အခန်း ၇၀
Vol. 7 Ch. 70
အခန်း ၇၀ ရေကန်
သာယာနာပျော်ဖွယ်ကောင်းသော တေးဂီတသံစဉ်များကြားတွင် လူငယ် ဇနီးမောင်နှံ တစ်စုံက ဘုန်းတော်ကြီး၏ အရှေ့၌ အပြန်အလှန် ပွေ့ဖက် နမ်းရှိုက်လိုက်ကြသည်။ မင်္ဂလာမောင်နှံ၏ ဆွေမျိုး မိတ်ဆွေများက သောင်းသောင်းဖြဖြ လက်ခုပ်တီးလိုက်ကြပြီး ဘုရားကျောင်း တစ်ခုလုံးတွင် ပျော်ရွှင်ချမ်းမြေ့ဖွယ် လေထုက အပြည့်အဝ လွှမ်းခြုံနေလေသည်။
ဘုရားကျောင်း၏ အနောက်ဘက် စင်္ကြံလမ်းတွင် ဖြစ်လေသည်။
"အားနာပါတယ်... စုံထောက်ကြီး"
ဘုရားကျောင်း၏ စီမံခန့်ခွဲသူများထဲမှ တစ်ဦးဖြစ်ပြီး မျက်မှန်တပ်ကာ ဆံပင်များ ဖြူလွတ်နေပြီဖြစ်သော သက်ကြီးပိုင်း ဘုန်းတော်ကြီးက ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေပြီး ခေါင်းခါယမ်းလိုက်သည်။
"တကယ်ကို တောင်းပန်ပါတယ်... ဒါပေမဲ့ စုံထောက်ကြီး ခုလေးတင် ပြောသွားတဲ့ အမျိုးသား ကို ကျုပ် တကယ် မမြင်ဖူးပါဘူး... ကျုပ်ရဲ့ ဦးနှောက်ထဲမှာ လုံးဝ မှတ်မိနေတာမျိုး မရှိဘူး"
ထိုနေရာသို့ ရောက်သောအခါ သက်ကြီးပိုင်း ဘုန်းတော်ကြီး၏ မျက်နှာ အမူအရာက တစ်ချက် ရပ်တန့်သွားသည်။ ခေါင်းစောင်းကာ ဘုရားကျောင်း အပြင်ဘက်တွင် အလှူဒါန အစားအစာများကို စားသောက်နေကြသော လမ်းသွားလမ်းလာများကို လက်ညှိုးထိုးပြရင်း စကားဆိုလေသည်။
"စုံထောက်ကြီး အနေနဲ့ အဲ့ဒီ လူတွေကို သွားမေးကြည့်လို့ ရပါတယ်... သူတို့ထဲက တချို့က အလှူဒါန အစီအစဉ် တွေမှာ အမြဲတမ်း လာစားလေ့ ရှိကြတယ်... သူတို့ ဆီကနေ အသုံးဝင်မယ့် သတင်း အချက်အလက် တွေများ ရနိုင်မလား ဆိုတာပေါ့"
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် ဘုန်းတော်ကြီး"
"ကျေးဇူးတင်စရာ မလိုပါဘူး... ဘုရားသခင် ကောင်းချီးပေးပါစေ"
သက်ကြီးပိုင်း ဘုန်းတော်ကြီးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်အား ဆုတောင်း စကားဆိုကာ လှည့်၍ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။
ရိုအန်က လှည့်လိုက်ပြီး မှန်ပြတင်းပေါက်မှ တစ်ဆင့် ဘုရားကျောင်း အတွင်းရှိ မင်္ဂလာမောင်နှံက ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေများနှင့် အတူ ပျော်ရွှင်စွာ ကခုန်နေကြသည်ကို ကြည့်လိုက်သည်။ ထို့နောက် ရင်ခွဲရုံ အတွင်း၌ လှဲလျောင်းနေကြပြီ ဖြစ်သော သေဆုံးသူများကို တွေးတောမိသွားသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များက ဖြည်းညင်းစွာ အောက်သို့ ကွေးကျသွားတော့သည်။
"မနက်ဖြန် ည အတူတူ သွားကြမယ်... ဒါပဲ အတည်ပြုလိုက်ပြီ... တာ့တာ"
လေစီက သီလရှင် ဝတ်စုံ ဝတ်ဆင်ထားသော လူဖြူ အမျိုးသမီးငယ် တစ်ဦးနှင့် အပြန်အလှန် ဖက်ရမ်း နှုတ်ဆက်လိုက်သည်။ အချိန်အတော်ကြာ စကားများ တတွတ်တွတ် ပြောဆိုပြီးနောက် မနက်ဖြန် အတူတူ အပြင်ထွက်လည်ရန် ချိန်းဆိုလိုက်ကြသည်။ ထို့နောက် ရိုအန်၏ ဘေးသို့ ပြန်လာကာ တည်ငြိမ်စွာ စကားဆိုလေသည်။
"ဘုရားကျောင်း တစ်ခုလုံး မှာ လုံခြုံရေး ကင်မရာ တစ်လုံးတည်း ပဲ ရှိတယ်... အဲ့ဒါကလည်း မင်္ဂလာမောင်နှံ တွေ လက်ထပ်ပွဲ ကျင်းပတဲ့ ခန်းမကြီး ထဲမှာပဲ ရှိတာ... မှတ်တမ်းတင် နိုင်တဲ့ ဧရိယာ က ခန်းမကြီး ထဲမှာပဲ ဆိုတော့... လူဝီစ် ပြောတဲ့ ဘုရားကျောင်း အပြင်ဘက် ထောင့်မှာ ရပ်နေတဲ့ လူဖြူ အမျိုးသား ကို ကင်မရာ ကနေ တစ်ဆင့် ရှာတွေ့ဖို့ လုံးဝ မဖြစ်နိုင်ဘူး"
"ကင်မရာ ကိစ္စ ကို ခဏ ဘေးဖယ် ထားလိုက်ပါဦး"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုအန်၏ မျက်နှာ အမူအရာက အလွန် ရှုပ်ထွေးသွားပြီး လေသံကလည်း ပို၍ ရှုပ်ထွေးစွာ ထွက်ပေါ်လာသည်။
"သီလရှင် ကိုတောင် နင် က အလွတ်မပေးဘူးပေါ့"
"ဘာတွေ လျှောက်တွေး နေတာလဲ"
လေစီက ရိုအန်ကို မျက်စောင်း တစ်ချက် ထိုးလိုက်ပြီး မျက်နှာပေါ်ရှိ ခပ်ရေးရေး နှုတ်ခမ်းနီ အရာကို သုတ်ပစ်လိုက်သည်။
"ဟန်နာ က ဒီဘုရားကျောင်း မှာ လာကူညီတဲ့ စေတနာ့ဝန်ထမ်း ပါ... သီလရှင် မဟုတ်ဘူး... သီလရှင် ဝတ်စုံ ဝတ်ထားတာ က ဒီနေရာ က မြင်ကွင်း တွေ နဲ့ လိုက်ဖက်အောင် လို့ သက်သက် ဝတ်ထားတာ"
ထိုနေရာသို့ ရောက်သောအခါ လေစီ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက်သွားပြီး မျက်လုံးများ အရောင်တောက်ပ လာကာ တီးတိုး ရေရွတ်လိုက်သည်။
'ဒါပေမဲ့ သီလရှင် ဘာညာ ဆိုတာမျိုး ကိုတော့... ငါ တကယ် မစမ်းသပ်ဖူး သေးဘူး'
ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
"ရိုအန်... ဒီနေရာ ကို အမြဲ လာပြီး အခမဲ့ အစားအသောက် လာစားတဲ့ လမ်းသွားလမ်းလာ တချို့ ကို ငါ သွားမေးကြည့်လိုက်တယ်"
ရိုအန် စကားမပြောရသေးမီ မှာပင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရက်ဒ်က ဘေးပတ်ဝန်းကျင်မှ လူများ၏ အံ့ဩ ထိတ်လန့်နေသော အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ ရိုအန်၏ ဘေးသို့ လျှောက်လာကာ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် စကားဆိုလေသည်။
"သူတို့ ထဲမှာ အမှိုက်ကောက်တဲ့ သူ တစ်ယောက် ပါတယ်... သူက မနေ့က မနက်ပိုင်း တုန်းက လူဖြူ အမျိုးသား နှစ်ယောက် ကို တွေ့ခဲ့တယ် တဲ့... အဲ့ဒီ နှစ်ယောက် က အစားအသောက် တချို့ ကို ယူပြီး ထောင့် တစ်နေရာ မှာ ရပ်ရင်း စားသောက်ရင်း နဲ့ စကားပြော နေခဲ့ကြတာ"
"အဲ့ဒီ ထဲက ယောကျ်ား တစ်ယောက် ရဲ့ ရုပ်ရည် သွင်ပြင် က... လူဝီစ် ပြောပြတဲ့ ယောကျ်ား ရဲ့ ရုပ်ရည် သွင်ပြင် နဲ့ တော်တော်လေး ဆင်တူတယ်"
"အို"
မိန်းမရှုပ်သော လေစီထံမှ အကြည့်များကို ရွှေ့ပြောင်းလိုက်ပြီးနောက် ရက်ဒ်၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်လုံးများ အရောင်တောက်ပ သွားပြီး ချက်ချင်း ညွှန်ကြားလိုက်သည်။
"မင်း အခု ချက်ချင်း အဲ့ဒီ အမှိုက်ကောက်တဲ့ သူ နဲ့ လူဝီစ် ကို ဌာနချုပ် ကို ခေါ်သွားလိုက်... တစ်ချိန်တည်းမှာပဲ ဌာနချုပ် က ပုံဆွဲ ကျွမ်းကျင်သူ ကိုပါ ဆက်သွယ်လိုက်"
"အမှိုက်ကောက်တဲ့ သူ နဲ့ လူဝီစ် ပြောပြတဲ့ လူဖြူ အမျိုးသား ရဲ့ ပုံစံ ကို သူ့ကို ဆွဲခိုင်းလိုက်... အဲ့ဒီ လူနှစ်ယောက် ပြောတဲ့ သူ က တစ်ယောက်တည်း ဟုတ်မဟုတ် ဆိုတာ ကြည့်ရမယ်"
"ကောင်းပါပြီ"
ရက်ဒ်က ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းဆက်ရန် လှည့်ထွက်သွားလေသည်။ ထိုအချိန်မှာပင် ရိုအန်၏ နိုကီယာ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။
"ဘာထူးခြားမှု ရှိလို့လဲ မိုနာ"
ဖုန်းကို ကိုင်လိုက်ပြီးနောက် ရိုအန်က မှန်ပြတင်းပေါက်မှ တစ်ဆင့် သီလရှင် ဝတ်စုံ ဝတ်ဆင်ထားသော လူဖြူ အမျိုးသမီးငယ် အချို့က ခန်းမကြီးကို ရှင်းလင်းရေး လုပ်နေကြသည်ကို မြင်တွေ့လိုက်ရရာ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
'လေစီ ကို အပြစ်တင်ဖို့ မလိုပါဘူး... သီလရှင် ဆိုတာမျိုး ကို... ငါ လည်း စမ်းကြည့်ချင် မိတာပဲ'
"အရေးကြီးတဲ့ သဲလွန်စ တစ်ခု ကို ငါ ရှာတွေ့သွားပြီ ရိုအန်"
ဖုန်းတစ်ဖက်ခြမ်းမှ မိုနာ၏ အသံက အလွန် လေးနက် တည်ကြည်နေသဖြင့် ရိုအန်၏ အာရုံစိုက်မှုကို ချက်ချင်း ပြန်လည် ဆွဲယူသွားတော့သည်။
"ဆူဇန် ပျောက်ဆုံးသွားပြီး ငါးနာရီ အကြာမှာ... ခဲရောင် လူစီးကား တစ်စီး က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ရဲ့ အနောက်မြောက်ဘက် ၂.၇ မိုင် အကွာမှာ ရှိတဲ့ သစ်တောအုပ် ငယ်လေး ထဲကနေ မောင်းထွက်လာတယ်... ပြီးတော့ အဲ့ဒီ သစ်တောအုပ် ငယ်လေး ထဲမှာ ရေကန်ငယ်လေး တစ်ခု ရှိနေတယ်"
"သောက်ကျိုးနည်း"
ရိုအန်က ဦးနှောက်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဘေးသို့ ချက်ချင်း လွှင့်ပစ်လိုက်သည်။ ထို့နောက် လေစီကို ဆွဲခေါ်ကာ အက်စ်ယူဗီ ကားဆီသို့ အလျင်အမြန် ပြေးသွားပြီး လီဗာကို အားကုန်နင်းကာ သစ်တောအုပ် ရှိရာ အရပ်သို့ အရှိန်ပြင်းစွာဖြင့် မောင်းနှင် သွားတော့သည်။
ရက်ဒ်က ကားပေါ်သို့ လိုက်ပါမလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရက်ဒ် အနေဖြင့် အမှိုက်ကောက်သူနှင့် လူဝီစ်တို့ကို ခေါ်ဆောင်ကာ အက်ဖ်ဘီအိုင် နယူးယောက် ဌာနချုပ်သို့ သွားရောက်၍ မျက်နှာပုံကြမ်း ဆွဲရန် လိုအပ်နေသောကြောင့် ပင် ဖြစ်သည်။
အမည်းရောင် အက်စ်ယူဗီ ကားကြီးက ကားများ သွားလာ ရှုပ်ထွေးနေသော လမ်းမကြီး ထက်တွင် ထက်မြက်သော ဓားတစ်လက် အလား အရှိန်ပြင်းစွာ ထိုးဖောက် မောင်းနှင် သွားလေသည်။ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော လေစီက တံတွေး တစ်ချက် မျိုချလိုက်ပြီး ထိုင်ခုံ ခါးပတ်ကို တိတ်တဆိတ် ပတ်ထားလိုက်သည်။ ရိုအန် ကမူ ဖုန်းထဲသို့ ဆက်လက် မေးမြန်းနေလေသည်။
"လုံခြုံရေး ကင်မရာ ကိစ္စ ကို အသေးစိတ် ရှင်းပြပါဦး မိုနာ"
"အိုကေ"
ဖုန်းတစ်ဖက်ခြမ်းမှ မိုနာက အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် ရှင်းပြလေသည်။
"ဆူဇန် ပျောက်ဆုံးသွားတဲ့ နေရာ က မြို့ဟောင်း နယ်မြေ ထဲမှာ ပါတဲ့ အတွက် အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေး ကင်မရာ မရှိဘူး... အဲ့ဒါကြောင့် နင့်ရဲ့ တောင်းဆိုချက် အတိုင်း မြို့ဟောင်း နယ်မြေ အပြင်ဘက် က အဓိက လမ်းမကြီး တွေဆီ ကို အာရုံစိုက် လိုက်တယ်... အဲ့ဒီမှာ တော့ ပြီးပြည့်စုံတဲ့ လုံခြုံရေး ကင်မရာ တွေ ရှိနေတယ်"
"ဆူဇန် ပျောက်ဆုံးသွားတဲ့ အချိန် က ည ကိုးနာရီခွဲ နောက်ပိုင်း... ခန့်မှန်းခြေ ည ကိုးနာရီ သုံးဆယ့်ငါး မိနစ် လောက်မှာ ဖြစ်တာ... ဆူဇန် ပျောက်ဆုံးသွားတဲ့ နေရာ ကနေ မြို့ဟောင်း နယ်မြေ အပြင်ဘက် ကို ထွက်ဖို့ အတွက်... ကား က လမ်းဆုံ တွေဆီကို ရောက်လာမယ့် အချိန်ကို ငါ တွက်ချက် ကြည့်လိုက်တယ်... အမှားအယွင်း ဖြစ်နိုင်ချေ ကို ဆယ်မိနစ် အတွင်း လို့ သတ်မှတ်ထားလိုက်တယ်"
"ဒါပေမဲ့ ရလဒ် က ခဲရောင် ကားတွေ အရမ်း များလွန်း နေတော့... လုံးဝ စစ်ဆေးလို့ မပြီးနိုင်ဘူး ဖြစ်နေတယ်"
စတီယာရင်ကို လှည့်ကာ လီဗာကို နင်းလိုက်ပြီးနောက် အမည်းရောင် အက်စ်ယူဗီ ကားကြီးက အရှေ့ရှိ ဘူအစ် ကားငယ်လေးကို အလွယ်တကူ ကျော်တက် သွားလေသည်။ မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။
ည ကိုးနာရီ ကျော် ဆိုသည်မှာ ညပိုင်း အပန်းဖြေ ဘဝ စတင်မည့် အချိန် ဖြစ်ရာ ကားများပြားနေခြင်း က အလွန် ပုံမှန် ပင် ဖြစ်လေသည်။
"ဒါပေမဲ့ ငါ ရုတ်တရက် တွေးမိသွားတာ က... လူသတ်သမား က လူသတ် ပြီးသွားရင် အလောင်းကို ရေကန် ထဲ ပစ်ချလေ့ ရှိတယ် ဆိုတဲ့ အချက် ပဲ"
ဤနေရာသို့ ရောက်သောအခါ ဖုန်းတစ်ဖက်ခြမ်းမှ မိုနာ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာသည်။
"အရင် တစ်ခေါက် တုန်းက နင် ပြန်ပေးဆွဲတဲ့ လူသတ်သမား ကို ရှာတုန်းက ပြောခဲ့တဲ့ အလေ့အထ ဖြစ်နေတဲ့ တွေးခေါ်မှု ဆိုတဲ့ စကား က ငါ့ကို သတိပေး လိုက်သလို ဖြစ်သွားတယ်... အဲ့ဒါကြောင့် ဒီတစ်ခေါက် လူသတ်သမား မှာရော အလေ့အထ ဖြစ်နေတဲ့ တွေးခေါ်မှု များ ရှိနေမလား... လူသတ် ပြီးသွားရင် အလောင်းကို ရေကန် ထဲမှာပဲ ထပ်ပြီး ပစ်ချမလား ဆိုပြီး ခန့်မှန်း ကြည့်မိတယ်... အဲ့ဒါနဲ့ အနီးအနား က ရေကန် တွေကို ငါ စတင် ရှာဖွေ လိုက်တာ"
"တကယ်ပဲ... ဆူဇန် ပျောက်ဆုံးသွားပြီး ငါးနာရီ အကြာမှာ... ရေကန် ရှိနေတဲ့ သစ်တောအုပ် ငယ်လေး ထဲကနေ မောင်းထွက်လာတဲ့ ခဲရောင် ကားတစ်စီး ကို... သစ်တောအုပ် အစွန်အဖျား က အိမ်ငယ်လေး တစ်လုံး ကနေ သေသေချာချာ မှတ်တမ်းတင် ထားနိုင်ခဲ့တယ်"
"ဒီအိမ်ငယ်လေး က... ဒီသစ်တောအုပ် ထဲကို ငါးလာမျှားလေ့ ရှိတဲ့ လူဖြူ အဘိုးကြီး တစ်ယောက် ဆောက်ထားတာ... သူ က ငါးမျှားတဲ့ ပစ္စည်း တွေ အခိုးခံရမှာ စိုးရိမ်လို့ အိမ်အပြင်ဘက် မှာ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေး ကင်မရာ တစ်လုံး တပ်ဆင်ထားခဲ့တာ"
မိုနာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာတော့သည်။
တကယ်ကိုပဲ ငါးမျှားသမားများ သည် ငါးမှလွဲ၍ ကျန်သည့် မည်သည့် အရာကို မဆို မျှားယူ နိုင်စွမ်း ရှိကြလေသည်။
"ဒါနဲ့"
စတီယာရင်ကို ရုတ်တရက် အားကုန် လှည့်ချလိုက်သဖြင့် အမည်းရောင် အက်စ်ယူဗီ ကားကြီးက မြေပြင်ပေါ်တွင် လခြမ်းပုံစံ ခြစ်ရာကြီး တစ်ခုကို ချန်ရစ်ကာ အခြား လမ်းကြောင်း တစ်ခုဆီသို့ အလျင်အမြန် ကွေ့ဝင် သွားလေသည်။ လေစီ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရိုအန် က ဆက်လက် မေးမြန်းလိုက်သည်။
"အဲ့ဒီ ခဲရောင် ကားပိုင်ရှင် က ဘယ်သူလဲ ဆိုတာ ရှာလို့ ရမလား"
"ရှာလို့ မရဘူး"
ဖုန်းတစ်ဖက်ခြမ်းမှ မိုနာက ကီးဘုတ်ကို အကြိမ်အနည်းငယ် ခေါက်နှိပ်လိုက်ပြီးနောက် မျက်နှာ ညှိုးကျသွားသည်။
"ခဲရောင် ကား က လုံခြုံရေး ကင်မရာ ရဲ့ ရှေ့ကနေ ကန့်လန့်ဖြတ် မောင်းသွားတာ ဆိုတော့ ကားနံပါတ် ကို ငါ မမြင်ရဘူး... ပြီးတော့ အဲ့ဒီ ကား က သစ်တောအုပ် ထဲကနေ ထွက်သွားပြီးတဲ့ နောက်မှာ ပျောက်ကွယ်သွားတယ်... အဓိက လမ်းမကြီး တွေ အားလုံး ပေါ်မှာ သူ့ရဲ့ ခြေရာ ကို လုံးဝ မတွေ့ရတော့ဘူး"
"အိုကေ... ပင်ပန်းသွားပြီ မိုနာ"
ရိုအန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း အပိုစကားများ မပြောတော့ချေ။ ဖုန်းချလိုက်ပြီးနောက် အရှေ့ဘက် လမ်းမပေါ်တွင် ကားများ သိပ်မများသည်ကို မြင်တွေ့လိုက်ရသဖြင့် လီဗာကို ထပ်မံ နင်းချလိုက်ရာ အက်စ်ယူဗီ ကား၏ အရှိန်က အနည်းငယ် ပို၍ မြန်ဆန် သွားတော့သည်။
လေစီ တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
တာပန် သစ်တောအုပ် သည် အကျယ်အဝန်း သိပ်မကြီးမားသော သစ်တောအုပ် တစ်ခု ပင် ဖြစ်လေသည်။ အနီးအနားတွင် လူနေထူထပ်သော လူနေ ရပ်ကွက်ကြီးများ မရှိဘဲ လူဆယ်ဂဏန်းခန့်သာ နေထိုင်သော လူနေ ရပ်ကွက်ငယ်လေး တစ်ခုသာ ရှိလေသည်။
ထို့ကြောင့် ဤနေရာတွင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များ၌ သစ်တောအုပ်၏ အနောက်ဘက်ရှိ ရေကန်ငယ်လေး တွင် ငါးလာမျှားလေ့ရှိသော ငါးမျှား ဝါသနာရှင် အချို့မှ လွဲ၍... ကျန်အချိန်များတွင်မူ တားမြစ် သစ်သီးကို ခိုး၍ မြည်းစမ်းလိုကြသော လူငယ် စုံတွဲ အချို့ စိတ်လှုပ်ရှားမှု ရှာဖွေရန် လာရောက်လေ့ ရှိကြလေသည်။
ရေဗင် နှင့် ကန် တို့မှာလည်း ထိုကဲ့သို့သော လူငယ် စုံတွဲ တစ်တွဲ ပင် ဖြစ်လေသည်။