အခန်း ၇၄
Vol. 8 Ch. 74
အခန်း ၇၄ ဗုံး
"ဆွန်း ဆိုတဲ့ လူ က လျှို့ဝှက် အေးဂျင့် ဆိုတာ ကို ကျွန်တော်တို့ မသိခဲ့ဘူး..."
ဖုန်းတစ်ဖက်ခြမ်းရှိ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနမှ အဖွဲ့ခေါင်းဆောင် ဒိုင်လွန်က သြဂတ်စ်၏ မေးမြန်းမှုကို ကြားလိုက်ရသောအခါ ဟိုင်အီးနား ဂိုဏ်း၏ အချက်အလက်များကို လက်အောက်ငယ်သားများအား အလျင်အမြန် ရှာဖွေခိုင်းလိုက်ပြီးနောက် ပြန်လည် ဖြေကြားလေသည်။
"ကျွန်တော်တို့ ရဲ့ မှတ်တမ်း တွေ အရ ဆိုရင် ဆွန်း က ဟိုင်အီးနား ဂိုဏ်း ခေါင်းဆောင် ရဲ့ အားကိုးရတဲ့ လူယုံ တွေ ထဲက တစ်ယောက် ပဲ... ဆွန်း က လျှို့ဝှက် အေးဂျင့် ဆိုတာ ကို ဒီအီးအေ က လူတွေ က ကျွန်တော်တို့ကို တစ်ခါမှ မပြောပြ ခဲ့ဖူးဘူး..."
ဒိုင်လွန်က ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်လှချေ။ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန အနေဖြင့်လည်း ဟိုင်အီးနား ဂိုဏ်း အတွင်း၌ လျှို့ဝှက် အေးဂျင့်များ ထည့်သွင်းထားပြီး ထိုလျှို့ဝှက် အေးဂျင့်များ၏ အချက်အလက်များကို ဒီအီးအေ ထံသို့ အသိပေးထားခြင်း မရှိပေ။
လုပ်ထုံးလုပ်နည်းများ အရ လျှို့ဝှက် အေးဂျင့် တစ်ဦး၏ တည်ရှိမှုကို သက်ဆိုင်ရာ ဌာနမှ တာဝန်ခံ အရာရှိများကသာ သိရှိခွင့် ရှိလေသည်။
လက်တွေ့ စစ်ဆင်ရေးများ စတင်တော့မည့် အချိန် ရောက်မှသာ လျှို့ဝှက် အေးဂျင့်များ မှားယွင်း ပစ်ခတ်ခံရမှု မရှိစေရန် ပူးပေါင်း အဖွဲ့များထံသို့ အသိပေးလေ့ ရှိကြသည်။
သြဂတ်စ်၏ ပါးစပ်မှ ဆွန်းသည် လျှို့ဝှက် အေးဂျင့် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဒိုင်လွန် တစ်ယောက် နားမလည်နိုင် ဖြစ်သွားပြီး ရယ်မောကာ မေးမြန်းလိုက်သည်။
"ဆွန်း ရဲ့ ကိုယ်ရေး အချက်အလက် ကို ခင်ဗျား က ဘယ်လို လုပ်ပြီး သိနေတာလဲ... ခင်ဗျား တို့ အဖွဲ့ တွေ က ဒီအီးအေ ရဲ့ အတွင်းပိုင်း ကွန်ရက် ကိုများ ဖောက်ထွင်း ဝင်ရောက် ခဲ့တာလား လို့ သိချင်တယ်..."
သြဂတ်စ်က ရိုအန်ကို မျက်စောင်း တစ်ချက် ထိုးလိုက်သည်။ ရိုအန်ကမူ ကုလားထိုင်ပေါ်တွင် ဘာမှ မသိနားမလည်သည့် အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ငြိမ်သက်စွာ ထိုင်နေလေသည်။
"ဘယ် ဟုတ်ရမလဲ... လုံးဝ မရှိပါဘူး..."
သြဂတ်စ်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပြီးနောက် လေးနက် တည်ကြည်သော လေသံဖြင့် ပြောင်းလဲ စကားဆိုလေသည်။
"ဒီ ဆွန်း ဆိုတဲ့ လူ က ငါတို့ အခု စုံစမ်း စစ်ဆေး နေတဲ့ ဆိုးရွား ပြင်းထန်လှတဲ့ ပြစ်မှု ဆိုင်ရာ အမှုအခင်း တစ်ခု နဲ့ ပတ်သက် နေတယ်... အဲ့ဒီ အမှု ရဲ့ လူသတ်သမား က သူ ဖြစ်ဖို့ အလားအလာ အရမ်း များနေတယ်..."
ဖုန်းတစ်ဖက်ခြမ်းရှိ ဒိုင်လွန်က သြဂတ်စ်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက် သွားတော့သည်။ သြဂတ်စ်က စစ်ဆင်ရေး မစတင်မီ ကြိုတင် အသိပေးခြင်း ဖြစ်ပြီး ဆွန်းကို ဖမ်းဆီးမည့် ကိစ္စက အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန၏ လုပ်ငန်းစဉ်များကို အနှောင့်အယှက် ဖြစ်စေနိုင်ခြင်း ရှိမရှိ မေးမြန်းနေခြင်း ပင် ဖြစ်လေသည်။
"ဒီလို လုပ်ပါ သြဂတ်စ်... ဟိုင်အီးနား ဂိုဏ်း ကို ရုတ်တရက် သတိမထားမိ သွားစေဖို့ အတွက်... ဒီနေ့ တော့ ဆွန်း ရဲ့ အိမ်ကို ဝင်မရှာ ပါနဲ့ဦး..."
လက်အောက်ငယ်သား စုံထောက် နော်တန်က တံခါးခေါက်ကာ ရုံးခန်း အတွင်းသို့ ဝင်ရောက်လာပြီး ဖိုင်တွဲ တစ်ခု ကမ်းပေးလာသည်ကို မြင်တွေ့လိုက်ရသောအခါ ဒိုင်လွန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး သြဂတ်စ်အား လေးနက်သော လေသံဖြင့် ချက်ချင်း အသိပေးလိုက်သည်။
"မနက်ဖြန် ကျရင် ကျွန်တော်တို့ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန နဲ့ ဒီအီးအေ တို့ ပူးပေါင်းပြီး ဟိုင်အီးနား ဂိုဏ်း အပေါ် စစ်ဆင်ရေး အကြီးကြီး တစ်ခု လုပ်ဖို့ ရှိတယ်... ခင်ဗျား တို့ အဖွဲ့ အနေနဲ့ မနက်ဖြန် စစ်ဆင်ရေး ရဲ့ အပြင်ဘက် ကနေ စောင့်နေလို့ ရပါတယ်... စစ်ဆင်ရေး ပြီးသွားတာ နဲ့ တစ်ပြိုင်နက်... ဆွန်း ကို ခင်ဗျား တို့ အဖွဲ့ ဆီ စစ်ဆေး မေးမြန်း ဖို့ လွှဲပြောင်း ပေးလိုက်ပါ့မယ်..."
ဤကိစ္စကို ဒီအီးအေ မှ စုံထောက်များ သဘောတူညီမှု ရှိမရှိ ဆိုသည်ကိုတော့ ဒိုင်လွန်နှင့် သြဂတ်စ်တို့ နှစ်ဦးစလုံးက တမင်သက်သက် လျစ်လျူရှု ထားလိုက်ကြလေသည်။
"အိုကေ..."
သြဂတ်စ်က ပြုံးလျက် ခေါင်းညိတ် သဘောတူလိုက်ပြီး အလုပ်ဆင်းချိန်တွင် ဒိုင်လွန်နှင့် အတူ အရက်သွားသောက်ရန် ပါ ချိန်းဆိုလိုက်လေသည်။
ဖုန်းချလိုက်ပြီးနောက် အခြား ဌာနများနှင့် ပူးပေါင်းကာ မနက်ဖြန် စစ်ဆင်ရေး ပြုလုပ်မည့် အကြောင်းကို သြဂတ်စ်က ရိုအန်အား ပြန်လည် ပြောပြလိုက်သည်။ ရိုအန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ် နေပြီးနောက် အပိုစကားများ မဆိုတော့ဘဲ ခေါင်းညိတ်ကာ အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းမှ ထွက်ခွာလာခဲ့သည်။
ထိုသတင်းကို အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များအား ပြောပြလိုက်သောအခါ စုံထောက် အများအပြားမှာ စိတ်သက်သာရာ ရသွားကြသည်။
ကွင်းဆက် လူသတ်မှုကြီးမှာ ဤနေရာတွင်ပင် တစ်ဝက်ကျော် ပြီးစီးသွားပြီ ဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် အရေးပါသော သက်သေ အထောက်အထား များကို ပြင်ဆင်ထားရန်နှင့် မနက်ဖြန်တွင် ဆွန်းအား လွှဲပြောင်း ရယူရန်သာ စောင့်ဆိုင်းနေရုံ ပင် ဖြစ်လေသည်။
မိမိ၏ ခုံတွင် ပြန်လည် ထိုင်လိုက်ပြီးနောက် ရိုအန်၏ မျက်နှာထားက အတော်လေး လေးနက် တည်ကြည် နေလေသည်။
အဘယ်ကြောင့်ဆိုသော် ယခု လက်ရှိ အချိန်တွင် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ လက်ထဲ၌ တိုက်ရိုက် သက်သေ အထောက်အထား လုံးဝ မရှိသေးသောကြောင့် ပင် ဖြစ်သည်။ စောစောက ဤကိစ္စကို သြဂတ်စ် ထံသို့ တင်ပြခဲ့ခြင်းမှာ ဟိုင်အီးနား ဂိုဏ်းကို စောင့်ကြည့်နေသူများ အနေဖြင့် ရိုအန်တို့ အဖွဲ့က ဆွန်း၏ အိမ်ကို ဝင်ရောက် ရှာဖွေပြီး မနေ့ညက ရေကန် အနီးသို့ ဆွန်း သွားရောက်ခဲ့ကြောင်း ခိုင်လုံသော သက်သေ အထောက်အထားများ ရှာဖွေမည်ကို ကြိုတင် သိရှိထားစေရန် သက်သက်သာ ဖြစ်လေသည်။
သို့သော် ယခု အခြေအနေ များမှာ မနက်ဖြန် ကျမှ ဆွန်းကို အရင် ဖမ်းဆီးပြီးနောက် ဆွန်း၏ အိမ်ကို ဆက်လက် ရှာဖွေရမည့် ပုံစံမျိုး သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ဘေးနားရှိ မိုနာ ကလည်း ထိုအချက်ကို သတိထားမိ သွားလေသည်။ မိုနာ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားပြီး ရိုအန်ကို ကြည့်ကာ တီးတိုး မေးမြန်းလိုက်သည်။
"အချိန်တွေ ကြာလာတာ နဲ့ အမျှ... ဆွန်း က အဲ့ဒီ ဖိနပ် ကို ဖျောက်ဖျက် ပစ်နိုင်တဲ့ အလားအလာ က ပိုများလာတယ်... နောက်ပိုင်း ဆွန်း ကို ပြစ်မှု ထင်ရှားကြောင်း သက်သေပြ နိုင်ဖို့ အခွင့်အရေး ကလည်း ပိုနည်းသွားပြီ... ဒီ အခြေအနေ ကတော့..."
"မလောပါနဲ့..."
ရိုအန်က တည်ငြိမ်သော လေသံဖြင့် ပြန်လည် နှစ်သိမ့်ပေးလိုက်သည်။
"ရုပ်အလောင်း စစ်ဆေးချက် အစီရင်ခံစာ မထွက်လာသေးဘူး... အဲ့ဒီ ကနေ ဆွန်း ရဲ့ ဒီအန်အေ ကို ရှာတွေ့နိုင်ပါသေးတယ်... ပြီးတော့ မနက်ဖြန် ဟိုင်အီးနား ဂိုဏ်း ကို ဒီအီးအေ နဲ့ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန က လူတွေ နှိမ်နင်း ပြီးသွားတဲ့ အခါကျရင်... အဲ့ဒီနေ့ ည က ဆွန်း မောင်းသွားတဲ့ ခဲရောင် ကားကို ငါတို့ ရှာတွေ့နိုင်မယ့် အလားအလာ အရမ်း များတယ်..."
"အိုကေ..."
ရိုအန်၏ မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့် ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ မိုနာ လည်း ပြန်လည် တည်ငြိမ် သွားတော့သည်။
ထို့နောက် ရက်ဒ် က သတင်းဆိုး တစ်ခု ယူဆောင်လာခဲ့လေသည်။
"အားနာပါတယ် ရိုအန်..."
ရက်ဒ်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသည်။ မည်းမှောင်နေသော မျက်နှာထားဖြင့် ရိုအန်၏ ခုံအနီးသို့ လျှောက်လာပြီး လေးနက်သော လေသံဖြင့် ဆိုသည်။
"မှုခင်း ဆရာဝန် တွေ ဆီက ရုပ်အလောင်း စစ်ဆေးချက် အစီရင်ခံစာ က ထွက်မလာသေးဘူး... ဒါပေမဲ့ ငါ သူတို့ကို မေးကြည့်လိုက်တော့... သေဆုံးသူ ရဲ့ ခန္ဓာကိုယ် ထဲမှာ ဘယ်လို မျိုးရိုးဗီဇ ဆိုင်ရာ အရည် တွေကို မှ မတွေ့ရဘူး တဲ့... ဒိုင်မီသိုင်း ဆီလီကွန် အရည် နည်းနည်း လောက်ပဲ ရှာတွေ့ခဲ့တယ် တဲ့... ပြီးတော့ သေဆုံးသူ ရဲ့ လက်သည်း ခွံ တွေ ကြားထဲမှာ လည်း ရွှံ့ တွေ ကလွဲရင် လူသတ်သမား နဲ့ ပတ်သက်တဲ့ ဘယ်အရာ ကိုမှ ရှာမတွေ့ခဲ့ရဘူး တဲ့..."
ဒိုင်မီသိုင်း ဆီလီကွန် ဆိုသည်မှာ ကွန်ဒုံးများ၏ အပြင်ဘက် မျက်နှာပြင်တွင် သုတ်လိမ်းထားလေ့ရှိသော ချောဆီများ၏ အဓိက ပါဝင်ပစ္စည်း ပင် ဖြစ်လေသည်။
"လက်ဗွေရာ တွေကော..."
ဘေးနားရှိ မိုနာ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး ရက်ဒ်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
"အဲ့ဒါလည်း ရှာမတွေ့ဘူး..."
ရက်ဒ်က ခေါင်းခါယမ်း လိုက်သည်။ ခြေရာခံ စစ်ဆေးရေး အဖွဲ့က သေဆုံးသူ၏ ကိုယ်ပေါ်ရှိ အဝတ်အစား များကို သေချာစွာ စစ်ဆေးခဲ့သော်လည်း ကားနောက်ဖုံး အတွင်းရှိ ပစ္စည်း အချို့မှ လွဲ၍ လူသတ်သမား၏ လက်ဗွေရာ များနှင့် ဆံပင်မွေး များကို လုံးဝ ရှာမတွေ့ခဲ့ပေ။
အရေပြား အမှုန်အမွှား များမှာလည်း ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည့် တွင်းနက်ကြီး အတွင်းရှိ ရေများကြောင့် ပျက်စီး ပျောက်ကွယ် သွားနိုင်ချေ ရှိလေသည်။
"သောက်ကျိုးနည်း..."
ရက်ဒ်၏ စကားကို ကြားလိုက်ရသောအခါ မိုနာက တီးတိုး ဆဲရေးတိုင်းထွာ လိုက်ပြီးနောက် ရိုအန် ထံသို့ လှည့်ကြည့်လိုက်သည်။
ရိုအန်က မေးစေ့ကို ပွတ်သပ်ကာ ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ခေါင်းမော့၍ မေးမြန်းလိုက်သည်။
"ငါ ခြေရာခံ စစ်ဆေးရေး အဖွဲ့ ကို ပေးလိုက်တဲ့ အလင်းပေါက် ပလတ်စတစ် အိတ်ငယ်လေး ရော..."
"ဘာ ပစ္စည်း ကြီးလဲ..."
ရက်ဒ် တစ်ယောက် မျက်လုံး အပြူးသားဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ထိုအချိန်က ရက်ဒ်သည် အခင်းဖြစ်ပွားရာ နေရာတွင် ရှိမနေခဲ့သဖြင့် ရိုအန် ပြောနေသော အရာကို လုံးဝ နားမလည်ခဲ့ပေ။
ရက်ဒ်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် လည်း ထိုအချက်ကို သတိရသွားတော့သည်။ ထို့ကြောင့် ခြေရာခံ စစ်ဆေးရေး အဖွဲ့ထံသို့ ပြန်သွားပြီး ထိုအလင်းပေါက် ပလတ်စတစ် အိတ်ငယ်လေး ကို သေချာ စစ်ဆေးပေးရန် ရက်ဒ်ကို အလျင်အမြန် စေလွှတ်လိုက်လေသည်။
ရက်ဒ်က ခေါင်းညိတ်ပြပြီး နောက်တစ်ကြိမ် လှည့်ထွက်သွားသည်။ မိုနာ၏ မျက်နှာပေါ်တွင် အနည်းငယ် စိုးရိမ် ပူပန်နေသော အမူအရာများ ပေါ်ထွက်လာရာ ရိုအန်က တည်ငြိမ်သော မျက်နှာထားဖြင့် လက်ယမ်းပြလိုက်သည်။
"မစိုးရိမ်ပါနဲ့... တောင် ရောက်ရင် လမ်း ရှိလာမှာပါ... တံတား ရောက်ရင် လှေ ဖြောင့်သွားမှာပါ... အခက်အခဲ တွေ ဆိုတာ ဖြေရှင်းဖို့ နည်းလမ်း အမြဲတမ်း ရှိစမြဲပါ..."
"နင် ဘာတွေ လျှောက်ပြော နေတာလဲ လို့ သိချင်တယ်..."
မိုနာ တစ်ယောက် ဘာမှ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ အမေရိကန် နိုင်ငံတွင် မွေးဖွား ကြီးပြင်းလာသူ တစ်ဦး အနေဖြင့် ရိုအန်၏ ရှုပ်ထွေးသော အင်္ဂလိပ် ဘာသာပြန် စကားများကို လုံးဝ နားမလည်နိုင်ချေ။
"အရေးမကြီးပါဘူး..."
ရိုအန်က ဆက်လက် ရှင်းပြ မနေတော့ဘဲ နေရာမှ ထရပ်လိုက်သည်။ လက်ခုပ်တီးကာ စုံထောက်များ အားလုံး၏ အာရုံစိုက်မှုကို ရယူလိုက်ပြီးနောက် ရက်ဒ် စောစောက ပြောသွားသော စကားများကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ထို့နောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် စကားဆိုလေသည်။
"အားလုံးပဲ... အခု လက်ရှိ အခြေအနေ ကတော့ ဒီအတိုင်းပဲ... မနေ့ည က အခင်းဖြစ်ပွားရာ နေရာ ကို ဆွန်း ရောက်ခဲ့တယ် ဆိုတာ သက်သေပြ နိုင်မယ့် အထောက်အထား တွေ ပိုပြီး ရှာဖွေဖို့ ငါတို့ မဖြစ်မနေ လိုအပ်နေပြီ... အခု အားလုံးပဲ အမြန်ဆုံး လှုပ်ရှားကြပါ... ပြီးခဲ့တဲ့ တစ်လ အတွင်း ဆွန်း ဘာတွေ လုပ်ခဲ့လဲ ဆိုတာ အကုန်လုံး ကို ရှာဖွေပါ... အသုံးဝင်မယ့် သဲလွန်စ တွေ ပိုပြီး ရှာတွေ့နိုင်အောင် ကြိုးစားကြ... နောက်ဆုံး မှာ ဆွန်း ကို အသေအချာ ဖမ်းဆီးနိုင်မယ့် အရေးပါတဲ့ သက်သေ အထောက်အထား ကို ထုတ်ပြနိုင်ရမယ်..."
"အိုကေ..."
"ပြဿနာ မရှိဘူး..."
ဝီလျံ အပါအဝင် နည်းပညာ ကျွမ်းကျင် စုံထောက် ငါးဦးက အသံကျယ်ကြီးဖြင့် ပြန်လည် ဖြေကြားလိုက်ကြပြီး အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေ အတွင်း ကီးဘုတ် ခေါက်နှိပ်သံများ ထပ်မံ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
မိုနာ ကလည်း မိမိ၏ ခုံတွင် ထိုင်ကာ လက်ဆယ်ချောင်းကို အလျင်အမြန် လှုပ်ရှား၍ မနေ့ညက လုံခြုံရေး ကင်မရာ မှတ်တမ်းများကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေး ရှာဖွေ နေလေသည်။
"နည်းနည်း ထူးဆန်းတဲ့ အခြေအနေ တစ်ခု ရှိတယ် ရိုအန်..."
မိနစ် အနည်းငယ် အကြာတွင် ဝီလျံက ရိုအန်ကို လှမ်းခေါ်လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ အချက်အလက် များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဆွန်း ရဲ့ ခရက်ဒစ် ကတ် အသုံးပြုမှု မှတ်တမ်း တွေ အရ ဆိုရင်... လွန်ခဲ့တဲ့ တစ်ပတ် တုန်းက သူ ဖုန်းဆိုင် တစ်ဆိုင် မှာ ရက်ပစ် အမှတ်တံဆိပ် နှစ်ထောင့်သုံး မော်ဒယ် ဟောင်း ဖုန်း ဆယ်လုံး တိတိ ဝယ်ခဲ့ဖူးတယ်..."
"ဟင်..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ဝီလျံ ရှာဖွေ ပြသထားသော ရက်ပစ် အမှတ်တံဆိပ် နှစ်ထောင့်သုံး မော်ဒယ် ဖုန်း၏ ပုံစံကို ငုံ့ကြည့်လိုက်ရာ ရိုအန်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်း သွားပြီး ဒေါသတကြီး ဆဲရေးတိုင်းထွာ လိုက်တော့သည်။
"သောက်ကျိုးနည်း... ဆွန်း က အဝေးထိန်း ဗုံး တွေ လုပ်မလို့ ပြင်နေတာပဲ..."
"မင်း ဘာပြောလိုက်တယ်..."
"ဗုံး ဟုတ်လား... ဘာ ဗုံး ကြီးလဲ..."
ဗုံး ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် တပြိုင်နက် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ လူအားလုံး၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားပြီး ခေါင်းမော့ ကြည့်လိုက်ကြသည်။ လွန်ခဲ့သော လေးနှစ် က အဆောက်အအုံကြီး ပြိုကျခဲ့ရသည့် အဖြစ်အပျက်ကို အမှတ် ၅ အဖွဲ့ရှိ စုံထောက်များ လုံးဝ မမေ့သေးပေ။
ကွန်ပျူတာ ထဲရှိ ဓာတ်ပုံကို မြင်လိုက်ရသောအခါ မိုနာက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့ဩ ထိတ်လန့်စွာ ပြောဆိုလိုက်သည်။
"မနှစ်က နယူးယောက် ဆင်ခြေဖုံး က ဂျူး ဘုရားကျောင်း တစ်ခု ပေါက်ကွဲ တုန်းက... အကြမ်းဖက်သမား အသုံးပြု ခဲ့တာ ကလည်း ရက်ပစ် အမှတ်တံဆိပ် နှစ်ထောင့်သုံး မော်ဒယ် ဖုန်း တွေချည်းပဲ..."
"မှန်တယ်..."
ရိုအန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ အတိတ်ဘဝ က ဝါရင့် လူသတ်သမားကြီး သည် ထိုသတင်းကို ရုပ်မြင်သံကြား တွင် မြင်တွေ့ခဲ့ရပြီးမှသာ ရိုအန်အား အဝေးထိန်း ဗုံး ပြုလုပ်နည်း ကို သင်ကြားပေးရန် သတိရခဲ့ခြင်း ပင် ဖြစ်လေသည်။
"ဒီဖုန်း ရဲ့ ဘက်ထရီ မှာ ကောင်းမွန်တဲ့ အပူချိန် အာရုံခံ စနစ် မပါဝင်သလို... ချို့ယွင်းမှု ကာကွယ်ရေး စနစ် လည်း မရှိဘူး..."
လူအားလုံးက မိမိကို ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ ရိုအန်က ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ ဖုန်းပုံစံကို ချဲ့ပြရန် ဝီလျံအား အချက်ပြလိုက်သည်။ ထို့နောက် ဖုန်းပုံစံကို လက်ညှိုးထိုးပြကာ အားလုံးကို ရှင်းပြလေသည်။
"ဒီဖုန်း ကို ရိုးရှင်းတဲ့ ပြုပြင် မွမ်းမံမှု လေး လုပ်လိုက်ရုံ နဲ့... နောက်ပိုင်း တစ်ယောက်ယောက် ကများ ဒီဖုန်း ကို ဆယ့်သုံး စက္ကန့် ထက် ကျော်လွန်အောင် ဖုန်းခေါ်ဆို လိုက်တာ နဲ့ တစ်ပြိုင်နက် ဖုန်း က ချက်ချင်း ပေါက်ကွဲ သွားလိမ့်မယ်... သေချာတာ ပေါ့... ဖုန်း တစ်လုံးတည်း ပေါက်ကွဲမှု က သိပ်ပြီး ပြင်းထန်မှာ မဟုတ်ဘူး... ဒါပေမဲ့ ဖုန်း ရဲ့ ဘေးနားမှာ လက်ပစ်ဗုံး လိုမျိုး တခြား ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်း တွေ ချိတ်ဆက်ထားမယ် ဆိုရင်... အရေးကြီးတဲ့ အချိန်ကျမှ ဖုန်းဆက်ပြီး ဖောက်ခွဲ လိုက်ရင်..."
"သောက်ကျိုးနည်း..."
"ဘုရားရေ..."
ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဆွန်း တစ်ယောက် ဖုန်း ဆယ်လုံး တိတိ ဝယ်ယူထားသည်ကို တွေးတောမိသွားသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ လူအားလုံး၏ မျက်နှာ အမူအရာများ ချက်ချင်း ပြောင်းလဲ သွားကြတော့သည်။