အခန်း ၇၆
Vol. 8 Ch. 76
အခန်း ၇၆ ဖန်တနိုင်း
အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းမှ ထွက်လာပြီးနောက် အဝေးထိန်းဗုံး ကိစ္စကို သြဂတ်စ်က အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနထံ အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း ရိုအန်က ပြောပြလိုက်သည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး စိတ်သက်သာရာ ရသွားကြလေသည်။
အားလုံးက အက်ဖ်ဘီအိုင် အဖွဲ့ဝင်များ ဖြစ်ကြရာ သိပ်ပြီး မရင်းနှီးကြသော်လည်း ကိုယ့်လူအချင်းချင်း ထိခိုက် ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းမျိုးကို မည်သူကမျှ မမြင်တွေ့လိုကြပေ။
စုံထောက်များ အားလုံး မိမိတို့၏ ခုံများတွင် ပြန်လည် နေရာယူလိုက်ကြပြီး ပြီးခဲ့သော တစ်လ အတွင်း ဆွန်း၏ လှုပ်ရှားမှု ခြေရာလက်ရာ များကို ထပ်မံ ရှာဖွေရန် ပြင်ဆင်နေကြချိန်တွင် ရက်ဒ်က အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တံခါးကို ရုတ်တရက် တွန်းဖွင့်ကာ ဝင်ရောက်လာလေသည်။ ရက်ဒ်၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"သတင်းကောင်းပဲ အားလုံး... အခင်းဖြစ်ပွားရာ နေရာ ကနေ ရိုအန် ရှာတွေ့ခဲ့တဲ့ အလင်းပေါက် ပလတ်စတစ် အိတ်ငယ်လေး ပေါ်မှာ... လက်ဗွေရာ တစ်ဝက် ပါနေတယ်... တိုက်ဆိုင် စစ်ဆေး ကြည့်လိုက်တော့ ဆွန်း ရဲ့ လက်ဗွေရာ နဲ့ တစ်ထပ်တည်း ကျနေတယ်..."
အစောပိုင်း မြင်းဖြူ ဂိုဏ်း အတွင်းသို့ လျှို့ဝှက် အေးဂျင့် အဖြစ် စတင် ဝင်ရောက်ချိန်က စုံထောက် မာလန်သည် ဆွန်းကို သိပ်မကြီးလေးသော ပြစ်မှု တစ်ခုဖြင့် အကျဉ်းထောင် အတွင်းသို့ အချိန် အတိုင်းအတာ တစ်ခု အထိ ဝင်ရောက် နေထိုင်စေခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ ထံတွင် ဆွန်း၏ လက်ဗွေရာ မှတ်တမ်းများ ရှိနေခြင်း ပင် ဖြစ်လေသည်။
"အရမ်း ကောင်းတာပေါ့..."
"တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ..."
ရက်ဒ်၏ စကားကို ကြားလိုက်ရသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အားလုံး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားကြပြီး ဝမ်းသာအားရ လက်ခုပ်တီး လိုက်ကြတော့သည်။
အရေးပါသော သက်သေ အထောက်အထား ကို ရရှိသွားပြီ ဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် မနက်ဖြန် အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာနနှင့် ဒီအီးအေ တို့၏ ပူးပေါင်း စစ်ဆင်ရေး ပြီးဆုံးသွားချိန်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည်။ ထို့နောက် ဆွန်းကို အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ထံ လွှဲပြောင်း ရယူပြီး အကျဉ်းထောင် အတွင်းသို့ ပို့ဆောင်နိုင်ပြီ ပင် ဖြစ်လေသည်။
ရေကန်တွင်း အမျိုးသမီး အလောင်း ကွင်းဆက် လူသတ်မှုကြီး မှာ ဤနေရာတွင် ရာခိုင်နှုန်း ရှစ်ဆယ်ခန့် ပြီးစီးသွားပြီ ဖြစ်သည်။ စုံထောက်များ အားလုံး ဝမ်းသာ ပျော်ရွှင် သွားကြပြီးနောက် ကိုယ့်နေရာ အသီးသီးသို့ ပြန်လည် နေရာယူလိုက်ကြပြီး အလုပ်ခိုရန် စတင် ပြင်ဆင် ကြတော့သည်။
"ပင်ပန်း သွားပြီ ရက်ဒ်..."
ရက်ဒ်က မိမိ၏ ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ရိုအန်က ရက်ဒ် အတွက် ကော်ဖီ တစ်ခွက် ငဲ့ပေးလိုက်သည်။ ထို့နောက် ပြုံးလျက် မေးမြန်းလိုက်သည်။
"ဒါနဲ့... ခြေရာခံ စစ်ဆေးရေး အဖွဲ့ က လူတွေ က... အဲ့ဒီ အလင်းပေါက် ပလတ်စတစ် အိတ်ငယ်လေး ထဲမှာ အရင်က ဘာတွေ ထည့်ထားလဲ ဆိုတာ စစ်ဆေး တွေ့ရှိသွားပြီလား လို့ သိချင်တယ်..."
"ဘာမှ မပင်ပန်း ပါဘူး... ဓာတ်လှေကား အတက်အဆင်း လုပ်ရုံ သက်သက်ပါပဲ..."
ရေသောက်ရန် အချိန် မရခဲ့သော ရက်ဒ်က ခေါင်းခါယမ်း လိုက်ပြီး ခွက်ထဲရှိ ကော်ဖီ များကို ခေါင်းမော့ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ခါးသက်လွန်းသဖြင့် ရက်ဒ်၏ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ သွားသော်လည်း ပြန်လည် ဖြေကြားလေသည်။
"ရေခဲ မဟုတ်ဘူး... ဟီးရိုးအင်း လည်း မဟုတ်ဘူး... ဖန်တနိုင်း တွေ ဖြစ်နေတယ်..."
ဖန်တနိုင်း သည် မေ့ဆေး သတ္တိရှိသော အကိုက်အခဲ ပျောက်ဆေး တစ်မျိုး ဖြစ်သော်လည်း ဖန်တနိုင်း၏ အာနိသင်မှာ မော်ဖင်း ထက် အဆ ရှစ်ဆယ် မှ တစ်ရာ အထိ ပိုမို ပြင်းထန်ပြီး ဟီးရိုးအင်း ထက် အဆ ငါးဆယ်ခန့် ပိုမို ပြင်းထန်လေသည်။ အဆိပ်သင့်မှု အလွန် ပြင်းထန်သော်လည်း ဈေးနှုန်းမှာ ဟီးရိုးအင်း ထက် အဆပေါင်း များစွာ သက်သာလှလေသည်။
ထို့ကြောင့် နှစ်ထောင့်ခုနှစ် နောက်ပိုင်းတွင် လူမိုက် ဂိုဏ်းဝင် အများအပြား သည် ဟီးရိုးအင်း ထဲတွင် ဖန်တနိုင်း များကို အချိုးကျ ရောနှော လေ့ ရှိကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဆေးစွဲစေမှု အာနိသင် က ပိုမို ကောင်းမွန်လာပြီး ကုန်ကျစရိတ် မှာလည်း များစွာ သက်သာ သွားသောကြောင့် ပင် ဖြစ်လေသည်။
အမေရိကန် နိုင်ငံသား များ အနေဖြင့် မူးယစ်ဆေး သုံးစွဲနေကြသည်မှာ တစ်ရက် နှစ်ရက်မျှ သာ မဟုတ်တော့ပေ။ ဆရာဝန် များ ကလည်း ပြဿနာ တစ်ခုခု ရှိသည်နှင့် အကိုက်အခဲ ပျောက်ဆေးများ ပေးလေ့ ရှိခြင်းမှာ ပုံမှန် အခြေအနေ တစ်ခု ပင် ဖြစ်လေသည်။ ယခု ပလတ်စတစ် အိတ်ငယ်လေး အတွင်း၌ ဖန်တနိုင်း များ ထည့်သွင်းထားကြောင်း ကြားလိုက်ရသောအခါ ရိုအန်က အပိုစကားများ ဆက်မပြောတော့ဘဲ ခေါင်းခါယမ်းကာ မိမိ၏ ကုလားထိုင် ပေါ်သို့ ပြန်လည် ထိုင်ချလိုက်လေသည်။
"ဒါနဲ့... ရိုအန်..."
ကုလားထိုင် ပေါ်သို့ ပြန်လည် ထိုင်ချလိုက်ချိန်မှာပင် ဘေးနားရှိ မိုနာက ရိုအန် ထံသို့ ဖိုင်တွဲ တစ်ခု ကမ်းပေးလာပြီး ခေါင်းစောင်းကာ စကားဆိုလေသည်။
"ဒါက အရင်တုန်းက ဌာနခွဲမှူး ဗီရိုနီးစ် က နင့်ဆီ ပေးခိုင်းထားတဲ့ စာရွက်စာတမ်း တွေပဲ... တောင်းပန်ပါတယ်... ဒီနေ့ တစ်နေကုန် အလုပ်ရှုပ် နေတာ နဲ့ ငါ လုံးဝ မေ့သွားတာ..."
"ကိစ္စ မရှိပါဘူး..."
စာရွက်စာတမ်း များကို လှမ်းယူလိုက်ပြီး ဖိုင်တွဲကို ဖွင့်ကြည့်လိုက်သောအခါ ရိုအန် တစ်ယောက် ချက်ချင်း သဘောပေါက် နားလည် သွားတော့သည်။ ထိုအရာများမှာ ယခင်က ပြောခဲ့ဖူးသော အဖွဲ့ခေါင်းဆောင် ဘရိုဆန် မဖြေရှင်းနိုင်သေးသည့် ဘဏ် ဓားပြတိုက်မှု ကြီး ပင် ဖြစ်လေသည်။
ရိုးသား ဖြူစင်လှသော နယူးယောက် ကဲ့သို့ နေရာမျိုးတွင် လစဉ်လတိုင်း ဘဏ် ဓားပြတိုက်မှုများ ဖြစ်ပွားလေ့ ရှိသည်။ မြို့သူမြို့သား များနှင့် ဘဏ်ဝန်ထမ်း များမှာလည်း အသားကျ နေကြပြီ ဖြစ်ရာ ဓားပြများ ရောက်လာသည်နှင့် မြေပြင်ပေါ်သို့ ချက်ချင်း ဝပ်ချ လိုက်ကြလေသည်။ ဓားပြ အများစု မှာလည်း ငွေကိုသာ လုယက်ပြီး လူမသတ်တတ်ကြချေ။
နယူးယောက် ရဲတပ်ဖွဲ့ လည်း အသားကျ နေပြီ ဖြစ်သည်။ ဘဏ် ဓားပြတိုက် ခံရကြောင်း သတင်း ကြားသည်နှင့် လူအုပ်ကြီးကို လူစုခွဲ ရှင်းလင်း ရင်း တစ်ဖက်မှ အက်ဖ်ဘီအိုင် ထံသို့ ဆက်သွယ် လေ့ ရှိကြသည်။
အက်ဖ်ဘီအိုင် ကမူ ပို၍ပင် အသားကျ နေသေးသည်။ သတင်း ကြားသည်နှင့် အခင်းဖြစ်ပွားရာ နေရာသို့ ကားမောင်း သွားကြပြီး ဓားပြများ ထွက်ပြေး သွားပါက လုံခြုံရေး ကင်မရာ မှတ်တမ်းများကို စစ်ဆေးကာ ဓားပြများ၏ ထွက်ပြေးရာ လမ်းကြောင်းကို ရှာဖွေ ကြလေသည်။ အကယ်၍ ဓားပြများ ထွက်မပြေးနိုင်ဘဲ ဘဏ် အတွင်း ပိတ်မိ နေပါက ဓားစာခံ များကို မသတ်ဖြတ်ရန် ဓားပြများနှင့် စကားစမြည် ပြောဆို ညှိနှိုင်းရင်း တစ်ဖက်မှလည်း ဓားပြများကို ဖမ်းဆီးရန် သို့မဟုတ် ပစ်သတ်ရန် နည်းလမ်း ရှာကြလေသည်။
မှတ်တမ်းများ အရ လွန်ခဲ့သော လဆန်းပိုင်းမှ ယခုလ ပြီးခဲ့သော အပတ် အထိ နယူးယောက် မြို့ရှိ ကွင်းစ် ရပ်ကွက်... ဘရွန့်စ် ရပ်ကွက် နှင့် ဘရွတ်ကလင်း ရပ်ကွက် များရှိ ဘဏ် အချို့သည် စုစုပေါင်း ခြောက်ကြိမ် တိတိ ဓားပြတိုက် ခံခဲ့ရကြောင်း သိရှိရလေသည်။
ဘဏ်၏ လုံခြုံရေး ကင်မရာ မှတ်တမ်း အချို့နှင့် ဓားပြတိုက် ခံရစဉ် အခင်းဖြစ်ပွားရာ နေရာ၌ ရှိနေခဲ့သော ဘဏ်ဝန်ထမ်း များ... ဘဏ်သို့ ကိစ္စ လာရောက် ဆောင်ရွက်သော နယူးယောက် မြို့သူမြို့သား များ၏ ပြောပြချက်များ အရ ဓားပြ စုစုပေါင်း နှစ်ဦး ရှိကြောင်း သိရသည်။ ထိုလူ နှစ်ဦးစလုံး က အမည်းရောင် အင်္ကျီ... အမည်းရောင် ဘောင်းဘီ ဝတ်ဆင်ထားပြီး အမည်းရောင် ခေါင်းစွပ် များနှင့် အမည်းရောင် လက်အိတ် များကိုပါ ဝတ်ဆင် ထားကြလေသည်။
ဓားပြ များထဲမှ တစ်ဦးသည် ဘဏ် အတွင်းသို့ ဝင်ရောက်လာသည်နှင့် အထက်သို့ ချက်ချင်း သေနတ် တစ်ချက် ပစ်ဖောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြား လက်တစ်ဖက် ဖြင့် ဖုန်းတစ်လုံးကို မြှောက်ကိုင်ထားပြီး ထိုဖုန်း အတွင်းမှ ရုပ်မြင်သံကြား အစီအစဉ်များ ထဲတွင် ပါဝင်လေ့ ရှိသော အားလုံး မလှုပ်ကြနဲ့ အစရှိသည့် အသံဖမ်း မှတ်တမ်းများ ထွက်ပေါ် လာလေသည်။ ထို့နောက် ဘဏ်၏ လုံခြုံရေး ကင်မရာ အရှေ့သို့ လျှောက်သွားကာ အမည်းရောင် ဆေးမှုတ်ဘူး ဖြင့် ကင်မရာကို ဆေးမှုတ် ဖုံးကွယ် ပစ်လိုက်တော့သည်။
အခြား ဓားပြ တစ်ဦး ကမူ ဘဏ် အတွင်းသို့ ဝင်ရောက်လာပြီးနောက် အမည်းရောင် အိတ် တစ်လုံးကို ဘဏ်ဝန်ထမ်း ထံသို့ ပစ်ပေးလိုက်သည်။ အခြား လက်တစ်ဖက် တွင်မူ အလင်းပေါက် ဖိုင်တွဲ တစ်ခုကို ကိုင်ဆောင် ထားပြီး ထိုဖိုင်တွဲ အတွင်း၌ သတင်းစာ များမှ ဖြတ်တောက် ထားသော စာသားများ ပါဝင်လေသည်။
ထိုစာသား များ၏ အဓိပ္ပာယ် မှာ ဘဏ်ဝန်ထမ်း ၏ ကိုယ်ရေး အချက်အလက် များနှင့် ဘဏ်ဝန်ထမ်း ၏ မိသားစုဝင် များ၏ ကိုယ်ရေး အချက်အလက် များ ပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ဖုန်း အတွင်းမှ ကြိုတင် အသံဖမ်း ထားသော စကားသံများ ထွက်ပေါ် လာပြန်သည်။
"အခု ချက်ချင်း ပိုက်ဆံ တွေ ထည့်လိုက်... ငါ ပြောတဲ့ အတိုင်း မလုပ်ဘူး ဆိုရင် ဖြစ်ဖြစ်... အချက်ပေး နှိုးဆော်သံ ကို နှိပ်ရဲတယ် ဆိုရင် ဖြစ်ဖြစ်... ဒီအိတ် ထဲမှာ ခြေရာခံ ကိရိယာ ဒါမှမဟုတ် ဆေးရောင်စုံ တွေ ဆေးရောင်စုံ အိတ် တွေ အစရှိတဲ့ ပစ္စည်း တွေ ထည့်ရဲတယ် ဆိုရင် ဖြစ်ဖြစ်... နောက်ပိုင်း ကျရင် တစ်ယောက်ယောက် က မင်းကို လာသတ် လိမ့်မယ်... ဒါမှမဟုတ် မင်းရဲ့ မိသားစုဝင် တွေကို လာသတ် လိမ့်မယ်..."
မိမိ၏ ကိုယ်ရေး အချက်အလက် များနှင့် မိမိ မိသားစုဝင် များ၏ ကိုယ်ရေး အချက်အလက် များကို မြင်တွေ့လိုက်ရသောအခါ ဘဏ်ဝန်ထမ်း မှာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ သွားပြီး စကား နားထောင်ကာ ငွေများ ထည့်ပေး လိုက်ရတော့သည်။ မည်သည့် လက်တက်စမ်းမှု မျိုးကိုမျှ လုံးဝ မလုပ်ရဲတော့ချေ။
အချိန် နှစ်မိနစ်ခွဲ ကုန်ဆုံး သွားပြီးနောက် ဓားပြတိုက်မှု ပြီးဆုံး သွားလေသည်။ အိတ် အတွင်း ငွေများ အပြည့်အဝ ဝင်သည် ဖြစ်စေ... မဝင်သည် ဖြစ်စေ ဓားပြ နှစ်ဦး စလုံးက အိတ်ကို ဆွဲယူကာ တိုက်ရိုက် ထွက်ပြေး ကြလေသည်။ မထွက်ခွာမီ ထိုအလင်းပေါက် ဖိုင်တွဲကို ယူဆောင်သွားရန် လည်း မမေ့လျော့ ခဲ့ကြပေ။
ဘဏ်ဝန်ထမ်း များ အနေဖြင့် အချက်ပေး နှိုးဆော်သံကို မနှိပ်ရဲကြသဖြင့် ဓားပြတိုက်မှု အကြိမ် အတော်များများ တွင် ဓားပြများ ထွက်ပြေး သွားပြီးနောက် မှသာ နယူးယောက် ရဲတပ်ဖွဲ့ က သိရှိကြလေသည်။ အက်ဖ်ဘီအိုင် အနေဖြင့် ဘဏ်သို့ ရောက်ရှိလာချိန် တွင်မူ ထိုဓားပြ နှစ်ဦး မှာ စောစောစီးစီး ပင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
ဖြစ်စဉ် တစ်ခုလုံး တွင် ဓားပြ များကို တားဆီးရန် ကြိုးစားသော ဘဏ် လုံခြုံရေး ဝန်ထမ်း များ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ဖုန်းကို မြှောက်ကိုင်ကာ လုံခြုံရေး ကင်မရာ သို့ ဆေးအမည်း မှုတ်နေသော ထိုဓားပြ က အချိန်တိုင်း ဓားစာခံ တစ်ဦးကို ဖမ်းဆီးထားလေ့ ရှိပြီး ဖုန်း အသံဖမ်း မှတ်တမ်း ဖြင့် လုံခြုံရေး ဝန်ထမ်း ကို ခြိမ်းခြောက် လေ့ ရှိလေသည်။
"မင်း သေနတ် ပစ်လိုက်ရင်... ငါ လည်း ပစ်မှာပဲ..."
လုံခြုံရေး ဝန်ထမ်း မှာလည်း ဘာမှ မတတ်နိုင်သဖြင့် နောက်ဆုံးတွင် ဖုန်း အသံဖမ်း မှတ်တမ်း ထဲမှ စကားများကို နာခံကာ သေနတ်ကို ပေးအပ် လိုက်ရပြီး မြေပြင်ပေါ်၌ ဝပ်နေ လိုက်ရတော့သည်။
ရိုအန် တစ်ယောက် ဆွံ့အသွားရသည်။ အမှု အကြောင်းစုံ ကို ဖတ်ရှု ပြီးနောက် ရိုအန်က ခေါင်းကို ကုတ်လိုက်ပြီး မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပြည့်နှက် နေလေသည်။
'အခုခေတ် ဘဏ် ဓားပြ တိုက်တဲ့ လုပ်ငန်း တွေက... ဒီလောက် တောင် အဆင့်မြင့် လာပြီလား'
"ဒါက မကြာသေးခင် က အဖွဲ့ခေါင်းဆောင် ဘရိုဆန် တာဝန်ယူ ထားတဲ့ အမှု မဟုတ်ဘူးလား..."
ရိုအန် ခေါင်းကုတ် နေသည်ကို မြင်လိုက်ရသောအခါ ဘေးနားရှိ မိုနာက လှည့်ကာ အနားသို့ တိုးလာပြီး တစ်ချက် ကြည့်ရှုလိုက်သည်။ ထို့နောက် သံသယ ဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ... နင် က ဝင်ပါ မလို့လား လို့ သိချင်တယ်..."
ဤဘဏ် ဓားပြတိုက်မှု ကြီးမှာ မကြာသေးမီက အလွန် ဟိုးလေးတကျော် ဖြစ်နေခဲ့သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆယ့်သုံးဖွဲ့ လုံး ရှိ လူတိုင်း က အမှုကို အဓိက ကိုင်တွယ် နေသူမှာ အမှတ် ၁ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ခေါင်းဆောင် ဘရိုဆန် ဖြစ်ကြောင်း သိရှိ ထားကြသည်။ သေချာသည်မှာ ထိုစုံထောက်များ သည် ထိုအခြေခံ သတင်း အချက်အလက် များကိုသာ သိရှိကြပြီး အမှု ဖော်ထုတ်မှု လုပ်ငန်းစဉ် အခြေအနေ နှင့် ဘရိုဆန် အနေဖြင့် အစည်းအဝေး တွင် အမှု ဖော်ထုတ်ရန် အချိန် ကန့်သတ်ချက် တစ်ခု အတင်းအကျပ် သတ်မှတ် ခံလိုက်ရကြောင်း ကိုမူ လုံးဝ မသိရှိ ကြပေ။
"မဟုတ်ပါဘူး... ဒီတိုင်း ကြည့်ရုံ သက်သက်ပါပဲ..."
မိုနာ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်က ခေါင်းခါယမ်း လိုက်ပြီး စကားလမ်းကြောင်း အလျင်အမြန် လွှဲလိုက်သည်။ ခေါင်းလှည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။
"ဒါနဲ့... နင် ဒီည အားလား..."
မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်လုံးများ အတွင်း၌ သတိထား သည့် အရိပ်အယောင် တစ်ချက် ပေါ်ထွက်လာသည်။
"ဘာလုပ် ဖို့လဲ..."
ရိုအန်က အံသွားများ ပေါ်လာသည် အထိ ပြုံးလိုက်ပြီး ယင်ကောင် လက်ပွတ် သကဲ့သို့ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဆိုသည်။
"ငါ က..."
ဘရွတ်ကလင်း ရပ်ကွက်... လမ်းသွယ် တစ်ခု၏ အတွင်းပိုင်း တွင် ဖြစ်လေသည်။
“ဒိုင်း... ဒိုင်း... ဒိုင်း…”
သေနတ်သံ တစ်ချီ ထွက်ပေါ် လာပြီးနောက် ဘရိုဆန် နှင့် မက်သရူး တို့က အမှတ် ၁ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စုံထောက် အချို့ကို ခေါ်ဆောင်ကာ ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ်သော လူမည်း နှစ်ဦးကို အောင်မြင်စွာ ပစ်ခတ် ဖမ်းဆီး နိုင်ခဲ့လေသည်။
လူမည်း နှစ်ဦး မှာ မြေပြင်ပေါ်သို့ ပုံကျ သွားပြီး ငြိမ်သက် သွားကြသည်။ ဘရိုဆန် နှင့် မက်သရူး တို့က သေနတ် ကိုင်ဆောင် ကာ သတိထား၍ အရှေ့သို့ တိုးသွားပြီး စစ်ဆေး ကြည့်လိုက်ကြသည်။ လူမည်း နှစ်ဦး မှာ သွေးထွက်လွန် ပြီး သတိလစ် သွားပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ ဘရိုဆန် က ပြီးစလွယ် တစ်ချက် ကြည့်လိုက်ပြီး သေနတ်ကို ပြန်သိမ်း ကာ အမိန့်ပေး လိုက်သည်။
"လူနာတင်ယာဉ် ခေါ်လိုက်..."
"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."
အမှတ် ၁ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စုံထောက် များ က အခင်းဖြစ်ပွားရာ နေရာ ကို စတင် ရှင်းလင်း ပြီး လူနာတင်ယာဉ် ကို ဖုန်းဆက် ခေါ်ဆို လိုက်ကြသည်။ ဘရိုဆန် က မက်သရူး ကို ခေါ်ဆောင် ကာ ဘေးသို့ ထွက်၍ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးရမည့် လမ်းကြောင်း ကို ဆွေးနွေး တိုင်ပင်ရန် ပြင်လိုက်စဉ်မှာပင် မက်သရူး ၏ ဖုန်း က ရုတ်တရက် မြည်လာတော့သည်။
"ဟလို..."
မက်သရူး က ဖုန်းကို ကောက်ကိုင် လိုက်ပြီးနောက် စက္ကန့် အနည်းငယ် အကြာတွင် မျက်လုံးများ အတွင်း၌ အံ့ဩ မှင်သက် သည့် အရိပ်အယောင် တစ်ချက် ပေါ်ထွက်လာသည်။ ထို့နောက် အံကို တင်းတင်း ကြိတ်ကာ လေးနက်သော လေသံဖြင့် ဆိုသည်။
"အိုကေ... သတင်း ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."
မက်သရူး ၏ မျက်နှာပေါ်ရှိ အမူအရာ ကို မြင်တွေ့လိုက်ရသောအခါ သေနတ်ကို သန့်ရှင်းရေး လုပ်နေသော ဘရိုဆန် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။
"ဘာကိစ္စ တွေ ဖြစ်လာလို့လဲ လို့ သိချင်တယ်..."
ဖုန်းချလိုက်ပြီးနောက် မက်သရူး က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အနည်းငယ် အက်ကွဲ နေသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ခေါင်းဆောင်... ခြေရာခံ စစ်ဆေးရေး အဖွဲ့ က လုပ်ဖော်ကိုင်ဖက် တွေက ကျွန်တော့်ကို ပြောတယ်... အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ က ကွင်းဆက် လူသတ်မှုကြီး ရဲ့ လူသတ်သမား ကို ရှာတွေ့သွားပြီ တဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ဘရိုဆန် ၏ မျက်နှာထား က ချက်ချင်း မည်းမှောင် သွားတော့သည်။ ထို့နောက် သေနတ် ကို မြှောက်ကာ ဘေးနားရှိ အမှိုက်ပုံး အတွင်းမှ အမှိုက်များကို ချိန်ရွယ်၍ ခလုတ် ဆွဲပစ်လိုက်တော့သည်။
“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း…”
စက္ကန့် အနည်းငယ် အကြာတွင် ဒေါသ ထွက်ပေါက် ရှာပြီးသွားသောအခါ ဘရိုဆန် က သေနတ် ကို ပြန်သိမ်း လိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာထား ဖြည်းညင်းစွာ ပြန်လည် ပုံမှန် ဖြစ်သွားကာ လှည့်၍ အခြား လမ်းကြောင်း တစ်ခုဆီသို့ လျှောက်သွား လိုက်လေသည်။ ဘေးနားရှိ မက်သရူး ကလည်း အလျင်အမြန် နောက်မှ လိုက်သွားလေသည်။
"ခေါင်းဆောင်... ကျွန်တော်တို့ နောက်ဆက်တွဲ ဘယ်လို လုပ်ကြမလဲ..."
ဘရိုဆန် ၏ အသံ က အေးစက်နေပြီး စကားလုံး များမှာ တိုတောင်း ပြတ်သား လှလေသည်။
"အမှု ဖော်ထုတ်မယ်... တရားခံ ကို ဖမ်းမယ်…”