အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂ လျှို့ဝှက် အေးဂျင့်
"ဟင်..."
ရက်ဒ်၏ အသံကျယ်ကြီး ကြောင့် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ လူအားလုံး လန့်ဖျပ် သွားကြသည်။ ရိုအန်၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားပြီး မေးမြန်းလိုက်သည်။
"ဘုရားကျောင်း ထဲက ဘုန်းတော်ကြီး လား... ဒါမှမဟုတ် ဆူဇန် ရဲ့ ခင်ပွန်း ဂျိုနို လား..."
"မဟုတ်ဘူး... သူတို့ မဟုတ်ဘူး..."
ရက်ဒ်က ကြီးမားသော ပန်းချီ ကားချပ် နှစ်ချပ် ကို ကိုင်ဆောင်ကာ ရိုအန်၏ ရုံးသုံး စားပွဲ အရှေ့သို့ လျှောက်လာပြီး ဖြန့်ချလိုက်လေသည်။
ရိုအန်က ခေါင်းငုံ့ကာ ကြည့်ရှုလိုက်သည်။ အနည်းငယ် ထူးဆန်း နေသော်လည်း တစ်နေရာရာ တွင် မြင်ဖူးသလို ရင်းနှီး နေသော မျက်နှာ ပုံကြမ်း တစ်ခုက ရိုအန်၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။
"ဒါက..."
မျက်စိရှေ့ရှိ မျက်နှာ ပုံကြမ်း ကို ကြည့်ရင်း ရိုအန်က စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ရက်ဒ်ကို စူးစိုက် ကြည့်လိုက်သည်။
"ဒီအီးအေ က စုံထောက် မာလန် လား..."
"မှန်တယ်... သူ ပဲ..."
ရက်ဒ်က ခေါင်းညိတ်ပြလိုက်သည်။ စုံထောက် မာလန်၏ နာမည်ကို ရက်ဒ် မသိသော်လည်း ထိုလူမှာ ထိုနေ့က ရိုအန် ထံ လာရောက် တွေ့ဆုံခဲ့သော စုံထောက် များထဲမှ တစ်ဦး ဖြစ်ပြီး ဒီအီးအေ စုံထောက် တစ်ဦး ဖြစ်ကြောင်း ကိုတော့ ရက်ဒ် ကောင်းစွာ သိရှိထားလေသည်။
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ အနားသို့ တိုးလာကြသော အခြား စုံထောက်များ ကလည်း ထိုနေ့က အဖွဲ့ခေါင်းဆောင် သြဂတ်စ် ခေါ်လာသော စုံထောက် နှစ်ဦးကို သတိရ သွားကြပြီး အားလုံး၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားကြတော့သည်။
မိုနာက မျက်နှာ ပုံကြမ်း ကို လှည့်ယူလိုက်ပြီး ပုံကြမ်း ပေါ်ရှိ မျက်နှာ ကို ကြည့်ကာ လေးနက် တည်ကြည်သော မျက်နှာထား ဖြင့် စကားဆိုလေသည်။
"ဒီအီးအေ က လူ က ကွင်းဆက် လူသတ်သမား ဖြစ်နေတာလား..."
ထိုနေ့က စုံထောက် မာလန် မိမိကို ကြည့်ခဲ့သော အကြည့်ကို ပြန်လည် တွေးတော လိုက်သောအခါ တစ်ဖက်လူက မိမိအား သက်သောင့်သက်သာ မရှိသော ခံစားချက်ကို ပေးစွမ်း ခဲ့ကြောင်း ရိုအန် ဝန်ခံမိလေသည်။
သို့သော် တစ်ဖက်လူသည် ကွင်းဆက် လူသတ်သမား ဖြစ်နေသည် ဟု ပြောလာပါက တစ်နေရာရာ တွင် မှားယွင်း နေသကဲ့သို့ ရိုအန် မသိစိတ် မှ ခံစားနေရသည်။
"မဟုတ်ဘူး... သူ မဟုတ်ဘူး..."
မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ရက်ဒ်က ခေါင်းခါယမ်း လိုက်သည်။ စုံထောက် မာလန်၏ မျက်နှာ ပုံကြမ်း ကို အပေါ်သို့ မတင်လိုက်ပြီး အောက်ဘက် တွင် ရှိနေသော နောက်ထပ် ပုံကြမ်း တစ်ခုကို ဆွဲထုတ်ကာ မာလန်၏ ပုံကြမ်း အပေါ်သို့ တင်၍ အားပါးတရ ရိုက်ချလိုက်လေသည်။
"စုံထောက် မာလန် က အဲ့ဒီ အမှိုက်ကောက်တဲ့ သူ မြင်ခဲ့တဲ့ လူနှစ်ယောက် ထဲက တစ်ယောက် ပဲ... ဒီယောကျ်ား ကမှ လူဝီစ် ပြောတဲ့ ဆူဇန် ကို ကားနောက်ဖုံး ထဲ အတင်း ဆွဲထည့်သွားတဲ့ သူ ပဲ... ပြီးတော့ အမှိုက်ကောက်တဲ့ သူ ပြောတဲ့ ဘုရားကျောင်း အပြင်ဘက် ထောင့်မှာ ရပ်နေတဲ့ ယောကျ်ား ဆိုတာ လည်း သူ ပဲ..."
ဒုတိယ ပုံကြမ်း ပေါ်ရှိ မျက်လုံး မျက်ခုံး ထင်ရှားပြီး ရင့်ကျက် တည်ငြိမ်သော ရုပ်ရည် ရှိကာ ညာဘက် မျက်ခုံး တွင် အမာရွတ် အနည်းငယ် ရှိနေသော အမျိုးသား ၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ ရိုအန် စကားမပြောရသေးမီ မှာပင် ဘေးနားရှိ ဝီလျံ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်း သွားပြီး ဒေါသတကြီး ဆဲရေးတိုင်းထွာ လိုက်တော့သည်။
"ခွေးမသား... သောက်ကျိုးနည်း... သူ ဖြစ်နေတာကိုး..."
"ဟင်..."
ရိုအန်က ခေါင်းစောင်းကာ ဝီလျံကို ကြည့်လိုက်ရာ ဝီလျံ တစ်ယောက် မိမိ၏ ခုံသို့ အလျင်အမြန် ပြန်သွားပြီး လက်ဆယ်ချောင်း ဖြင့် ကီးဘုတ် ပေါ်တွင် ခေါက်နှိပ် နေသည်ကို မြင်လိုက်ရသည်။ ခဏအကြာတွင် ကွန်ပျူတာ မျက်နှာပြင် ပေါ်၌ အမှုအခင်း မှတ်တမ်း တစ်ခု ပေါ်လာလေသည်။
"ရိုအန်... အရင်တုန်းက စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး အနီးအနား က စက်ဝိုင်း ထဲမှာ နေထိုင်ပြီး... မုဒိမ်းမှု... နောက်ယောင်ခံ လိုက်တဲ့ အမှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ နဲ့ ထောင်ကျဖူးတဲ့ ရာဇဝတ်ကောင် တွေကို မိုနာ နဲ့ အတူ ကူရှာပေးတဲ့ အချိန်တုန်းက... အမှု မမြောက်ခဲ့တဲ့ ဒီမှတ်တမ်း တစ်ခုကို ငါ ရှာတွေ့ခဲ့တယ်... တစ်ဖက်လူ က ထောင် မကျခဲ့သလို အချိန် ကလည်း လွန်ခဲ့တဲ့ တစ်နှစ် ကျော် က ဖြစ်နေတော့ ငါ အဲ့ဒါကို မမှတ်ထားခဲ့မိဘူး..."
ရိုအန်က ကွန်ပျူတာ မျက်နှာပြင် ထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်ရာ ဝီလျံက ရှင်းပြလေသည်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲ တုန်းက... ဆွန်း လို့ ခေါ်တဲ့ ဒီလူဖြူ အမျိုးသား ဟာ မုဒိမ်းကျင့် လူသတ်မှု နဲ့ ရဲတွေရဲ့ ဖမ်းဆီး တာကို ခံခဲ့ရတယ်... ဒါပေမဲ့ နယူးဂျာစီ ရဲတွေ ဆီမှာ သက်သေ တစ်ယောက် ရဲ့ ထွက်ဆိုချက် ပဲ ရှိခဲ့ပြီး... သေဆုံးသူ ရဲ့ ရုပ်အလောင်း ပေါ်မှာ ဆွန်း ရဲ့ ဒီအန်အေ ကို လုံးဝ မတွေ့ခဲ့ရဘူး... အခင်းဖြစ်ပွားရာ နေရာ ကလည်း မိုးရေ တွေ ကြောင့် ဆေးကြော ခံလိုက်ရလို့ ဘာခြေရာလက်ရာ မှ မကျန်ခဲ့ဘူး... အဲ့ဒီ အပြင် ဆွန်း ဘက်ကနေ ခိုင်ခိုင်မာမာ သက်သေ ထွက်ဆိုပေးတဲ့ သူ ရှိနေခဲ့တယ်... ပြစ်မှု ကျူးလွန်တဲ့ အချိန်တုန်းက ဆွန်း ဟာ အခင်းဖြစ်ပွားရာ နေရာ မှာ လုံးဝ မရှိနေခဲ့ဘူး လို့ အဲ့ဒီ သက်သေ က ထွက်ဆိုခဲ့တယ်... အဲ့ဒါကြောင့် နောက်ဆုံး မှာ ဆွန်း က အပြစ်မရှိဘူး ဆိုပြီး ပြန်လွတ် လာခဲ့တာပဲ..."
"ဘာ..."
ဒီအမှု အကြောင်းကို ကြားလိုက်ရသောအခါ ရက်ဒ်... မိုနာ နှင့် အခြား စုံထောက်များ အားလုံး အလွန်အမင်း အံ့ဩ သွားကြသည်။ ရိုအန် ကမူ မေးစေ့ကို ပွတ်သပ်ကာ စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ် နေပြီးနောက် မေးမြန်းလိုက်သည်။
"ငါ ခန့်မှန်းတာ မမှားဘူး ဆိုရင်... ဆွန်း ဘက်ကနေ သက်သေ ထွက်ဆိုပေးခဲ့တဲ့ သူ က စုံထောက် မာလန် ဖြစ်ရမယ်..."
"မှန်တယ်..."
ဝီလျံက ခေါင်းညိတ် ထောက်ခံလိုက်သည်။ အနောက်တိုင်း ဥပဒေ စနစ် များတွင် ရဲတပ်ဖွဲ့ဝင် များသည် တရားခွင် အတွင်း ဝင်ရောက် ထွက်ဆိုခြင်း မှာ အလွန် အများအပြား ရှိတတ်ပြီး အချိန် အတော်များများ တွင် ရဲတပ်ဖွဲ့ဝင် များ၏ ထွက်ဆိုချက် က တရားခွင် ၏ အရေးပါသော သက်သေ အထောက်အထား တစ်ခု အဖြစ် တည်ရှိ နေတတ်လေသည်။
"စုံထောက် မာလန် က သက်သေ အတု လုပ်ခဲ့တာလား..."
အမှုအခင်း မှတ်တမ်း ကို ဖတ်ရှု ပြီးနောက် ယခု လက်ရှိ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖော်ထုတ် နေသော ကွင်းဆက် လူသတ်မှုကြီး နှင့် ပေါင်းစပ် တွေးတော လိုက်သောအခါ စုံထောက် မာလန် က သက်သေ အတု လုပ်ခဲ့သည် ဆိုသည့် အတွေး က အမှတ် ၅ အဖွဲ့ရှိ စုံထောက်များ အားလုံး၏ ခေါင်းထဲသို့ ချက်ချင်း ဝင်ရောက် လာတော့သည်။ သို့သော် သူတို့တွင် သက်သေ အထောက်အထား မရှိချေ။
မာလန် သည် ဒီအီးအေ မှ ဖြစ်ကြောင်း နှင့် မိမိကို လျှို့ဝှက် အေးဂျင့် အဖြစ် ခေါ်ဆောင်ရန် ကြိုးစားခဲ့သည့် လုပ်ရပ်ကို တွေးတော လိုက်သောအခါ ရိုအန် တစ်ယောက် အကြောင်းစုံ ကို ချက်ချင်း သဘောပေါက် နားလည် သွားတော့သည်။
'ဒီ ဆွန်း ဆိုတဲ့ ကောင် က... မာလန် ရဲ့ လက်အောက် က လျှို့ဝှက် အေးဂျင့် တစ်ယောက် ဖြစ်ဖို့ သေချာတယ်...'
လက်ခုပ် တစ်ချက် တီးလိုက်ပြီးနောက် ရိုအန်က လူအားလုံး၏ အာရုံစိုက်မှု ကို ရယူလိုက်ကာ လေးနက်သော လေသံဖြင့် ဆိုသည်။
"အားလုံးပဲ... အခု ငါတို့ ဆီမှာ သံသယရှိသူ တစ်ယောက် ရနေပြီ... သံသယရှိသူ ကနေ တစ်ဆင့် သဲလွန်စ တွေကို နောက်ကြောင်းပြန် ရှာဖွေရတာ က အမြဲတမ်း ပိုပြီး လွယ်ကူ လေ့ ရှိတယ်... အခု လူတိုင်း အဲ့ဒီ ဆွန်း ရဲ့ ဘဝ နောက်ခံ ကို ချက်ချင်း စုံစမ်း ကြစမ်း... သူ နဲ့ ကွင်းဆက် လူသတ်မှုကြီး က သေဆုံးသူ လေးယောက် ကြားမှာ ဘာဆက်စပ်မှု တွေ ရှိနေလဲ ဆိုတာကို သေချာ စစ်ဆေးပါ... ပြီးရင် အရေးပါတဲ့ သက်သေ အထောက်အထား ကို ရှာတွေ့နိုင်ဖို့ နည်းလမ်း ရှာကြ..."
အရေးကြီးသော အချိန် ရောက်ရှိလာပြီ ဖြစ်ရာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ နည်းပညာ ကျွမ်းကျင် စုံထောက်များ ၏ စွမ်းဆောင်ရည် များကို ထုတ်ဖော် ပြသရန် အချိန် ကျရောက် လာပြီ ပင် ဖြစ်လေသည်။
"အိုကေ..."
"ပြဿနာ မရှိဘူး..."
ဝီလျံ အပါအဝင် နည်းပညာ ကျွမ်းကျင် စုံထောက် ငါးဦး က ရိုအန်၏ စကားကို ကြားလိုက်ရသည် နှင့် တပြိုင်နက် ချက်ချင်း သဘောတူ လိုက်ကြပြီး အက်ဖ်ဘီအိုင် ၏ အချက်အလက် သိုလှောင်ခန်း အတွင်းသို့ ဝင်ရောက်ကာ ဆွန်း ၏ ကိုယ်ရေး မှတ်တမ်း များကို စတင် ရှာဖွေ ကြတော့သည်။
"ရက်ဒ်..."
ရိုအန်က ခေါင်းလှည့်ကာ ရက်ဒ်ကို စူးစိုက်ကြည့်ရင်း လေးနက်သော လေသံဖြင့် ဆိုသည်။
"မင်း အခု ချက်ချင်း မှုခင်း ဆရာဝန် ဆီ သွားပြီး ရုပ်အလောင်း စစ်ဆေးချက် အစီရင်ခံစာ ကို အမြန်ဆုံး ရအောင် ယူခဲ့..."
ဆူဇန်၏ ရုပ်အလောင်း ပေါ်တွင် ဆွန်း ၏ ဒီအန်အေ ကိုသာ ရှာတွေ့မည် ဆိုပါက အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ အနေဖြင့် ဖမ်းဝရမ်း ကို ချက်ချင်း တောင်းခံ နိုင်ပြီ ပင် ဖြစ်လေသည်။
"ကောင်းပါပြီ..."
ရက်ဒ်က အားပါးတရ ခေါင်းညိတ်ပြလိုက်ပြီး ရိုအန်၏ စားပွဲပေါ်သို့ မျက်နှာ ပုံကြမ်း များကို ပစ်ချခဲ့ကာ လှည့်၍ အလျင်အမြန် ထွက်ခွာ သွားလေသည်။
ရက်ဒ်၏ ကျောပြင် လျင်မြန်စွာ ပျောက်ကွယ် သွားသည်ကို ကြည့်ပြီးနောက် ရိုအန်က ခေါင်းညိတ်လိုက်ပြီး မိုနာ ထံသို့ အကြည့်များ ရွှေ့ပြောင်း လိုက်သည်။ ဒီအီးအေ ၏ အချက်အလက် သိုလှောင်ခန်း အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် မိုနာ က ရိုအန်၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဒီအီးအေ ရဲ့ ကွန်ရက် အတွင်းပိုင်း ကို ငါ အောင်မြင်စွာ ဝင်ရောက် နိုင်ခဲ့ပြီ..."
ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ကီးဘုတ် ခေါက်နှိပ်သံ များ ဆူညံစွာ ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် မိုနာ၏ ကွန်ပျူတာ ပေါ်၌ ဖိုင်ဒေါင်းလုတ် လုပ်နေသည့် ပုံစံ တစ်ခု ပေါ်ထွက်လာလေသည်။ ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ လျင်မြန်စွာ ရွေ့လျား နေသော ဒေါင်းလုတ် အတန်းလေး ကို ကြည့်ရင်း အတိတ်ဘဝ က အင်တာနက် လိုင်းများ၏ အလွန် နှေးကွေးလှသော အမြန်နှုန်း များကို ရိုအန် ရင်ထဲမှ တိတ်တဆိတ် ဆဲရေးတိုင်းထွာ နေမိသည်။
ထိုအချိန်မှာပင် မိုနာ၏ ကွန်ပျူတာ ပေါ်၌ သတိပေး သင်္ကေတ တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။ ရိုအန်၏ မျက်ခွံများ တစ်ချက် လှုပ်ရှား သွားပြီး မိုနာ ကမူ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးတက် သွားကာ မထီမဲ့မြင် အပြုံး တစ်ခုကို ဖော်ဆောင်လိုက်သည်။ ဖိုင်ဒေါင်းလုတ် ဆွဲသည့် အမြန်နှုန်း မကျဆင်း သွားစေရန် လက်ချောင်းများဖြင့် ကီးဘုတ်ကို အဆက်မပြတ် ခေါက်နှိပ် နေလေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံး သွားပြီးနောက် ကွန်ပျူတာ မျက်နှာပြင် ပေါ်တွင် ဖိုင်ဒေါင်းလုတ် ဆွဲခြင်း ပြီးဆုံးပါပြီ ဟူသော စာသား ပေါ်လာသည် နှင့် တပြိုင်နက် မိုနာ က နေရာမှ ရုတ်တရက် ထကာ ကွန်ပျူတာ အနောက်ဘက်ရှိ အင်တာနက် ကြိုးကို အားကုန် ဆွဲဖြုတ် ပစ်လိုက်တော့သည်။
ရိုအန် တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
'ဒီ လှုပ်ရှားမှု တွေက တကယ်ကို ကျွမ်းကျင် လွန်းတယ်...'
"အိုကေ..."
ကုလားထိုင် ပေါ်သို့ ပြန်လည် ထိုင်ချလိုက်ပြီးနောက် မိုနာ က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ကွန်ပျူတာ မျက်နှာပြင် ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဒီမှာ က ဒီအီးအေ က စုံထောက် မာလန် ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဆွန်း ရဲ့ လျှို့ဝှက် အေးဂျင့် အချက်အလက် တွေပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်လုံးများ အရောင်တောက်ပ သွားတော့သည်။
"ပင်ပန်းသွားပြီ မိုနာ..."
မိုနာ က အကြောဆန့် လိုက်ပြီး လက်ယမ်းပြကာ ဆိုသည်။
"မပင်ပန်း ပါဘူး... တကယ်လို့ ဒီအီးအေ က လူတွေ လာရှာရင် နင် ပဲ ရှင်းလိုက်တော့..."
ရိုအန် အနေဖြင့် စကားမဆိုနိုင်ဘဲ ဆွံ့အသွားရပြန်သည်။
မပူပါနှင့်... သြဂတ်စ် ၏ စွမ်းဆောင်ရည် များကို ပြသရန် အချိန် ကျရောက် လာပြီ ပင် ဖြစ်လေသည်။ ယခင်က ပြောခဲ့သည့် အတိုင်း အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ နည်းပညာ ကျွမ်းကျင် စုံထောက်များ သည် အက်ဖ်ဘီအိုင် အချက်အလက် သိုလှောင်ခန်း တွင် အချိန် အတော်ကြာ အလုပ်လုပ် ခဲ့ဖူးသူများ ဖြစ်ကြရာ သတင်း အချက်အလက် ရှာဖွေရာတွင် အလွန် လျင်မြန် ကြလေသည်။
အချိန် အနည်းငယ် အကြာတွင် ဆွန်း မွေးဖွားသည် မှ ယနေ့ အထိ အချက်အလက် များ အားလုံးကို အပြည့်အစုံ ရှာဖွေ တွေ့ရှိ သွားကြပြီ ဖြစ်သည်။
"ဆွန်း ဒေးဗစ်... ဒီနှစ် အသက် လေးဆယ့်တစ် နှစ်... လူမှု ဖူလုံရေး နံပါတ် က... အိမ်က ဟာဝုဒ် ဒေသ မှာ ရှိတယ်... မှတ်တမ်း တွေ အရ လွန်ခဲ့တဲ့ သုံးနှစ်ခွဲ က လက်ထပ်ခဲ့တယ်... မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ နေရာ က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ပဲ..."
ဝီလျံ က ကုလားထိုင် ပေါ်တွင် ထိုင်လျက် လေးနက် တည်ကြည်သော မျက်နှာထား ဖြင့် ဖတ်ပြလေသည်။
"ဇနီး ဖြစ်သူ လင်နာ က လက်ထပ်ပြီး သုံးလ အကြာ ညတစ်ည မှာ... အိမ်ပြန်တဲ့ လမ်းမှာ ရုတ်တရက် ပျောက်ဆုံး သွားခဲ့တယ်... နောက်ပိုင်း စုံစမ်း စစ်ဆေးမှု တွေ အရ... ဒေသခံ လူမိုက် ဂိုဏ်း တစ်ခု ရဲ့ ဖမ်းဆီး ခေါ်ဆောင် သွားတာကို ခံခဲ့ရတယ် လို့ သိရတယ်..."
ရိုအန် က အစည်းအဝေး ခန်းမ အရှေ့သို့ လျှောက်သွားပြီး သင်ပုန်းဖြူ တစ်ခုကို ဆွဲယူကာ အခြား စုံထောက်များ ကို ဆက်လက် ရှင်းပြရန် အချက်ပြလိုက်သည်။ ရိုအန် ကမူ သင်ပုန်းဖြူ ပေါ်တွင် အချက်အလက် များကို စတင် ရေးမှတ် နေလေတော့သည်။