← Chapters

အခန်း (၇၇၁-၇၇၂)

Vol. 67 Ch. 771-772

အခန်း (၇၇၁-၇၇၂)

Vol. 67 Ch. 771-772

အခန်း ၇၇၁

"လေးယောက်လေ... ဘာဖြစ်လို့လဲ"

ယွီမေ့ဇစ်က မေးလိုက်ရာ ချန်ကျဲ့မှ ဖြေသည်။

"လူလေးယောက်တည်း ကျန်တော့တာလေ။ ဆိုလိုတာက သူတို့နှစ်ယောက်သာ သဘောမတူဘူးဆိုရင် ကျွန်တော်က သဘောတူမဲပေးပေးရင်တောင် သရေကျသွားလိမ့်မယ်။ သရေကျတာက ကျရှုံးတာပဲ။ ခင်ဗျားလည်း မိစ္ဆာဘွားဘွားကြီးလို အဆုံးသတ်သွားရလိမ့်မယ်"

ထိုအခါမှ ယွီမေ့ဇစ်သည် ချန်ကျဲ့၏ ဆိုလိုရင်းကို ရုတ်ချည်း သဘောပေါက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

"ဟေး နေပါဦး။ ခုနက ငါစကားမှားသွားလို့ပါ။ ငါ သဘောတူတယ်။ မိစ္ဆာမကြီးရဲ့ ခွဲဝေမှုအစီအစဉ်ကို ငါ သဘောတူတယ်။ သဘောတူတယ်လို့..."

ယွီမေ့ဇစ်၏စကားကို ကြားလိုက်ရချိန်တွင် ချန်ကျဲ့၏ မျက်နှာပေါ်၌ သရော်လှောင်ပြောင်လိုစိတ်နှင့် ဒေါသတို့ ရောယှက်သွား၏။

လောကကြီးမှာ ဒီလောက်တောင် တုံးအလွန်းတဲ့သူ ရှိနိုင်သေးတာလား။ ကလေးသေမှ သားဖွားဆရာမ ခေါ်နေလို့ အပိုပဲလေ။ မိစ္ဆာဘွားဘွားကြီး ပြာကျသွားမှ သဘောတူတယ်လုပ်နေတယ်။ လူတိုင်းကို ငတုံးတွေလို့များ ထင်နေတာလား။

ယွီမေ့ဇစ်၏ ကျယ်လောင်သော အော်ဟစ်သံများကို မည်သူကမျှ ဂရုမစိုက်ကြချေ။ တာ့အိုဆရာကြီးကလည်း လျစ်လျူရှုထားလျက် ဆက်ပြောသည်။

"ကောင်းပြီ၊ ဒုတိယအချီကို ဆက်သွားကြတာပေါ့။ နံပါတ်နှစ်၊ မင်းရဲ့ ခွဲဝေမှုအစီအစဉ်ကို တင်ပြပါ"

ထိုစကားကို ကြားသည်တွင် ပါးထန်နှင့် နန်ပါးထျန်းတို့ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် အခြေအနေကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ နောက်ထပ် ချန်ကျဲ့နှင့် ယွီမေ့ဇစ်တို့ မည်သို့ပင် ခွဲဝေမှုအစီအစဉ် တင်ပြလာစေကာမူ သူတို့ဘက်မှ တုံ့ပြန်မည့် သဘောထားတစ်ခုတည်းသာ ရှိသည်။ ထိုအရာကတော့ "သဘောမတူဘူး" ဆိုသည်ပင်။

ထိုစဉ် ချန်ကျဲ့မှာ နှုတ်ဆိတ်သွားခဲ့ပြီး သူ၏စိတ်ထဲတွင် ထွက်ပေါက်ဗျူဟာများကို အရူးအမူး တွေးတောရှာဖွေနေတော့သည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်လှမ်းတွင် သူသည် သေချာပေါက် သေဆုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့်ပင်။

ယွီမေ့ဇစ်မှာမူ အထိတ်တလန့်ဖြစ်နေပြီး ကယောင်ကတမ်း ပြောဆိုနေ၏။

"ငါ... ငါ ဘယ်လိုလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ ချန်ကျိုစစ်... ချန်ကျိုစစ်၊ ရှင် ကျွန်မကို ကယ်မှရမယ်။ ရှင် ကျွန်မကို ကယ်ပါဦး"

ချန်ကျဲ့သည် ယွီမေ့ဇစ်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို အကြံတစ်ခုပေးမယ်။ ဆေးလုံးတွေအားလုံးကို သူတို့ကိုသာ ပေးလိုက်ပါ။ ဒါဆိုရင်... ဒါဆိုရင် သူတို့ ခင်ဗျားကို အသက်ချမ်းသာပေးချင် ပေးနိုင်လိမ့်မယ်"

ချန်ကျဲ့သည် ယွီမေ့ဇစ်အတွက် ထွက်ပေါက်တစ်ခုကို အကြံပြုပေးလိုက်ခြင်းဖြစ်သည်။ ဤအစီအစဉ်က သူ့အတွက်လည်း အကျိုးရှိပေသည်။ ဤသို့လုပ်ခြင်းဖြင့် ချန်ကျဲ့အနေနှင့် ထိုက်ဆွေ့ဆေးလုံးများကို မရနိုင်တော့သော်ငြား၊ ဤအန္တရာယ်ကြီးမားလှသော အခြေအနေမှ လွတ်မြောက်နိုင်ပြီး သေဘေးမှ ကင်းဝေးသွားနိုင်မည်ဖြစ်သည်။

ထိုအကြံပြုချက်ကို ကြားလိုက်ရသည်တွင် ယွီမေ့ဇစ်သည် သူမကိုယ်သူမ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ပါးထန်နှင့် နန်ပါးထျန်းတို့ကို ပြောလိုက်သည်။

"သခင်ကြီးတို့... ဒီဆေးလုံးတွေအားလုံးကို ရှင်တို့ကို ကျွန်မ ပေးပါ့မယ်။ အဲဒီအစား ကျွန်မကို အသက်ချမ်းသာပေးနိုင်မလား"

ပါးထန်က ပြန်တုံ့ပြန်သည်။

"မင်းကို သတ်လိုက်ရင်လည်း ဒီဆေးလုံးတွေက ငါတို့ဟာ ဖြစ်လာမှာပဲလေ"

ယွီမေ့ဇစ်က ထပ်မေး၏။

"ဒါဆိုရင် ရှင်တို့ ဘာလိုချင်တာလဲ"

ပါးထန်က ပြောလိုက်သည်။

"မိန်ဂိုဏ်းရဲ့ တည်နေရာတွေနဲ့ လျှို့ဝှက်လှုပ်ရှားနေတဲ့သူတွေအကြောင်း ငါတို့ကို ပြောပြရင်ရော ဘယ်လိုလဲ။ အဲဒီလိုဆိုရင်တော့ မင်းကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးနိုင်တယ်"

ထိုစကားကို ကြားသည်နှင့် ယွီမေ့ဇစ်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားတော့သည်။

"ဟင့်အင်း... အဲဒါကိုတော့ ကျွန်မ ဖွင့်ပြောလို့မရဘူး။ ပြောလိုက်ရင်လည်း ကျွန်မ သေရမှာပဲ"

ပါးထန်မှ ဆက်ပြောသည်။

"တော်ဝင်နန်းတော်က မင်းကို ကာကွယ်ပေးမှာပေါ့"

ယွီမေ့ဇစ် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းပစ်လိုက်သည်။

"ဟင့်အင်း... မရဘူး။ ကျွန်မ ပြောလို့မရဘူး"

ထိုအခါ ပါးထန်က ပခုံးတွန့်လျက် ပြောသည်။

"ဒါဆိုရင်တော့ စိတ်မကောင်းဘူးပဲ"

နန်ပါးထျန်းကလည်း ဝင်ပြောသည်။

"ကျွန်တော်ကတော့ သခင်ကြီးပါးထန် ဆုံးဖြတ်တဲ့အတိုင်းပဲ"

ဤအချိန်၌ ယွီမေ့ဇစ်မှာ ချွေးများ သံပေါက်နေအောင် ကျဆင်းနေပြီဖြစ်သည်။ အသက်ရှင်သန်ရေးနှင့် သူမ၏ ယုံကြည်ချက်တို့ကြား ရွေးချယ်ရတော့မည်။ နောက်ဆုံးတွင်မူ သူမ သွားကို တင်းတင်းကြိတ်လိုက်ပြီး ဟစ်အော်လိုက်သည်။

"မုလန်ခွေး... ငါ သေရရင်တောင်မှ ငါတို့ သန့်စင်သောဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြောမှာ မဟုတ်ဘူး။ အိမ်မက်မက်နေလိုက်"

သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ချန်ကျဲ့ လှမ်းကြည့်လိုက်မိသည်။ သူမ၏ ယုံကြည်ကိုးကွယ်ရာ ဂိုဏ်းအပေါ် ထားရှိသည့် သစ္စာတရား— ဤအချက်ကတော့ ဤမိန်းမ၌ ရှိနေသည့် ကောင်းမွန်သော အရည်အသွေးတစ်ခုဖြစ်ကြောင်း သူ ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

သို့ပေမဲ့... တုံးအလွန်းသေးတာပဲ။

ထိုစဉ် အသံတစ်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

"နံပါတ်နှစ်၊ မင်းရဲ့ ခွဲဝေမှုအစီအစဉ်ကို ပြောပါ"

ယွီမေ့ဇစ်က တုန်ရီသောအသံဖြင့် ပြောသည်။

"ကျွန်မအတွက် သုည၊ ချန်ကျိုစစ်အတွက် သုည၊ ပါးထန်အတွက် အလုံး ၅၀ နဲ့ နန်ပါးထျန်းအတွက် အလုံး ၅၀"

ယွီမေ့ဇစ်သည် သူမ၏ ခွဲဝေမှုအစီအစဉ်ကို တင်ပြလိုက်ပြီး နောက်ဆုံးအနေဖြင့် ကံစမ်းကြည့်ရန် မျှော်လင့်နေဆဲပင်။ ဤဆေးလုံးများ၏ တန်ဖိုးကို မြင်ပြီး သူမ၏အစီအစဉ်ကိုများ သူတို့ သဘောတူလိုက်လေမလား။

"ကောင်းပြီ၊ နံပါတ်သုံး မဲပေးပါ"

ယွီမေ့ဇစ်သည် မိန်ဂိုဏ်း၏ အချက်အလက်များကို ဖွင့်ပြောရန် ငြင်းဆန်ခဲ့သောကြောင့် ဖယ်ရှားပစ်ရမည့် ခေါင်းမာသောရန်သူ ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပါးထန်က လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"သဘောမတူဘူး"

ထို့နောက် နန်ပါးထျန်း၏ အလှည့်ရောက်လာသည်။ နန်ပါးထျန်းကလည်း ပြုံးစစဖြင့် ပြောလိုက်သည်။

"သဘောမတူဘူး"

ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ခေါင်းခါလိုက်မိကြသည်။ ယွီမေ့ဇစ်တော့ အဆုံးသတ်သွားပြီ။

ယွီမေ့ဇစ်သည်လည်း ထိတ်လန့်တကြား အော်ဟစ်လိုက်သော်ငြား၊ လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားတစ်ခုက သူမ၏ အသံကို ပိတ်ဆို့သွားစေခဲ့သည်။

"ထောက်ခံမဲ နှစ်မဲ၊ ကန့်ကွက်မဲ နှစ်မဲ၊ သရေကျပါတယ်။ စည်းမျဉ်းတွေအရ တင်သွင်းချက် ကျရှုံးပါတယ်။ နံပါတ်နှစ်ကို ကွပ်မျက်ပါမယ်"

ယွီမေ့ဇစ်၏ ဆွံ့အလျက် အော်ဟစ်နေဟန် ထွက်ပေါ်လာပြီးနောက်၊ သူမ ရပ်နေသော ကြမ်းပြင်နေရာမှ ပြင်းထန်သော မီးတောက်မီးလျှံများ ရုတ်ချည်း ထွက်ပေါ်လာကာ ယွီမေ့ဇစ်ကို မျက်စိတစ်မှိတ်အတွင်း ပြာမှုန်အဖြစ် ဝါးမျိုဖျက်ဆီးသွားတော့သည်။

ယွီမေ့ဇစ်တစ်ယောက် မိမိမျက်စိရှေ့မှောက်တွင်ပင် ပြာကျသွားသည်ကို မြင်လိုက်ရသောအခါ ချန်ကျဲ့၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာတော့သည်။

အပြင်ဘက်တွင် ရပ်ကြည့်နေသော ကျောက်ယာမှာလည်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ပြီးသွားပြီ... ချန်ကျိုစစ်သည် ယခုတော့ သေချာပေါက် သေဘေးနှင့် ရင်ဆိုင်ရတော့မည်။ ဤအခြေအနေအရ ချန်ကျိုစစ်အတွက် မည်သည့် ထွက်ပေါက်မှ မရှိတော့ပေ။

နန်ပါးထျန်းသည် ချန်ကျဲ့၏ မဟာရန်သူတော်ကြီး ဖြစ်သည်။ ဇနီးသည်ကို လုယူခြင်း၊ ဂိုဏ်းကို သိမ်းပိုက်ခြင်း အစရှိသော သေခန်းပြတ် ရန်ငြိုးရန်စများ သူတို့ကြား၌ ရှိနေခဲ့သည်။ ထိုမျှ နက်ရှိုင်းလှသော အမုန်းတရားကြောင့် နန်ပါးထျန်းသည် ချန်ကျိုစစ်ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်နေသည်မှာ ကြာလှပြီဖြစ်သည်။ ယခုကဲ့သို့ အခွင့်ကောင်းမျိုး ရရှိနေချိန်တွင် ချန်ကျိုစစ်ဘက်မှ အရာအားလုံးကို အလျှော့ပေးလိုက်လျှင်တောင်မှ နန်ပါးထျန်းက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

နန်ပါးထျန်းက နောက်ခံအင်အားအဖြစ် ခေါ်ဆောင်လာသော ပါးထန်မှာလည်း၊ အတိတ်တွင် ချန်ကျဲ့က သူ့ကို ဖီဆန်ခဲ့ဖူးသောကြောင့် ချန်ကျိုစစ်အား ချမ်းသာပေးမည်မဟုတ်သည်မှာ သေချာလှသည်။

ထိုအချိန်တွင် နန်ပါးထျန်းသည် မျက်နှာပေါ်၌ သရော်လှောင်ပြောင်သော အပြုံးဖြင့် ချန်ကျဲ့ကို စိုက်ကြည့်လာ၏။

"ဟဲဟဲဟဲ... ချန်ကျိုစစ်၊ မင်း ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးမလား။ ဒီနေ့တော့ မင်း သေချာပေါက် သေရတော့မယ်ကွ"

ထို့နောက် နန်ပါးထျန်းက ပါးထန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"သခင်ကြီးပါးထန်၊ ကျွန်တော် ထိုက်ဆွေ့ဆေးလုံးတွေကို မလိုချင်ပါဘူး။ ဒီကောင် သေတာကိုပဲ လိုချင်တာပါ"

နန်ပါးထျန်းသည် ချန်ကျဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် ချန်ကျဲ့ သေဆုံးသည်ကို မြင်တွေ့လိုသော ငတ်မွတ်မှုတို့ အထင်းသား ပေါ်လွင်နေ၏။

ပါးထန်က တဟဲဟဲ ရယ်မောလိုက်ပြီး ပြောသည်။

"ကောင်းပြီလေ။ ချန်ကျိုစစ်ဆိုတဲ့ကောင်က အရင်တုန်းက ငါ့ကိုတောင် ဖီဆန်ရဲတဲ့ သတ္တိမျိုးရှိတာဆိုတော့ ဒီနေ့ ဒီအခြေအနေကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးစလုံးသည် ချန်ကျဲ့ကို လှောင်ပြောင်စွာ စိုက်ကြည့်နေကြသည်။ ယနေ့တွင် ချန်ကျဲ့တစ်ယောက် မြေမြှုပ်စရာ နေရာပင် မကျန်အောင် သေချာပေါက် အဆုံးသတ်ပေးမည်ဟု သူတို့ ဆုံးဖြတ်ထားကြပုံရသည်။

ဤအချိန် တတိယထပ်တွင် တာ့အိုဆရာကြီးက ဖန်းယင်းယွီကို ပြောလိုက်သည်။

"ဘုန်းတော်ကြီး... ဘယ်လိုလဲ။ အခုပဲ အရှုံးပေးလိုက်ပါလား။ ဒါဆိုရင် ခင်ဗျားရဲ့ မိတ်ဆွေဟောင်းအတွက် ထွက်ပေါက်တစ်ခု ဖန်တီးပေးလို့ ရသေးတယ်။ အရှုံးမပေးဘူးဆိုရင်တော့ ခင်ဗျား ဆေးလုံးတွေကို မရနိုင်တဲ့အပြင် ခင်ဗျားရဲ့ မိတ်ဆွေဟောင်းလည်း ပြာကျသွားလိမ့်မယ်"

ထိုစကားကြောင့် ဖန်းယင်းယွီသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ၏ လက်ထဲရှိ စိပ်ပုတီးစေ့များကို ခပ်မြန်မြန် စိပ်နေမိသည်။

တာ့အိုဆရာကြီးက ဖန်းယင်းယွီကို ကြည့်ကာ မေးလိုက်၏။

"ကဲ... ရွေးချယ်ပြီးပြီလား"

ဖန်းယင်းယွီမှ ပြန်ဖြေသည်။

"လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ရှိပြီးသားပါ။ ဒါက သူ့ရဲ့လမ်းစဉ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျုပ် သူ့ကို ယုံကြည်တယ်။ ဒီအကျပ်အတည်းကို သူ ဖြေရှင်းနိုင်လိမ့်မယ်"

"သူကလား... ဟဲဟဲ... ကောင်းပြီလေ။ အဲဒီလိုဆိုရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့တော့"

တာ့အိုဆရာကြီးက ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"နောက်တစ်ယောက်၊ နံပါတ်သုံး... မင်းရဲ့ ခွဲဝေမှုအစီအစဉ်ကို တင်ပြပါ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဖန်းယင်းယွီသည်လည်း လက်ထဲမှ စိပ်ပုတီးစေ့များကို အရှိန်တင်ကာ စိပ်လိုက်မိသည်။ ဤအရာက သူ၏ စိတ်မအေးနိုင်မှုကို ဖော်ပြနေခြင်းပင်။ ချန်ကျဲ့နှင့် သူသည် ယခုမှစ၍ သိကျွမ်းခဲ့ရသူများ ဖြစ်သော်ငြား၊ သူ၏ မိတ်ဆွေသစ်လေးအား မည်သည့်အန္တရာယ်မှ မကျရောက်စေလိုပေ။

သို့သော် ချန်ကျဲ့အနေဖြင့် ဤသေရေးရှင်ရေး အခြေအနေဆိုးကြီးကို ချိုးဖျက်နိုင်ပါမည်လော...။

အခန်း ၇၇၂

"ကစားသမား နံပါတ်သုံး ကျေးဇူးပြုပြီး စကားပြောဆိုခွင့်ကို စတင်ပါ။ ပြီးရင် မင်းရဲ့ ခွဲဝေမှုအစီအစဉ်ကို တင်ပြပါ"

တာ့အိုဆရာကြီးက ဖန်းယင်းယွီအနေဖြင့် အရှုံးပေးမည့်ပုံမပေါ်သည်ကို မြင်သောအခါ တဟဲဟဲရယ်မောလျက် ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ရှိနေသူအားလုံးမှာ မျက်လုံးများမှိတ်ကာ ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်မိကြသည်။ ချန်ကျိုစစ်မှာတော့ သေချာပေါက် သေရတော့မည်ဟု အားလုံးက တွေးလိုက်မိကြသည်။

နန်ပါးထျန်းနှင့် ပါးထန်တို့သည် တစ်သိုက်တည်းဖြစ်ပြီး ယခုဆိုလျှင် သူတို့၌ မဲနှစ်မဲ အပိုင်ရရှိနေပြီဖြစ်သည်။ ချန်ကျဲ့၌ ကောင်းကင်ကို ပင့်မြှောက်နိုင်စွမ်းရှိလျှင်တောင်မှ သူ ရှုံးနိမ့်ရတော့မည့် အမှန်တရားကိုတော့ ပြောင်းလဲနိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် အားစန်းက အားအာဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အစ်ကိုနှစ်... ဒီကျိန်စာသင့်နေတဲ့ တံခါးကြီးကို ကျွန်တော်တို့ ချိုးဖျက်ပြီး ချန်ကျိုစစ်ကို သွားကယ်လို့ ရမရ စမ်းကြည့်ရအောင်"

ထိုစကားကို ကြားသောအခါ အားအာက အားစန်းကို အံ့သြစွာ ကြည့်ပြီး ပြန်မေးလိုက်သည်။

"အားစန်း... မင်းက ချန်ကျိုစစ်ကို အမုန်းဆုံးဆို"

အားစန်းက သက်ပြင်းချလိုက်ပြီး ဖြေသည်။

"အဲဒါက သူ့အကြောင်း သေချာနားမလည်ခဲ့တုန်းကလေ။ ဒီလို အဖြစ်အပျက်တွေ ကြုံပြီးတဲ့နောက်မှာတော့ သူက တကယ့်ကို ပွင့်လင်းရိုးသားပြီး စိတ်ရင်းမှန်တဲ့ ယောက်ျားကောင်းတစ်ယောက်ဆိုတာ ကျွန်တော် သိသွားပြီ။ ဒါကြောင့် အစ်ကိုနှစ် ကျွန်တော့်ကို ကူညီမှာလား မကူညီဘူးလားဆိုတာပဲ ပြော"

အားအာက ခေါင်းခါပြလိုက်ပြီး ပြောသည်။

"ငါ မကူညီချင်လို့ မဟုတ်ပါဘူး။ ငါတို့ ဒီတံခါးကို ဖွင့်နိုင်မှာ မဟုတ်လို့ပါ။ ဖွင့်လို့ရရင် ခရိုင်မင်းသမီးက အားသာ့တို့နဲ့ ပေါင်းပြီး အစောကြီးကတည်းက ဖွင့်ပြီးလောက်ပြီပေါ့"

ထိုစကားကြောင့် အားစန်းက အခြားတံခါးတစ်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကျောက်ယာတစ်ယောက် စိုးရိမ်ပူပန်မှုအပြည့်နှင့် ရပ်နေ၏။ ကျောက်ယာ၏ စိတ်ထဲတွင် ဗျာများလျက်ရှိသည်။ ယခုတစ်ကြိမ်တွင်တော့ ချန်ကျိုစစ်သည် တကယ့်ကို အသက်ရှင်လမ်းမရှိသော အသေကွင်းထဲသို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

အမှန်တကယ်တော့ သူ သေဘေးမှ လွတ်မြောက်နိုင်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိခဲ့သည်။ ၎င်းမှာ မိစ္ဆာဘွားဘွားကြီး သူမ၏ ခွဲဝေမှုအစီအစဉ်ကို တင်ပြခဲ့စဉ်ကဖြစ်သည်။ အကယ်၍ သူသာ ယွီမေ့ဇစ်ကို မိစ္ဆာဘွားဘွားကြီးနှင့် သဘောတူညီအောင် ဖြောင်းဖျနိုင်ခဲ့ပါက ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် အခွင့်အရေးရှိခဲ့ပေမည်။

သို့သော် ယခုတော့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲနေချေပြီ။ ချန်ကျဲ့အနေဖြင့် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပါးထန် သို့မဟုတ် နန်ပါးထျန်းကို သူ၏ဘက်မှ ထောက်ခံမဲပေးလာစေရန် ဖြောင်းဖျဖို့သာ ရှိတော့သည်။ သို့ပေမယ့် အဲဒါက ဖြစ်နိုင်ပါ့မလား။

သူက ပါးထန်နှင့်ရော နန်ပါးထျန်းနှင့်ပါ ရန်ငြိုးများ ရှိနေသည်။ ပါးထန်သည် သူ၏ ဂုဏ်သိက္ခာကို အလွန်အလေးထားသော သူဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ချန်ကျဲ့သည် သူ၏မာနကို အညှာအတာကင်းမဲ့စွာ ချိုးနှိမ်ခဲ့သောကြောင့် ပါးထန်က ချန်ကျဲ့ကို အသေသတ်မည်ဟု ပြင်းပြင်းထန်ထန် ကျိန်တွယ်ထားခဲ့သည်။

နန်ပါးထျန်းအတွက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။ သူတို့ကြားရှိ အမုန်းတရားက ပင်လယ်ပြင်တမျှ နက်ရှိုင်းပြီး ပြန်လည်သင့်မြတ်ရန် လုံးဝနေရာမရှိတော့ချေ။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို သူက ဘယ်လိုလုပ်ပြီး ဖြောင်းဖျနိုင်ပါမည်နည်း။

ကျောက်ယာက မျက်မှောင်ကြုတ်လျက် ချန်ကျဲ့ကို စိုက်ကြည့်နေမိသည်။

ချန်ကျိုစစ်... ရှင် ဒီအန္တရာယ်ကြီးကို ကျော်လွှားနိုင်ပါ့မလား...

ကျောက်ယာ ထိုသို့ တွေးတောနေချိန်တွင်၊ အခြားခြံဝန်းတစ်ခုထဲ၌ ယွီမန်အာ၏ နှုတ်ခမ်းများက သရော်ပြုံး တစ်ပွင့်အဖြစ် တွန့်ကွေးသွားခဲ့သည်။

အားလုံး ပြီးဆုံးသွားပြီ။ တကယ်တမ်းတော့ ဤရတနာရှာဖွေရေးခရီးစဉ်တွင် သူမသည် အကြီးမားဆုံး အောင်နိုင်သူပင် ဖြစ်သည်။ ထိုသို့တွေးရင်း ယွီမန်အာက ချန်ကျဲ့ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။

နင်က ခရိုင်မင်းသမီးရဲ့ မျက်နှာသာပေးမှုကို ရထားလည်း ဘာအသုံးကျမှာလဲ။ လျှို့ဝှက်နယ်မြေထဲမှာ နင်က ဧကရာဇ်ရဲ့ ယောက္ခမ ဖြစ်နေရင်တောင် သေရမယ့်ကံပါလာရင် သေရမှာပဲလေ။

မြေအက္ခရာ ဆေးဥယျာဉ်ထဲတွင်တော့၊ ကျုံးလျောင်နှင့် တင်းယင်တို့သည် ဆေးဖော်ခန်းရှိရာသို့ စူးစိုက်စွာ ကြည့်နေကြသည်။ ကျုံးလျောင်က ပြောလိုက်သည်။

"ချန်ကျိုစစ်တော့ သွားပြီပဲ"

တင်းယင်က ပြန်ပြောသည်။

"အင်း... ရလဒ်ကတော့ ထွက်သွားပါပြီ။ ဒီတစ်ကြိမ်မှာ ပါးထန်က အကျိုးအမြတ်အများဆုံး ရသွားမယ့်ပုံပဲ။ ကံကောင်းတဲ့ကောင်"

ကျုံးလျောင်က ထောက်ခံ၏။

"ဟုတ်တယ်။ ဒီထိုက်ဆွေ့ဆေးလုံး အလုံးတစ်ရာရဲ့ အကူအညီနဲ့ဆိုရင် ပါးထန်ရဲ့ အင်အားက နောက်တစ်ဆင့်ကို တက်သွားလိမ့်မယ်။ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ဒုအုပ်ချုပ်ရေးမှူး နှစ်ယောက်စလုံးအတွက်တောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် တင်းယင်က ဘာမှဆက်မပြောတော့ဘဲ မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာအမူအရာမှာလည်း လေးနက်သွားခဲ့သည်။

သူ၏ မျက်လုံးများက နောက်ဆုံးအဆုံးအဖြတ်ပေးကြမည့် သူသုံးဦးရှိရာ ဆေးဖော်ခန်းဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။

ဤအချိန် ကွင်းပြင်၏ အလယ်ဗဟို၌ ချန်ကျဲ့သည် ခေါင်းလှည့်ကာ ပါးထန်နှင့် နန်ပါးထျန်းတို့ကို ကြည့်လိုက်သည်။ ချန်ကျဲ့၏ အကြည့်ကို မြင်လိုက်ရသောအခါ နန်ပါးထျန်းက မဲ့ပြုံးပြုံးလျက် ပြောလာသည်။

"ချန်ကျိုစစ်... ဟိုမီးတောက်ကို မင်း မြင်တယ်မလား။ မင်းသာ အဲဒီလို အဂ္ဂိရတ်နတ်မီးလျှံနဲ့ ပြာကျသွားခဲ့မယ်ဆိုရင် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဆိုတဲ့ နာမည်ကို သိက္ခာကျစေမှာတော့ မဟုတ်ပါဘူးကွာ... ဟုတ်တယ်မလား"

နန်ပါးထျန်း၏ မျက်နှာပေါ်တွင် တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသော အမူအရာတို့ အထင်းသား ပေါ်လွင်နေပြီး၊ ချန်ကျဲ့ နာကျင်စွာ လဲကျသွားသည်ကို၊ နောက်ဆုံးတွင် သူ၏ရှေ့၌ ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်လာမည်ကိုပင် လောဘတကြီး မြင်တွေ့ချင်နေသည်။

ထိုအခါကျမှသာ ချန်ကျဲ့၏ အသက်ရှင်သန်လိုသည့် မျှော်လင့်ချက်အားလုံးကို အညှာအတာကင်းမဲ့စွာ ရိုက်ချိုးပစ်ပြီး လုံးဝ စိတ်ပျက်အားငယ်မှုထဲသို့ ဆွဲချပစ်လိုက်မည်။

မှန်သည်။ ဒါက သူ၏ တွေးလုံးဖြစ်သည်။ ချန်ကျိုစစ်တစ်ယောက် သူ၏ရှေ့မှောက်တွင် ဒူးထောက်၍ အသက်ကို ချမ်းသာပေးရန် တောင်းပန်လာမည်ကို သူ အလွန်အမင်း မြင်ချင်နေမိသည်။

ချန်ကျဲ့က နန်ပါးထျန်း၏ မျက်လုံးများထဲမှ မျှော်လင့်တကြီး ဖြစ်နေမှုကို သတိပြုမိသွားပြီး ပြောလိုက်သည်။

"နန်ပါးထျန်း... ကြည့်ရတာ မင်းက ငါ့ကို တကယ် သေစေချင်နေတဲ့ပုံပဲ... ဟုတ်တယ်မလား"

"သေစေချင်တာပေါ့... အရမ်းကို သေစေချင်တာ။ ဒါ ငါ့ရဲ့ အိမ်မက်ပဲ ချန်ကျိုစစ်။ ဒီရက်ပိုင်းတွေအတွင်း ငါ ဘာတွေ ဖြတ်သန်းခဲ့ရလဲ မင်းသိလား။ ငါ ဘာတွေ ဆုံးရှုံးခဲ့ရလဲ သိလား။ ငါ့ရဲ့ ဂုဏ်သိက္ခာ၊ ငါ့ရဲ့ ရာထူး... ပြီးတော့..."

နန်ပါးထျန်းသည် ဤနေရာတွင် စကားကို ခဏရပ်လိုက်ပြီး သူ၏ မျက်လုံးများက ယွီမန်အာရှိရာသို့ အလိုအလျောက် လှမ်းကြည့်ချင်သွားသော်လည်း အတင်းထိန်းချုပ်လိုက်သည်။

"ပြီးတော့ အများကြီးပဲ။ ငါ မင်းကို ပြောပြမယ် ချန်ကျိုစစ်။ ငါ နန်ပါးထျန်း ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ငါ တစ်စချင်းစီ ပြန်ယူမယ်။ မင်း ငါ့ဆီက လုယူသွားတဲ့ အရာတွေအတွက် မင်း နှစ်ဆပြန်ပေးဆပ်ရမယ်။ ဒါကြောင့် ဒီနေ့ မင်း ဘာပဲပြောပြော ငါ မင်းကို သတ်ကိုသတ်မယ်။ မင်းကို မသတ်ရဘဲနဲ့ ငါ အေးအေးဆေးဆေး အိပ်လို့မရဘူး။ မင်းကို မသတ်ရဘဲနဲ့ ငါ့ဘဝမှာ ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူး"

နန်ပါးထျန်းသည် ချန်ကျဲ့ကို အမုန်းတရားများ အထင်းသား ပေါ်လွင်နေသော အကြည့်ဖြင့် စူးရဲစွာ စိုက်ကြည့်နေသည်။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်သော အတားအဆီး အလွှာနှစ်ထပ်ကို ဖြတ်ကျော်၍ပင် ချန်ကျဲ့ ခံစားမိနေနိုင်သည်။ ၎င်းသည် ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ဖွားလာသော အမုန်းတရား စစ်စစ်ပင်ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျဲ့က နန်ပါးထျန်းအား လှမ်းကြည့်လိုက်ပြီး အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။

"နန်ပါးထျန်း... ခင်ဗျားအခု ဘယ်လို ခံစားနေရမလဲဆိုတာကို ကျုပ် နားလည်နိုင်ပါတယ်။ ပြီးတော့ တကယ်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို သတ်ချင်တဲ့ဆန္ဒကတော့... နည်းနည်းလေး ခက်ခဲလိမ့်မယ်"

နန်ပါးထျန်းက မျက်လုံးကို မှေးကျဉ်းလိုက်ကာ မေးလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ။ မင်း အခုလို အခြေအနေရောက်နေတာတောင် မသေမရှင်နဲ့ ရုန်းကန်နေချင်သေးတာလား"

ချန်ကျဲ့က ပြန်ဖြေ၏။

"ဘာကို ရုန်းကန်တာလို့ ခေါ်တာလဲ။ အသက်ရှင်ချင်တဲ့ ဆန္ဒလောက်ကလွဲပြီး ဘာမှမရှိပါဘူး"

"အသက်ရှင်ချင်တာ... ဟဲဟဲဟဲ... ချန်ကျိုစစ်၊ မင်း အသက်ရှင်ချင်တယ်ပေါ့လေ။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကများ မင်းအတွက် ထောက်ခံမဲ ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား။ သခင်ကြီးပါးထန်... သခင်ကြီးကရော သူ့ကို ထောက်ခံမဲ ပေးမှာလား"

နန်ပါးထျန်းက ပါးထန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

ထိုစကားကို ကြားသည်တွင် ပါးထန်က ထောင်လွှားမောက်မာသော အမူအရာဖြင့် ဖြေလိုက်သည်။

"သူ့ကိုလား... မတန်ပါဘူး"

ထို့နောက် နန်ပါးထျန်းက ချန်ကျဲ့ဘက်သို့ ပြန်လှည့်ကာ ပြောသည်။

"ကဲ... ချန်ကျိုစစ်၊ မင်း မြင်ပြီမလား။ သခင်ကြီးပါးထန်က မင်းကို ထောက်ခံမဲပေးမှာ မဟုတ်ဘူး။ ပြီးတော့ ငါကလည်း..."

ထိုသို့ပြောပြီးသည်နှင့် နန်ပါးထျန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"မင်း ငါ့မိန်းမကို လုယူသွားတယ်။ ငါ့ရဲ့ လုပ်ငန်းတွေကို သိမ်းပိုက်သွားတယ်။ ပြီးတော့ ငါ့ကို ဒီလို သနားစရာအခြေအနေမျိုးရောက်အောင် လုပ်ခဲ့တယ်။ ချန်ကျိုစစ်... ငါက မင်းကို ထောက်ခံမဲပေးလိမ့်မယ်လို့ မင်းများ ထင်နေတာလား"

"ငါက မင်းကို အရေခွံဆုတ်ပြီး မင်းအသားကိုတောင် စားချင်နေတဲ့သူကွ။ ဒါပေမဲ့ မင်းက ခရိုင်မင်းသမီးနဲ့ အဆင်ပြေသွားပြီး နောက်ခံအင်အား ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီတစ်သက် ငါ မင်းကို သတ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ကောင်းကင်ဘုံက ငါ့ကို ဒီလို အခွင့်အရေးမျိုး ပေးလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဟဲဟဲဟဲ... မင်းကို အဆုံးသတ်ပေးဖို့ အခွင့်အရေးပေးတဲ့ ဒီရတနာပိုင်ရှင်ကို ငါ တကယ် ကျေးဇူးတင်ရမှာပဲ"

All Chapters