီးဆုံးသေးကြောင်း လူတိုင်း သတိပြုမိကြသည်။ ထို ပကတိရေသွေးကြောထဲတွင် နောက်ထပ်ပုံရိပ်တစ်ခုလည်း ရှိနေသေးရာ ထိုပုံရိပ်က လူတိုင်းကို မရေမရာ ခံစားရစေသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ရေသလင်းနန်းတော်နှင့် ကျန်လုန်ဂိုဏ်းမှလူများ အတော်လေး ဒွိဟဖြစ်နေကြသည်။
သူတို့၏ အတော်ဆုံးသိုင်းသမားများကို ရန်ကျောက်ကဲက အနိုင်ယူခဲ့ပြီး သူ၏အောင်မြင်မှုက သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို တန်ုလှုပ်သွားစေခဲ့သည်။ ကျန်းဟောက်ချန်နှင့် လီရှန်တို့က သူ၏ခြေနင်းတုံးပမာ ဖြစ်ခဲ့ရပြီး ဂုဏ်သိက္ခာကျဆင်းရခြင်းအတွက် သူတို့ အလွန်အမင်း မကျေမနပ်ခံစားရသည်။
သို့သော် ကျန်းဟောက်ချန်နှင့် လီရှန်တို့ကိုယ်တိုင်က ဒေါသမထွက်ဘဲ သူတို့ညံ့ဖျင်းသည်ကို ဝန်ခံနေကြသဖြင့် ရေသလင်းနန်းတော်နှင့် ကျန်လုန်ဂိုဏ်းမှလူများမှာ ဒေါသမပေါက်ကွဲနိုင် ဖြစ်နေရ၏။
ရန်ကျောက်ကဲက တည်ငြိမ်သောမျက်နှာထားဖြင့်...
“ဒီ ‘ရန်’ မျိုးနွယ်က ဒီနေရာမှာ ကိစ္စတစ်ခုလုပ်ဖို့ရောက်လာတာလို့ စောစောက ပြောခဲ့ပါတယ် ၊ အဲဒီကိစ္စပြီးရင် ထွက်သွားမှာပါ”
သူက ကျန်းဟောက်ချန်နှင့် လီရှန်ကို လှမ်းကြည့်ရင်း...
“မင်းတို့နှစ်ယောက်ကြားကစိန်ခေါ်ပွဲ ရှေ့မဆက်နိုင်တော့တာ ငါ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ် ၊ ဒါပေမဲ့ မင်းတို့ရဲ့အရည်အချင်းနဲ့ ဒီနေ့ တစ်ခုခုရရှိသွားမယ်လို့ ငါ ယုံကြည်တယ်”
ထို့နောက် သူက ဤနေရာမှလူများကို တစ်ချက်ဝေ့ကြည့်ရင်း...
“ကဲ... ရေသလင်းနန်းတော်နဲ့ ကျန်လုန်ဂိုဏ်းမှာ ငါ့ကို စိန်ခေါ်ချင်တဲ့သူတွေရှိသေးလား ၊ ရှိသေးရင် အားလုံးကို ငါ လက်ခံမယ်”
ထို့နောက် သူက အဝေးဆီသို့လှမ်းကြည့်လိုက်ပြီး...
“ဟက်... ဒါပေမဲ့ ငါနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတဲ့လူက အခုပဲ ရောက်လာပြီထင်တယ်”
ပြောပြီးသည်နှင့် သူက ခပ်ပေါ့ပေါ့တစ်ချက်ရယ်မောလိုက်ပြီး ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်ကိုရင်ဆိုင်ရသည်နှင့် ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများအားလုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“တကယ်တော့ မင်းတို့ပြောနေတဲ့ မိစ္ဆာသူတော်စင်ဂိုဏ်းကို ငါ သေသေချာချာတောင် မသိဘူး ၊ ငါနဲ့ ငါ့ရဲ့အဒေါ်က ပင်လယ်တစ်ဖက်ခြားဒေသက လာခဲ့တာ ၊ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်း မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းဆိုတာတွေနဲ့ မပတ်သက်ဘူး ၊ ပြီးတော့ ဒီကိုရောက်လာရတဲ့အကြောင်းရင်းကလည်း ရေသလင်းနန်းတော်ရော ကျန်လုန်ဂိုဏ်းနဲ့ပါ မသက်ဆိုင်ပါဘူး ၊ ငါက ချန်လီတောင်ကို သွားမလို့ပါ”
သူ့စကားများကို လေးလေးနက်နက်မစဉ်းစားနိုင်ခင်မှာပင် အားလုံး၏စိတ်များ တုန်လှုပ်သွားကြသည်။
ကြံ့ဝိညာဉ်ကျွန်းမှသိုင်းသမားများ၏စကားကိုကြားထားသော ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ မှာ မရေမရာခံစားရပြီး ကြံ့ဝိညာဉ်ကျွန်းမှလူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ချန်လီတောင်ဆိုသည်က ရေသလင်းနန်းတော်နှင့် မဟာမိတ်များဖြစ်လေရာ သူက မျက်မှောင်ကြုတ်လိုက်ရင်း...
“ဒါဖြင့် မင်းနဲ့ ချန်လီတောင်က ရန်သူလား မိတ်ဆွေလား ၊ တည်ရာမဲ့ပင်လယ်ကိုသွားတာ ချန်လီတောင်ကို လက်စားချေဖို့အတွက်လား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ကာ ရယ်မောရင်း...
“အဲဒါကတော့ ချန်လီတောင်ကိုရောက်မှ သိနိုင်မှာပဲ ၊ ဒါပေမဲ့ မျှော်လင့်မထားတဲ့ဖြစ်ရပ်တွေ မရှိဘူးဆိုရင် ရန်သူထက် မိတ်ဆွေဖြစ်ဖို့က များပါတယ်”
ထိုစကားများကိုကြားတော့ လမ်းမှန်ဂိုဏ်းသားများမှာ အတော်လေး စိတ်သက်သာရာရသွားကြသည်။ သို့သော် ရန်ကျောက်ကဲကို ကြည့်နေကြသော မိစ္ဆာလမ်းစဉ်သိုင်းသမားများ၏ အကြည့်များကတော့ တင်းမာခက်ထန်သွားကြ၏။
သို့သော် ရန်ကျောက်ကဲက စိတ်ပူပန်ဟန်မရှိဘဲ ကန်းလင်မိုးရေစက်များဖြင့် ဖွဲ့စည်းထားသော ပကတိရေသွေးကြောထက်တွင် မတ်တတ်ရပ်နေသည်။
ကျန်လုန်ဂိုဏ်းမှ အကြီးအကဲ’ယွဲ့’ က မျက်လုံးများ မှေးစင်းလျှက် ရန်ကျောက်ကဲကိုကြည့်ရင်း...
“မင်းက ချန်လီတောင်ကိုသွားမှာဆိုပေမယ့် မင်းကို တိုက်ခိုက်ဖို့ရောက်လာတဲ့သူကတော့ ကြံ့ဝိညာဉ်ဂိုဏ်းက မဟုတ်လား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဖြင့်...
“အမှန်ပဲ”
ရေသလင်းနန်းတော်မှ အကြီးအကဲ’တုန်း’ က...
“ကြံ့ဝိညာဉ်ဂိုဏ်းကလူက မင်းကို ဘာလို့တိုက်ခိုက်ချင်ရတာလဲ”
သူ့မေးခွန်းဆုံးသွားချိန်တွင် အမတလက်ဖွဲ့သိုင်းဆရာသခင်များ၏ စိတ်နှလုံးများ တုန်လှုပ်သွားပြီး အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အိုး... ပြောရင်းဆိုရင်း အဲဒီလူရောက်လာပြီပဲ ၊ သူ့ကိုသာ မေးကြည့်လိုက်တော့”
ထိုအချိန်...
အဝေးဆီမှ ပင်လယ်ပြင်ထက်တွင် အလွန်တရာပြင်းထန်သော စွမ်းအားတက်အကျများဖြစ်ပေါ်လာပြီး ဤနေရာတွင်ရှိနေသူတိုင်းကို ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရလေ၏။