အခန်း ၂၈၉
Vol. 29 Ch. 289
အခန်း (၂၈၉) ရှန်ကွမ်ယွဲ့ အလှပြင်လာခြင်း
ချန်ဖုန်း သည် အိုယန်မိသားစု ထံသို့ ပြန်ရန် ပြင်လိုက်ချိန်မှာပင် ရှန်ကွမ်ယွဲ့ ထံမှ မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိလိုက်၏။
“ဝမ်ဖူ စားသောက်ဆိုင်ကို သွားရမယ် ဟုတ်လား…”
ချန်ဖုန်း သည် မတုံ့ဆိုင်းဘဲ ဝမ်ဖူ စားသောက်ဆိုင်သို့ တိုက်ရိုက် သွားခဲ့လေ၏။
ယခင်က သူ စစ်ဘက်ဆိုင်ရာဌာန သို့ သွားရောက်ခဲ့စဉ်က ရှန်ကွမ်ယွဲ့ ကို မတွေ့ခဲ့ရသဖြင့် ယခု သွားတွေ့နိုင်ပြီ ဖြစ်ပေသည်။
‘သူမ နယ်စပ်သို့ ပြန်သွားရန် အချိန်သိပ်မလိုတော့ဘူး ထင်တယ်…’ ဟု သူ တွေးလိုက်မိ၏။
ချန်ဖုန်း က အငှားယာဉ်တစ်စီးကို တားလိုက်သည်။
မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် ဝမ်ဖူ စားသောက်ဆိုင်သို့ ရောက်ရှိသွားခဲ့၏။
စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ရှန်ကွမ်ယွဲ့ ကို သူ မြင်တွေ့လိုက်ရလေသည်။
‘ရှာနေစရာ မလိုပါဘူး…’ ဟု ချန်ဖုန်း တွေးလိုက်၏။
စားသောက်ဆိုင်တစ်ခုလုံးကို လှမ်းကြည့်လိုက်ပါက ရှန်ကွမ်ယွဲ့ ၏ အရှိန်အဝါသည် အထူးခြားဆုံး ဖြစ်ပေသည်။
‘ပြီးတော့ အလှဆုံးပဲ…’
ယနေ့တွင် ရှန်ကွမ်ယွဲ့ သည် ပိုးသားအင်္ကျီအဖြူရောင်နှင့် ခဲရောင်စကတ် ကို တွဲဖက်ဝတ်ဆင်ထားပြီး သူမ၏ ခြေတံရှည်များတွင် အနက်ရောင် ခြေအိတ်ရှည်များကို ဝတ်ဆင်ထားလေ၏။
မူလက သူမသည် အပေါ်မှ အံဝင်ခွင်ကျဖြစ်သော ကုတ်အင်္ကျီရှည်တစ်ထည်ကို ထပ်ဝတ်ထားခဲ့သည်။
သို့သော် ထိုအချိန်တွင် သူမသည် ကုတ်အင်္ကျီရှည်ကို ချွတ်ကာ အနောက်ဘက်ရှိ ကုလားထိုင်ပေါ်တွင် တင်ထားလိုက်၏။
ဤသည်မှာ ရှန်ကွမ်ယွဲ့ ဤမျှ မိန်းမဆန်ဆန် ဝတ်ဆင်ထားသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး ချန်ဖုန်း ၏ မျက်လုံးများ ပြူးထွက်သွားလုနီးပါး ဖြစ်သွားခဲ့ရပေသည်။
"ရှောင်ယွဲ့ယွဲ့..."
ချန်ဖုန်း သည် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်၏။
ထို့နောက် သူ၏ လက်ဖဝါးသည် ရှန်ကွမ်ယွဲ့ ၏ သေးသွယ်သော ခါးလေးကို အလိုအလျောက် ရစ်ပတ်လိုက်ပြီး နောက်ပြောင်လျက် ပြောလိုက်သည်။
"ရိုးရိုးသားသား ပြောစမ်း... ဒီလိုမျိုး ဝတ်ထားတာ ဘယ်သူ့ကို မြှူဆွယ်ချင်လို့လဲ"
ရှန်ကွမ်ယွဲ့ သည် မျက်စောင်းမထိုးဘဲ မနေနိုင်ခဲ့ချေ။
သူမက သူ၏ ရင်ခွင်ထဲမှ အလျင်အမြန် ရုန်းထွက်ကာ ပြောလိုက်သည်။
"နောက်ရက်အနည်းငယ်ကြာရင် ရှောင်လန် နဲ့အတူ နယ်စပ်ကို ပြန်တော့မှာ... ဒီတစ်ခေါက်တော့ လအနည်းငယ်လောက် ကြာမယ်ထင်တယ်... ဒီနေ့ နင့်ကို ထမင်းကျွေးဖို့ စဉ်းစားထားတာ... နင့်ကို ပြောပြစရာ တစ်ခုရှိသေးတယ်... နင် ငါ့အဖေကို စုံစမ်းခိုင်းထားတဲ့ ကိစ္စက ကျီမိသားစု နဲ့ ဘာမှ မသက်ဆိုင်ဘူးတဲ့... ဒီရက်ပိုင်း သူ ကျီမိသားစု က လူတွေနဲ့ အဆက်အသွယ် ရခဲ့တယ်... ဒါပေမဲ့ ကျီမိသားစု မှာ နင်ရှာနေတဲ့လူ မရှိဘူးတဲ့…”
ထိုသို့ ပြောဆိုရင်း
သူမက စားပွဲထိုးအား ပန်းကန်နှင့် တူ သုံးစုံ ယူလာပေးရန် တောင်းဆိုလိုက်ပြီး စားပွဲပေါ်တွင် တင်ထားလိုက်လေ၏။
“ဟင်…’
ဤသေးငယ်သော အမူအရာလေးက ချန်ဖုန်း ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
သူက မနေနိုင်ဘဲ မေးလိုက်သည်။
"တခြားလူ ရှိသေးလို့လား"
"တစ်ယောက် ရှိတယ်"
ရှန်ကွမ်ယွဲ့ က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "ငါ့အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ သားလေ... သူက နိုင်ငံခြားမှာပဲ နေလာတာ အခုမှ ပြန်ရောက်တာ... ငါ့ကို ထမင်းကျွေးချင်တယ်လို့ ထပ်ခါထပ်ခါ ပြောနေလို့... အချိန်ကိုက်ပဲလေ"
ချန်ဖုန်း ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားကာ ပြောလိုက်၏။ "ငါ မစားတော့ဘူး"
"အခု ဘာဖြစ်ရပြန်ပြီလဲ"
ရှန်ကွမ်ယွဲ့ ၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပေ၏။
အကယ်၍ အရင်ကသာ ဆိုလျှင်...
ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရပါက သူမ သေချာပေါက် ဂရုစိုက်နေမည် မဟုတ်ချေ။
‘မစားချင်နေပေါ့…’ ဟု သူမ တွေးမိမည် ဖြစ်သည်။
ဒါပေမဲ့ အခုတော့...ချန်ဖုန်း ၏ လှုပ်ရှားမှုတိုင်းက သူမ၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါနေပြီး
‘ဒီလူ ဘာဖြစ်နေတာလဲ’ ဟု သူမ တွေးတောနေမိ၏။
ချန်ဖုန်း က သူမအား စိုက်ကြည့်နေခဲ့သည်။
သူသည် သူမ၏ သေးသွယ်သော ခါးလေးကို ထပ်မံ၍ ရစ်ပတ်လိုက်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တစ်ခုနှင့်တစ်ခု ထိကပ်လုနီးပါး ဖြစ်သွားလေ၏။
သူ၏ နှာခေါင်းမှတစ်ဆင့် သူမ၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားသော ထွက်သက်လေက ရှန်ကွမ်ယွဲ့ ၏ နှလုံးသားကို ရူးသွပ်စွာ ခုန်ပေါက်သွားစေခဲ့သည်။
သူမသည် ထိတ်လန့်နေသော ယုန်ငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး နှုတ်ခမ်းကို ကိုက်ကာ တိုးတိတ်စွာ ပြောလိုက်သည်။
"နင်... နင် ဘာလုပ်နေတာလဲ"
"ဘာကို ဆိုလိုချင်တာလဲ"
ချန်ဖုန်း က အာဏာရှင်ဆန်ဆန် ပြောဆိုလိုက်သည်။ "မင်း ငါ့ရှေ့မှာ တစ်ခါမှ ဒီလောက်လှအောင် မဝတ်ဖူးဘူးလေ... အခုတော့ တခြားလူတွေနဲ့ တွေ့ဖို့အတွက် တမင်တကာ အလှပြင်လာတယ်ပေါ့... အဲဒီလူက မင်းရဲ့ ရင်ထဲမှာ ငါ့ထက် ပိုပြီး အရေးပါနေတယ် ထင်တယ်... မင်း ဒီထမင်းကို သူနဲ့ပဲ စားလိုက်တော့... ငါ မစားတော့ဘူး"
"နင်..."
ချန်ဖုန်း ထွက်သွားရန် ပြင်လိုက်ချိန်မှာပင်
ရှန်ကွမ်ယွဲ့ သည် ဒေါသတကြီးဖြင့် ခြေဆောင့်ကာ သူ၏လက်ကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး... နင်က အရူးပဲ... မူလကတည်းက နင့်ကို ပြဖို့အတွက်ပဲ ဝတ်လာတာလေ"
"ဟင်..."
ဒီတစ်ကြိမ်တော့ ချန်ဖုန်း အံ့အားသင့် မှင်တက်သွားရလေ၏။
‘ငါ့ကို ပြဖို့ ဝတ်လာတာ ဟုတ်လား…’
ရှန်ကွမ်ယွဲ့ ၏ မျက်နှာသည် နီရဲနေပြီး သူမ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေကာ သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေပေသည်။
"ငါ ဒီနေ့ နင့်ကို ထမင်းကျွေးဖို့ စီစဉ်ထားတာပါ... ဒါပေမဲ့ ငါ့အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ သားက ရုတ်တရက် ဖုန်းဆက်ပြီး လာမယ်လို့ ဘယ်သူက သိမှာလဲ... ငါ သဘောမတူဘဲ မနေနိုင်ခဲ့လို့ပါ"
ထိုသို့ ပြောဆိုပြီးနောက် သူမ နောင်တရသွားလေ၏။
‘ငါက မာနကြီးတဲ့ စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိ လေ…’ ဟု သူမ တွေးလိုက်မိသည်။
‘ငါက ဘာလို့ ရှင်းပြနေရမှာလဲ…’
"အော်... ဒီလိုကိုး"
ချန်ဖုန်း ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ထပ်မံပေါ်လာခဲ့၏။ သူက တက်ကြွသော အပြုံးဖြင့် ဝင်ထိုင်ကာ မေးလိုက်သည်။
"အဲဒီကောင်လေးက မင်းကို သဘောကျနေတာများ မဟုတ်ဘူးလား... သူ့နောက်ခံက ဘာလဲ"
"သူ့ဦးလေးက အခု စစ်ဘက်ဆိုင်ရာဌာန ရဲ့ အကြီးအကဲ လေ"
ရှန်ကွမ်ယွဲ့ က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်ဘက်ဆိုင်ရာဌာန က ထူးချွန်တဲ့ လူငယ်တစ်စုကို ရွေးချယ်ပြီး နယ်စပ်ပြင်ပ စစ်မြေပြင် ကို စေလွှတ်ခဲ့တယ်... အဓိက ရည်ရွယ်ချက်ကတော့ တကယ့် တိုက်ပွဲတွေကတစ်ဆင့် အစွမ်းထက်တဲ့ စစ်သည်တစ်စုကို ပျိုးထောင်ပေးဖို့ မျှော်လင့်ချက်နဲ့ပါ... ရှောင်ချူနန် က အဲဒီလူတွေထဲမှာ ပါတယ်…
“မကြာသေးခင်က နယ်စပ်ပြင်ပ စစ်မြေပြင် မှာ ပြဿနာတွေ အရမ်းများနေလို့ အထက်လူကြီးတွေက ဒီလူတွေကို ယာယီ ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တာ... ရှောင်ချူနန် ပြန်ရောက်လာပြီးနောက် ငါလည်း နယ်စပ်ကနေ ပြန်ရောက်နေတယ် ဆိုတာကို သူ ကြားသွားတယ်... ဒါကြောင့် သူ ငါ့ကို ချက်ချင်း ဖုန်းဆက်တာလေ"
ချန်ဖုန်း သည် ၎င်းကို အလေးအနက် မထားခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ရှန်ကွမ်ယွဲ့ သည် ယခု သူ၏လူ ဖြစ်နေပြီဖြစ်ရာ တစ်ဖက်လူက သူမကို လုယူသွားနိုင်မည် မဟုတ်ပေ။
"စကားမစပ်... ကျီမိသားစု မှာ ငါရှာနေတဲ့လူ မရှိဘူးလို့ နင် ခုနက ပြောတယ်နော်"
"အင်း..."
ရှန်ကွမ်ယွဲ့ သည် သူမ၏ ခဲရောင်စကတ်မှာ တိုလွန်းနေသည်ကို သတိပြုမိသွားပုံရပေ၏။
သူမသည် ကိုယ်ဟန်အနေအထားကို ထပ်မံပြောင်းလဲလိုက်ပြီး ချန်ဖုန်း ဘက်သို့ ကိုယ်ကို ယိမ်းကာ ပြောလိုက်သည်။
"နင် မစ္စတာပေ့ ကို ရှာနေတယ်ဆိုတာ ငါ သိပါတယ်... ကျီမိသားစု ဖြစ်ဖို့ အခွင့်အလမ်း သိပ်မရှိဘူးလို့ ငါ ထင်တယ်... ဘာလို့လဲဆိုတော့ ကျီမိသားစု မှာ လုံးဝကို ရည်ရွယ်ချက် မရှိလို့ပဲ... အဲဒီအစား ဆာကူရာနိုင်ငံ က ပေ့ကုန်းမိသားစု က နင့်မိဘတွေကို သတ်တဲ့ လူသတ်သမားတွေ ဖြစ်နိုင်တယ်... အရင်တစ်ခေါက် ပွဲမှာ ငါ့ကို နယ်စပ်ကို ခေါ်သွားတဲ့လူကလည်း ဆာကူရာနိုင်ငံ က ကျွမ်းကျင်သူ တစ်ယောက်ပဲလေ"
"နားလည်ပြီ"
ချန်ဖုန်း သည် ဤကိစ္စကို မှတ်သားထားလိုက်၏။
‘ဒီကိစ္စကို ဖြေရှင်းဖို့ ဆာကူရာနိုင်ငံ ကို သွားဖို့ အချိန်နည်းနည်း ရှာရမယ်ထင်တယ်…’ ဟု သူ တွေးလိုက်မိသည်။
…
၎င်းတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဆံပင်တိုတိုနှင့် လူငယ်တစ်ဦးသည် ဝမ်ဖူ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့၏။
သူ၏ လက်ထဲတွင် ပန်းစည်းတစ်စည်းကို ကိုင်ဆောင်ထားပေသည်။
စိတ်အားထက်သန်မှု အပြည့်ဖြင့်ပင်...
တက်ကြွနေ၏။
သူက အလွန် စိတ်အားထက်သန်စွာဖြင့် လျှောက်ဝင်လာခဲ့လေသည်။
သူ့နာမည်က ရှောင်ချူနန် ပင်။
ဟွာရှနိုင်ငံ စစ်ဘက်ဆိုင်ရာဌာန ၏ အကြီးအကဲ ချင်ထိုက် ၏ တူ ဖြစ်ပေ၏။
လွန်ခဲ့သော နှစ်များစွာက ဟွာရှနိုင်ငံမှ သူ ထွက်ခွာသွားစဉ်က သူ၏ ခွန်အားသည် ကောင်းကင်ဘုရင်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နယ်စပ်ပြင်ပ စစ်မြေပြင် တွင် ရှိနေစဉ် နှစ်များတစ်လျှောက်လုံး သူသည် အရွယ်အစား အမျိုးမျိုးရှိ တိုက်ပွဲ ရာပေါင်းများစွာတွင် ပါဝင်ခဲ့လေ၏။
အသက် နှစ်ဆယ့်ငါးနှစ် အရွယ်မှာပင် သူသည် ပင်မနတ်ဘုရားအဆင့် ခွန်အားသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဟရှနိုင်ငံ တစ်ခုလုံးတွင်။
ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ များ ရှိနေသော်လည်း သူသည် အသက် သုံးဆယ်အောက် တစ်ဦးတည်းသော ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဖြစ်ပေ၏။ သူ့ကို ငယ်ရွယ်ပြီး အလားအလာကောင်းသူ တစ်ဦးအဖြစ် တကယ်ပင် ဖော်ပြနိုင်ပေသည်။
နယ်စပ်ပြင်ပ စစ်မြေပြင် သို့ စေလွှတ်ခြင်းခံရသော လူငယ်များထဲတွင် ရှောင်ချူနန် ကို အစွမ်းထက်ဆုံးအဖြစ် သတ်မှတ်ထားကြ၏။
ရန်သူ့နိုင်ငံမှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးလေးယောက်ခန့်သည်လည်း သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရပေသည်။
ရှောင်ချူနန် သည် ရှန်ကွမ်ယွဲ့ ကို အစောကြီးကတည်းက သဘောကျခဲ့ခြင်း ဖြစ်၏။သို့သော် ရှန်ကွမ်ယွဲ့ သည် ဘာပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာဌာန ၏ စစ်သေပတိ ဖြစ်ပြီး သူမ၏ စွမ်းအားကို မည်သူမျှ မယှဉ်နိုင်သလောက် ဖြစ်နေပေသည်။ ယခင်က ရှောင်ချူနန် တွင် သူ၏ ရည်ရွယ်ချက်များကို ဖွင့်ဟပြောဆိုရန် ယုံကြည်မှု မရှိခဲ့ချေ။
‘ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး…’ ဟု သူ တွေးလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် ရှန်ကွမ်ယွဲ့ က မိန်းမတစ်ယောက်ပဲလေ... အနှေးနဲ့အမြန် သူမလည်း အိမ်ထောင်ပြုပြီး ကလေးယူရမှာပဲ...
အခုချိန်မှာ ဟွာရှနိုင်ငံ တစ်ခုလုံးမှာ ငါတစ်ယောက်တည်းကပဲ သူမနဲ့ ထိုက်တန်တာ...
ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ နောက်ခံနဲ့ အဆင့်အတန်းတွေက တော်တော်လေး တူညီနေတာပဲလေ...
ငါ့ဦးလေးက စစ်ဘက်ဆိုင်ရာဌာန ရဲ့ အကြီးအကဲ ဖြစ်ပြီး ငါ့ရဲ့ ကိုယ်ပိုင် ခွန်အားကလည်း ပင်မနတ်ဘုရားအဆင့် ကို ရောက်နေပြီ...
လူမှုအဆင့်အတန်းအရဆိုရင် ငါတို့က လိုက်ဖက်ညီတယ်လို့ ပြောလို့ရတယ်…ဟု သူတွေးကာ ကျေနပ်နေတော့သည်။
ဤအကြောင်းကို တွေးမိချိန်တွင်။
ရှောင်ချူနန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့၏။
ဒီတစ်ကြိမ်တော့ သူ သေချာပေါက် အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။
အကယ်၍ ရှန်ကွမ်ယွဲ့ က သူ့ကို မရွေးချယ်ပါက သူမသည် တစ်သက်လုံး အပျိုကြီး ဖြစ်သွားနိုင်ပေ၏။
သူ၏ အကြည့်များသည် စားသောက်ခန်းမ တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
ရှောင်ချူနန် သည် အနက်ရောင် ခြေအိတ်ရှည်နှင့် ခဲရောင်စကတ် ဝတ်ဆင်ထားသော ရှန်ကွမ်ယွဲ့ ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများ လင်းလက်သွားလေ၏။
နက်ရှိုင်းသော အံ့အားသင့်မှုတစ်ခုက သူ၏ နှလုံးသားထဲသို့ ဖြတ်ပြေးသွားခဲ့ပေသည်။
ရှန်ကွမ်ယွဲ့ ဤမျှ မိန်းမဆန်ဆန် ဝတ်ဆင်ထားသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
အထူးသဖြင့် ထိုတစ်ပိုင်းဖောက်ထွင်းမြင်ရသော အနက်ရောင် ခြေအိတ်ရှည်လေးများက သူ၏ ခန္ဓာကိုယ်ရှိ အာရုံကြောတိုင်းကို တိုက်ရိုက် လှုံ့ဆော်ပေးနေခဲ့လေ၏။
‘ဘာတွေဖြစ်နေတာလဲ…’
‘သူမက ငါ့ကို တစ်ခုခု အရိပ်အမြွက် ပြနေတာများလား’
‘ငါက နယ်စပ်ပြင်ပ စစ်မြေပြင် မှာ တော်တော်လေး စွမ်းဆောင်နိုင်ခဲ့ပြီး ငါ့ခွန်အားကလည်း ပင်မနတ်ဘုရားအဆင့် ကို ရောက်နေပြီဆိုတော့... ဒီနေ့ အခွင့်အရေး ရှိလောက်တယ် ထင်တယ်…’
ရှောင်ချူနန် ပိုတွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပေသည်။
ရှန်ကွမ်ယွဲ့ က သူ့အတွက် သီးသန့် အလှပြင်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
စစ်ဘက်ဆိုင်ရာဌာန တစ်ခုလုံးတွင် သူမ ဤသို့ ဝတ်ဆင်ထားသည်ကို သူ တစ်ယောက်တည်းသာ မြင်တွေ့ဖူးမည်မှာ သေချာလှပေ၏။
‘စစ်မြေပြင်မှာဆိုရင် သူမက ဘုရင်မ တစ်ပါးလိုပဲ...
တကယ့် လက်တွေ့ဘဝမှာကျတော့ သူမက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်…’ ဟု တွေးမိသည်။
ရှောင်ချူနန် လျှောက်သွားရန် ပြင်လိုက်ချိန်မှာပင် ရှန်ကွမ်ယွဲ့ ၏ ဘေးတွင် ထိုင်နေသော အမျိုးသားတစ်ဦးကို သူ မြင်တွေ့လိုက်ရလေ၏။
၎င်းက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
‘အဲဒီလူက ဘယ်သူလဲ…’