အခန်း (၇၇၅-၇၇၆)
Vol. 67 Ch. 775-776
အခန်း (၇၇၅)
နန်ပါးထျန်းသည် အလွန်အမင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ပါးထန်သည် နန်ပါးထျန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ လုံးဝရိုးသားနေဟန်ရှိသော မျက်လုံးများကို စိုက်ကြည့်နေမိသည်။ နန်ပါးထျန်းတစ်ယောက် ချန်ကျိုစစ်ကို သတ်ရန် သူနှင့် အမှန်တကယ် ပူးပေါင်းဖို့ ပြင်ဆင်ထားပြီး၊ ထိုက်ဆွေ့ဆေးလုံးများ အားလုံးကိုပင် သူ့အားပေးရန် လိုလားနေသည်ဆိုသည်ကို သူ တကယ် ယုံကြည်ချင်ပါသည်။
သို့သော် သူ မည်မျှပင် ယုံကြည်ချင်ပါစေ၊ အလောင်းအစားတော့ မလုပ်ရဲပေ။
နန်ပါးထျန်းက အငြိုးအတေးထားနေနိုင်ခြေက တစ်ရာခိုင်နှုန်း၊ ဒါမှမဟုတ် တစ်ထောင်ပုံတစ်ပုံ၊ တစ်သောင်းပုံတစ်ပုံလောက်ပဲ ရှိနေမယ်ဆိုရင်တောင် သူ စွန့်စားရဲပါ့မလား။ တကယ်လို့ သူသာ အဲဒီကံဆိုးသူ ဖြစ်သွားခဲ့ရင် သူ့အသက်က ပြီးဆုံးသွားပြီ မဟုတ်လား။
တစ်ဖက်တွင်က ဆေးလုံးအနည်းငယ်၊ အခြားတစ်ဖက်တွင်က သူ၏အသက်။ ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာကို ပါးထန် နားမလည်ဘဲ နေပါ့မလား။
ထို့ပြင် သူ၏စိတ်ထဲတွင် အပြစ်ရှိသလိုလည်း ခံစားနေရသည်။ နန်ပါးထျန်း၏ မျက်စိရှေ့တွင် သူ ဘာတွေလုပ်ခဲ့သလဲဆိုတာကို အခြားမည်သူ့ထက်မဆို သူ ပိုသိနေသည်။ မိန်းမများဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲများကို လှုံ့ဆော်ပေးတတ်သည် မဟုတ်ပါလော။ မိန်းမတစ်ယောက်အတွက် တိုင်းပြည်များ စစ်ခင်းကြခြင်း။ မိန်းမဖျက်လျှင် တိုင်းပြည်ပျက်သည်ဟူသော စကားများက အလဟဿ မဟုတ်ခဲ့ချေ။
ပြီးတော့ နန်ပါးထျန်းက သူ့ကိုစော်ကားသမျှ ကလဲ့စားချေတတ်သူမျိုးဖြစ်သည်။ ချန်ကျဲ့ ပြောခဲ့သည့် စကားကိုပင် သူ ပြန်အမှတ်ရသွားသည်။ "နန်ပါးထျန်း... မင်းက သစ္စာမဲ့၊ မတရားတဲ့၊ လူမဆန်တဲ့၊ ကျေးဇူးကန်းတဲ့၊ အရှက်အကြောက် လုံးဝမရှိတဲ့ကောင်ပဲ"
အခြားတစ်နည်းအားဖြင့် ဆိုရလျှင်၊ ဒီလူ နန်ပါးထျန်းတွင် ယုံကြည်ရမှုနှင့် ကိုယ်ကျင့်တရားဆိုသည်မှာ လုံးဝ မရှိပေ။ သူက ကိုယ့်ဆရာကိုတောင် သစ္စာဖောက်ပြီး ကိုယ့်ဂိုဏ်းတူအစ်ကိုကို သတ်ခဲ့သူပဲ။ သူ့အတွက်ကရော ဘာများထူးခြားသွားမှာလဲ။ ဂိုဏ်းတူအစ်မကို လုယူခဲ့တဲ့ ရန်သူလောက်ပဲ မဟုတ်လား။ သူ တကယ် လောင်းကစား လုပ်ရဲပါ့မလား။
ပါးထန်သည် သူ လုံးဝမစွန့်စားရဲကြောင်းကို ရင်တွင်းအနက်ရှိုင်းဆုံးမှ သိနေသည်။ လူ့သဘာဝ၏ ဆိုးယုတ်မှုကို စမ်းသပ်၍မရနိုင်ပေ။ လူ့သဘာဝကို စမ်းသပ်ဖူးသူတိုင်း အဆုံးသတ် မလှခဲ့ကြချေ။
"သခင်ကြီးပါးထန်... ကျွန်တော် အဲဒီလို မလုပ်ပါဘူး။ သခင်ကြီး ကျွန်တော့်ကို ယုံကြည်ရပါမယ်။ ကျွန်တော် တကယ် အဲဒီလို မလုပ်ပါဘူး။ ကျွန်တော် ချန်ကျိုစစ် သေတာကိုပဲ လိုချင်တာပါ။ သူ့ကို သေစေချင်ရုံ သက်သက်ပါပဲ"
နန်ပါးထျန်းသည် ကယောင်ကတမ်းဖြင့် အသည်းအသန် တောင်းပန်နေမိသည်။ သူသည် အောင်ပွဲ၏ အရိပ်အယောင်လေးကို နောက်ဆုံးတော့ မြင်တွေ့ခဲ့ရပြီဖြစ်ရာ ချန်ကျိုစစ်၏ စကားတစ်ခွန်းကြောင့် အရာအားလုံး ပျက်စီးသွားမည်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။
အကယ်၍ ပါးထန်ကိုပါ တစ်ပါတည်း သတ်ပစ်ရန် သူ တွေးခဲ့ဖူးသလားဆိုလျှင်၊ အမှန်တိုင်းပြောရပါက တွေးတော့ တွေးခဲ့ဖူးသော်လည်း ထိုအတွေးကို ပြန်လည်စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ မိန်းမတစ်ယောက်အတွက်နှင့် မဆင်မခြင် စွန့်စားလုပ်ကိုင်ရမည့် အရွယ်လွန်ခဲ့ပြီလေ။ သူ၏ ကိုယ်ပိုင်အသက်ရှင်သန်ရေးကိုလည်း စဉ်းစားရမည် မဟုတ်လား။
လောကကြီးတွင် ရှင်သန်ရပ်တည်နိုင်ရန် တစ်ခါတစ်ရံ၌ ကိုယ့်မိန်းမ တခြားသူနှင့် ဖောက်ပြန်သည်ကို ခေါင်းငုံ့ခံနိုင်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် သူ အခုလေးတင် ပြောခဲ့သည့်စကားများက အမှန်တရားများသာ ဖြစ်သည်။ သူ တကယ်ကို ချန်ကျိုစစ် သေတာကိုပဲ လိုချင်ခဲ့တာဖြစ်သည်။ သို့သော် အခြေအနေက မဖြစ်နိုင်တော့သလိုပင်။
ပါးထန်၏ မျက်လုံးများထဲမှ သံသယများကို သူ မြင်လိုက်ရသည်။ သံသယမျိုးစေ့ ကျဆင်းသွားပြီဆိုပါက ဘယ်တော့မှ ပြန်ပျောက်သွားတော့မည်မဟုတ်ဘဲ ပို၍သာ ကြီးထွားလာပေလိမ့်မည်။ သူ ရှုံးနိမ့်တော့မည်ဆိုသည့် ဆိုးရွားသော ခံစားချက်တစ်ခု ဝင်ရောက်လာတော့သည်။
ထိုစဉ် လေထဲမှ အသံတစ်သံက ပဲ့တင်ထပ်လာသည်။
"ကစားသမား နံပါတ်သုံး... ကျေးဇူးပြုပြီး မင်းရဲ့ ခွဲဝေမှုအစီအစဉ်ကို တင်ပြပါ"
ထိုအသံကို ကြားလိုက်ရချိန်တွင် အားလုံးနီးပါး ချန်ကျဲ့ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ ဤအချိန်တွင် ချန်ကျဲ့က ပါးထန်အား ကြည့်ကာ ပြောလိုက်သည်။
"သခင်ကြီးပါးထန်... အခုဆိုရင် သခင်ကြီး သေချာ စဉ်းစားပြီးလောက်ပါပြီ။ ဒါဆို သခင်ကြီး လောင်းကစားလုပ်ရဲလား"
ချန်ကျဲ့က ပြုံးလိုက်ပြီးနောက် ဆက်ပြောသည်။
"ကျွန်တော့်ရဲ့ ခွဲဝေမှုအစီအစဉ်က ဒီလိုပါ။ နန်ပါးထျန်းအတွက် သုည၊ ပါးထန်အတွက် ဆယ်လုံးဗျာ၊ ကျန်တာအကုန်လုံး ကျွန်တော့်အတွက်။ ဘယ်သူ သဘောတူလဲ၊ ဘယ်သူ သဘောမတူဘူးလဲ"
ချန်ကျဲ့သည် သူ၏ ခွဲဝေမှုအစီအစဉ်ကို ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။
သူသည် ပါးထန်အား ထိုက်ဆွေ့ဆေးလုံး ဆယ်လုံး ပေးခဲ့သည်။ တကယ်တမ်းဆိုလျှင် သူ ပါးထန်ကို ဘာမှမပေးရင်တောင်မှ ပါးထန်က သဘောတူမည်ဟု ချန်ကျဲ့ တွေးထားပြီးဖြစ်သည်။ ကြွယ်ဝချမ်းသာသော အမွေခံများဆိုသည်မှာ အန္တရာယ်ရှိသော နေရာများတွင် ထိုင်လေ့မရှိကြဟု ဆိုရိုးစကားရှိသည်။ ထို့အတူ ပါးထန်ကဲ့သို့ အာဏာရှိသူများအနေဖြင့်လည်း ယခုလို မသေချာမရေရာမှုမျိုးတွင် သူတို့၏ အသက်ကို လွယ်လွယ်နှင့် အလောင်းအစား လုပ်မည်မဟုတ်ပေ။
သို့သော် ချန်ကျဲ့ ပြန်တွေးမိသည်က နောင်အနာဂတ်တွင် သူတို့ ထပ်မံဆုံတွေ့ရနိုင်သေးသည်ဖြစ်ရာ၊ ဆက်ဆံရေးအားလုံးကို အပြီးတိုင် မဖြတ်တောက်လိုက်ဘဲ တစ်ယောက်နှင့်တစ်ယောက် သိက္ခာဆယ်နိုင်မည့် နေရာလေး ချန်ထားပေးခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဆိုခြင်းပင်။ ထို့ပြင် ချန်ကျဲ့က မမျှော်လင့်ထားသည်များ ဖြစ်လာမည်ကိုလည်း စိုးရိမ်ခဲ့သည်။ အကယ်၍ ပါးထန်သာ တကယ်ကို မျက်နှာပန်းပျက်သွားပြီး အသိစိတ်လွတ်ကာ ချန်ကျဲ့အား သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်ပါက ပါးထန် မသေခင် ချန်ကျဲ့ အရင်သေသွားနိုင်ပေသည်။
"ဆယ်လုံး" ဆိုသည့် အရေအတွက်မှာ ပါးထန်အနေဖြင့် မိမိကိုယ်ကို နှိမ်ချဆက်ဆံခံရသည်ဟု မခံစားရဘဲ လက်ခံနိုင်သည့်၊ ဒေါသလည်း မထွက်စေမည့် အတိအကျ တွက်ချက်ထားသော ပမာဏတစ်ခုဖြစ်သည်။ ဤနည်းဖြင့် ခြင်္သေ့ဝေစုဖြစ်သည့် အများစုကိုတော့ ချန်ကျဲ့က ရရှိဦးမည်ဖြစ်သည်။
ထို့ကြောင့် ချန်ကျဲ့က ယုံကြည်မှုအပြည့်ဖြင့် ထပ်မေးလိုက်သည်။
"ဘယ်သူ သဘောတူလဲ၊ ဘယ်သူ သဘောမတူဘူးလဲ"
အလွန်တရာ မောက်မာလှသော အမေးပင်။ သူ၏ အသံကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ အကြည့်များက ကွင်းပြင်ဗဟိုရှိ လူသုံးဦးထံသို့ ရောက်ရှိသွားကြသည်။
အထူးသဖြင့် ပါးထန်အပေါ်သို့ စူးစိုက်ကြည့်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ပါးထန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ နန်ပါးထျန်းက သူ့ဘက်သို့ လှည့်ကြည့်လာပြီး၊ စကားမပြောနိုင်သော်ငြား သူ၏ မျက်နှာပေါ်တွင် ယုံကြည်ပေးရန် တောင်းပန်နေမှုများက အထင်းသားပင်။ သူက ပါးထန်အား ဤတစ်ကြိမ်လေးတော့ သူ့ကို ယုံကြည်ပေးရန် အသည်းအသန် တောင်းဆိုနေကြောင်း လူတိုင်း ရှင်းလင်းစွာ သိမြင်နိုင်သည်။
ဒါက ချန်ကျိုစစ်ကို သတ်ရန် သူ၏ တစ်သက်တာတွင် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ကြောင်း နန်ပါးထျန်း နားလည်ထားသည်။ ချန်ကျိုစစ်၏ တိုးတက်လာမှုနှုန်းနှင့်ဆိုလျှင်၊ နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာလာသည့်အခါ ချန်ကျိုစစ် ဘယ်လောက်အထိ အင်အားကြီးမားလာမည်ကို သူ မှန်းဆဖို့ပင် မရဲတော့ချေ။ အဲဒီအခါကျရင် သူ ဘာလုပ်နိုင်တော့မှာလဲ။ သူ ဘာလုပ်နိုင်စွမ်း ရှိတော့မှာမို့လို့လဲ။
ထို့ကြောင့် ဤအခွင့်အရေးကို သူ လက်လွတ်မခံချင်ခဲ့ပေ။
သူက ပါးထန်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်နေစဉ်၊ ပါးထန်ကတော့ ချန်ကျဲ့ကို မျက်လုံးမှေးကျဉ်းလျက် စိုက်ကြည့်နေ၏။ ပါးထန်၏ အကြည့်များတွင် မကျေနပ်မှုများ ပြည့်နှက်နေပြီး ကိုးပုံတစ်ပုံ ခွဲဝေသည့် နည်းလမ်းက နည်းနည်းလွန်လွန်းနေတာ မဟုတ်ဘူးလား ဟု မေးငေါ့နေသကဲ့သို့ ရှိသည်။
သို့သော် ချန်ကျဲ့က အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။ သူက ပါးထန်အပေါ် အနည်းဆုံးထားရှိရမည့် လေးစားမှုကို ပြသခဲ့ပြီးဖြစ်ကြောင်း၊ ပါးထန်အနေဖြင့် ကျေးဇူးကန်းသလို မပြုမူတာ အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်ခြင်းပင်။
ပါးထန်က ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သော်လည်း၊ ချန်ကျဲ့ကတော့ တစ်လက်မလေးမျှ အလျှော့မပေးခဲ့ပေ။ ချန်ကျဲ့ထံတွင် ဖားယားလိုသည့် အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရသလို၊ ပါးထန်သည် ဤပွဲရလဒ်၏ အဓိကသော့ချက်ဖြစ်နေသည်ဟု သဘောထားဆက်ဆံမှုမျိုးလည်း မရှိခဲ့ချေ။ သူ၏ ကြီးစိုးလွှမ်းမိုးနိုင်မှုက ပါးထန်ကို ဒေါသထွက်စေသော်လည်း တစ်ချိန်တည်းမှာပင် ကူကယ်ရာမဲ့သွားစေခဲ့သည်။
နောက်ဆုံးတွင် သူ လက်မြှောက်၍သာ ပြောနိုင်တော့သည်။
"ငါ သဘောတူတယ်"
လူတိုင်း၏ အကြည့်များက ပါးထန်ဆီသို့ ရောက်သွားကြသည်။ ပါးထန်မှာ မကျေမနပ်ဖြစ်နေသော်လည်း ကူကယ်ရာမဲ့နေဟန် ပေါ်လွင်နေ၏။
နန်ပါးထျန်းမှာမူ မှင်သက်အံ့ဩလျက် ပါးထန်ကို ကြည့်နေမိသည်။ သူ သဘောတူလိုက်ပြီပဲ။ တကယ်ကြီး သဘောတူလိုက်ပြီပေါ့လေ။
ဆိုလိုတာက သူ ကျရှုံးသွားပြီ။ သူ ချန်ကျိုစစ်ကို မသတ်နိုင်တော့ဘူး။
နန်ပါးထျန်း၏ မျက်နှာပေါ်တွင် ပူဆွေးသောကရောက်မှုနှင့် ပြင်းထန်သော ဒေါသတို့ အပြည့်ဖုံးလွှမ်းသွားတော့သည်။
တစ်ချိန်တည်းမှာပင်၊ အပြင်ဘက်ရှိ ကြည့်ရှုသူများမှာလည်း မျက်လုံးကြီးများ ပြူးကျယ်လျက် အံ့အားသင့်နေကြသည်။ အားစန်းက ရယ်မောလိုက်သည်။
"ဟားဟားဟား... သိပ်ကောင်းတယ်။ သိပ်ကောင်းတာပဲ။ ကျိုစစ်က တကယ့်ကို အထင်ကြီးစရာပဲ။ ဒီလို သေရေးရှင်ရေး အခြေအနေကနေတောင် အသက်ရှင်အောင် ရုန်းထွက်နိုင်ခဲ့တယ်။ တကယ် အံ့မခန်းပဲ။ တကယ့်ကို အံ့မခန်းပဲကွာ"
ကျောက်ယာ၏ မျက်နှာပေါ်တွင်လည်း ယခုအခါ သွေးရောင်များ ပြန်လည်လန်းဆန်းလာပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ပေါက်လာသည်။
"ဟဲဟဲ... အခက်အခဲတွေ အားလုံးကို ကျော်လွှားပြီး သူ တကယ်ပဲ အနိုင်ရသွားခဲ့တာပဲ"
"ချန်ကျိုစစ်... ရှင်က တကယ့်ကို ငါ မျှော်လင့်ချက်ကြီးကြီး ထားခဲ့ရကျိုး နပ်တဲ့သူပဲ"
အခြားတစ်ဖက် အဝေးတွင်မူ၊ ယွီမန်အာတစ်ယောက် ဒေါသတကြီး သွားကြိတ်နေမိသည်။
ဒီငတုံးနှစ်ကောင် ဘာတွေ လုပ်နေကြတာလဲ။ ချန်ကျိုစစ်ကို သတ်ဖို့ အတူတူ မဲပေးလိုက်ရုံလေးကို။ ဘာလို့ သူတို့အချင်းချင်း ပြန်ကိုက်နေကြရတာလဲ...
အခန်း (၇၇၆)
ကျုံးလျောင်မှာ မှင်သက်အံ့ဩသွားပြီး "ဒါ... ဒါက ဖြစ်နိုင်လို့လား" ဟု ရေရွတ်လိုက်မိသည်။
တင်းယင်က "ဒီချန်ကျိုစစ်ဆိုတဲ့လူရဲ့ ဉာဏ်ပညာနဲ့ ပါးနပ်မှုက သာမန်လူတွေနဲ့ ယှဉ်လို့မရဘူး။ နောင်တစ်ချိန် သူ့ကိုတွေ့ရင် အထူးသတိထားမှ ဖြစ်မယ်" ဟု ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ သူတို့နှစ်ဦး အချင်းချင်း အဓိပ္ပာယ်ပါပါ မျက်လုံးချင်းဖလှယ်လိုက်ကြပြီး စကားစဖြတ်လိုက်ကြသည်။ သို့သော် ချန်ကျိုစစ်သည် အလွယ်တကူ ကိုင်တွယ်ဖြေရှင်း၍မရသော ပြဿနာကောင်ဖြစ်ကြောင်းနှင့် အလွန်အမင်း သတိထားရမည်ဖြစ်ကြောင်း သူတို့၏ စိတ်ထဲတွင် အသေအချာ မှတ်သားလိုက်ကြသည်။
ဤအချိန် အဆောက်အအုံအတွင်း၌ ကျယ်လောင်သော ရယ်မောသံကြီးတစ်ရပ် ထွက်ပေါ်လာသည်။
"ဟားဟားဟား... ဆရာကြီး၊ ခင်ဗျား ရှုံးသွားပြီ။ ဟားဟားဟား..."
ဖန်းယင်းယွီသည် တည်ငြိမ်မှုကို ဆက်မထိန်းထားနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်ရင်း "ကျုပ်ဖြင့် ကြောက်လွန်းလို့ ချွေးတွေတောင် ပျံသွားတာပဲဗျာ... ဟားဟား..." ဟု ပြောလိုက်သည်။
တာ့အိုဆရာကြီးက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး "သေမင်းတံခါးဝကနေ အသက်ရှင်လျက် ပြန်လှည့်လာနိုင်တယ်။ ခြောက်သွေ့နေတဲ့ သစ်ပင်က နွေဦးပေါက်တော့ ပြန်လည်ရှင်သန်လာသလိုပဲ။ အံ့မခန်းပဲ... တကယ့်ကို အံ့မခန်းပဲ" ဟု မှတ်ချက်ချလိုက်သည်။
ဖန်းယင်းယွီက "ဘယ်လိုလဲ၊ ကျုပ်ရဲ့ ညီငယ်ကျိုစစ်က အရည်အချင်းရှိပါတယ်လို့ ကျုပ် ပြောသားပဲ" ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် တာ့အိုဆရာကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ၊ နံ့သာနီသစ်သားသေတ္တာလေးတစ်ခုက ဖန်းယင်းယွီ၏ လက်ထဲသို့ တိုက်ရိုက် လွင့်ပျံလာခဲ့သည်။
"လောင်းကြေးက လောင်းကြေးပဲလေ။ ဒီ ဉာဏ်အလင်းပွင့်ဆေးလုံး တွေက ခင်ဗျားဟာ ဖြစ်သွားပါပြီ"
ဘုန်းတော်ကြီးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "ဆရာကြီး၊ ကြည့်ရတာ သိပ်ပြီး ပျော်နေပုံမရဘူးနော်" ဟု မေးလိုက်သည်။
တာ့အိုဆရာကြီးက "ခင်ဗျားလို မျှော်လင့်ချက်ရှိတဲ့ အရိုက်အရာဆက်ခံမယ့်သူတစ်ယောက်ကို လက်လွှတ်လိုက်ရတာ ကျုပ်က ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ" ဟု ညည်းတွားလိုက်သည်။
ဘုန်းတော်ကြီးက ပေါ့ပေါ့ပါးပါးပင် "ဆရာကြီး၊ ကျုပ်က ခင်ဗျား စောင့်မျှော်နေတဲ့သူ မဟုတ်နိုင်ပေမဲ့... သူများ ဖြစ်နေမလား ဘယ်သိမလဲ"
တာ့အိုဆရာကြီးက မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး "ဘာအဓိပ္ပာယ်နဲ့ ဒီစကားကို ပြောတာလဲ" ဟု မေးလိုက်သည်။
ဘုန်းတော်ကြီးက "ကျုပ်ရဲ့ ညီငယ်လေးက ဉာဏ်ပညာ အလွန်ထက်မြက်တဲ့အပြင် ဆေးပညာနောက်ခံလည်း ရှိတယ်။ ဆရာကြီးရဲ့ ချန်ချွမ်းတောင်ကြားက အဂ္ဂိရတ်ပညာရပ်ကို ဆက်ခံဖို့ဆိုရင် တကယ့်ကို အသင့်တော်ဆုံးပဲ မဟုတ်ဘူးလား။ အဲဒါက သိပ်ကောင်းတဲ့ကိစ္စပဲလေ" ဟု ပြန်ဖြေသည်။
ထိုစကားကို ကြားသောအခါ တာ့အိုဆရာကြီးက သက်ပြင်းချလိုက်သည်။
"အာ... ခေတ်ကာလကလည်း ဆိုးရွားလိုက်တာ၊ ကံကြမ္မာကလည်း မျက်နှာသာမပေးဘူး။ တစ်ချိန်က ရှင်နုန်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ ချန်ချွမ်းတောင်ကြားဆိုတာ လူတိုင်း တမ်းတမ်းစွဲ လိုချင်ခဲ့ကြတဲ့ အမွေအနှစ်ပဲ။ ဒီလို လူ့ဘုံဧကရာဇ်ရဲ့ အမွေအနှစ်ကို ဒီနေ့ကျမှ ဘုန်းကြီးတစ်ပါးကတောင် အထင်သေးနေရပြီလားဗျာ"
တာ့အိုဆရာကြီး သက်ပြင်းချနေချိန်တွင်၊ ဖန်းယင်းယွီကတော့ သူ့ကို ဂရုမစိုက်တော့ဘဲ နံ့သာနီသစ်သားသေတ္တာအတွင်းရှိ ဆေးလုံးများကို စစ်ဆေးကြည့်ရှုနေသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။ မှန်ပေသည်၊ ဒါက တကယ့် ဉာဏ်အလင်းပွင့်ဆေးလုံး များပင်။ သူ၏ ကြီးကျယ်ခမ်းနားလှသော စီမံကိန်းကြီးသည် နောက်ဆုံးတော့ အောင်မြင်နိုင်ချေ ရှိသွားပြီဖြစ်သည်။
ထို့နောက် ဖန်းယင်းယွီက "ဆရာကြီး၊ ခင်ဗျားရဲ့ စမ်းသပ်မှုက ဆက်လုပ်ရဦးမယ် မဟုတ်လား" ဟု သတိပေးလိုက်သည်။
တာ့အိုဆရာကြီးက သက်ပြင်းချရင်း "ထားလိုက်ပါတော့လေ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် တာ့အိုဆရာကြီးက ကွင်းပြင်ထဲသို့ ကြေညာလိုက်သည်။
"ကောင်းပြီ၊ ကစားသမား နံပါတ်ငါးအတွက် မဲပေးကြပါ"
သူ၏ အသံသည် နေရာအနှံ့ ပဲ့တင်ထပ်သွားပြီးနောက်၊ လူတိုင်း၏ အကြည့်များက ယခုအခါ အလွန်သနားစရာကောင်းနေသော နန်ပါးထျန်းထံသို့ ရောက်ရှိသွားကြသည်။ သူ၏ တစ်မဲတည်းသော မဲသည် အရေးအကြီးဆုံး အနေအထားမှနေ၍ လုံးဝ အသုံးမဝင်တော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဤအချိန်တွင် နန်ပါးထျန်းသည် ချန်ကျဲ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မကျေချမ်းမှုနှင့် နာကြည်းမှုများ ပြည့်နှက်နေ၏။
"ချန်ကျိုစစ်... မင်းက တကယ် အသက်ပြင်းတဲ့ကောင်ပဲ"
"ဒါပေမဲ့ မင်းကိုယ်မင်း အထင်မကြီးနေနဲ့ဦး။ ငါ အသက်တစ်ရက်ရှင်နေသရွေ့ မင်းကို တစ်ရက်လေးတောင် အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး။ ငါ မင်းကို မသတ်နိုင်ရင် မင်းရဲ့ မိသားစု၊ မင်းရဲ့ သူငယ်ချင်းတွေကို သွားရှာမယ်။ မင်းရဲ့ မိန်းမက တော်တော်လှတယ်လို့ ငါ ကြားထားတယ်။ ဟဲဟဲ... သူမကို ငါဖမ်းလာပြီး သူဖုန်းစားတစ်သိုက်နဲ့ ပျော်ပါးခိုင်းလိုက်ရင် မင်း ဘယ်လို ခံစားရမလဲဆိုတာ သိချင်လိုက်တာ"
နန်ပါးထျန်းသည် ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်လျက် အငြိုးတကြီး ခြိမ်းခြောက်လိုက်သည်။
မင်းက အရမ်းစွမ်းတယ်လို့ ထင်နေတာလား ချန်ကျိုစစ်။ မင်း မိသားစုကရော။ မင်းက အချိန်တိုင်း သူတို့နားမှာ ရှိနေပေးနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအချိန်ရောက်လာရင် သူတို့ကို ငါ ဘယ်လို နှိပ်စက်မလဲဆိုတာ စောင့်ကြည့်နေလိုက်။
ထိုစကားကို ကြားသောအခါ ချန်ကျဲ့၏ မျက်လုံးများ မှေးကျဉ်းသွားပြီး နှုတ်ဆိတ်နေခဲ့သည်။ သို့သော် သူ၏ အကြည့်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။
နန်ပါးထျန်း... မင်းတော့ သေဖို့ ပြင်ထားပေတော့။
နန်ပါးထျန်းသည် ချန်ကျဲ့ ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုး ပေါ်ပေါက်လာသည်။ ချန်ကျိုစစ်ကို ဒေါသထွက်အောင် ဆွပေးနိုင်ခဲ့ခြင်းက သူ၏ အောင်မြင်မှုတစ်ခုဟု ခံစားလိုက်ရသည်။ သူ၏ စိတ်ကျန်းမာရေးက အနည်းငယ်တော့ ဖောက်ပြန်နေပြီဖြစ်သည်။
ထိုအချိန်တွင် နန်ပါးထျန်းက လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ဟက်... ချန်ကျိုစစ်ရဲ့ ခွဲဝေမှုအစီအစဉ်ကို ငါလည်း သဘောတူတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့အပေါ်ထားရှိသော လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားသည်။ သူက တကယ့်ကို သည်းခံနိုင်စွမ်းရှိလွန်းသည်။ သူသည် အဆိပ်ပြင်းသော ကင်းမြီးကောက် အစစ်အမှန်ပင် ဖြစ်ပေသည်။
"မဲသုံးမဲစလုံး ထောက်ခံပါတယ်။ အခု ရလဒ်တွေကို ကျုပ် ကြေညာပါမယ်။ ထိုက်ဆွေ့ဆေးလုံးတွေရဲ့ ခွဲဝေမှုကတော့ နံပါတ်သုံးအတွက် အလုံးကိုးဆယ်၊ နံပါတ်လေးအတွက် ဆယ်လုံးနဲ့ နံပါတ်ငါးအတွက်ကတော့ သုညပါ"
"ပထမအဆင့် စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒုတိယထပ်ကို ကြိုဆိုပါတယ်"
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ဒုတိယထပ် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။ ထို့ကြောင့် ဆေးဖော်ခန်းအတွင်းပိုင်းသို့ အံ့ဩတကြီး လှမ်းကြည့်လိုက်ကြသည်။
ဤအချိန်တွင် ချန်ကျဲ့က ဧရာမပမာဏရှိသော ဆေးလုံးများကို အိတ်ထဲသို့ ထည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ လက်ထဲတွင် ထိုက်ဆွေ့ဆေးလုံး အလုံးကိုးဆယ်တောင် ရရှိသွားခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တော့ သူ တကယ်ကို ချမ်းသာသွားခဲ့ပြီ။
သို့သော် သူတို့ အောင်ပွဲခံ၍ပင် မပြီးသေးခင်၊ ဒုတိယထပ်ရှိကြောင်း ကြေညာလိုက်သည့် အသံ ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ လူတိုင်း၏ မျက်စိရှေ့တွင် အလင်းအမိုးအကာအောက်၌ ရပ်နေသော ထိုလူသုံးဦး၏ အထက်မှ အပေါက်တစ်ခု ရုတ်ချည်း ပွင့်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူတို့သုံးဦးစလုံးသည် အဝေးပို့စနစ်ဖြင့် ပို့ဆောင်ခံလိုက်ရသကဲ့သို့ ဒုတိယထပ်သို့ ချက်ချင်း ရောက်ရှိသွားကြတော့သည်။
ဤမြင်ကွင်းကြောင့် ရှိနေသူအားလုံးမှာ အံ့ဩမှင်သက်သွားကြသည်။ ဒါ မပြီးသေးဘူးပဲ၊ ဒုတိယထပ်တောင် ရှိနေသေးတယ်ပေါ့။
ဒုတိယထပ်မှာ ဘာတွေများ ရှိနေနိုင်မလဲဟု လူတိုင်းက တွေးတောနေမိကြသည်။
သို့သော် ဤအချိန်တွင်၊ ဒုတိယထပ်သို့ ကြည့်ရှုရန် သူတို့တွင် ဝင်ခွင့်လက်မှတ် မရှိတော့ကြောင်း နားလည်လိုက်ကြသည်။ အရာအားလုံးသည် မြင်ကွင်းမှ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် အသံတစ်သံ ကြေညာလိုက်သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့ရဲ့ ခရီးစဉ်ကတော့ ဒီနေရာမှာတင် အဆုံးသတ်သွားပါပြီ။ ဂူအတွင်းက ယန္တရားတွေအားလုံးကို ရပ်တန့်လိုက်ပါပြီ။ ခင်ဗျားတို့ အခု ပြန်လမ်းအတိုင်း ပြန်နိုင်ပါပြီ။ ပါကွဂိုဏ်းရဲ့ ဖြတ်လမ်းကနေ သွားမယ်ဆိုရင် ရေပြင်ပေါ်ကို တိုက်ရိုက် ရောက်ရှိသွားပါလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆေးဥယျာဉ်၏ တံခါးမကြီးများ ပွင့်ဟသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်းက သူတို့ကို ထွက်သွားကြရန် အကြံပြုနေသကဲ့သို့ပင်။
ထိုသုံးယောက် ဘာတွေ ဆက်လုပ်ကြမည်ကို မသိနိုင်တော့သဖြင့် လူတိုင်းက အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။
"ခရိုင်မင်းသမီး"
အားသာ့က ကျောက်ယာဘက်သို့ လှမ်းကြည့်လိုက်ရာ ကျောက်ယာက "ဒီနေရာကနေ ထွက်သွားကြရအောင်" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် အားသာ့က "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေသည်။
ကျောက်ယာက ဦးဆောင်၍ ထွက်ခွာသွားရာ၊ ဟန်ဟဲ့နှင့် ဟန်လျန်တို့ကလည်း အလျင်အမြန် နောက်မှ လိုက်သွားကြသည်။ သူတို့အတွက် ဤနေရာတွင် လုပ်စရာ ဘာမှမရှိတော့သည့်အပြင်၊ မည်သည့်တန်ဖိုးမှလည်း မရှိတော့ပေ။
ထို့ပြင် မိန်ဂိုဏ်းဝင်များဖြစ်သည့်အားလျော်စွာ သူတို့သည် လူတိုင်း၏ ပစ်မှတ်များ ဖြစ်နေကြသည်။ တော်ဝင်နန်းတော်မှ လူများသာ ရိပ်မိသွားပါက သူတို့ ဒုက္ခရောက်ပေလိမ့်မည်။
ဤသို့တွေးရင်း သူတို့သည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့၏နောက်တွင် ကျုံးလျောင်နှင့် တင်းယင်တို့လည်း လိုက်ပါသွားကြသည်။ သူတို့သည် ဟွမ်ကျိုးပြည်နယ်သို့ အမြန်ပြန်သွားရန် လိုအပ်နေသည်။
ဤတစ်ကြိမ်တွင် သူတို့ တကယ်ကို အထိနာသွားခဲ့သည်။ သူတို့၏ အရည်အချင်းရှိသော လက်အောက်ခံများစွာကို ဆုံးရှုံးခဲ့ရသည်။ ဆေးဘက်ဝင်အပင်တချို့ကို ရရှိခဲ့သည်ဆိုသော်ငြား၊ ခြုံငုံကြည့်လျှင်တော့ အရှုံးပေါ်သွားသည်ဟု ဆိုရမည်။ ယခုအခါ အခြေအနေအရပ်ရပ်ကို သူတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များထံ အစီရင်ခံရန် လိုအပ်နေပြီဖြစ်သည်။
လူအုပ်ကြီးသည် ဆေးဘုရင်ရတနာစံအိမ်မှနေ၍ အပြင်သို့ ထွက်ခွာသွားကြသည်။ ယခုအခါ ဤနေရာတွင် ဆက်လက်ရှာဖွေစူးစမ်းစရာ တန်ဖိုးရှိသည့်အရာ သိပ်မကျန်တော့ကြောင်း လူတိုင်းက ကောင်းစွာ သိရှိနေကြသည်။