အခန်း ၂၈၅
Vol. 29 Ch. 285
အခန်း (၂၈၅) တင်းမာမှုများ မြင့်တက်လာခြင်း
"မင်း ဘာဆိုလိုချင်တာလဲ..."
သခင်လေး နန်ကုန်းရိ သည် ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း မှောင်မိုက်နေခဲ့သည်။ လွန်ခဲ့သောနှစ်များတစ်လျှောက် အဓိက မိသားစုကြီးအချို့မှ အဖွဲ့ဝင်များမှလွဲ၍ သူ့ကို ဤကဲ့သို့ ခြိမ်းခြောက်ရဲသူ မည်သူမျှ မရှိခဲ့ဖူးချေ။
"စာသားအတိုင်းပဲ..."
ချန်ဖုန်း သည် သူ့အား မည်သည့် မျက်နှာသာမျှ မပေးခဲ့ချေ။ "မင်းက ပြဿနာရှာတဲ့ကောင် သက်သက်ပဲ... မင်း တခြားဘာပဲလုပ်ချင်လုပ် ငါနဲ့ မဆိုင်ဘူး... ဒါပေမဲ့ ငါ့ကုမ္ပဏီမှာတော့ ယုတ်မာတဲ့ အကြံအစည်တွေ မတွေးတာ ပိုကောင်းလိမ့်မယ်..."
"ဟက်... ငါက ဒီမှာ ပြဿနာ လာရှာတာပဲ..."
သခင်လေး နန်ကုန်းရိ သည် သူ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် အနည်းငယ်မျှပင် မကြိုးစားခဲ့ချေ။
ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။
လုံးဝ ဖုံးကွယ်ထားစရာ မလိုချေ။
သူသည် ဆေးလိပ်တစ်လိပ်ကို ဖြည်းညင်းစွာ မီးညှိလိုက်ပြီး ချန်ဖုန်း ထံသို့ ဆေးလိပ်ငွေ့တစ်ကွင်း မှုတ်ထုတ်လိုက်၏။
သူ၏ ဟန်ပန်ရော စကားလုံးများပါ အလွန်အမင်း မောက်မာလွန်းလှပေသည်။
"ငါ သခင်လေး နန်ကုန်းရိ က ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... မင်း ငါ့ရဲ့ သေနတ်ပစ်ကွင်း ကို ယူသွားကတည်းက မင်းကို ငါ အမြင်ကပ်နေခဲ့တာ..."
"ဒီနေ့ ငါ ပြဿနာ လာရှာမယ်... မင်းရဲ့ အဓိက ရှယ်ယာရှင် အဆင့်အတန်းကို စွန့်လွှတ်လိုက်တာကလွဲရင် မင်း ဒီကုမ္ပဏီမှာ နေတဲ့ နေ့ရက်တိုင်း အေးချမ်းတဲ့နေ့ တစ်နေ့မှ မရှိစေရဘူးလို့ ငါ အာမခံတယ်..."
"ငါနဲ့ ယှဉ်ချင်တာလား... ငါ့ရဲ့ နန်ကုန်းမိသားစု ကို မင်းက တိုက်ခိုက်ချင်နေတာလား... မင်းမှာ အဲဒီလို စွမ်းရည်မျိုး မရှိပါဘူးကွ..."
ဤစကားများကို ကြားလိုက်ရချိန်တွင်။
အနီးတွင် ရပ်နေသော ဥက္ကဋ္ဌ ကျန်းစီတာ သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားလေ၏။
သခင်လေး နန်ကုန်းရိ က သူ့ကို ကျောထောက်နောက်ခံ ပေးထားသရွေ့ ကုမ္ပဏီကို အခြေခံအားဖြင့် ကယ်တင်နိုင်ပြီ ဖြစ်ပေသည်။
ကျိုတို တစ်မြို့လုံးတွင်။
နန်ကုန်းမိသားစု သည် အားကောင်းသော ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပင်။
၎င်းတို့တွင် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိရုံသာမက ၎င်းတို့၏ ငွေကြေးအင်အားမှာလည်း အလွန် အားကောင်းလှသည်။
သာမန်လူ မည်သူမျှ နန်ကုန်းမိသားစု နှင့် ယှဉ်ပြိုင်ရဲမည် မဟုတ်ချေ။
သူတို့ရဲ့ ရှေ့မှာ…
‘မင်းက နဂါးတစ်ကောင် ဖြစ်နေရင်တောင် ငါ့အတွက် ခွေခေါက်နေပေးရမယ်…’ ဟု သူ တွေးလိုက်၏။
အခြားသူများမှာလည်း ထပ်တူ စိတ်လှုပ်ရှားနေကြပြီး မှန်ကန်သောဘက်ကို ရွေးချယ်ခဲ့မိသည့်အတွက် ကျေးဇူးတင်နေကြပေသည်။
ရုံးခန်းတစ်ခုလုံး၏ လေထုမှာ အလွန်အမင်း တင်းမာလာတော့၏။
လူအုပ်ကြီး၏ အစွန်ဆုံး နေရာ၌။
ကျန်ရှိနေသော ရှယ်ယာရှင်များသည် ရောက်ရှိလာကြပြီ ဖြစ်သည်။ ကုမ္ပဏီတွင် ဤမျှ ကြီးမားသော အပြောင်းအလဲ ဖြစ်ပေါ်နေသည်ကို ဥက္ကဋ္ဌ ကျန်းစီတာ ကသာ ကြိုတင် အသိပေးခြင်း မရှိခဲ့ပါက ၎င်းတို့ တကယ်ပင် သိရှိနိုင်မည် မဟုတ်ချေ။
ဤရှယ်ယာရှင်များသည် ကုမ္ပဏီ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခဲလှပေသည်။
၎င်းတို့က နှစ်ကုန် အမြတ်ဝေစုကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
အခြား ကိစ္စရပ်များ အားလုံးကို ဥက္ကဋ္ဌ ကျန်းစီတာ ကသာ ကိုင်တွယ်ဖြေရှင်းပေးလေသည်။
ဤလူအနည်းငယ်ထဲတွင်
လုမိသားစု မှ လုရှောင်ရှင်း မှလွဲ၍ အခြားသူ မဟုတ်သော လူတစ်ယောက်လည်း ပါဝင်နေပေ၏။
သူ၏သားသည် ချန်ဖုန်း ကို စော်ကားမိ၍ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်လည်း လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရပေသည်။
ယခုအခါ သူ၏ ဘယ်ဘက်လက်မောင်းတွင် အတုတပ်ဆင်ထားရလေ၏။
ဤအချိန်၌ လုရှောင်ရှင်း သည် ချန်ဖုန်း နှင့် သခင်လေး နန်ကုန်းရိ တို့ ထိပ်တိုက်တွေ့နေသည်ကို မြင်လိုက်ရချိန်တွင်။
သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာခဲ့ပေသည်။ "ဘာလို့ သူ ဖြစ်နေရတာလဲ..."
"ဥက္ကဋ္ဌလု ခင်ဗျား သူ့ကို သိလို့လား..."
ရှယ်ယာရှင်တစ်ဦးက တီးတိုးမေးလိုက်သည်။ "ခုနက ဖုန်းဆက်တုန်းက ဥက္ကဋ္ဌ ကျန်းစီတာ က ဥက္ကဋ္ဌချန် နဲ့ သခင်လေး နန်ကုန်းရိ တို့ ပဋိပက္ခဖြစ်နေတယ်လို့ ပြောတယ်... အခုတော့ ထိပ်တိုက်တွေ့နေကြပြီ ထင်တယ်..."
အခြား ရှယ်ယာရှင်တစ်ဦးကလည်း ပြောလိုက်၏။ "ဥက္ကဋ္ဌ ကျန်းစီတာ က ဥက္ကဋ္ဌချန် ကို ဖယ်ရှားပစ်ချင်နေတယ်လို့ ငါ ကြားတယ်... ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သခင်လေး နန်ကုန်းရိ ကို စော်ကားထားတာလေ... ငါတို့က ကုမ္ပဏီမှာ ဆက်နေရင် ငါတို့အတွက်လည်း ကောင်းမှာ မဟုတ်ဘူး..."
"ငါ... ငါ သူ့ကို မသိဘူး..."
လုရှောင်ရှင်း က ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ပေသည်။
လဲ့ယန် သည် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ လုမိသားစု ထဲသို့ ပြေးဝင်လာခဲ့သည့် မြင်ကွင်းကို သူ မှတ်မိနေသေးပေ၏။
ဓားတစ်လက်နှင့် လူတစ်ယောက်။
လုမိသားစု တစ်ခုလုံးကို ပြဲပြဲစင်အောင် လုပ်လုနီးပါး ဖြစ်ခဲ့လေသည်။
သူ ပို၍ပင် မှတ်မိနေသေးသည်က
လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော ပွဲတစ်ခုတွင် ချန်ဖုန်း ကို ကျွမ်းကျင်သူ အများအပြားက ဝန်းရံထားခဲ့သည်ကို သူ မှတ်မိနေသေးသည်။
ထိုလူများသည် ကြက်တစ်ကောင်ကို သတ်သကဲ့သို့ ပြတ်သားစွာ သတ်ဖြတ်ကြပေ၏။
၎င်းက အရိုးထဲထိအောင် အေးစက်သွားစေခဲ့သည်။
ချန်ဖုန်း သည် စစ်ဘက်ဆိုင်ရာဌာန ၏ နည်းပြချုပ်ဖြစ်ပြီး အထူးဂုဏ်ပြုဆုကို ရရှိထားသူ ဖြစ်ပေသည်။
သူ၏ အမှတ်အသားက တကယ်ကို အထင်ကြီးစရာ ကောင်းလှ၏။
သခင်လေး နန်ကုန်းရိ သည် နန်ကုန်းမိသားစု မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း သူသည် နန်ကုန်းမိသားစု ၏ အဓိက သခင်လေး မဟုတ်သေးချေ။
သူ၏ ဖခင်သည်လည်း နန်ကုန်းမိသားစု ၏ ခေါင်းဆောင် မဟုတ်ပေ။
တကယ်လို့ ဘက်ရွေးရမယ် ဆိုရင်တောင်...
လုရှောင်ရှင်း သည် ချန်ဖုန်း ၏ဘက်တွင် ရပ်တည်ရန်သာ ရွေးချယ်လိမ့်မည် ဖြစ်၏။
သို့သော် ယခုအခါ
သူသည် ဤကဲ့သို့သော အငြင်းပွားမှုများတွင် ဝင်ရောက်ပတ်သက်ခြင်းမှ ရှောင်ရှားနိုင်ရန် မျက်နှာပြခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ခဲ့ပေသည်။
ထို့နောက် သူ အနည်းငယ်မျှ မတုံ့ဆိုင်းခဲ့ချေ။
လှည့်ကာ ထွက်ပြေးတော့၏။
"ဥက္ကဋ္ဌလု ခင်ဗျား ဘယ်သွားမလို့လဲ... ဟိုဘက် မသွားဘူးလား..."
ရှယ်ယာရှင်တစ်ဦးက သူ့ကို အလိုအလျောက် ဆွဲထားလိုက်သည်။
"ငါတို့က ဥက္ကဋ္ဌ ကျန်းစီတာ ကို ထောက်ခံအားပေးဖို့ လာတာ မဟုတ်ဘူးလား... တိုက်တိုက်ဆိုင်ဆိုင် သခင်လေး နန်ကုန်း လည်း အခု ဒီမှာ ရှိနေတယ်လေ... ဒါက ငါတို့ အဆက်အသွယ် ရဖို့အတွက် အခွင့်အရေးကောင်းကြီးပဲ..."
"သွားသေလိုက်..."
လုရှောင်ရှင်း က သူ့ကို တွန်းဖယ်လိုက်၏။
သူက ချန်ဖုန်း ၏ ဦးတည်ရာဘက်သို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သော်လည်း သူ သတိမထားမိသည်ကို တွေ့ရသဖြင့် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားပေသည်။
သူက ထိုရှယ်ယာရှင်အား ပြင်းပြင်းထန်ထန် မျက်စောင်းထိုး ကြည့်လိုက်သည်။
ထို့နောက်သူက ဒေါသတကြီး ပြောလိုက်၏။ "ငါ မသတိပေးဘူးလို့ မပြောနဲ့နော်... တကယ်လို့ မင်း မသေချင်ဘူးဆိုရင် ဒီနေ့ ကုမ္ပဏီကို မလာခဲ့သလိုပဲ ဟန်ဆောင်နေလိုက်... အခုကစပြီး မင်း ငါ့ကို သိတယ်လို့တောင် မပြောနဲ့... ငါလည်း မင်းကို မသိဘူး..."
ထိုသို့ ပြောဆိုပြီးနောက်
သူသည် အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေတော့သည်။
‘ချီးပဲ... ငါ အိုယန်မိသားစု နဲ့ ပြန်လည်သင့်မြတ်အောင် နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ... အခု မင်းတို့က နည်းပြချန် နဲ့ ရင်ဆိုင်ဖို့ ငါ့ကို လွှတ်နေတယ်ပေါ့လေ... တစ်ယောက်ချင်းစီတိုင်းက တကယ်ကို အသက်မရှင်ချင်ကြတော့ဘူးပဲ…’ ဟု သူ တွေးလိုက်၏။
လုရှောင်ရှင်း ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့်
အခြား ရှယ်ယာရှင်များမှာ ဆွံ့အသွားကြလေသည်။
"ဘာတွေဖြစ်နေတာလဲ..."
"တစ်ခုခုတော့ လွဲနေပြီ... သွားကြစို့... ဥက္ကဋ္ဌ ကျန်းစီတာ သတိမထားမိခင် ငါတို့ ဒီကနေ အမြန် ထွက်သွားကြတာ ပိုကောင်းမယ်..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... လုရှောင်ရှင်း ဆိုတဲ့ မြေခွေးအိုကြီးက ငါတို့ကို တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်..."
"ဒါ အမှန်ပဲ မဟုတ်ဘူးလား... လုမိသားစု နဲ့ တခြားလူအနည်းငယ်က အိုယန်မိသားစု ကို အမြဲတမ်း ဖိနှိပ်နေခဲ့တာကို မင်းတို့ မှတ်မိတယ် မဟုတ်လား... မကြာသေးခင်က လုရှောင်ရှင်း က ရုတ်တရက် စိတ်ပြောင်းသွားပြီး အိုယန်မိသားစု နဲ့ ပူးပေါင်းခဲ့တယ်လေ... တခြား မိသားစုတွေကတော့ အပြောင်းအလဲတွေ ဖြစ်ကုန်ကြပြီ... အဘိုးကြီးလု က အတွင်းရေး သတင်းအချက်အလက် တစ်ခုခုကို သိထားလို့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာ ဖြစ်ရမယ်..."
"ဟုတ်တယ်... ဟုတ်တယ်... သွားကြစို့..."
ရှယ်ယာရှင် အချို့သည် ချက်ချင်းပင် လစ်ထွက်သွားကြလေ၏။
ရုံးခန်းအတွင်း၌။
ဥက္ကဋ္ဌ ကျန်းစီတာ သည် အချိန်ကို စစ်ဆေးကြည့်လိုက်သည်။
ယုတ္တိတန်စွာ တွေးကြည့်လျှင် ထိုရှယ်ယာရှင်များသည် ယခုအချိန်လောက်ဆို ရောက်နေသင့်ပြီဖြစ်သော်လည်း အဘယ်ကြောင့် မရောက်လာသေးသနည်း။
သခင်လေး နန်ကုန်းရိ သည် အခြေအနေကို ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း
နောက်ထပ် ကူညီမည့်သူ အနည်းငယ် ရှိနေခြင်းက သူ့ကို ပိုမို ယုံကြည်မှု ရှိလာစေပေသည်။
သူက ဖုန်းနံပါတ်ကို အလျင်အမြန် ခေါ်ဆိုလိုက်၏။
"တောင်းပန်ပါတယ်... လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းနံပါတ်မှာ အခြားဖုန်း ပြောဆိုနေပါသဖြင့်..."
‘ဟင်...ဘာတွေဖြစ်နေတာလဲ…’
ဥက္ကဋ္ဌ ကျန်းစီတာ ချက်ချင်းပင် အံ့အားသင့်သွားရပေသည်။
ထို့နောက် သူက အခြား ရှယ်ယာရှင်တစ်ဦးထံ ဖုန်းခေါ်ဆိုလိုက်၏။
"တောင်းပန်ပါတယ်... လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းနံပါတ်မှာ အခြားဖုန်း ပြောဆိုနေပါသဖြင့်..."
နံပါတ်ကို ထပ်မံပြောင်းလဲကာ ခေါ်ဆိုလိုက်သည်။
"တောင်းပန်ပါတယ်... လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းနံပါတ်မှာ အခြားဖုန်း ပြောဆိုနေပါသဖြင့်..."
ဖုန်းတစ်ကောတည်း ဤသို့ဖြစ်နေပါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း။
ဖုန်းကောပေါင်းများစွာ ဆက်တိုက် ဤသို့ ဖြစ်နေခြင်းက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သေချာနေပေ၏။
နက်ရှိုင်းသော စိုးရိမ်မကင်းဖြစ်မှုတစ်ခုက သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သူက ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။
သခင်လေး နန်ကုန်းရိ သည် ချန်ဖုန်း အား မာနထောင်လွှားသော ဟန်ပန်ဖြင့် ကြည့်နေဆဲဖြစ်ပြီး ပြောလိုက်သည်။
"ဘာလဲ... မင်း မကျေနပ်ဘူးလား... မင်း လက်မခံရင်လည်း သည်းခံနေရမှာပဲ... သတ္တိရှိရင် ငါ့ကို ရိုက်ကြည့်လေ... မင်း ငါ့ကို ရိုက်ရဲလို့လား..."
"ဖြန်း..."
ချန်ဖုန်း သည် အနည်းငယ်မျှ မတုံ့ဆိုင်းခဲ့ချေ။
သူ့ကို တိုက်ရိုက် ပါးရိုက်ချလိုက်လေသည်။
သခင်လေး နန်ကုန်းရိ မှာ ခေါင်းမူးသွားပြီး သူ၏ မျက်နှာသည် ချက်ချင်းပင် ရောင်ရမ်းလာခဲ့၏။
သူသည် တွေဝေငေးမောစွာဖြင့် ရပ်နေခဲ့သည်။
ခုနလေးတင် ဖြစ်ပျက်ခဲ့သည့် အရာကို ၎င်းတို့ မယုံကြည်နိုင်ကြပုံရပေ၏။
"မင်း ငါ့ကို တကယ်ကြီး ရိုက်လိုက်တာလား..."
"မင်းလိုမျိုး တောင်းဆိုချက်မျိုး ရှိတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး... တကယ်ကို စက်ဆုပ်စရာကောင်းတဲ့ ကောင်ပဲ..."
ချန်ဖုန်း က သူ၏ စားပွဲခုံမှ စက္ကူတစ်ရွက်ကို ဆွဲယူကာ သူ၏ လက်များကို သုတ်လိုက်လေသည်။
၎င်းမှာ သခင်လေး နန်ကုန်းရိ အား ရိုက်လိုက်သည့်အတွက် သူ၏ ကိုယ်ပိုင်လက်များ ညစ်ပတ်သွားသကဲ့သို့ပင်။
တိတ်ဆိတ်သွား၏။
ရုံးခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
လူတိုင်းသည် ချန်ဖုန်း အား အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြပေ၏။
၎င်းတို့ အံ့အားသင့်နေကြသည်။
ကြောက်ရွံ့နေကြသည်။
ပြင်းထန်သော စိုးရိမ်မကင်းဖြစ်မှုများကိုပင် သယ်ဆောင်ထားကြလေ၏။
‘သခင်လေး နန်ကုန်းရိ က ဘယ်သူလဲ...
သူက နန်ကုန်းမိသားစု မှ လူတစ်ယောက်လေ…’
နန်ကုန်းမိသားစု သည် ရာစုနှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိသော မိသားစုဖြစ်ပေ၏။
‘ချန်ဖုန်း က သခင်လေး နန်ကုန်းရိ အပေါ် တကယ်ကြီး လက်ပါရဲတယ်ပေါ့လေ...
သူက အသက်ဆက်မရှင်ချင်တော့ဘူးလား…’ ဟု တွေးလိုက်မိကြသည်။