အခန်း ၆၇
Vol. 7 Ch. 67
အခန်း ၆၇ ဘဏ်ဓားပြတိုက်မှု
ဗီရိုနီးစ်၏ နောက်မှ လိုက်ကာ အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူတို့ နှစ်ဦး နေရာယူ ထိုင်လိုက်ကြသည်။
"ဘရိုဆန် ရဲ့ လက်ထဲမှာ ဘဏ် ဓားပြတိုက် တဲ့ အမှု တစ်ခု ရှိနေတယ်..."
အပိုစကားများ မပြောတော့ဘဲ ဗီရိုနီးစ်က ကုလားထိုင် ပေါ်တွင် ခြေချိတ် ထိုင်လိုက်ပြီး ရိုအန်ကို ကြည့်ကာ အေးစက်စွာ တိုက်ရိုက် ပြောလိုက်သည်။
"ဒါပေမဲ့ သုံးရက် အချိန် ကုန်သွားတာတောင်... ဘရိုဆန် က ဓားပြ တွေရဲ့ ခြေရာ ကို မရှာတွေ့ခဲ့တဲ့ အပြင်... ဓားပြ တွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း မသိသေးဘူး... သူ ဓားပြ တွေရဲ့ ခြေရာ ကို လိုက်ရှာနေတဲ့ အချိန်မှာတောင်... အဲ့ဒီ ဓားပြ အဖွဲ့ က သူ့ကို တစ်ကြိမ် လှည့်စားပြီး... နောက်ထပ် ဘဏ် တစ်ခု ကို ထပ်ပြီး ဓားပြ တိုက်သွားသေးတယ်..."
"ဟား..."
ထိုသတင်းကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် မအောင့်ထားနိုင်တော့ဘဲ မတော်တဆ ရယ်မောမိ သွားတော့သည်။
ရိုအန်၏ ပုံစံကို မြင်လိုက်ရသောအခါ ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များ လည်း အနည်းငယ် ကွေးတက်သွားသော်လည်း ရင်ထဲရှိ ခံစားချက်ကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး မည်သည့် ခံစားချက်မျှ မပေါ်လွင်သော မျက်နှာထားသို့ ပြန်လည် ပြောင်းလဲကာ ဆက်လက် ပြောဆိုလေသည်။
"အခု ဒီကိစ္စ က တော်တော်လေး ကြီးကျယ် သွားပြီ... ဘဏ် က အထက်လူကြီး တွေလည်း အရမ်း မကျေမနပ် ဖြစ်နေကြသလို... ငါ့ရဲ့ အထက်လူကြီး ကလည်း အရမ်း မကျေမနပ် ဖြစ်နေတယ်... လွန်ခဲ့တဲ့ နာရီ အနည်းငယ် က အစည်းအဝေး လုပ်တဲ့ အချိန်မှာ... ဘရိုဆန် က အမှု ဖော်ထုတ်ရမယ့် အချိန် ကန့်သတ်ချက် တစ်ခုကို အတင်းအကျပ် သတ်မှတ် ခံလိုက်ရတယ်... ဒီနေ့ကို မပါဘူး... နောက်ထပ် သုံးရက် အချိန် ပေးထားတယ်... တကယ်လို့ နောက်ထပ် သုံးရက် အချိန် အတွင်းမှာ သူ အမှု မဖော်ထုတ်နိုင်ဘူး... ဓားပြ တွေကို မဖမ်းမိဘူး ဆိုရင်... ဘရိုဆန် က အဖွဲ့ခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ခံရပြီး... အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ ရုံးအဆောက်အအုံ ကနေ ပြောင်းရွှေ့ ခံရလိမ့်မယ်..."
အမှု ဖော်ထုတ်မှု ကျရှုံးသွားပါက ရရှိမည့် ပြစ်ဒဏ်ကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်နှာပေါ်ရှိ အပြုံးများ ရပ်တန့်သွားသည်။
ဘရိုဆန် ပြောင်းရွှေ့ခံရမည် ဆိုသည်မှာ သေချာပေါက် သတင်းကောင်း တစ်ခု ဖြစ်ပြီး ရိုအန် ကိုယ်တိုင်လည်း အလွန် ပျော်ရွှင်မိသည်။ သို့သော် ဗီရိုနီးစ်က ဤကိစ္စကို သူ့အား ပြောပြရခြင်းမှာ...
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ရိုအန်က ဗီရိုနီးစ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"အရာရှိကြီး ရဲ့ ဆိုလိုရင်း က..."
"ပွင့်ပွင့်လင်းလင်း ပြောရရင်... ဒီဘဏ် ဓားပြ အဖွဲ့ ရဲ့ နည်းလမ်း တွေက အရမ်းကို ကျွမ်းကျင် အဆင့်မြင့်တယ်... အဲ့ဒါကြောင့် ဘရိုဆန် ဒီတစ်ကြိမ် အမှု ဖော်ထုတ်နိုင်မယ့် အောင်မြင်မှု ရာခိုင်နှုန်း က နည်းနည်း နိမ့်ကျတယ် လို့ ငါ ထင်တယ်..."
ရိုအန် က ချက်ချင်း နားလည် သဘောပေါက် သွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ်၏ မျက်လုံးအိမ် ထဲတွင် ချီးကျူး လေးစားသည့် အရိပ်အယောင် တစ်ချက် ပေါ်ထွက်လာသည်။ ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ရိုအန်ကို စူးစိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် ဆိုသည်။
"ဘရိုဆန် က ပြောင်းရွှေ့ ခံရနိုင်တယ်... ဒါပေမဲ့ အမှု ကတော့ ပြောင်းရွှေ့ သွားမှာ မဟုတ်ဘူး... ငါတို့ နယူးယောက် က အက်ဖ်ဘီအိုင် တွေပဲ ဆက်ပြီး ဖြေရှင်းဖို့ လိုအပ်နေဦးမှာပဲ... အဲ့ဒါကြောင့် ငါ့ရဲ့ အထက်လူကြီး က အစည်းအဝေး အပြီးမှာ... ငါတို့ အဖွဲ့ခေါင်းဆောင် အချို့ကို တိုင်ပင် ခိုင်းတယ်... တကယ်လို့ ဘရိုဆန် သာ ကျရှုံးသွားရင်... ဒီအမှုကို ဘယ်သူက တာဝန်ယူ ဖြေရှင်းမလဲ ဆိုတာကိုပေါ့..."
ဗီရိုနီးစ် ယခုလောလောဆယ် ဤအမှုကို တာဝန်ယူ လက်ခံထားခြင်း မရှိသေးကြောင်း ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် သက်ပြင်းချနိုင်သွားသည်။
သူ၏ လက်ထဲရှိ ကွင်းဆက် လူသတ်မှုကြီး ပင် မဖော်ထုတ်ရသေးမီ ဗီရိုနီးစ်က သူ့ထံသို့ လာရောက်ကာ တာဝန်များ ထပ်မံ ပိတင်ပေးမည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။
ထို့အပြင် ၎င်းတာဝန်မှာ ဘရိုဆန် ကဲ့သို့သော အတွေ့အကြုံ ရင့်ကျက်သည့် အက်ဖ်ဘီအိုင် ဝါရင့်ကြီး ပင် မကိုင်တွယ်နိုင်သော တာဝန်ကြီး တစ်ခု ဖြစ်နေလေသည်။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရိုအန်က ဗီရိုနီးစ်ကို ကြည့်ကာ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"ဒါဆို... အရာရှိကြီး က ဒီအမှုကို တာဝန်ယူ ချင်နေတာလား..."
"မှန်တယ်..."
ဗီရိုနီးစ်က ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့လက်အောက် က စုံစမ်းစစ်ဆေးရေး အဖွဲ့ ငါးဖွဲ့ ထဲမှာ... အမှတ် တစ် စုံစမ်းစစ်ဆေးရေး အဖွဲ့ က ဘရိုဆန် ထွက်သွားတဲ့ အတွက် အမှု ဖော်ထုတ်နိုင်စွမ်း က အရမ်းကို ကျဆင်းသွားတယ်... အမှတ် နှစ်... သုံး နဲ့ လေး အဖွဲ့ တွေရဲ့ အမှု ဖော်ထုတ်နိုင်စွမ်း က အမြဲတမ်း သာမန် အဆင့်မှာပဲ ရှိနေခဲ့တယ်... ပြီးတော့ သူတို့ လက်ထဲမှာ အနည်းဆုံး အမှု သုံးခု စီ ရှိနေကြတယ်... အဲ့ဒါကြောင့် ဒီအမှုကို တာဝန်ယူဖို့ လုံးဝ မဖြစ်နိုင်ဘူး..."
ဗီရိုနီးစ်၏ စကားမှာ အဆုံးမသတ်သေးသော်လည်း ရိုအန်က တစ်ဖက်လူ၏ ဆိုလိုရင်းကို ကောင်းစွာ နားလည် သဘောပေါက် သွားပြီ ဖြစ်သည်။
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် သူ ရှိနေပြီး လက်ထဲတွင်လည်း ကွင်းဆက် လူသတ်မှုကြီး တစ်ခုတည်းသာ ရှိနေသဖြင့် ဤအမှုကို လုံးဝ တာဝန်ယူ နိုင်လေသည်။
လျှာထုပ်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် ရိုအန်က ခေါင်းမော့၍ ဗီရိုနီးစ်ကို ကြည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
"အရာရှိကြီး... တကယ်လို့ ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့ရင်... အရာရှိကြီး အနေနဲ့..."
"ဒါဆိုရင် ငါ နောက်ထပ် ရာထူး တစ်ဆင့် တက်ဖို့ အခွင့်အရေး ရသွားပြီပေါ့..."
ဗီရိုနီးစ်က ရိုအန်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရိုအန်သည် ကိုလံဘတ်စ် ရန်ပုံငွေအဖွဲ့ အတွင်းသို့ သူမ ကိုယ်တိုင် ဖိတ်ခေါ်ထားသူ ဖြစ်ရာ မိမိ လူယုံ တစ်ယောက် ဖြစ်နေပြီး တစ်ယောက် ကောင်းစားလျှင် အားလုံး ကောင်းစားမည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။
"တကယ်လို့ ဒီဘဏ် ဓားပြတိုက်မှု ကြီးကိုသာ ဖော်ထုတ်နိုင်ခဲ့မယ် ဆိုရင်..."
ဗီရိုနီးစ်က ခြေချိတ်ထားရာမှ ဖြုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းကာ လက်နှစ်ဖက်ကို ရုံးသုံး စားပွဲပေါ်တွင် ယှက်တင်လိုက်သည်။ ရိုအန်ကို စူးစိုက်ကြည့်ကာ အေးစက်သော လေသံထဲတွင် ရည်မှန်းချက် ကြီးမားမှုများ ပါဝင်လျက် ပြောလိုက်သည်။
"ငါ့အနေနဲ့ ရာထူး တစ်ဆင့် တက်ဖို့ အခွင့်အရေး ရနိုင်သလို... မင်း အနေနဲ့ လည်း အကြီးတန်း စုံထောက် အဖြစ် စည်းမျဉ်းကျော် ရာထူး တိုးမြှင့် ခံရနိုင်တဲ့ အခွင့်အရေး ရှိတယ်... တစ်ချိန်တည်းမှာပဲ... ဘဏ် ဆီကနေ မနည်းလှတဲ့ ကျေးဇူးတင် ဆုငွေ တစ်ရပ် ကိုလည်း ရရှိနိုင်ဦးမှာ..."
အလုပ်သင် စုံထောက် ဘဝမှ အမြဲတမ်း စုံထောက် အဖြစ် ပြောင်းလဲ သွားသည်မှာ တစ်လပင် မပြည့်သေးမီ အကြီးတန်း စုံထောက် အဖြစ် ထပ်မံ ရာထူးတိုးမည် ဆိုသည်မှာ သာမန် စည်းမျဉ်းကျော် ရာထူးတိုးခြင်း မျိုး လုံးဝ မဟုတ်ပေ။
သို့သော် ရိုအန်၏ မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
နောက်ပိုင်းတွင် ဘဏ်က မနည်းလှသော ကျေးဇူးတင် ဆုငွေ ထုတ်ပေးမည် ဆိုသည့် စကားကို ကြားလိုက်ရသောအခါမှသာ ရိုအန်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှား သွားတော့သည်။
အခွင့်အရေး ဆိုသည်မှာ အမြဲတမ်း အန္တရာယ် များနှင့် ဒွန်တွဲ နေတတ်သည် ဆိုသည့် အသိတရား က ရိုအန်၏ ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေလေသည်။
ရိုအန် အနေဖြင့် ဘရိုဆန်ကို သဘောမကျသော်လည်း တစ်ဖက်လူက ယခင်က အမှတ် ၁ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ခေါင်းဆောင် နေရာတွင် နှစ်ပေါင်းများစွာ တည်ငြိမ်စွာ နေရာယူနိုင်ခဲ့သလို... အမှတ် ၁ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အမှု ဖော်ထုတ်နိုင်မှု နှုန်းထား ကလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆယ့်သုံးဖွဲ့ ထဲတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အဖွဲ့ ဖြစ်လေသည်။
ဘရိုဆန် တွင် အမှု ဖော်ထုတ်နိုင်စွမ်း မရှိဘူးဟု ပြောလာပါက သရဲ ပင်လျှင် ယုံကြည်မည် မဟုတ်ချေ။
သို့သော် ဤကဲ့သို့ မိမိထက် အမှု ဖော်ထုတ်သည့် မှတ်တမ်းများ ဖိုင်တွဲ တစ်တွဲစာလောက် ပို၍ ထူထဲ များပြားလှသော ဘရိုဆန် ပင်လျှင် ဤတစ်ကြိမ် ဘဏ် ဓားပြ များကို မဖမ်းဆီးနိုင်ခဲ့ချေ။
ဒါဆိုလျှင် ဤဘဏ် ဓားပြ အဖွဲ့၏ စွမ်းဆောင်ရည် အဆင့်အတန်း က...
အကယ်၍ ဤအမှု ကိုသာ မိမိ လက်ထဲသို့ ရောက်ရှိလာပြီး အောင်မြင်စွာ ဖော်ထုတ်နိုင်ကာ တရားခံကို ဖမ်းမိခဲ့မည် ဆိုပါက အရာအားလုံးက အလွန် ပြည့်စုံ ကောင်းမွန် သွားမည် ဖြစ်သည်။
သို့သော် အမှု မဖော်ထုတ်နိုင်ဘဲ တရားခံ လည်း လွတ်မြောက် ပျောက်ကွယ် သွားခဲ့မည် ဆိုပါက ဘရိုဆန် ၏ အဆုံးသတ် က မိမိ၏ အဆုံးသတ် ဖြစ်လာရန် သေချာသလောက် ရှိနေလေသည်။
ငွေကြေး သည် တကယ်ကို ကောင်းမွန်သော အရာ တစ်ခု ဖြစ်သော်လည်း ၎င်းကို ရယူရန် အတွက် အဓိက အရေးကြီးဆုံး အချက်မှာ မိမိကိုယ်တိုင် ဘေးကင်း လုံခြုံရေး ပင် ဖြစ်လေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရိုအန်က ခေါင်းမော့ကာ ဗီရိုနီးစ်ကို ကြည့်၍ ပြုံးလျက် ဆိုသည်။
"အရာရှိကြီး... အရာရှိကြီး ဆီမှာ ဘဏ် ဓားပြတိုက်မှု နဲ့ ပတ်သက်တဲ့ မှတ်တမ်း တွေ ရှိလား... ဆုံးဖြတ်ချက် မချခင် သေချာလေး လေ့လာကြည့်ဖို့ လိုအပ်လို့ပါ..."
"အိုကေ... ခဏနေရင် မင်းဆီ လာပို့ခိုင်းလိုက်မယ်..."
ဗီရိုနီးစ်က ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။
"အလောတကြီး လုပ်စရာ မလိုပါဘူး ရိုအန်... သုံးရက် နေမှ ဆုံးဖြတ်ချက် ချလည်း ရပါတယ်... ဒီနေ့ ငါ လာတာ က ဒီသတင်း ကို မင်းကို အသိပေးချင်လို့ သက်သက်ပါပဲ..."
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွင်းမှ မထွက်ခွာမီ ဗီရိုနီးစ်က အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းရှိ ကုလားထိုင် ပေါ်တွင် ထိုင်လျက် ရိုအန်၏ ဘေးတိုက် မျက်နှာသွင်ပြင်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အမှု ဖော်ထုတ်တဲ့ လုပ်ငန်းစဉ် ထဲမှာ တကယ့် ဦးဆောင်သူ က မင်းပဲ... အဲ့ဒါကြောင့် မင်း အနေနဲ့ ဒီအမှု ရဲ့ အခြေအနေ ကို သေချာ စစ်ဆေး ပြီး... ဓားပြ ကို ဖမ်းမိနိုင်ချေ ရှိမရှိ ဆိုတာကို သေချာ ခွဲခြမ်း စိတ်ဖြာ ဖို့ လိုအပ်တယ်... တကယ်လို့ အမှု ဖော်ထုတ်နိုင်ဖို့ ရာနှုန်းပြည့် မသေချာဘူး ဆိုရင်... ငါ့ကို မဖြစ်မနေ လာပြောရမယ်... ရာထူးတက်ဖို့ ကိစ္စ ဆိုတာ... ငါ့မှာ လည်း အချိန် ရှိသလို... မင်းမှာ လည်း အချိန် ရှိပါသေးတယ်..."
မိမိ လူယုံ များ အပေါ်တွင် ဗီရိုနီးစ် က အမြဲတမ်း သဘောထား ကြီးမြတ်ပြီး အလွန် အကျိုးအကြောင်း ဆီလျော်စွာ ဆက်ဆံလေ့ ရှိသည်။
ထို့အပြင် ဗီရိုနီးစ် ကလည်း အလောတကြီး မဖြစ်နေဘဲ အခွင့်အရေး ကို မြင်လိုက်ရသဖြင့် မသိစိတ်၏ စေ့ဆော်မှုအရ ဖမ်းဆုပ်ချင်ရုံ သက်သက်သာ ဖြစ်လေသည်။
"အိုကေ... ကျေးဇူးတင်ပါတယ် အရာရှိကြီး..."
ရိုအန် က အံသွားများ ပေါ်လာသည် အထိ ပြုံးလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းမှ ထွက်လာခဲ့သည်။
မိမိ၏ ရုံးခန်း အတွင်းမှ ရိုအန် ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ မိုနာ ကီးဘုတ် ခေါက်နှိပ်နေသည်ကို ခေါင်းငုံ့ ကြည့်နေသော သြဂတ်စ်၏ မျက်လုံးများ အရောင်တောက်ပ သွားပြီး ချက်ချင်း နေရာမှ ထကာ ထိုဘက်သို့ လျှောက်လာလေသည်။
"အဖွဲ့ခေါင်းဆောင်..."
ရိုအန် က ပြုံးပြလိုက်ပြီး သြဂတ်စ် က မိမိကို တစ်စုံတစ်ခု လာပြောမည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ သြဂတ်စ် က မိမိကို ကျော်ဖြတ်သွားပြီး အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးဝသို့ လျှောက်သွားကာ အမှတ် ၅ အဖွဲ့မှ ထွက်ခွာရန် ပြင်ဆင်နေသော ဗီရိုနီးစ် ၏ ဘေးသို့ သွားရောက်လိုက်လေသည်။
သြဂတ်စ်၏ မည်းနက်နေသော မျက်နှာကြီး ပေါ်တွင် ဗီရိုနီးစ် အား ကြည့်ကာ ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ပေါ်ထွက်နေသည်ကို မြင်တွေ့လိုက်ရပြီး... ခပ်သဲ့သဲ့ ထွက်ပေါ်လာသော 'အက်စ်ယူဗီ ကား'၊ 'လစာ' နှင့် 'တောင်းပန်ပါတယ်' အစရှိသော စကားလုံး များကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ထားလိုက်ပါတော့... အရေးမကြီးပါဘူး...
အကြောဆန့် လိုက်ပြီးနောက် ရိုအန်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ ကို ဝေ့ကြည့်လိုက်သည်။ ရက်ဒ် မှလွဲ၍ ကျန်သော စုံထောက်များ အားလုံး စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး တွင် လက်ထပ်ခဲ့သော ဇနီးမောင်နှံ များ၏ အချက်အလက် များကို အသုံးပြုကာ ပျောက်ဆုံးနေသော ဇနီးသည်များ ရှိမရှိ ကို အလုပ်ရှုပ်စွာ စစ်ဆေး ရှာဖွေ နေကြလေသည်။
ရိုအန် ရင်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ အဖွဲ့သားများ၏ စိတ်ဓာတ် က အားကိုးရလောက်ပေသည်။
ထို့နောက်...
အလုပ်ဆင်းချိန် သို့ ရောက်ရှိသွားတော့သည်။
ပုံမှန် အတိုင်းပင် တစ်နေ့တာ အလုပ် ပြီးဆုံးသွားပြီးနောက် လူတိုင်း ကိုယ့်အိမ်ကိုယ် ပြန်ကြလေသည်။
ရက်ဒ် က အိမ်ပြန်ကာ ဇနီး နှင့် သား ဖြစ်သူ ကို သွားရှာသည်။ မိုနာ က ကွန်ပျူတာ ကို ကိုင်ဆောင်ကာ အသစ် ဝယ်ထားသော တိုက်ခန်းငယ်လေး ဆီသို့ ပြန်သွားသည်။ လေစီ ကမူ ဘယ်နေရာမှ ထုတ်ယူလိုက်မှန်း မသိသော မိတ်ကပ် အချို့ကို ယူကာ မျက်နှာပေါ်တွင် လိမ်းခြယ်လိုက်ပြီး အဖြူရောင် ရှပ်အင်္ကျီကို အပေါ်သို့ ပင့်ချည်လိုက်ကာ ဘား တစ်ခုဆီသို့ တိုက်ရိုက် ဦးတည် သွားတော့သည်။
ကားကြုံ လိုက်စီးသော သြဂတ်စ် ကို သြဂတ်စ်၏ အိမ်သို့ လိုက်ပို့ပြီးနောက် ရိုအန် က ရှက်ဗရိုလက် ကားကို မောင်းနှင်ကာ နယူးယောက် လမ်းမများ ထက်တွင် ရည်ရွယ်ချက် မရှိဘဲ လှည့်လည် သွားလာနေပြီး ဘယ်ကို သွားရမည်မှန်း မသိ ဖြစ်နေလေသည်။
တိုက်ခန်းငယ်လေး မှာ စတင် အလှဆင်ခြင်း မပြုရသေးပေ။ ရက်ဒ် ရှာပေးထားသော အလှဆင် ကုမ္ပဏီ က ယခု လက်ရှိ အချိန်တွင် ရိုအန် ကို ပြသရန် ဒီဇိုင်း ပုံစံကြမ်း ဆွဲနေသည့် အဆင့်တွင်သာ ရှိနေသေးလေသည်။
ဟိုတယ် တစ်ခုခု တွင် အလွယ်တကူ ဝင်အိပ်လိုက်မည် ဟု စဉ်းစားလိုက်သော်လည်း ရိုအန် က လက်ပတ်နာရီ ကို ကြည့်လိုက်သောအခါ ညနေ ခြောက်နာရီ ပင် မထိုးသေးကြောင်း တွေ့လိုက်ရသဖြင့် အချိန် အနည်းငယ် စောလွန်းနေသေးသည် ဟု ခံစားလိုက်ရသည်။
အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေပြီးနောက် ရိုအန် က အားကစားရုံ တစ်ခုခု သို့ သွားရောက်၍ ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ခန္ဓာကိုယ် သည်သာ အရာအားလုံး ၏ အရင်းအနှီး ပင် ဖြစ်သည်။ ယခင်က ခါးနာခဲ့ရသည့် မြင်ကွင်း က မျက်စိထဲတွင် ထင်ဟပ် နေဆဲ ဖြစ်လေသည်။
တိုက်ခန်းငယ်လေး တည်ရှိရာ ဂရင်းဝစ်ချ် ရပ်ကွက် တွင် အားကစားရုံ တစ်ရုံ ကို အလွယ်တကူ ရှာဖွေလိုက်ပြီးနောက် ရိုအန် က ကားကို သေချာစွာ ရပ်နားလိုက်ပြီး အထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလေသည်။
"ဟိုင်း... မင်္ဂလာပါ..."
အားကစားရုံ အတွင်းသို့ ဝင်ရောက်လာသော ရိုအန် ကို မြင်တွေ့လိုက်ရသောအခါ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသည့် လူဖြူ အမျိုးသမီး နည်းပြလေး ဒယ်လာ ၏ မျက်လုံးများ အရောင်တောက်ပ သွားသည်။ လက်ထဲရှိ ရေဘူး ကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်ပြီး ရိုအန် ထံသို့ လက်ကမ်းပေးကာ ဆိုသည်။
"ကျွန်မ နာမည် က ဒယ်လာ ပါ... ဒီက နည်းပြ တစ်ယောက်ပါ... ရှင် က ဒီကို ပထမဆုံး အကြိမ် လာတာ မလား..."
"မင်္ဂလာပါ... ကျွန်တော့် နာမည် က ရိုအန် ပါ..."
လက်ကမ်းပေးကာ ဒယ်လာ နှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပြီးနောက် ရိုအန် က ဒယ်လာ ၏ ဆွဲဆောင်မှု ရှိသော ရင်ဘတ် ကို ခေါင်းငုံ့ ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားပြီး သာမန် ချောမောသော မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာလေသည်။
"ကျွန်တော် က တကယ်ပဲ ပထမဆုံး အကြိမ် လာတာပါ…”