အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃ ဆက်စပ်မှု
"လက်မထပ်ခင် ကာလ... လွန်ခဲ့တဲ့ ရှစ်နှစ် က ဆွန်း ရဲ့ အသက် သုံးဆယ့်သုံး နှစ် အရွယ် မှာပေါ့..."
ဝီလျံက ကွန်ပျူတာ ထဲရှိ မှတ်တမ်းများကို အပေါ်သို့ ဆွဲတင်လိုက်ပြီး မျက်နှာပြင်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ဖတ်ပြလေသည်။
"ဆွန်း က အိမ်ခြံမြေ ကုမ္ပဏီ တစ်ခု မှာ အရောင်းကိုယ်စားလှယ် အဖြစ် အလုပ်လုပ် ခဲ့ဖူးတယ်... ငါတို့ရဲ့ စတုတ္ထမြောက် သေဆုံးသူ တာမာရာ တယ်ရီ က အဲ့ဒီ အချိန်တုန်းက အသက် နှစ်ဆယ့်နှစ် နှစ် အရွယ် ပဲ ရှိသေးပြီး... တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ အိမ်ခြံမြေ ကုမ္ပဏီ မှာပဲ အလုပ်သင် အဖြစ် ဝင်ရောက် လုပ်ကိုင် နေခဲ့တာ..."
"ဒါတင် မကသေးဘူး..."
ဝီလျံ၏ စကားသံ အဆုံးတွင် မိုနာက ညာဘက် လက်ဖြင့် ဘောပင်ကို တစ်ချက် လှည့်ကစား လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ လျှို့ဝှက် အေးဂျင့် မှတ်တမ်းကို လက်ညှိုးထိုးကာ စကားဆိုလေသည်။
"ဇနီး ဖြစ်သူ ပျောက်ဆုံးသွားပြီးတဲ့ နောက်မှာ... ဆွန်း တစ်ယောက် ဇနီးသည် ကို နေရာအနှံ့ လိုက်ရှာ နေတဲ့ အချိန်... စုံထောက် မာလန် က ဆွန်း ကို သတိထားမိ သွားခဲ့တယ်... အချိန် အတိုင်းအတာ တစ်ခု အထိ လေ့လာ အကဲခတ် ပြီးတဲ့ နောက်မှာ... မာလန် က ဆွန်း ကို ဉာဏ်ကောင်းတယ်... အခြေအနေ ကို နားလည်တယ်... သံယောဇဉ် ကြီးပြီး စကားပြော ကောင်းတယ် လို့ ကောက်ချက်ချ ခဲ့တယ်... အဲ့ဒါနဲ့ မာလန် က ဆွန်း ကို ဆက်သွယ်ပြီး... ဆွန်း ရဲ့ ဇနီး ကို မြင်းဖြူ ဂိုဏ်း က ဖမ်းသွားတာ ဖြစ်ကြောင်း နဲ့... ဇနီး ကို ကယ်တင်ချင်တယ် ဆိုရင် အကောင်းဆုံး နည်းလမ်း က ဒီအီးအေ နဲ့ ပူးပေါင်းပြီး မြင်းဖြူ ဂိုဏ်း ထဲကို လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက်ဖို့ ပဲ လို့ ပြောဆို သိမ်းသွင်း ခဲ့တယ်... စုံထောက် မာလန် ရဲ့ ကောက်ချက်ချမှု က လုံးဝ မမှားယွင်း ခဲ့ဘူး... ဆွန်း က မြင်းဖြူ ဂိုဏ်း ထဲကို လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက်ပြီး ခြောက်လ အကြာမှာတင်... ဂိုဏ်း ရဲ့ လူကုန်ကူးမှု ဆိုင်ရာ မှတ်တမ်း တွေ နဲ့ ဂိုဏ်း ခေါင်းဆောင် ရဲ့ ပြစ်မှု ဆိုင်ရာ သက်သေ အထောက်အထား တွေကို အောင်မြင်စွာ ရယူ နိုင်ခဲ့တယ်... နောက်ဆုံး မှာတော့ အဲ့ဒီ ဂိုဏ်း တစ်ခုလုံး ကို အမြစ်ပြတ် ချေမှုန်း နိုင်ခဲ့တယ်..."
မိုနာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုံထောက်များ အားလုံး အလွန်အမင်း အံ့ဩ သွားကြသည်။
အစည်းအဝေး ခန်းမ အရှေ့ဘက်တွင် စာရေးနေသော ရိုအန်၏ လှုပ်ရှားမှုများ ရပ်တန့် သွားပြီး လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"ဆွန်း ရဲ့ ဇနီး ကရော..."
"သေသွားပြီ..."
မိုနာ၏ မျက်နှာ အမူအရာ က သိပ်မကောင်းလှချေ။ မိုနာက ဆက်လက် ရှင်းပြလေသည်။
"မြင်းဖြူ ဂိုဏ်း က ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး တာဝန်ခံ ဂိုဏ်းခွဲမှူး ရဲ့ ထွက်ဆိုချက် အရ ဆိုရင်... ဆွန်း ရဲ့ ဇနီး က ကုန်တင် ကားပေါ်မှာ အသက်ရှူ ကျပ်ပြီး သေဆုံး သွားခဲ့တာ တဲ့..."
ရိုအန်က အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။
"ဆွန်း က လူမိုက် ဂိုဏ်း ထဲမှာ လျှို့ဝှက် အေးဂျင့် လုပ်နေတုန်း က... မူးယစ်ဆေး သုံးစွဲ ခဲ့သေးလား..."
"သုံးခဲ့တယ်..."
မိုနာက ကွန်ပျူတာ မျက်နှာပြင်ကို အောက်သို့ ဆွဲချလိုက်ပြီး လျှို့ဝှက် အေးဂျင့် မှတ်တမ်းကို သေချာစွာ ကြည့်ရှုလိုက်ကာ ဖတ်ပြလေသည်။
"စုံထောက် မာလန် ရဲ့ မှတ်တမ်း အရ ဆိုရင်... မြင်းဖြူ ဂိုဏ်း ထဲကို ဝင်ရောက်ပြီး ပထမဆုံး အပတ် မှာတင် ဆွန်း က မူးယစ်ဆေးဝါး ကို အတင်းအကျပ် သုံးစွဲ ခဲ့ရတယ်... ဂိုဏ်း ကြီး ပြိုကွဲ သွားပြီးတဲ့ နောက်မှာတော့ ဆွန်း ကို မာလန် က ဖြတ်ဆေးစခန်း ကို ပို့ဆောင် ပေးခဲ့တယ်... ခုနစ်လ အကြာမှာတော့ ဆွန်း က အဲ့ဒီ နေရာ ကနေ အောင်မြင်စွာ ထွက်ခွာ လာနိုင်ခဲ့တယ်..."
ရိုအန်က ခေါင်းညိတ်ပြလိုက်ပြီး သင်ပုန်းဖြူ ပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲဖူးသည့် အတွေ့အကြုံ ရှိသည် ဟူသော စာသားကို ရေးမှတ်လိုက်သည်။ ထို့နောက် နောက်ထပ် မေးခွန်း တစ်ခု ကို ထုတ်မေးလိုက်သည်။
"လျှို့ဝှက် အေးဂျင့် မှတ်တမ်း ထဲမှာ... လွန်ခဲ့တဲ့ တစ်နှစ်ခွဲ တုန်းက ဖြစ်ခဲ့တဲ့ မုဒိမ်းကျင့် လူသတ်မှု နဲ့ ပတ်သက်တဲ့ မှတ်တမ်း တွေများ ရှိလား..."
မိုနာက သေချာစွာ ရှာဖွေ ကြည့်ရှုပြီးနောက် ခေါင်းခါယမ်း လိုက်သည်။
"မရှိဘူး..."
ထိုနေရာသို့ ရောက်သောအခါ မိုနာက ဘေးနားရှိ ဝီလျံဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"ဝီလျံ... အဲ့ဒီ မုဒိမ်းကျင့် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန် က... အတိအကျ ဆိုရင် ဘယ်လ တုန်းကလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝီလျံက လက်ဆယ်ချောင်းဖြင့် ကီးဘုတ်ကို အဆက်မပြတ် ခေါက်နှိပ်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် ခေါင်းမော့ကာ ပြန်လည် ဖြေကြားလေသည်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲ... ဧပြီလ ၅ ရက်နေ့ တုန်းက..."
"အိုကေ..."
ညာဘက် လက်ဖြင့် ဘောပင် လှည့်ကစားနေသည့် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီးနောက် မိုနာက မှင်တံဖြင့် ကွန်ပျူတာ မျက်နှာပြင်ကို လက်ညှိုးထိုးကာ ရိုအန်အား စကားဆိုလေသည်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲ... ဧပြီလ ၂၉ ရက်နေ့ မှာ... မာလန် ရဲ့ လျှို့ဝှက် အေးဂျင့် မှတ်တမ်း ထဲမှာ... ဆွန်း အတွက် လျှို့ဝှက် အေးဂျင့် မှတ်တမ်း အသစ် တစ်ခု ထွက်ပေါ် လာခဲ့တယ်... ဒီတစ်ကြိမ် သူ ဝင်ရောက် ရမယ့် လူမိုက် ဂိုဏ်း ကတော့ ဟိုင်အီးနား ဂိုဏ်း ပဲ..."
သင်ပုန်းဖြူ ပေါ်တွင် စာရေးနေသော ရိုအန်က ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲမှနေ၍ တိတ်တဆိတ် ဆဲရေးတိုင်းထွာ လိုက်မိတော့သည်။
"ဒါတင် မကသေးဘူး..."
စုံထောက် မာလန် ရေးသားထားသော ဆွန်း နှင့် အဆက်အသွယ် ပြုလုပ်သည့် မှတ်တမ်းများကို ဖွင့်ကြည့်လိုက်ပြီးနောက် မိုနာက ခေတ္တမျှ သေချာစွာ ကြည့်ရှုလိုက်ပြီး မျက်မှောင်များ တင်းတင်း ကြုတ်လျက် ပြောလိုက်သည်။
"ဆွန်း တစ်ယောက် ဟိုင်အီးနား ဂိုဏ်း မှာ လျှို့ဝှက် အေးဂျင့် လုပ်နေတဲ့ အချိန်တုန်းက... မာလန် နဲ့ တစ်လ တစ်ကြိမ် တွေ့ဆုံဖို့ သတ်မှတ်ထားတဲ့ နေရာ က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ပဲ... တစ်ချိန်တည်းမှာပဲ... သူတို့ နှစ်ယောက် တွေ့ဆုံခဲ့တဲ့ အချိန် တွေ အကုန်လုံးက... အရင် သေဆုံးသူ သုံးယောက် မင်္ဂလာဆောင် ခဲ့တဲ့ အချိန် တွေ နဲ့ တစ်ရက်တည်း တိတိ ဖြစ်နေတယ်..."
"သောက်ကျိုးနည်း..."
"ခွေးမသား..."
မိုနာ၏ စကားကို ကြားလိုက်ရသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး ပြိုင်တူ ဆဲရေးတိုင်းထွာ လိုက်ကြလေသည်။
နောက်ဆုံး စာလုံးကို ရေးသား ပြီးစီးသွားပြီးနောက် ရိုအန်က လှည့်လိုက်ပြီး ချောင်းတစ်ချက် ဟန့်ကာ လူအားလုံး၏ အာရုံစိုက်မှုကို ရယူလိုက်သည်။ ထို့နောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် သင်ပုန်းဖြူ ကို လက်ညှိုးထိုးပြကာ ရှင်းပြလေသည်။
"အားလုံး ရှာတွေ့ထားတဲ့ အချက်အလက် တွေ အရ... အခု ငါတို့ က အောက်ပါ သဲလွန်စ တွေကို အကျဉ်းချုပ် ထုတ်ယူ နိုင်ပြီ..."
"ပထမ အချက် အနေနဲ့ ဆွန်း က ဟာဝုဒ် ဒေသ မှာ နေထိုင်တယ်... အဲ့ဒီ နေရာ က စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး ကို ဗဟိုပြု ဆွဲထားတဲ့ စက်ဝိုင်း ထဲမှာ ကွက်တိ ရှိနေတယ်..."
"ဒုတိယ အချက် အနေနဲ့ ဆွန်း နဲ့ သူ့ရဲ့ ဇနီး မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ နေရာ နဲ့... သူ ဟိုင်အီးနား ဂိုဏ်း မှာ လျှို့ဝှက် အေးဂျင့် လုပ်နေတုန်း က မာလန် နဲ့ လျှို့ဝှက် တွေ့ဆုံခဲ့တဲ့ နေရာ က... စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာပဲ ဖြစ်နေတယ်..."
"တတိယ အချက် အနေနဲ့ ဆွန်း ရဲ့ ဇနီး က လက်ထပ်ပြီး သုံးလ အကြာမှာ ပျောက်ဆုံး သွားခဲ့တယ်... ဒီအချက် က အရင် သေဆုံးသူ သုံးယောက် လက်ထပ်ပြီး သုံးလ အကြာမှာ ပျောက်ဆုံး သွားတာ နဲ့ လုံးဝ တိုက်ဆိုင် နေတယ်... တစ်ချိန်တည်းမှာပဲ ဆွန်း နဲ့ မာလန် တို့ စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ တွေ့ဆုံခဲ့တဲ့ အချိန် တွေ က... အရင် သေဆုံးသူ သုံးယောက် ရဲ့ မင်္ဂလာဆောင် တဲ့ အချိန် တွေ နဲ့ ကိုက်ညီ နေတယ်... အဲ့ဒါကြောင့် ဆွန်း က အဲ့ဒီနေ့ တွေမှာ မာလန် နဲ့ တွေ့ဆုံရင်း သေဆုံးသူ တွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို သိရှိသွားပြီး... သုံးလ ကြာတဲ့ အခါကျမှ သေဆုံးသူ တွေကို ပြန်ပေးဆွဲ သွားတာ ဖြစ်ဖို့ အလားအလာ အရမ်း များတယ်..."
"စတုတ္ထ အချက် အနေနဲ့ စတုတ္ထမြောက် သေဆုံးသူ တာမာရာ တယ်ရီ က လွန်ခဲ့တဲ့ ရှစ်နှစ် က လက်ထပ်ခဲ့တဲ့ အချိန်တုန်းက... ဆွန်း နဲ့ တာမာရာ က အိမ်ခြံမြေ ကုမ္ပဏီ တစ်ခုတည်းမှာ အတူတူ အလုပ်လုပ် ခဲ့ကြတယ်... အဲ့ဒါကြောင့် အဲ့ဒီ အချိန်တုန်းက ဆွန်း က တာမာရာ ရဲ့ မင်္ဂလာပွဲ ကို တက်ရောက် ခဲ့ဖို့ ရာခိုင်နှုန်း တော်တော်များတယ်..."
"ပဉ္စမ အချက် အနေနဲ့ မုဒိမ်းကျင့် လူသတ်မှု ဖြစ်ပွားပြီး တစ်လ အကြာမှာ... ဆွန်း က လူမိုက် ဂိုဏ်း ထဲကို နောက်တစ်ကြိမ် လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက် ခဲ့တယ်... ဒီအချက် က စုံထောက် မာလန် အနေနဲ့ ဆွန်း အတွက် သက်သေ အတု ထွက်ဆိုပေးခဲ့တဲ့ အပေးအယူ စည်းကမ်းချက် တစ်ခု ဖြစ်နိုင်ချေ အရမ်း များတယ်..."
ရိုအန်၏ စကားကို နားထောင်ပြီးနောက် စုံထောက်များ အားလုံးက ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ အချက်အလက်များက မှားယွင်းမှု မရှိသလို ရိုအန်၏ ဆင်ခြင် သုံးသပ်ချက် များကလည်း လုံးဝ ယုတ္တိ တန်လှလေသည်။ အချက် တစ်ချက် တူညီနေခြင်းက တိုက်ဆိုင်မှု ဖြစ်နိုင်ပြီး နှစ်ချက် တူညီနေခြင်းက ကံတရား ကြောင့် ဖြစ်နိုင်သည်။ သုံးချက် တူညီနေခြင်းက ကျပန်း ဖြစ်နိုင်သော်လည်း လေးငါးချက် အထိ တူညီနေပါက...
သင်ပုန်းဖြူ ပေါ်ရှိ စာသားများကို ကြည့်ရင်း ဤကွင်းဆက် လူသတ်မှုကြီး ၏ တရားခံအစစ် မှာ ဆွန်း သာလျှင် ဖြစ်ရမည်ဟု အခန်းတွင်းရှိ လူတိုင်းက အသေအချာ အတည်ပြု လိုက်ကြတော့သည်။
သို့သော် ဤသဲလွန်စ များမျှဖြင့် ရိုအန် တို့ အဖွဲ့ အနေဖြင့် တရားခံကို ဖမ်းဆီးခွင့် မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များ အားလုံးမှာ သွယ်ဝိုက်သော သက်သေ အထောက်အထား များသာ ဖြစ်သောကြောင့် ပင် ဖြစ်သည်။
နောက်ထပ် အဆင့် အနေဖြင့် တိုက်ရိုက် သက်သေ အထောက်အထား ကို ရှာဖွေရန် လိုအပ်လေသည်။
ရိုအန်က မိုနာ၏ ခုံသို့ လျှောက်သွားလိုက်ပြီး မိုနာ၏ ကွန်ပျူတာ ထဲရှိ လျှို့ဝှက် အေးဂျင့် မှတ်တမ်း များကို စတင် ကြည့်ရှု နေလိုက်သည်။
"ရုပ်အလောင်း စစ်ဆေးချက် အစီရင်ခံစာ က မထွက်သေးဘူး... အဲ့ဒါကြောင့် ဒီတစ်ကြိမ် အခင်းဖြစ်ပွားရာ နေရာ မှာ ဆွန်း ရဲ့ ဒီအန်အေ ကို ရှာတွေ့နိုင်မလား ဆိုတာ ငါတို့ မသိရသေးဘူး..."
မိုနာက နေရာမှ ထကာ ရုံးခန်းနယ်မြေ ၏ အရှေ့ဘက်ဆုံးတွင် ရှိသော သင်ပုန်းဖြူ ကို ကြည့်ရှုလိုက်ပြီးနောက် ခေါင်းစောင်း၍ မေးမြန်းလိုက်သည်။
"အခင်းဖြစ်ပွားရာ နေရာ မှာ လူသတ်သမား ချန်ထားခဲ့တဲ့ ခြေရာ တွေ ရှိနေတယ် လို့ ငါ မှတ်မိတယ်... အဲ့ဒီ ခြေရာ တွေ ကနေ တစ်ဆင့် ဆွန်း ကို ပစ်မှတ်ထား ဖမ်းဆီး လို့ မရဘူးလား..."
ဝီလျံက အခင်းဖြစ်ပွားရာ နေရာ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာ ထဲရှိ ဓာတ်ပုံများကို ကောက်ယူကာ ကြည့်ရှုလိုက်သည်။ မျက်လုံးများ အရောင်တောက်ပ သွားပြီးနောက် လက်နှစ်ဖက်ဖြင့် ကီးဘုတ်ကို အဆက်မပြတ် ခေါက်နှိပ်လိုက်ကာ လက်ခုပ် တစ်ချက် တီးလိုက်လေသည်။
"ဆွန်း ရဲ့ ခရက်ဒစ် ကတ် အသုံးပြုမှု မှတ်တမ်း အရ ဆိုရင်... လွန်ခဲ့တဲ့ သုံးလ တုန်းက သူ ဖိနပ် တစ်ရံ ဝယ်ခဲ့ဖူးတယ်... အဲ့ဒီ ဖိနပ် ရဲ့ အောက်ခြေ က ပုံစံ က... အခင်းဖြစ်ပွားရာ နေရာ မှာ တွေ့ရတဲ့ ခြေရာ ရဲ့ ပုံစံ နဲ့ လုံးဝ တစ်ထပ်တည်း ကျနေတယ်..."
"ကောင်းလိုက်တာ..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်ပ သွားပြီး ရိုအန် ထံသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
"ငါတို့ အခု ချက်ချင်း ရှာဖွေခွင့် ဝရမ်း သွားတောင်း ကြရအောင်... အဲ့ဒီ ဖိနပ် ကို ရှာတွေ့ပြီး ဖိနပ် ပေါ်က ရွှံ့ တွေကို ဓာတ်ခွဲ စမ်းသပ် လိုက်တာ နဲ့... တစ်ဖက်လူ က အခင်းဖြစ်ပွားရာ နေရာ ကို ရောက်ခဲ့တယ် ဆိုတာ သက်သေပြ နိုင်ပြီ..."
ထိုခဲရောင် လူစီးကား သည်လည်း အရေးပါသော သက်သေ အထောက်အထား များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ဆွန်း တွင် ခဲရောင် ကား ဝယ်ယူထားသည့် မှတ်တမ်း မရှိခြင်းနှင့် ဆွန်း လျှို့ဝှက် အေးဂျင့် အဖြစ် ဝင်ရောက်နေသော ဟိုင်အီးနား ဂိုဏ်း ကလည်း တရားမဝင် ကားများကို ဖျောက်ဖျက်ပေးသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်နေခြင်း တို့ကို ထည့်သွင်း စဉ်းစားလိုက်သောအခါ မိုနာက ထိုခဲရောင် လူစီးကားကို ရှာတွေ့ရန် အလားအလာ လုံးဝ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။
"မရဘူး..."
မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ကွန်ပျူတာ ထဲရှိ လျှို့ဝှက် အေးဂျင့် မှတ်တမ်း များကို ကြည့်နေသော ရိုအန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
"ငါတို့ ဒီကိစ္စ ကို အရင်ဆုံး အထက် ကို တင်ပြ ဖို့ လိုအပ်တယ်..."
ရှာဖွေခွင့် ဝရမ်း တောင်းခံခြင်းမှာ ပြဿနာ မရှိသော်လည်း ဆွန်း သည် ဒီအီးအေ ၏ လျှို့ဝှက် အေးဂျင့် တစ်ဦး ဖြစ်နေပြီး ယခု လက်ရှိ အချိန်တွင်လည်း ဟိုင်အီးနား ဂိုဏ်း အတွင်း၌ တာဝန် ထမ်းဆောင် နေသူ ဖြစ်သည်။ တိုက်ရိုက် ဖမ်းဆီးခြင်း သို့မဟုတ် တစ်ဖက်လူ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခြင်းမှာ အလွန် ရိုးရှင်း လွယ်ကူလှသည်။ သို့သော် ဒီအီးအေ အနေဖြင့် မကြာမီ ကာလ အတွင်း၌ ဆွန်း ကို အသုံးပြု၍ စစ်ဆင်ရေး တစ်ခုခု ပြုလုပ်ရန် ပြင်ဆင်နေပြီး အမှတ် ၅ အဖွဲ့ က ဆွန်း ကို ဖမ်းဆီးလိုက်ခြင်းကြောင့် သူတို့၏ တာဝန် ကျရှုံးသွားမည် ဆိုပါက ပြဿနာ ကြီးသွားနိုင်သည်။
ရိုအန် က ဒီအီးအေ မှ လူများကို ဂရုမစိုက်သော်လည်း နောက်ဆက်တွဲ ပြဿနာ ဖြေရှင်းမှု များ အတွက် အဖွဲ့ခေါင်းဆောင် မှ ဝင်ရောက် ဖြေရှင်းပေးရန် သေချာပေါက် လိုအပ်ပေသည်။ ထို့ကြောင့် ဤကိစ္စကို သြဂတ်စ် အား အရင်ဆုံး အသိပေးရန် မဖြစ်မနေ လိုအပ်လေသည်။
တစ်ချိန်တည်းမှာပင် အက်ဖ်ဘီအိုင် ၏ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ကလည်း ဒီအီးအေ နှင့် ပူးပေါင်းကာ ဤဟိုင်အီးနား ဂိုဏ်း ကို စောင့်ကြည့် နေကြသည်။ ရိုအန် အနေဖြင့် ဒီအီးအေ ကို ဂရုမစိုက်ဘဲ နေနိုင်သော်လည်း တူညီသော အက်ဖ်ဘီအိုင် ၏ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ကိုတော့ လျစ်လျူရှု၍ မရနိုင်ချေ။
"ဒါဆို... ဒီတစ်ကြိမ် အမှု ရဲ့ လူသတ်သမား က လျှို့ဝှက် အေးဂျင့် တစ်ယောက် ပေါ့..."
ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သြဂတ်စ်က နားထင်ကို ပွတ်သပ်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"လျှို့ဝှက် အေးဂျင့် တစ်ယောက် ရဲ့ နေ့စဉ် ဘဝ က လုံလောက်အောင် ကို တင်းကျပ် ဖိစီး နေရတာပဲ လေ... ဘာဖြစ်လို့ အချိန်ပေးပြီး လူသတ် နေရသေးတာလဲ..."
လျှို့ဝှက် အေးဂျင့် အလုပ်မျိုး ကို သြဂတ်စ် တစ်ခါမျှ မလုပ်ခဲ့ဖူးချေ။ သို့သော် သူ၏ ယခင် လုပ်ဖော်ကိုင်ဖက် တစ်ဦး ကတော့ အချိန် အတိုင်းအတာ တစ်ခု အထိ လုပ်ကိုင် ခဲ့ဖူးလေသည်။
နောက်ပိုင်းတွင် ထိုလုပ်ဖော်ကိုင်ဖက် မှာ အသက်ရှင်လျက် ပြန်လည် ရောက်ရှိ လာခဲ့သော်လည်း တစ်နှစ် တိတိ စိတ်ပညာရှင် နှင့် ဆေးကုသမှု ခံယူ ခဲ့ရသည်။ ထိုအချိန် ကတည်းက ဤအလုပ်မျိုး သည် မိမိနှင့် လုံးဝ မကိုက်ညီကြောင်း သြဂတ်စ် သဘောပေါက် ခဲ့လေသည်။
"နေ့စဉ် ဘဝ ရဲ့ တင်းကျပ် ဖိစီးမှု တွေ နဲ့ စိတ်ဖိစီးမှု တွေ က များပြား လွန်းပေမဲ့... အဲ့ဒါတွေကို မျက်နှာပေါ်မှာ ဖြစ်ဖြစ်... စကားပြောတဲ့ အထဲမှာ ဖြစ်ဖြစ် ထုတ်ဖော် ပြသခွင့် မရှိလို့ လည်း ဖြစ်နိုင်တယ် လေ..."
သြဂတ်စ်၏ မျက်နှာချင်းဆိုင် တွင် ထိုင်နေသော ရိုအန် က ထိုစကားကို ကြားလိုက်ရသောအခါ ကော်ဖီ တစ်ငုံ သောက်လိုက်ပြီး သူ၏ ခန့်မှန်းချက် ကို ပြောပြလေသည်။
"ဆွန်း က ပထမဆုံး အကြိမ် လျှို့ဝှက် အေးဂျင့် လုပ်တုန်း က... သူ့ရဲ့ ဇနီးသည် အတွက် ဆိုပြီး စိတ်ပိုင်းဆိုင်ရာ အားထားရာ တစ်ခု ရှိနေခဲ့တယ်... ဒါပေမဲ့ နောက်ပိုင်း မှာ ဇနီး က သေဆုံး သွားခဲ့ပြီး... လျှို့ဝှက် အေးဂျင့် လုပ်နေတဲ့ အချိန် အတွင်းမှာ လည်း သူ့ကိုယ်တိုင် မူးယစ်ဆေး စွဲသွားခဲ့တယ်... မူလ က အိမ်ခြံမြေ အရောင်းကိုယ်စားလှယ် သာသာလေး ဖြစ်တဲ့ ဆွန်း အတွက်... ဒီလို အိပ်မက်ဆိုး လို အတွေ့အကြုံ တွေ ကြောင့် ဒီလိုမျိုး ကိစ္စတွေကို နောက်တစ်ကြိမ် လုံးဝ ထပ်ပြီး မကြုံတွေ့ချင် တော့တာ အသေအချာ ပဲ... လမ်းသွယ်လေး ထဲမှာ ဖြစ်ခဲ့တဲ့ မုဒိမ်းကျင့် လူသတ်မှု တုန်းက... ဆွန်း က မာလန် ဆီကနေ အကူအညီ တောင်းခဲ့တယ်... တစ်ဖက်လူ က ဆွန်း အတွက် သက်သေ အတု ထွက်ဆိုပေးဖို့ သဘောတူ ခဲ့ပေမဲ့... ဆွန်း ကို နောက်ထပ် တစ်ကြိမ် လျှို့ဝှက် အေးဂျင့် ထပ်လုပ်ရမယ် ဆိုတဲ့ စည်းကမ်းချက် ကို တောင်းဆို ခဲ့တယ်... အဲ့ဒါကြောင့်..."
"အဲ့ဒါကြောင့် ဒီတစ်ကြိမ် မှာတော့ ဆွန်း က ထောင်မကျအောင် လို့ လျှို့ဝှက် အေးဂျင့် ကို မလုပ်ချင်ဘဲ လုပ်နေရတာပဲ... ဘာ စိတ်ပိုင်းဆိုင်ရာ အားထားရာ မှ မရှိဘူး..."
ဒီအီးအေ မှ လူများသည် တခါတရံ တာဝန် ပြီးမြောက်စေရန် အတွက် လျှို့ဝှက် အေးဂျင့် ၏ စိတ်ခံစားချက် များကို ဂရုမစိုက်သည့် အပြင် အတင်းအကျပ် တာဝန်များ ထမ်းဆောင်စေလေ့ ရှိကြောင်း တွေးတောမိလိုက်သောအခါ သြဂတ်စ် တစ်ယောက် မသိစိတ်၏ စေ့ဆော်မှုအရ နှုတ်ခမ်း တွန့်သွားမိတော့သည်။
ရိုအန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ခုလေးတင် စုံထောက် မာလန် ရဲ့ မှတ်တမ်း တွေကို ကျွန်တော် ဖတ်ကြည့်လိုက်တော့... သေဆုံးသူ လေးယောက် ပျောက်ဆုံးသွားတဲ့ နေ့ မနက်ခင်း တွေ က... စုံထောက် မာလန် နဲ့ ဆွန်း တို့ တွေ့ဆုံခဲ့တဲ့ အချိန် တွေချည်းပဲ ဖြစ်နေတယ်... အဲ့ဒါကြောင့် အဲ့ဒီနေ့ မနက်ပိုင်း သူတို့ တွေ့ဆုံကြတဲ့ အချိန်မှာ... စုံထောက် မာလန် က ဆွန်း ကို မကျေနပ် စရာ စကား တစ်ခုခု ပြောဆို ခဲ့တာ ဖြစ်နိုင်တယ်... စိတ်ပိုင်းဆိုင်ရာ ဖိအား တွေ အရမ်း ကြီးမား နေတာ နဲ့ ပေါင်းစပ် သွားတဲ့ အခါကျတော့... နောက်ဆုံး မှာ ဒေါသ ထွက်ပေါက် အနေနဲ့... လွန်ခဲ့တဲ့ သုံးလ တုန်းက စိန့် ဖီးလ် ဘုရားကျောင်း ငယ်လေး မှာ လက်ထပ်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ယောက် ကို ပြန်ပေးဆွဲ ဖို့ ရွေးချယ် ခဲ့တာ ဖြစ်ရမယ်..."
ရိုအန်၏ ခန့်မှန်းချက်ကို နားထောင်ပြီးနောက် သြဂတ်စ်က တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ အိတ်ကပ်ထဲမှ ဖုန်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
"အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ကို ငါ အခု ချက်ချင်း ဆက်သွယ် လိုက်မယ်…”