အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉ အမြင်အာရုံ အားနည်းခြင်း
"အက်ဖ်ဘီအိုင် လား..."
မိမိ၏ မျက်စိရှေ့တွင် ပြသလာသော ရွှေရောင် ရင်ထိုးတံဆိပ်ကို မြင်တွေ့လိုက်ရသောအခါ ဂျိုနို တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ထို့နောက် မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အမူအရာ ပေါ်ထွက်လာပြီး အဆက်မပြတ် ခေါင်းညိတ်ကာ စကားဆိုလေသည်။
"ဟုတ်ကဲ့ပါ... ပျောက်ဆုံးသွားတာ ကျွန်တော့် မိန်းမ ပါ... မနေ့ည ကပဲ ပျောက်သွားတာ... ကျွန်တော်..."
ဂျိုနိုက စကားပြောရင်းဖြင့် ရုတ်တရက် အခြေအနေ မဟန်တော့ကြောင်း ခံစားလိုက်ရသည်။ ဘာဖြစ်လို့ ရောက်လာသူများက နယူးဂျာစီ ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အက်ဖ်ဘီအိုင် တွေ ဖြစ်နေရသနည်း။ ဖြစ်နိုင်တာက...
ထိုအချက်ကို တွေးမိသွားသောအခါ ဂျိုနို၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။
"စုံထောက်ကြီး... ကျွန်တော့် မိန်းမ ဘာဖြစ်သွားတာလဲ... အခု ဆူဇန် ဘယ်မှာလဲ..."
"စိတ်အေးအေး ထားပါ မစ္စတာ ဂျိုနို..."
ရိုအန်က ခေါင်းလှည့်ကာ လေစီထံသို့ အကြည့်ဖြင့် အချက်ပြလိုက်သည်။ လေစီက ခေါင်းညိတ်ပြပြီးနောက် လှေကားပေါ်သို့ တက်သွားကာ စကား အနည်းငယ် ပြောဆိုလိုက်ရုံဖြင့် ဂျိုနို၏ သမီးဖြစ်သူအား အခန်းတံခါး ဖွင့်ပေးရန် အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပြီး သမီးဖြစ်သူ၏ အခန်း အတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားလေသည်။
ရက်ဒ် ကမူ အိမ်တံခါး အပြင်ဘက်သို့ ထွက်သွားပြီး အသုံးဝင်မည့် သဲလွန်စ အချို့ကို ရှာဖွေရန် တိုက်ခန်း ပတ်ဝန်းကျင်ကို စတင် လေ့လာ အကဲခတ် နေလေသည်။
"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် က ခင်ဗျားရဲ့ ဇနီးကို ရှာဖွေဖို့ပါပဲ... ဒီအချက်မှာ ကျွန်တော်တို့ နှစ်ဖက်စလုံး တူညီမှု ရှိပါတယ်..."
ရိုအန်က ဂျိုနိုကို အရင်ဆုံး ထိုင်ရန် အချက်ပြလိုက်ပြီးနောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
"အဲ့ဒါကြောင့် ခင်ဗျားရဲ့ စိတ်ခံစားချက် ကို တည်ငြိမ်အောင် ထားပြီး... ကျွန်တော့်ရဲ့ မေးခွန်းတွေကို သေချာ ဖြေကြားပေးပါ... ခင်ဗျား ဘက်က အသေးစိတ် ရှင်းပြနိုင်လေ... ခင်ဗျားရဲ့ ဇနီးကို ရှာတွေ့နိုင်မယ့် အလားအလာ က ပိုများလေပဲ..."
"အိုကေ... အိုကေပါ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဂျိုနိုက ရေတစ်ခွက် ငဲ့ကာ ခေါင်းမော့ သောက်ချလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မည်းမှောင်နေသော မျက်နှာထားဖြင့် စကားဆိုလေသည်။
"ဆူဇန် နဲ့ ကျွန်တော် က လွန်ခဲ့တဲ့ နှစ်လခွဲ ကမှ လက်ထပ်ခဲ့ကြတာပါ..."
ဇာတ်လမ်း၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ သိပ်ပြီး ရှုပ်ထွေးလှခြင်း မရှိချေ။ ဂျိုနိုသည် ယခုနှစ်တွင် အသက် လေးဆယ်ကျော် အရွယ် ရှိပြီ ဖြစ်ပြီး ယခင်က အိမ်ထောင် တစ်ဆက် ရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဇနီးဖြစ်သူမှာ ယာဉ်တိုက်မှုဖြင့် သေဆုံးသွားခဲ့ရာ သမီးဖြစ်သူ ဟီနာကို တစ်ဦးတည်း ပြုစု ပျိုးထောင် ခဲ့ရလေသည်။
မကြာသေးမီ နှစ်များ အတွင်း သမီးဖြစ်သူ ဟီနာမှာ အရွယ်ရောက်လာပြီး အထက်တန်း ကျောင်းအိပ်ကျောင်းစား တက်ရောက်နေပြီ ဖြစ်သည်။ ဂျိုနိုက မမျှော်လင့်သော အခွင့်အရေး တစ်ခုမှ တစ်ဆင့် ယခု လက်ရှိ အသက် သုံးဆယ် ပြည့်ခါစ ဇနီးဖြစ်သူ ဆူဇန်နှင့် သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။
ဂျိုနိုနှင့် ဆူဇန်တို့မှာ မြင်မြင်ချင်း ချစ်ကြိုက်ခဲ့ကြပြီး မီးနှင့် ကောက်ရိုး အလား ပိုမို ရင်းနှီးလာခဲ့ကြသည်။ အချိန် အတိုင်းအတာ တစ်ခု အထိ ဆက်သွယ် လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် လွန်ခဲ့သော နှစ်လခွဲခန့်က ဘေးနားရှိ စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး တွင် မင်္ဂလာပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်လေသည်။
လက်ထပ်ပြီးသည့် အချိန်မှ စ၍ သမီးဖြစ်သူ ဟီနာ တစ်ယောက် အထက်တန်းကျောင်းမှ အိမ်သို့ ပြန်ရောက်လာချိန်တိုင်း အဆက်မပြတ် ပြဿနာ ရှာလေ့ ရှိသည်။ တမြန်မနေ့ ညကလည်း ထိုနည်းတူ ပင် ဖြစ်လေသည်။
သားအဖ နှစ်ဦး အကြီးအကျယ် ရန်ဖြစ်ကြပြီးနောက် ကိုယ့်အခန်းကိုယ် အသီးသီး ပြန်ဝင်သွားခဲ့ကြသည်။ မနေ့က နံနက်စောစောပိုင်းတွင် ဂျိုနို တစ်ယောက် အိမ်တံခါး မပိတ်ထားသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး သေချာ ကြည့်ရှုလိုက်ရာ သမီးဖြစ်သူ ပျောက်ဆုံး နေကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် နယူးဂျာစီ ရဲစခန်းသို့ အလျင်အမြန် ဆက်သွယ်ကာ ပျောက်ဆုံးမှု အဖြစ်အပျက်ကို တိုင်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂျိုနိုနှင့် ဆူဇန်တို့ ကလည်း ကားမောင်းကာ ဟီနာကို နေရာအနှံ့ လိုက်လံ ရှာဖွေ ခဲ့ကြလေသည်။
ဤနေရာသို့ ရောက်သောအခါ ရိုအန်က ခေါင်းငုံ့ကာ မှတ်စုစာအုပ် တွင် ရေးမှတ်လိုက်ပြီးနောက် ခေါင်းမော့၍ မေးမြန်းလိုက်သည်။
"ဆူဇန် လည်း ခင်ဗျားရဲ့ သမီးကို လိုက်ရှာခဲ့တယ် ပေါ့... ခင်ဗျားတို့ နှစ်ယောက် ခွဲပြီး ရှာခဲ့ကြတာလား..."
"မှန်ပါတယ်..."
ဂျိုနိုက ခေါင်းညိတ်ပြလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မနေ့ည ကိုးနာရီခွဲ လောက်မှာ... တည်းခိုခန်း ငယ်လေး တစ်ခု ထဲမှာ ကျွန်တော့် သမီး ကို ရှာတွေ့ခဲ့တယ်... အဲ့ဒါနဲ့ ကျွန်တော် က ဆူဇန် ဆီ ဖုန်းဆက်လိုက်တော့... ဆူဇန် က လူဝီစ် စူပါမားကတ် အနီးအနား မှာ ရောက်နေတယ် တဲ့... နာရီဝက် လောက် နေရင် ပြန်ရောက်လာမယ် လို့ ပြောတယ်... ဒါပေမဲ့ ည ဆယ့်တစ်နာရီ ထိုးတဲ့ အထိ အိမ်ပြန်ရောက် မလာခဲ့ဘူး... ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်တော့ဘူး..."
ရိုအန်က မှတ်စုစာအုပ် ပေါ်တွင် ရေးခြစ် မှတ်သားလိုက်ပြီး ဆက်လက် မေးမြန်းလိုက်သည်။
"ဆူဇန် က ကားမောင်းသွားသေးလား..."
"မောင်းသွားတယ်..."
ဂျိုနိုက အပြင်ဘက်ရှိ အနည်းငယ် ဟောင်းနွမ်းနေသော အနီရောင် လူစီးကား တစ်စီးကို လက်ညှိုးထိုးပြကာ ကြည့်ရဆိုးသော မျက်နှာထားဖြင့် ဖြေကြားလိုက်သည်။
"ကျွန်တော် နဲ့ မလက်ထပ်ခင် ကတည်းက ဆူဇန် က ဒီကားကို အမြဲတမ်း မောင်းနေကျပါ... မနေ့ညက ဆူဇန် နဲ့ အဆက်အသွယ် ပြတ်သွားပြီးတဲ့ နောက်မှာ... ကျွန်တော် က စူပါမားကတ် နားကို သွားရှာကြည့်တယ်... ကား က စူပါမားကတ် ရဲ့ မျက်နှာချင်းဆိုင် ဒေါင့်ချိုး နားမှာ ရပ်ထားတယ်... သော့ ကလည်း တန်းလန်း ကြီးပဲ... ကျွန်တော် ဆူဇန် ကို လုံးဝ ရှာမတွေ့တော့လို့ ကားကိုပဲ ပြန်မောင်းလာခဲ့လိုက်တာ..."
"အိုကေ..."
ရိုအန်က မှတ်စုစာအုပ် ပေါ်တွင် စက်ဝိုင်း တစ်ခု ဆွဲလိုက်ပြီး ခဏနေလျှင် စူပါမားကတ် သို့ သွားရောက်၍ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို စစ်ဆေးရန် ပြင်ဆင်လိုက်သည်။ နေရာမှ ထရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်လုံးများ တစ်ချက် မှိတ်လိုက်ပြီး ခေါင်းစောင်းကာ မေးမြန်းလိုက်သည်။
"မစ္စတာ ဂျိုနို... ခင်ဗျား ဇနီး ရဲ့ အရပ် နဲ့ ကိုယ်အလေးချိန် ကို သိနိုင်မလား..."
"အရပ် က ၁.၆ ခြောက် မီတာ... ကိုယ်အလေးချိန် က ကီလိုဂရမ် လေးဆယ့်ငါး လောက် ရှိမယ်..."
ရိုအန်က ဆိုဖာပေါ်မှ မတ်တပ်ရပ်လိုက်သည်။ လေစီ ကလည်း ဒုတိယထပ်ရှိ သမီးဖြစ်သူ၏ အခန်း အတွင်းမှ ထွက်လာခဲ့ပြီးနောက် သမီးဖြစ်သူအား လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။ ထို့နောက် ရိုအန်နှင့် အတူ တိုက်ခန်း တံခါးပေါက်မှ အပြင်သို့ ထွက်ခွာသွားလေသည်။
ရိုအန်က ခေါင်းစောင်းကာ မိမိကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လေစီက ခေါင်းခါယမ်းလိုက်သည်။
"ကျောင်းက ဘောလုံးအသင်း ခေါင်းဆောင် ရဲ့ လိမ်လည်တာကို ခံလိုက်ရတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက် သက်သက်ပါပဲ... ဒီကိစ္စ က ဟီနာ နဲ့ ဘာမှ သက်ဆိုင်မှု မရှိလောက်ပါဘူး... အနည်းဆုံးတော့ ဟီနာ ငါ့ကို လိမ်ပြောနေတဲ့ ပုံစံမျိုး မတွေ့ရဘူး..."
ရိုအန်က ခေါင်းညိတ်ပြလိုက်ပြီး ထောက်လှမ်းရေး ဌာနမှ ဆင်းသက်လာသော လေစီ၏ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်သည်။
အကြည့်များကို ရက်ဒ်ထံသို့ ရွှေ့ပြောင်းလိုက်ရာ ရက်ဒ်က ခေါင်းခါယမ်းပြလိုက်သည်။
"အိမ်နား ပတ်ဝန်းကျင်မှာ ဘာသဲလွန်စ မှ မရှိဘူး... ကားထဲမှာလည်း ရုန်းကန်ထားတဲ့ ခြေရာလက်ရာ တွေ မတွေ့ရဘူး... ပျောက်ဆုံးနေတဲ့ ဆူဇန် က ကိုယ့်သဘောဆန္ဒ နဲ့ ကိုယ် ကားပေါ်က ဆင်းသွားတာ သေချာတယ်..."
"အိုကေ..."
ရိုအန်က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိတော့ဘဲ သူတို့ နှစ်ဦးကို ခေါ်ဆောင်ကာ အက်စ်ယူဗီ ကားပေါ်သို့ ပြန်တက်လိုက်သည်။ ထို့နောက် လူဝီစ် စူပါမားကတ် ရှိရာသို့ ကားမောင်း ထွက်ခွာသွားလေသည်။
လူဝီစ် စူပါမားကတ် မှာ အရှေ့တိုင်းရှိ လမ်းဘေး ကုန်ုံစုံဆိုင်ငယ်လေး များနှင့် ဆင်တူသော စူပါမားကတ် အသေးစားလေး တစ်ခု ပင် ဖြစ်လေသည်။ ဆိုင်ရှင်မှာ လူဝီစ် အမည်ရသော လူဖြူ အဘွားအို တစ်ဦး ပင် ဖြစ်သည်။
ရိုအန်၏ မေးမြန်းမှုကို ကြားလိုက်ရသောအခါ လူဝီစ်က ခေါင်းခါယမ်းလိုက်ပြီး ဆိုင်ငယ်လေး တွင် လုံခြုံရေး ကင်မရာ တပ်ဆင်ရန် ငွေမရှိကြောင်း ပြောပြလေသည်။ မနေ့ညက မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်နှင့် ပတ်သက်၍မူ...
"အဲ့ဒီ မိန်းမ ကားပေါ် တက်လိုက်တာ နဲ့... ခဲရောင် ကားတစ်စီး က ဆူဇန် ရဲ့ ဘေးနား မှာ လာရပ်တယ်..."
လူဝီစ်က အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သဖြင့် အမြင်အာရုံ အားနည်းနေပြီ ဖြစ်ကြောင်းနှင့် မနေ့ညက အဖြစ်အပျက် များကို သေချာ မမြင်တွေ့ခဲ့ရကြောင်း ရှင်းပြလေသည်။
"ခဲရောင် ကားပေါ်ကနေ လူဖြူ အမျိုးသား တစ်ယောက် ဆင်းလာတယ်... အသက် လေးဆယ် ဝန်းကျင် လောက် ရှိမယ်... ဆံပင်ကောက်ကောက် နဲ့... သာမန် အမည်းရောင် ကုတ်အင်္ကျီ ကို ဝတ်ထားတယ်... အဲ့ဒီ ယောကျ်ား က အနီရောင် ကားပေါ်က မိန်းမ နဲ့ စကား ခဏ ပြောနေကြတယ်... အဲ့ဒီနောက် မိန်းမ က ပြုံးပြီး ကားပေါ်က ဆင်းလာတယ်... ယောကျ်ား ကလည်း ပြုံးပြီး ကားနောက်ဖုံး ကို ဖွင့်လိုက်တယ်... မိန်းမ ဘာမှ မတုံ့ပြန်နိုင်ခင် မှာတင် အဲ့ဒီ ယောကျ်ား က မိန်းမ ကို ကားနောက်ဖုံး ထဲ အတင်း ဆွဲထည့်သွားတာပဲ..."
လေစီ နှင့် ရက်ဒ် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ဆွံ့အသွားကြသည်။
"ကောင်းပါပြီ..."
ရိုအန်၏ နှုတ်ခမ်းထောင့်များ တစ်ချက် တွန့်ကွေးသွားပြီး လူဝီစ် ပြောပြချက်များကို မှတ်စုစာအုပ် ပေါ်တွင် ရေးမှတ်လိုက်သည်။ လူဝီစ် အနေဖြင့် အဘယ်ကြောင့် ရဲမတိုင်ခဲ့သနည်း ဆိုသည်မှာ အမေရိကန် လူမှုအသိုင်းအဝိုင်း ၏ အောက်ခြေ လူတန်းစားများ ကြားတွင် ကိုယ်ပိုင် အတိတ် ဘဝ ဇာတ်ကြောင်း တစ်ခုစီ ရှိနေကြသောကြောင့် ပင် ဖြစ်လေသည်။
ရိုအန်က ဆက်လက် မေးမြန်းလိုက်သည်။
"အဲ့ဒီ ကားရဲ့ နံပါတ်ပြား ကိုကော မြင်လိုက်ရလား... ဒါမှမဟုတ် ကားမောင်းတဲ့ ယောကျ်ား ကို အရင်က မြင်ဖူးတာမျိုး ရှိလား..."
"ငါ့ မျက်လုံး တွေက အမြင်အာရုံ အားနည်းနေတာ လေ... ဘယ်လို လုပ်ပြီး ကားနံပါတ်ပြား ကို သေချာ မြင်ရမှာလဲ... အဲ့ဒီ ယောကျ်ား ရဲ့ မျက်နှာ ကို မြင်ရဖို့ ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်..."
လူဝီစ်က နှုတ်ခမ်းကို တွန့်လိုက်ပြီး ပါးစပ်ထဲရှိ သွားတု အနည်းငယ် ရွဲ့စောင်းသွားသည်ဟု ခံစားလိုက်ရသဖြင့် လက်လှမ်းကာ တည့်မတ်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ စကားဆိုလေသည်။
"ဒါပေမဲ့ အရင်တုန်းက စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို သွားပြီး အစားအသောက် တွေ စားတဲ့ အချိန်တုန်းက... အဲ့ဒီ ယောကျ်ား ကို တကယ် မြင်ဖူးခဲ့တယ်... သူ က ဘာမှ မစားဘူး... ခန္ဓာကိုယ် တစ်ဝက် က အရိပ်ထဲ မှာ ရပ်နေပြီး... တစ်ဝက် က နေရောင် အောက်မှာ ရပ်နေတာ... ပြီးတော့ ဘုရားကျောင်း ထဲက မင်္ဂလာမောင်နှံ တွေကို ကြည့်ရင်း တိတ်တဆိတ် ဆေးလိပ် သောက်နေခဲ့တာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၊ လေစီ နှင့် ရက်ဒ် တို့ က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်လုံးများ ချက်ချင်း အရောင်တောက်ပ သွားကြသည်။ လူဝီစ်ကို နောက်ထပ် မေးခွန်း အနည်းငယ် ဆက်လက် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူ က ဘေးနားမှ အချိုရည် သုံးဘူး ကို ရုတ်တရက် ထုတ်ယူကာ သူတို့ သုံးဦး၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။
"သုံး ဒေါ်လာ ပါ... ကျေးဇူးတင်ပါတယ်..."
ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
တိတ်တဆိတ် ငွေရှင်းလိုက်ပြီးနောက် လေစီနှင့် ရက်ဒ်တို့ က ပတ်ဝန်းကျင်သို့ သွားရောက်ကာ အင်တာနက်နှင့် ချိတ်ဆက်မထားသော ရှေးဟောင်း လုံခြုံရေး ကင်မရာများကို စစ်ဆေး မေးမြန်းရင်း သဲလွန်စ အချို့ ရရှိနိုင်ရန် မျှော်လင့် နေကြလေသည်။
ရိုအန် ကမူ မနေ့ညက အနီရောင် ကား ရပ်နားထားသော နေရာသို့ လျှောက်သွားလိုက်သည်။
"မိုနာ... အခု ငါ ရပ်နေတဲ့ နေရာမှာ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေး ကင်မရာ ရှိလား..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ဖုန်းတစ်ဖက်ခြမ်းမှ ကီးဘုတ် ခေါက်နှိပ်သံများ ထွက်ပေါ်လာပြီးနောက် မိုနာ၏ သက်ပြင်းချသံ ကို ကြားလိုက်ရသည်။
"နင် ရှိနေတဲ့ နေရာ က မြို့ဟောင်း နယ်မြေ ထဲမှာ ပါတယ်... အဲ့ဒီ နေရာ အများစု မှာ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ ဘယ် လုံခြုံရေး ကင်မရာ မှ မရှိဘူး..."
ကား၏ အရောင်နှင့် ထိုနေရာမှ ထွက်ခွာသွားသော အချိန်ကို မိုနာအား ပြောပြလိုက်ပြီးနောက် ရိုအန်က ဆက်လက် ပြောဆိုလိုက်သည်။
"ဒါဆိုရင် လည်း အဲ့ဒီ နယ်မြေ ရဲ့ အပြင်ဘက် မှာ ရှိတဲ့... လုံခြုံရေး ကင်မရာ မှတ်တမ်း တွေ ရှိတဲ့ အဓိက ကားလမ်းမကြီး တွေကို စစ်ဆေးကြည့်လိုက်... အဲ့ဒီ အချိန်ပိုင်း အတွင်း ဖြတ်သွားတဲ့ မသင်္ကာစရာ ခဲရောင် ကားတွေ အကုန်လုံးကို မှတ်တမ်း တင်ထားလိုက်..."
"အိုကေ..."
ဖုန်းချလိုက်ပြီးနောက် မကြာမီမှာပင် လေစီနှင့် ရက်ဒ်တို့ ကလည်း ရှေ့ဆင့်နောက်ဆင့် ပြန်လည် ရောက်ရှိလာကြသည်။
"ဆိုင်ခန်း အများစု က တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာ တွေက... ရှေးဟောင်း လုံခြုံရေး ကင်မရာ တွေချည်းပဲ... ပြီးတော့ အကုန်လုံး က အခန်း အတွင်း ဘက်ကိုပဲ ချိန်ထားကြတာ..."
လေစီ၏ မျက်နှာ အမူအရာ က သိပ်မကောင်းလှချေ။
"ဆိုင်ခန်း တချို့ ရဲ့ လုံခြုံရေး ကင်မရာ တွေက အပြင်ဘက် ကို ချိန်ထားပေမဲ့... မှတ်တမ်းတင် နိုင်တဲ့ ဧရိယာ က ကိုယ့်ဆိုင် တံခါးဝ လောက်ပဲ ရှိတယ်..."
ရက်ဒ် ကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ငါ့ဘက် မှာလည်း အတူတူပဲ..."
"ကောင်းပါပြီ..."
အမေရိကန် နိုင်ငံ၏ မြို့ဟောင်း နယ်မြေများ အားလုံးမှာ ဤကဲ့သို့ ပင် ဖြစ်လေ့ရှိသည်။ ရိုအန် ကလည်း အပိုစကားများ မပြောတော့ဘဲ လေစီနှင့် ရက်ဒ်တို့ကို ခေါ်ဆောင်ကာ အက်စ်ယူဗီ ကားပေါ်သို့ ထပ်မံ တက်ရောက်လိုက်လေသည်။
"စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ဘက်ကို သွားကြည့်ရအောင်... အဲ့ဒီနေရာ က ငါ့အတွက် အံ့ဩစရာ သတင်းကောင်း တွေ ယူဆောင်လာပေးလိမ့်မယ် လို့ ကြိုတင် ခံစား နေရတယ်…”