အခန်း ၇၉
Vol. 8 Ch. 79
အခန်း ၇၉ ဆေးရုံ
"ဒီတစ်ကြိမ် စစ်ဆင်ရေး အတွက်... တကယ်ကို ကျေးဇူးတင်ပါတယ် ရိုအန်..."
ဖုန်းချလိုက်ပြီးနောက် စံအိမ် အခင်းဖြစ်ပွားရာ နေရာရှိ လူများကို ဖမ်းဆီး ခေါ်ဆောင်မည့် ကိစ္စများကို အကြမ်းဖျင်း စီစဉ် လိုက်သည်။ ထို့နောက် စုံထောက် နော်တန် က ရိုအန် ၏ အနီးသို့ ချက်ချင်း လျှောက်လာပြီး လေးနက် တည်ကြည်သော မျက်နှာထား ဖြင့် ကျေးဇူးတင် စကား ဆိုလေသည်။
ရိုအန် က မနေ့က ဟိုင်အီးနား ဂိုဏ်း ၏ လက်ထဲတွင် အဝေးထိန်းဗုံး များ ရှိနေကြောင်း သတင်း ပေးခဲ့ရုံ သာမက စောစောက စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေချိန်တွင်လည်း နော်တန် ၏ အသက်ကို ကယ်တင် ပေးခဲ့လေသည်။ ယခု အချိန်တွင် နော်တန် အနေဖြင့် ရိုအန် ကို မိမိ ၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ အတွင်းသို့ ဆွဲသွင်း လိုစိတ် များ ပြင်းပြ နေတော့သည်။
"အားနာ စရာ မလိုပါဘူး... စုံထောက် နော်တန်..."
"နော်တန် လို့ပဲ ခေါ်ပါ..."
"ကောင်းပါပြီ... နော်တန်..."
ရိုအန် က အပိုစကားများ မပြောတော့ဘဲ အဝေးတွင် သတိလစ် မေ့မြော နေဆဲ ဖြစ်သော ဆွန်း ကို လက်ညှိုးထိုးပြ ကာ စကားဆိုလေသည်။
"ရက်ဒ် ကို ဆေးရုံ ပို့လိုက်ပြီ ဆိုတော့... အခြေအနေ သွားကြည့် ဖို့ လိုသေးတယ်... ဒီ ဆွန်း ကိုတော့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆီ ကူညီပြီး ပို့ပေး လိုက်ပါ..."
"ပြဿနာ မရှိဘူး..."
နော်တန် က ရင်ဘတ်ကို ပုတ်ကာ ကတိပေး လိုက်သည်။ တစ်ချိန်တည်းမှာပင် ဤအမှု အလုံးစုံ ပြီးဆုံး သွားပါက အတူတကွ အရက် သွားသောက် ရန် ဖိတ်ခေါ် လိုက်ပြီး နော်တန် ကိုယ်တိုင် ဒကာခံ မည်ဖြစ်ကြောင်း ပြောဆို လိုက်လေသည်။
"အိုကေ..."
ရိုအန် က ပြုံးလျက် သဘောတူ လိုက်သည်။ ထို့နောက် လီဗာကို အားကုန် နင်းချ လိုက်ရာ ရှက်ဗရိုလက် ကား က လူနာတင်ယာဉ် ထွက်ခွာ သွားသော လမ်းကြောင်း အတိုင်း အရှိန်ပြင်းစွာဖြင့် မောင်းနှင် သွားတော့သည်။
ဆေးရုံ အတွင်း ခွဲစိတ်ခန်း ၏ မီးရောင် က ခပ်မှိန်မှိန် လင်းလက် နေလေသည်။ အဖွဲ့ခေါင်းဆောင် သြဂတ်စ် မှလွဲ၍ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ လေစီ၊ မိုနာ နှင့် ဝီလျံ အစရှိသော စုံထောက်များ အားလုံး အလျင်အမြန် ရောက်ရှိ နေကြပြီ ဖြစ်လေသည်။
ရိုအန် က စင်္ကြံလမ်း အတွင်း ရပ်နေပြီး ညာဘက် လက်မ နှင့် လက်ညှိုး ကို အဆက်မပြတ် ပွတ်သပ် နေလေသည်။
"ရိုအန်..."
ခဏအကြာတွင် ညာဘက် မျက်လုံး ၌ အရောင်ရင့်ရင့် မျက်လုံးကာ တပ်ဆင် ထားသော အီဗွန်နာ က အလျင်အမြန် လျှောက်လာ လေသည်။ လေစီ၊ ရိုအန် တို့နှင့် အကြမ်းဖျင်း ပွေ့ဖက် နှုတ်ဆက် လိုက်ပြီးနောက် လေးနက် တည်ကြည်သော မျက်နှာထား ဖြင့် မေးမြန်း လိုက်သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ... ရက်ဒ် က ဘာဒဏ်ရာ ရသွားတာလဲ..."
ရိုအန် က ယနေ့ စစ်ဆင်ရေး အကြောင်းကို အကြမ်းဖျင်း ရှင်းပြ လိုက်ပြီးနောက် လေးနက်သော မျက်နှာထား ဖြင့် စကားဆိုလေသည်။
"တောင်းပန်ပါတယ် အီဗွန်နာ... အဲ့ဒီ အချိန်တုန်းကသာ ရက်ဒ် နဲ့ လမ်းခွဲ မသွားခဲ့ဘူး ဆိုရင်..."
"မဟုတ်ဘူး... ဒါက ရက်ဒ် ရဲ့ ကိုယ်ပိုင် ပြဿနာ ပါ... မင်း ရဲ့ အမှား မဟုတ်ပါဘူး..."
ရက်ဒ် ၏ မျက်နှာပေါ်ရှိ အဖြူရောင် အမှုန်အမွှား များ က ဖန်တနိုင်း ဖြစ်နိုင်ချေ များကြောင်း ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ အီဗွန်နာ ၏ မျက်နှာ တစ်ခုလုံး ဖြူလျော် သွားတော့သည်။ သို့သော် ရိုအန် ၏ တောင်းပန် စကားကို ကြားလိုက်ရသောအခါ အီဗွန်နာ က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီး ရင်ထဲရှိ စိုးရိမ် ပူပန်မှု များကို ဖိနှိပ် ကာ တည်ငြိမ်သော လေသံဖြင့် ပြန်လည် ဖြေကြား လေသည်။
"အစတုန်းက ရက်ဒ် ကို အထူးစစ်ဆင်ရေး တပ်ဖွဲ့ ကနေ အတင်းအကျပ် ထွက်ခိုင်း ခဲ့တာ က... သူ က တာဝန် ထမ်းဆောင် တဲ့ အကြိမ် တိုင်း သူ့ရဲ့ အသက် အန္တရာယ် ကို ဂရုမစိုက်ဘဲ အကြီးမားဆုံး အန္တရာယ် ကို ကိုယ်တိုင် ဝင်ခံပြီး... အသင်းဖော် တွေကို သူ့ အနောက် ကနေ အမြဲတမ်း ကာကွယ် ပေးလေ့ ရှိလို့ပဲ..."
"ငါ ဝန်ခံ ပါတယ်... အရင်တုန်းက နယူးယောက် ရဲတပ်ဖွဲ့ မှာ တာဝန် ထမ်းဆောင် နေတဲ့ အချိန် တွေ တုန်းက ဆိုရင်... အတူတူ စစ်ဆင်ရေး ထွက်ရမယ် ဆိုရင် ရက်ဒ် လိုမျိုး အသင်းဖော် မျိုးကို သေချာပေါက် အရမ်း သဘောကျ မိမှာပဲ... ကိုယ့်ရဲ့ ကျောပြင် ကို လည်း သူ့ဆီ ယုံယုံကြည်ကြည် အပ်နှံ ထားရဲတယ်... ဒါပေမဲ့ သူ့ရဲ့ ဇနီး တစ်ယောက် အနေနဲ့ ကျတော့... သူ နေ့တိုင်း အန္တရာယ် တွေ ကြားထဲမှာ သွားလာ နေရတာ ကို လက်ပိုက် ကြည့်မနေ နိုင်ဘူး..."
လက်ထပ် ပြီးနောက် အီဗွန်နာ က ရက်ဒ် ကို အထူးစစ်ဆင်ရေး တပ်ဖွဲ့မှ အတင်းအကျပ် နှုတ်ထွက် စေခဲ့သည်။ သို့သော် ရက်ဒ် တွင်လည်း ကိုယ်ပိုင် ရည်မှန်းချက် များ ရှိနေသဖြင့် နောက်ဆုံးတွင် အက်ဖ်ဘီအိုင် သို့ ဝင်ရောက် ရန် ရွေးချယ် ခဲ့လေသည်။
အီဗွန်နာ က ထိုကိစ္စကို သိရှိသွားသောအခါ အနည်းငယ် မကျေနပ် ခဲ့သော်လည်း အပိုစကားများ မဆိုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေ စိုးမိုးရေး ဌာန တွင် အလုပ်လုပ် ရန် ရက်ဒ် ၏ စွဲလမ်း နေရသည့် အကြောင်းရင်း ကို အီဗွန်နာ ကောင်းစွာ သိရှိ ထားသောကြောင့် ပင် ဖြစ်သည်။ ထို့အပြင် အဓိက ထိုးစစ်ဆင် တိုက်ခိုက် ရသော အထူးစစ်ဆင်ရေး တပ်ဖွဲ့ နှင့် နှိုင်းယှဉ် ပါက အက်ဖ်ဘီအိုင် ၏ အလုပ်တာဝန် များ သည် အန္တရာယ် ပိုမို နည်းပါး လှလေသည်။
"ရက်ဒ် ရဲ့ စရိုက်လက္ခဏာ တွေ ကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် ခွဲစိတ်ခန်း ထဲ ရောက်သွား လိမ့်မယ် ဆိုတာ ကို ငါ သိထားပြီးသား ပါ..."
ထိုနေရာသို့ ရောက်သောအခါ အီဗွန်နာ ၏ မျက်လုံးအိမ် များ နီရဲ လာပြီး ခွဲစိတ်ခန်း ကို စူးစိုက် ကြည့်ကာ စကားဆိုလေသည်။
"ဒါပေမဲ့ အဲ့ဒီ နေ့ က ဒီလောက် မြန်မြန် ရောက်လာ လိမ့်မယ် လို့တော့ ငါ လုံးဝ မထင်ထား ခဲ့မိဘူး..."
"ရက်ဒ် အမြန်ဆုံး သက်သာ လာမှာပါ..."
လေစီ က အီဗွန်နာ ကို တင်းကြပ်စွာ ဖက်ထား ကာ တီးတိုး နှစ်သိမ့် ပေးလိုက်သည်။ ရက်ဒ် အနေဖြင့် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ကြောင်း သိထားသော ရိုအန် ကမူ ဘေးတွင် ရပ်နေပြီး အပိုစကားများ ဝင်ရောက် မပြောတော့ချေ။ ထိုအစား ဌာန သို့ ပြန်ရောက် ၍ ဆွန်း ကို စစ်ဆေး မေးမြန်း သည့် အခါတွင် အရင်ဆုံး မှတ်ဉာဏ် ပြန်လည် ရရှိစေသော ထိုးကြိတ် နှိပ်စက်မှု ကြီး တစ်ခုကို လုပ်ဆောင် ပေးရန်သာ စိတ်ကူးနေလေသည်။
ဆွန်း သည် ရက်ဒ် ကို ချောင်းမြောင်း တိုက်ခိုက် ခဲ့ခြင်းကြောင့် သာမက ဤတစ်ကြိမ် စစ်ဆင်ရေး တွင် ရိုအန် အနေဖြင့် ဆေးရည် သုံးပုလင်း တိတိ အသုံးပြု လိုက်ရသဖြင့် အတော်လေး အရှုံးပေါ် သွားသည် ဟု ခံစား နေရသောကြောင့် ပင် ဖြစ်လေသည်။
သို့သော် ရိုအန် ၏ ထင်ယောင်ထင်မှား ဖြစ်မှု ကြောင့်လား တော့ မသိပေ။ ခံနိုင်ရည်တိုး ဆေးရည် နှင့် ခွန်အားတိုး ဆေးရည် များကို အသုံးပြု ပြီးတိုင်း မိမိ၏ ခန္ဓာကိုယ် စွမ်းရည် များ က တဖြည်းဖြည်း တိုးတက် လာသကဲ့သို့ ခံစား နေရလေသည်။
အထူးသဖြင့် စောစောက အမြန်နှုန်းတိုး ဆေးရည် ကို သောက်သုံး လိုက်ပြီးနောက် ဆေးအာနိသင် ကုန်ဆုံး သွားချိန် တွင် တုံ့ပြန်မှု အမြန်နှုန်း က စစ်ဆင်ရေး ချိန် ကလောက် မမြန်ဆန် တော့သော်လည်း ပုံမှန် အချိန် ထက်တော့ အနည်းငယ် ပိုမို မြန်ဆန် နေသေးကြောင်း သတိထား မိလေသည်။
နောက်ဆက်တွဲ အနေဖြင့် ဆေးအာနိသင် ၏ ကိုးဆယ် ရာခိုင်နှုန်း က ပျောက်ကွယ် သွားမည် ဖြစ်သော်လည်း ဆယ် ရာခိုင်နှုန်း ခန့် ခန္ဓာကိုယ် အတွင်း ကျန်ရစ် နေမည် ဆိုပါက ရိုအန် အနေဖြင့် အရှုံးပေါ်မည် မဟုတ်ပေ။
“တီ”ခနဲ အသံ ရှည်ကြီး တစ်သံ ထွက်ပေါ်လာသည်။
ရိုအန် တစ်ယောက် အတွေးလွန် နေချိန်မှာပင် ခွဲစိတ်ခန်း ၏ တံခါး က ရုတ်တရက် ပွင့်လာခဲ့သည်။ ထိုမြင်ကွင်း ကို မြင်လိုက်ရသည် နှင့် တပြိုင်နက် လူအားလုံး က အလျင်အမြန် ဝိုင်းအုံ သွားကြလေသည်။ အီဗွန်နာ က ဆရာဝန် ၏ လက်ကို အတင်း ဆွဲကိုင် လိုက်ပြီး အလွန် စိုးရိမ် ပူပန် နေသော မျက်နှာထား ဖြင့် မေးမြန်း လိုက်သည်။
"ဆရာဝန်... ကျွန်မ ရဲ့ ခင်ပွန်း က..."
"ခင်ဗျား ရဲ့ ခင်ပွန်း က ဘာပြဿနာ မှ ကြီးကြီးမားမား မရှိပါဘူး..."
ဆံပင် အနည်းငယ် ပြောင်နေသော ဆရာဝန် က မျက်နှာပေါ်ရှိ နှာခေါင်းစည်း ကို ချွတ်လိုက်သည်။ အမူအရာ ကင်းမဲ့စွာ ဖြင့် လက်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီး ရှင်းပြ လေသည်။
"ဆေးရုံ ကို အချိန်မီ ပို့ဆောင် နိုင်ခဲ့တယ်... ပြီးတော့ ခန္ဓာကိုယ် ကျန်းမာရေး ကလည်း သာမန် လူတွေ ထက် ပိုပြီး ကောင်းမွန် နေတဲ့ အတွက်... အခု အသက် အန္တရာယ် ကနေ လွတ်ကင်း သွားပါပြီ... ဆေးရုံ မှာ အချိန် အတိုင်းအတာ တစ်ခု အထိ စောင့်ကြည့် ဖို့ပဲ လိုပါတော့တယ်... နောက်ဆက်တွဲ အနေနဲ့ မူးယစ်ဆေး စွဲသွားမယ့် အလားအလာ လည်း အရမ်း နည်းပါလိမ့်မယ်..."
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ဆရာဝန် ကို တကယ် ကျေးဇူးတင်ပါတယ်..."
ဆရာဝန် ၏ အတည်ပြု စကားကို ကြားလိုက်ရသောအခါ အီဗွန်နာ က ဘေးနားရှိ လေစီ ကို အတင်း ဖက်ကာ ဝမ်းသာလွန်း ၍ မျက်ရည်များပင် ကျဆင်း လာတော့သည်။ ထို့နောက် ဘေးတွင် ရပ်နေသော ရိုအန် ကို မြင်တွေ့ လိုက်ရသောအခါ အနားသို့ ချက်ချင်း တိုးလာပြီး တင်းကြပ်စွာ ဖက်ထား လိုက်သည်။ မျက်နှာ တစ်ခုလုံး ကျေးဇူးတင် သည့် အရိပ်အယောင် များ ပြည့်နှက် နေပြီး စကားဆိုလေသည်။
"တကယ်ကို ကျေးဇူးတင်ပါတယ် ရိုအန်... မင်း သာ အချိန်မီ ရက်ဒ် ကို ဆေးရုံ မပို့ပေး ခဲ့ဘူး ဆိုရင်... ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ငါ တကယ် ကို တွေးတောင် မတွေးရဲဘူး..."
ရိုအန် က အီဗွန်နာ ၏ ပခုံးကို ပုတ်ပေး လိုက်ပြီး နှုတ်ခမ်းထောင့် များ အနည်းငယ် ကွေးတက် သွားလေသည်။
"ရက်ဒ် က ကျွန်တော့် ရဲ့ ညီအစ်ကို အရင်း လိုပါပဲ... ဒါက ကျွန်တော် လုပ်သင့် လုပ်ထိုက် တာကို လုပ်တာပါ..."
ရက်ဒ် ကို ခွဲစိတ်ခန်း အတွင်းမှ တွန်းထုတ် လာချိန် တွင် သတိလစ် မေ့မြော နေဆဲ ပင် ဖြစ်လေသည်။ ရိုအန်၊ လေစီ နှင့် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ မှ အခြား စုံထောက်များ က ရက်ဒ် ကို အကြမ်းဖျင်း ဝင်ရောက် ကြည့်ရှု လိုက်ကြသည်။ ထို့နောက် အီဗွန်နာ အတွက် အချိန် ပေးလိုက်ကြပြီး ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ သို့ ကားမောင်း ကာ ပြန်လည် ထွက်ခွာ လာခဲ့ကြတော့သည်။
ရှက်ဗရိုလက် ကား အတွင်း၌ မိုနာ က နောက်ခန်း တွင် ထိုင်ကာ ကီးဘုတ် ကို အဆက်မပြတ် ခေါက်နှိပ် နေပြန်သည်။ လေစီ ကမူ ခရီးသည် ထိုင်ခုံ တွင် ထိုင်လျက် ရိုအန် နှင့် အေးဆေးစွာ စကားစမြည် ပြောဆို နေလေသည်။
"ရက်ဒ် ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး က အရမ်း ကောင်းလွန်း လို့ပဲ ဖန်တနိုင်း တောင် သူ့ကို အန္တရာယ် မပေးနိုင်တာ လား..."
ဖန်တနိုင်း ၏ ကြောက်မက်ဖွယ် ကောင်းသော အဆိပ်သင့်မှု အာနိသင် ကို ကောင်းစွာ သိရှိ ထားသော လေစီ က နှုတ်ခမ်း တွန့်ကာ အံ့မခန်း ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အနည်းငယ် သံသယ ဖြစ်စွာဖြင့် ဆက်လက် မေးမြန်း လိုက်သည်။
"ဒါမှမဟုတ် ရက်ဒ် ရဲ့ ကံ က အရမ်း ကောင်းနေလို့ ဖန်တနိုင်း တွေကို အများကြီး ရှူမမိ လိုက်တာလား..."
"အကြောင်းရင်း နှစ်ခုစလုံး ပါဝင်တာ ဖြစ်ဖို့ များပါတယ်..."
ရိုအန် ၏ မျက်မှောင်များ တစ်ချက် ပင့်တက် သွားပြီး ထိုအကြောင်းအရာ ကို ဆက်လက် မဆွေးနွေး တော့ဘဲ အခြား မေးခွန်း တစ်ခု ကို ထုတ်မေး လိုက်သည်။
"သြဂတ်စ် ကရော... သူ ဘယ်သွား လို့လဲ..."
ပုံမှန် အားဖြင့် သြဂတ်စ် သည် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ရှိ စုံထောက်များ အပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံ လေ့ ရှိသည်။ ရက်ဒ် ဒဏ်ရာရ ၍ ဆေးရုံ တက်ရသည့် အချိန်တွင် သြဂတ်စ် မလာရောက် ခြင်းမှာ အခြား အရေးကြီးသော ကိစ္စ တစ်ခုခု ရှိနေ၍ လားဟု ရိုအန် တွေးတော နေမိသည်။
"သြဂတ်စ် ကို အစည်းအဝေး ခေါ်သွား လို့ပါ..."
ရိုအန် ၏ မေးမြန်းမှုကို ကြားလိုက်ရသောအခါ လေစီ က ပခုံးတွန့် လိုက်သည်။
"ဒီအီးအေ နဲ့ အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန တို့ ဒီတစ်ကြိမ် လုပ်လိုက်တဲ့ စစ်ဆင်ရေး ကြီး က အသံ အရမ်း ကျယ်လွန်း သွားတယ် လေ... အဲ့ဒါကြောင့် ကိစ္စ ပြီးသွားတာ နဲ့ သတင်းထောက် အများကြီး က အဆောက်အအုံ ရှေ့ကို ပြေးလာပြီး အင်တာဗျူး လုပ်ဖို့ တောင်းဆို နေကြတာ... ဒါပေမဲ့ သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင် မှာ ဌာန နှစ်ခု စလုံး က အကဲဆတ် တဲ့ ပြဿနာ တွေ နဲ့ လျှို့ဝှက်ချက် တွေ အတွက် စကား ညီအောင် အရင် တိုင်ပင် ဖို့ လိုအပ် နေသေးတယ်... အဲ့ဒါကြောင့် အခုထိ အစည်းအဝေး လုပ်နေကြ တုန်းပဲ... နင် နဲ့ ရက်ဒ် ကလည်း ဒီတစ်ကြိမ် စစ်ဆင်ရေး မှာ ပါဝင် ခဲ့တာ ဆိုတော့... သြဂတ်စ် လည်း အစည်းအဝေး ထဲကို ဆွဲခေါ် ခံလိုက်ရတာ ပေါ့..."
လေစီ ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် အကြောင်းစုံ ကို ချက်ချင်း သဘောပေါက် နားလည် သွားတော့သည်။
စစ်ဆင်ရေး မစတင်မီ နော်တန် နှင့် စကားစမြည် ပြောဆို နေချိန်တွင် ဟိုင်အီးနား ဂိုဏ်း စတင် ပေါ်ပေါက် လာကတည်းက ဒီအီးအေ ၏ မျက်စိကျ စောင့်ကြည့် ခြင်းကို ခံခဲ့ရကြောင်း ရိုအန် သိရှိ ခဲ့ရလေသည်။ နောက်ပိုင်းတွင် ဟိုင်အီးနား ဂိုဏ်း က ဤမျှ လျင်မြန်စွာ ကြီးထွား လာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကွန်ရက် ကို အချိန်တို အတွင်း ချဲ့ထွင် နိုင်ခြင်း တို့မှာ နောက်ကွယ်မှ ဒီအီးအေ နှင့် လုံးဝ ပတ်သက်မှု မရှိဟု ဆိုပါက လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။
ထိုသတင်းကို ကြားလိုက်ရသောအခါ ရိုအန် ၏ ဦးနှောက် ထဲတွင် ရန်သူကို မွေးမြူ၍ အကျိုးအမြတ် ထုတ်ခြင်း နှင့် အဆီတဝင်းဝင်း ဖြစ်မှ သတ်ဖြတ်ခြင်း ဟူသော စကားလုံး နှစ်ခွန်း ချက်ချင်း ပေါ်ထွက် လာတော့သည်။
"တကယ်ပဲ... လူမိုက် လမ်းကြောင်း ပေါ် လျှောက်တဲ့ သူတွေ က ဘယ်တော့မှ အဆုံးသတ် မလှ ကြပါဘူး..."
အပြင်ပန်း တွင် စကားညီအောင် အစည်းအဝေး လုပ်သည် ဟု ဆိုသော်လည်း လက်တွေ့ တွင်မူ စစ်ဆင်ရေး ပြီးနောက် သက်သေခံ ပစ္စည်း များကို ခွဲဝေ ရယူ သည့် အကျဉ်းချုပ် အစည်းအဝေးကြီး သက်သက်သာ ဖြစ်လေသည်။
သြဂတ်စ် ၏ မည်းမှောင် နေသော မျက်နှာကြီး ကို တွေးတော လိုက်မိသောအခါ ရိုအန် ၏ နှုတ်ခမ်းထောင့် များ အနည်းငယ် ကွေးတက် သွားလေသည်။ ဤတစ်ကြိမ် တွင် မိမိ အနေဖြင့် မည်သို့သော အကျိုးအမြတ် များ ရရှိဦးမည် ကိုမူ ရိုအန် သေချာ မသိနိုင်သေးချေ။
လီဗာကို အားကုန် နင်းချ လိုက်ပြီးနောက် ရှက်ဗရိုလက် ကား က ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ ရှိရာ လမ်းကြောင်း သို့ အရှိန်ပြင်းစွာဖြင့် မောင်းနှင် သွားတော့သည်။