← Chapters

အခန်း (၇၆၉-၇၇၀)

Vol. 67 Ch. 769-770

အခန်း (၇၆၉-၇၇၀)

Vol. 67 Ch. 769-770

အခန်း ၇၆၉

“ယွီမေ့ဇစ်နဲ့ ပါးထန်ကို ပိုပေးသင့်တာလား”

ကျောက်ယာမှ ပြောသည်။

“ချန်ကျိုစစ်ကရော။ နှစ်ဖက်စလုံးကို ကျေနပ်အောင်လုပ်ဖို့ဆိုတာက ဘယ်သူ့ကိုမှ ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“တကယ်တော့ ဒီကစားပွဲမှာ အကျိုးအရှိဆုံးသူက ၅ယောက်မြောက်လူပဲ။ တခြားလေးယောက်က အသက်နဲ့ရင်းပြီး ကစားနေရချိန်မှာ သူကတော့ အန္တရာယ်ကို စွန့်စားဖို့မလိုဘူး”

“နံပါတ်စဉ် နောက်ရောက်လေ ပိုဘေးကင်းလေပဲ။ ပါးထန်လည်း ဘေးကင်းတယ်။ ဒါပေမဲ့ ချန်ကျိုစစ်က…”

ကျောက်ယာ မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေသည် ချန်ကျိုစစ်အတွက် အလွန်အန္တရာယ်များကြောင်း သူမ ခံစားမိသည်။

“ဒီကစားပွဲက ရိုးရှင်းပေမဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ဥာဏ်ပညာကို စမ်းသပ်တာပဲ။ အသက်ရှင်ဖို့ဆိုရင် အရည်အချင်းနှစ်ခုစလုံး ရှိဖို့လိုတယ်။ ဒီကစားပွဲက တကယ်ခက်ခဲတာပဲ”

သူမကိုယ်တိုင် ကစားပွဲထဲ ဝင်ရပါကလည်း ခက်ခဲလိမ့်မည်ဖြစ်ပေသည်။

အထူးသဖြင့် နောက်ဆုံးနှစ်ယောက်ဖြစ်သည့် နန်ပါးထျန်းနှင့် ပါးထန်သည် တစ်ဖွဲ့တည်းသားဖြစ်သောကြောင့် မဲအရေအတွက် တစ်ဝက်ခန့်ကို ထိန်းချုပ်ထားခြင်းဖြစ်ပေသည်။

ထို့ပြင် ကစားပွဲစည်းမျဉ်းအရ လူများစုမှ သဘောတူညီရန် လိုအပ်သည်။ မဲအရေအတွက် သရေကျလျှင်ပင် ကျရှုံးမှုအဖြစ် သတ်မှတ်နိုင်လေသည်။

သို့ဖြစ်ရာ ခြေတစ်လှမ်းမှားယွင်းသွားသည်နှင့် နောက်ဆက်တွဲရလဒ်သည် သေဆုံးခြင်းဖြစ်သည်။

တတိယထပ်ရှိ ဖန်းယင်းယွီသည် မျက်လုံးတို့မှေးကျုံ့ထားရင်း ပြောသည်။

“ဆရာကြီး ခင်ဗျားရဲ့ကစားပွဲက တကယ့်ကို လူ့စိတ်နှလုံးကို စမ်းသပ်တာပဲ။ ခြေတစ်လှမ်းမှားရင် အဆုံးသတ်ပြီ”

တာ့အိုဆရာကြီးသည် ရယ်မော၏။

“ချန်ချွမ်းတောင်ကြားသခင်အဖြစ် ဆက်ခံမယ့်သူက သူမတူအောင် ဉာဏ်ပညာကြီးမားပြီး အင်အားကြီးမားမှုမရှိရင် ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီပါ့မလဲ”

ဖန်းယင်းယွီမှ ပြောသည်။

“ဒါပေမဲ့ ငါးယောက်မြောက်လူက ဘာမှဆုံးရှုံးစရာမရှိဘဲ အနိုင်ရဖို့သေချာနေတယ်လေ”

တာ့အိုဆရာအိုကြီးသည် ရယ်မောပြန်သည်။

“အဲဒါက သူ့ရဲ့ကံကောင်းမှုပဲ။ တစ်ခါတလေမှာ ကံကောင်းမှုဆိုတာလည်း အင်အားတစ်ခုပဲလေ။ ကံကြမ္မာဆိုတာ ဒါပဲမဟုတ်လား”

ဖန်းယင်းယွီသည် တာ့အိုဆရာကြီးကို စိုက်ကြည့်လိုက်သည်။

“ဆရာကြီး ခင်ဗျား လောင်းကြေးထပ်တာနိုင်ဖို့အတွက်နဲ့ အန်စာတုံးမှာ တစ်ခုခုလုပ်မထားပါဘူးနော်”

တာ့အိုဆရာကြီးသည် ကနဦးတွင် ထိတ်ပျာသွား၏။ သို့သော် ရယ်မောလျက် ပြောသည်။

“ငါ့မှာသာ အဲဒီလိုအကြံရှိရင် သူ့ကို နံပါတ်တစ်နေရာပေးလိုက်မှာပေါ့”

ဖန်းယင်းယွီ မျက်လုံးမှေးကျဉ်းလိုက်သည်။

“ဒါဆိုရင် ကျွန်တော် ဆရာကြီးကို အထင်လွဲမိတာလား”

တာ့အိုဆရာကြီးသည် ပြုံးနေဆဲပင်။

“ဒါပေါ့”

ထို့နောက် ဆက်ပြောသည်။

“ကောင်းပြီ၊ အခု ငါတို့ရဲ့လောင်းကြေးကစားပွဲ စတင်ပြီ။ ဘုန်းတော်ကြီးက မိတ်ဆွေဟောင်းအပေါ် လောင်းကြေးထပ်ဦးမှာလား”

ဖန်းယင်းယွီ လက်သီးတင်းတင်းဆုပ်လိုက်သည်။

“အင်း ကျုပ် ချန်ကျိုစစ်ကို လောင်းကြေးထပ်မယ်”

တာ့အိုဆရာအိုကြီးသည် ပြုံးလိုက်ပြီးနောက် အောက်ထပ်ရှိ လူငါးဦးကို ပြောသည်။

“ကောင်းပြီ၊ ခွဲဝေမှုပွဲစဉ်တစ်ကို စတင်လိုက်ကြတာပေါ့။ နံပါတ်တစ်ကျတဲ့ကစားသမားက ကျေးဇူးပြုပြီး ကိုယ့်ရဲ့ခွဲဝေမှုအစီအစဉ်ကို ပြောပေးပါ”

ထိုအခါ အားလုံးသည် မိစ္ဆာဘွားဘွားကြီးကို ကြည့်လိုက်ကြသည်။

အမှန်အတိုင်းပြောရပါက မိစ္ဆာဘွားဘွားကြီး၏စိတ်မှာ ထုံနေဆဲဖြစ်ပြီး စည်းမျဉ်းများနောက်ကွယ်မှ အန္တရာယ်ကို မဖမ်းဆုပ်မိသေးချေ။ ထို့ကြောင့် တုံးအစွာဖြင့် စဉ်းစားနေခဲ့သည်။

ယွီမေ့ဇစ်မှ မိစ္ဆာဘွားဘွားကြီးကို ပြောသည်။

“မိစ္ဆာမကြီး ရှင် ထိုက်ဆွေ့ဆေးလုံးတွေကို တစ်ယောက်တည်း အကုန်အပိုင်သိမ်းရဲရင် ကျွန်မ ရှင့်ကို လည်ချိုးသတ်ပစ်မယ်”

မိစ္ဆာဘွားဘွားကြီးသည် ယွီမေ့ဇစ်ကို စူးရဲစွာ စိုက်ကြည့်လာ၏။

“ယွီမေ့ဇစ် ငါတို့ကြားက စာရင်းကို အနှေးနဲ့အမြန် ရှင်းရမှာပဲ။ ဟမ့် အခု ခွဲဝေခွင့်ရှိတာက ငါပဲ။ မင်း ငါ့ကို လေးစားမှုရှိတာကောင်းလိမ့်မယ်”

“လေးစားရမယ်တဲ့ ဟမ့် စောင့်ကြည့်ကြသေးတာပေါ့”

အမျိုးသမီးနှစ်ယောက်၏စကားဝိုင်းကို နားထောင်ရင်း ချန်ကျဲ့ စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်မိလိုက်သည်။

ဒီလိုက အခြေအနေမကောင်းဘူး။

ထိုသို့တွေးလျက် ချန်ကျဲ့ ပြောလိုက်သည်။

“မိစ္ဆာဘွားဘွားကြီး ကျွန်တော်တို့က သူစိမ်းတွေဆိုတော့ ကျွန်တော် အများကြီးမပြောတော့ဘူး။ ကျွန်တော် တစ်ခုပဲပြောချင်ပါတယ်။ ဒီခွဲဝေမှုကို လူများစုက သဘောတူဖို့လိုအပ်တယ်။ ဆိုလိုတာက ကျွန်တော်တို့ငါးယောက်မှာ ခင်ဗျားကို သဘောတူတဲ့သူ အနည်းဆုံး သုံးယောက်ရှိဖို့လိုတယ်။ အဲဒီအခါမှ အောင်မြင်မှာ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်က သေခြင်းပဲ။ ခင်ဗျားနားလည်တယ်မလား”

မိစ္ဆာဘွားဘွားကြီးသည် ချန်ကျဲ့ကို ကြည့်လာပြီး မေးသည်။

“မင်းက ဘယ်သူလဲ”

ယွီမေ့ဇစ်မှ ဖြေသည်။

“သူက မျန့်ရွှေငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်”

ထိုအခါ မိစ္ဆာဘွားဘွားကြီးမှ ပြောသည်။

“ဟမ့် အဖွဲ့အစည်းသေးသေးလေးကများ မင်းဝင်ပြောဖို့မလိုဘူး”

“ျီး…”

ချန်ကျဲ့ ကျယ်လောင်စွာ ကျိန်ဆဲပစ်လိုက်ချင်သော်ငြား အခြေအနေကို ပိုဆိုးစေမည်စိုးသောကြောင့် ပြန်ထိန်းချုပ်လိုက်သည်။

တန်းအဆောင်၏အပြင်ဘက်၌ အားသာ့မှ မေးသည်။

“ခရိုင်မင်းသမီး ချန်ကျိုစစ်က ဘာလို့ မိစ္ဆာဘွားဘွားကြီးထက်ပိုပြီး စိတ်လှုပ်ရှားပုံပေါက်နေရတာလဲ”

ခရိုင်မင်းသမီးမှ ပြန်ပြောသည်။

“ဘာလို့ဆို့ ဒါက သူအသက်ရှင်နိုင်မယ့် ပထမအခွင့်အရေးမလို့လေ။ တစ်ခုတည်းသောအခွင့်အရေးလည်း ဖြစ်နိုင်တယ်”

အားသာ့မှ စဉ်းစားလိုက်ပြီး ပြောသည်။

“ခရိုင်မင်းသမီး ဒါက ပထမဆုံးလူရဲ့အလှည့်ပဲ ရှိသေးတာလေ။ အဲဒီလောက် ပြင်းထန်လို့လား”

ကျောက်ယာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ဟားဟား ပြင်းထန်လို့လား… ကစားပွဲအစက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်”

ကျောက်ယာမှ လက်သီးတင်းတင်းဆုပ်လျက် ပြောသည်။ သူမ ချန်ကျဲ့အတွက် စိတ်ပူနေခဲ့သည်။ ပထမနှစ်ဦးသည် ဥာဏ်သိပ်မကောင်းလှကြောင်း ထင်ရှားပြီး ကစားပွဲ၏ အဓိကသော့ချက်ကို ယခုအချိန်အထိ မဖမ်းဆုပ်မိသေးပေ။

ထိုစဉ် အပေါ်ထပ်၌ တာ့အိုဆရာကြီးသည် ရယ်မောသည်။

“ဘုန်းတော်ကြီးရဲ့ မိတ်ဆွေဟောင်းက အတော်လေး ဥာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ကျုပ်ပြောခဲ့သလိုပဲ ကံကောင်းမှုက သူ့ဘက်မှာရှိပုံမရဘူး။ အမျိုးသမီးနှစ်ယောက်က ဥာဏ်မကောင်းပုံပဲ”

ဖန်းယင်းယွီမှ ပြောသည်။

“ပထမလူက ရှုပ်ထွေးအောင်လုပ်လိုက်ရင် လုံးဝ ဆုံးရှုံးမှုကြီးပဲ။ ဆရာကြီးရဲ့ ဒီကစားပွဲက မမျှတဘူးမလား”

တာ့အိုဆရာကြီးမှ ပြန်ပြောသည်။

“မျှတမှုလား။ ဒီလောကကြီးမှာ မျှတမှုဆိုတာ ဘယ်မှာရှိမှာလဲ”

ထိုသို့ပြောပြီးနောက် တာ့အိုဆရာကြီးမှ လက်ဟန်ပြလျက် ပြောသည်။

“အခုက နံပါတ်တစ် စကားပြောရမယ့်အချိန်ပါ။ ကျန်တဲ့သူတွေက ပါးစပ်ပိတ်ထားပေးကြပါ။ နံပါတ်တစ်စကားပြောပြီးတာနဲ့ ကျန်တဲ့သူတွေက တစ်ခွန်းစီ ပြောနိုင်ပါတယ်”

ထိုအခါ ချန်ကျဲ့နှင့် အခြားသူများသည် မိမိတို့တွင် စကားပြောခွင့်မရှိကြောင်း သိလိုက်ရသည်။ မမြင်ရသည့် စွမ်းအင်တစ်ခုသည် သူတို့ကို ထိန်းချုပ်ထား၏။

ချန်ကျဲ့သည် ထိတ်လန့်ကာ ကူကယ်ရာမဲ့နေသည်။ သို့သော် သူသည် စဉ်းနှီတုံးပေါ်ရှိ ငါးတစ်ကောင်အလား ခိုင်းသည့်အတိုင်းသာ နေရလေသည်။

အားလုံးသည် မိစ္ဆာဘွားဘွားကြီးကိုသာ ကြည့်နေကြသည်။ ထိုအခါမှ မိစ္ဆာဘွားဘွားကြီးသည် စည်းမျဉ်းများကို နားလည်သွားဟန်ရကာ စဉ်းစားနေ၏။ ထို့နောက်တွင်မူ သူ၏မျက်လုံးများ အရောက်တောက်သွား၏။

ထို့နောက် သူမသည် အစွန်ရှိ ပါးထန်နှင့် နန်ပါးထျန်းကို မေးသည်။

“ပြည်နယ်မြို့စောင့်တပ်မှူးပါးထန် ရှင်တောင်းဆိုချင်တာကို ပြောကြည့်ပါဦး။ ပြီးတော့ ခေါင်းဆောင်နန် ရှင်ကရော”

မိစ္ဆာဘွားဘွားကြီးသည် ထက်မြက်၏။ ပါးထန်နင့် နန်ပါးထျန်းသည် တစ်ဖွဲ့တည်းဖြစ်ကြောင်း သိလေရာ သူတို့၏ထောက်ပံ့မှုကို ရယူရလိမ့်မည်။ ချန်ကျဲ့နှင့် ယွီမေ့ဇစ်၏အမြင်ကိုမူ ထည့်မစဉ်းစားနိုင်ပေ။ ယွီမေ့ဇစ်နှင့် ညှိနှိုင်းခြင်းငှာ မဖြစ်နိုင်ကြောင်း သိသဖြင့် သူမသည် ယွီမေ့ဇစ်၏ထောက်ခံမှုကို မတောင်းဆိုပေ။

မိစ္ဆာဘွားဘွားကြီးမှ ပြောသည်။

“ကျွန်မ ရှင်တို့ရဲ့ထောက်ခံမှုကို လိုအပ်တယ်။ ရှင်တို့ကျေနပ်နိုင်မယ့် ခွဲဝေမှုအစီအစဉ်အတိုင်း ကျွန်မလုပ်ပေးမယ်”

အခန်း ၇၇၀

ထို့နောက် မိစ္ဆာဘွားဘွားကြီးမှ ဆက်ပြောသည်။

“ကျွန်မအစီအစဉ်ကို ပြောပြီးပါပြီ”

တာ့အိုဆရာကြီးမှ ပြောသည်။

“ကောင်းပြီ။ အခု အားလုံးပဲ တစ်ယောက်တစ်ခွန်းစီ စကားပြောနိုင်ပြီ။ ပြီးရင် နံပါတ်ငါးကနေ စပြီး မဲပေးပါမယ်”

ထိုအခါ နန်ပါးထျန်းသည် ချက်ချင်းပြုံးလိုက်ပြီး ပြောသည်။

“ကျွန်တော်က သခင်ကြီးပါးထန်စီစဉ်တဲ့အတိုင်း နာခံမှာပါ။ သခင်ကြီးက အဆင်ပြေတယ်ဆိုရင် အဆင်ပြေပါတယ်”

ပါးထန်မှ ပြောသည်။

“ကျုပ် ထိုက်ဆွေ့ဆေးလုံး၅၀ လိုချင်တယ်။ အဲဒါကို သဘောတူရင် ငါသဘောတူမဲပေးနိုင်တယ်”

ထို့နောက် ချန်ကျဲ့အလှည့်ဖြစ်သည်။

“ကျွန်တော် သေချာပေါက် သဘောတူမှာပါ။ ယွီမေ့ဇစ် ခင်ဗျားလည်း ကျုပ်တို့ကိုယုံကြည်ပြီး သဘောတူမဲပေးတာကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်”

ယွီမေ့ဇစ်မှ လှောင်ရယ်၏။

“အို ငါ့ကိုခြောက်ဖို့ကြိုးစားနေတာလား။ ငါ သဘောမတူဘူး”

ထိုအခါ ချန်ကျဲ့သည် ထပ်၍ စကားပြောချင်လှသည်။ သို့သော် မည်သည့်အသံမျှ မထွက်နိုင်ချေ။

နောက်ဆုံးတွင်တော့ မိစ္ဆာဘွားဘွားကြီးအလှည့်ဖြစ်သည်။

“ဟားဟား ယွီမေ့ဇစ် မင်း ငါ့ဆီကနေ ဆေးတစ်လုံးမှ မရစေရဘူး”

ထိုအခါ ယွီမေ့ဇစ်သည် မိစ္ဆာဘွားဘွားကြီးကို ဒေါသတကြီး ကြည့်၏။

ထိုအချိန်၌ တာ့အိုဆရာကြီးမှ ပြောသည်။

“နံပါတ်တစ် မင်းရဲ့ခွဲဝေမှုအစီအစဉ်ကို ဖော်ပြပါ”

ထိုအခါ မိစ္ဆာဘွားဘွားကြီးမှ ပြောသည်။။

“ကောင်းပြီ။ ကျွန်မရဲ့ခွဲဝေမှုအစီအစဉ်ကတော့ ယွီမေ့ဇစ် တစ်လုံးမှ မရပါဘူး။ ချန်ကျိုစစ်ကို တစ်လုံးနဲ့ ပါးထန်ကို အလုံး၅၀၊ နန်ပါးထျန်းအတွက် ၉လုံးပါ”

မိစ္ဆာဘွားဘွားကြီး၏ ခွဲဝေမှုအစီအစဉ်တင်ပြချက် ပြီးဆုံးသွားသည်။

ထိုအခါ ချန်ကျဲ့၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ပြီးသွားပြီ။

အပြင်မှကြည့်နေသည့် ကျောက်ယာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ဒီငတုံးကတော့”

တတိယထပ်ရှိ တာ့အိုဆရာကြီးသည် ရယ်မော၏။

“ဘုန်းတော်ကြီး ကြည့်ရတာ ခင်ဗျား ဒီကစားပွဲမှာ ရှုံးတော့မယ်နဲ့တူတယ်”

ဖန်းယင်းယွီ မျက်မှောင်ကြုတ်နေပြီး ဘာမှပြန်မပြောပေ။

ထိုအခါ တဟဲဟဲရယ်နေသည့် တာ့အိုဆရာကြီးသည် ဒိုင်လူကြီးအဖြစ် ဆက်ပြောသည်။

“အရမ်းကောင်းတယ်။ မဲပေးနိုင်ပါပြီ”

ထို့နောက် တာ့အိုဆရာကြီးသည် ယွီမေ့ဇစ်ကို စကားပြောခွင့်ပြုလိုက်သည်။ ယွီမေ့ဇစ်သည် ချက်ချင်း အော်ဟစ်၏။

“သဘောမတူဘူး။ ဆေးတစ်လုံးမှ မရတာကို သည်းမခံနိုင်ဘူး။ မိစ္ဆာမကြီး ရှင်နဲ့ကျွန်မ အခုကစပြီး ကမ္ဘာမကြေရန်သူတွေပဲ”

မိစ္ဆာဘွားဘွားကြီးသည် အစကတည်းက ယွီမေ့ဇစ်၏ထောက်ခံမှုကို မျှော်လင့်မထားသောကြောင့် ဂရုမစိုက်ပေ။

“ကောင်းပြီ နောက်တစ်ယောက်”

ထို့နောက် တာ့အိုဆရာကြီးသည် ယွီမေ့ဇစ်ကို အသံတိတ်စေကာ ချန်ကျဲ့ကို စကားပြောခွင့်ပြုသည်။

ချန်ကျဲ့ သက်ပြင်းချလိုက်ပြီး ယွီမေ့ဇစ်ကို ပြောသည်။

“ခင်ဗျား သေသွားတာမှ ကောင်းဦးမယ်။ ကျွန်တော် သဘောတူတယ်”

ဟမ်..

ထိုအခါ မိစ္ဆာဘွားဘွားကြီးလည်း အံ့ဩသွားရသည်။

ချန်ကျိုစစ်က ဒီလောက်တောင် နှိမ့်ချတတ်တာလား။ ဆေးတစ်လုံးတည်းပေးတာလည်း သဘောတူတယ်ပေါ့လေ။

ယွီမေ့ဇစ်၏မျက်လုံးများမှာ ဒေါသဖြစ်နေ၏။

နိမ့်ကျတဲ့အဆင့်အတန်းနဲ့လူက တကယ့်ကို ကိုယ့်အဆင့်ကိုယ် မထိန်းနိုင်ဘူးပဲ။

ထိုစဉ် တာ့အိုဆရာကြီးမှ ဆက်ပြောသည်။

“နောက်တစ်ယောက်”

ပါးထန်၏အလှည့်ဖြစ်သည်။

ပါးထန်သည် မိစ္ဆာဘွားဘွားကြီးကို ပြုံးလျက် ပြောသည်။

“မိစ္ဆာဘွားဘွားကြီး ကျုပ်သေချာစဉ်းစားကြည့်လိုက်တော့ ဆေးလုံး၇၀လိုချင်တာဗျ။ ခင်ဗျားပေးတာက ကျုပ်တောင်းဆိုချက်နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ကျုပ် သဘောမတူဘူး”

“ဘာ”

ထိုစကားတွင် မိစ္ဆာဘွားဘွားကြီးမှာ မယုံကြည်နိုင်စွာသော မျက်လုံးပြူးကြီးများဖြင့် ပါးထန်ကို စိုက်ကြည့်နေသည်။

ဘာ။ သဘောမတူဘူးပေါ့လေ။

ငါတို့ သဘောတူထားပြီးသား မဟုတ်ဘူးလား။

ထိုအခါ ချန်ကျဲ့လည်း ကူကယ်ရာမဲ့စွာ မျက်လုံးမှိတ်လိုက်သည်။

ဝက်လို တုံးအလွန်းတယ်။

ပါးထန်မှ မမျှော်လင့်ဘဲ သဘောမတူဟု ပြောလာသည်တွင် ယွီမေ့ဇစ် ကျယ်လောင်စွာ ရယ်မောတော့သည်။ သူမ စကားမပြောနိုင်သော်ငြား မောက်မာဟန်သော အမူအရာကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ ချန်ကျဲ့ ယွီမေ့ဇစ်ကို လှည့်ကြည့်လိုက်သည်။ သူမအတွက် အဆုံးသတ်သည် တစ်ခုတည်းဖြစ်၏။

သူကတော့ ဝက်ထက်ကို တုံးအလွန်းတယ်။

တာ့အိုဆရာကြီးမှ ပြောသည်။

“၅ယောက်မြောက်ကစားသမား မဲပေးပါ”

နန်ပါးထျန်းမှ ချက်ချင်းပြောသည်။

“သဘောမတူဘူး”

တိတ်ဆိတ်မှု ရုတ်ချည်းကြီးစိုးသွား၏။ ထို့နောက်တွင်မူ မိစ္ဆာဘွားဘွားကြီး၏ အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာသည်။

“မင်း မင်းတို့အားလုံး လူလိမ်တွေပဲ လူလိမ်တွေ”

ယခုမှသာ ထိန်းချုပ်မှုကင်းလွတ်နေသည့်အချက်ကို သူမ နားလည်သွားတော့သည်။ ထိုစဉ် တာ့အိုဆရာကြီးမှ ပြောသည်။

“ပွဲစဉ်တစ်အတွက် မဲပေးမှုပြီးဆုံးပါပြီ။ ရလဒ်တွေကတော့ နံပါတ်တစ် သဘောတူ၊ နံပါတ်နှစ် သဘောမတူ၊ နံပါတ်သုံး သဘောတူ၊ နံပါတ်လေး သဘောမတူ၊ နံပါတ်ငါး သဘောမတူပါ”

“နောက်ဆုံးရလဒ်ကတော့ နှစ်မဲ သဘောတူ၊ သုံးမဲ သဘောမတူပါ။ နံပါတ်တစ်ရဲ့တင်သွင်းမှု ကျရှုံးပါတယ်။ ကွပ်မျက်မယ်”

တာ့အိုဆရာကြီး၏အသံသည် ရေခဲတမျှ အေးစက်နေသည်။ ထို့နောက်တွင် မိစ္ဆာဘွားဘွားကြီး၏ တိုင်မှ မီးတောက်များ ထွက်ပေါ်လာကာ သူမ၏တစ်ကိုယ်လုံးကို ဝါးမျိုသွားခဲ့သည်။

မိစ္ဆာဘွားဘွားကြီးသည် မီးတောက်၏ဝါးမျိုခံရပြီး အော်ဟစ်နေဟန်ရသည်။ သို့သော် သူမ၏အသံကို ပိတ်ဆို့ထားသောကြောင့် အသံမကြားရပေ။ နောက်ဆုံးတွင်မူ သူမ ပြာမှုန်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်ကိုသာ မြင်တွေ့လိုက်ရလေသည်။

ထိုမြင်ကွင်းကြောင့် အားလုံး မင်သက်ကုန်ရသည်။

ထိုမီးတောက်များသည် ချီစွမ်းအင်ဖြင့်ပင် ခုခံမရချေ။

ချန်ကျဲ့မှာ နဖူးတွင် ချွေးစက်များစီးကျနေ၏။ နွေဦးနတ်ဘုရား၏အမျက်ဒေါသသိုင်းကွက်ကို အသုံးပြုလျှင်သော်မှ ထိုကြောက်မက်ဖွယ်မီးတောက်များကို မခုခံနိုင်လောက်ဟု သူခံစားနေရသည်။

ကျောက်ယာသည် အပြင်ဘက်မှနေ၍ ထိုမီးတောက်များကို ကြည့်နေသည်။ သူမ၏မျက်ခုံးများမှာ သိသိသာသာ တွန့်ချိုးနေ၏။ ထိုမီးတောက်မီးလျံများကို ထိပ်တန်းအဆင့် ဆေးဝါးပညာရှင်ကြီးများမှ မီးတောင်များအတွင်းရှိ ကျောက်ရည်ပူများဖြင့် ပြုလုပ်ထားကာ ချီစွမ်းအင်ဖြင့် ပျိုးထောင်ပေးထားပြီး နောက်ဆုံးတွင် အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်သည့် အဂ္ဂိရတ်နတ်မီးလျံဖြစ်လာခြင်း ဖြစ်သည်။

သံမဏိနှင့် ကျောက်သားများကိုပင် အစအနမကျန်အောင် လောင်ကျွမ်းပစ်နိုင်စွမ်းရှိသည်။

ထိုသို့ ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်တွေ့ရသည်တွင် အားလုံးများ ကျောရိုးများအထိ အေးစိမ့်သွားရသည်။ မိစ္ဆာဘွားဘွားကြီးနှင့် အတူလိုက်ပါလာသူ လူအကြီးမှာ မျက်လုံးအစုံ ကျွတ်ထွက်ကျလုမတတ်ပင်။

“ဘွားဘွားကြီး ဘွားဘွားကြီး…”

သို့သော် ၎င်းသည် တိမ်လွင့်စင်သွားသည့်အလားပင်။ မျက်တောင်တစ်ခတ်အတွင်း မိစ္ဆာဘွားဘွားကြီးသည် ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်နေသည့် ယွီမေ့ဇစ်သည် စိတ်သက်သာရာရသွား၏။

“ထိုက်တန်တယ်”

ချန်ကျဲ့ ကူကယ်ရာမဲ့စွာ မျက်နှာလွှဲလိုက်သည်။

တကယ် ငတုံးပဲ။ သူ့ကို ဝက်လို တုံးတယ်လို့ပြောရင်တောင် ဝက်တွေကို စော်ကားရာကျဦးမယ်။ သူက ဝက်ထက် ပိုဆိုးတယ်။

ထိုသို့တွေးရင်း ချန်ကျဲ့ ပါးထန်နှင့်နန်ပါးထျန်းကို ကြည့်လိုက်သည်။ ထိုနှစ်ဦးသည် အောင်နိုင်သူများကဲ့သို့ ပြုံးနေကြ၏။

အင်း ပထမလူကို ဖြုတ်လိုက်နိုင်ရင် သူတို့ မရှုံးနိုင်တော့ဘူး။

သူတို့နောက်ဆက်လုပ်ရမည်မှာ မည်သည့်တင်သွင်းချက်ဖြစ်စေ သဘောမတူရန်သာ ဖြစ်သည်။ ချန်ကျဲ့နှင့် ယွီမေ့ဇစ်တွင် အသက်ရှင်နိုင်မည့်အခွင့်အရေး မရှိတော့။

ချန်ကျဲ့သည် ထိုအချက်ကို ကနဦးကတည်းက နားလည်ထားပြီးဖြစ်သည်။ ချန်ကျဲ့ ဝံ့ကြွားစွာ ပြုံးနေသည့် ယွီမေ့ဇစ်ကို ကြည့်လိုက်သည်။

“ရယ်နေတုန်းပဲလား”

ယွီမေ့ဇစ်မှ ပြောသည်။

“ငါက ဘာလို့ မရယ်နိုင်ရမှာလဲ”

ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။

“ကြည့်ရတာ ခင်ဗျားက တကယ် ကယ်တင်လို့မရလောက်အောင် တုံးအတဲ့ ငတုံးထင်တယ်။ ကျုပ် ခင်ဗျားကိုမေးမယ်။ အခု ကစားပွဲထဲမှာ လူဘယ်နှယောက်ကျန်သေးလဲ”

All Chapters