အခန်း ၈၀
Vol. 8 Ch. 80
အခန်း ၈၀ သဲလွန်စအသစ်
ရိုအန် နှင့် မိုနာ လေစီ တို့ ဓာတ်လှေကား ထဲမှ ထွက်လာသည် နှင့် တပြိုင်နက် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ တံခါးဝ သို့ ရောက်ရှိ နေသော သြဂတ်စ် ကို မြင်တွေ့ လိုက်ရလေသည်။
ရိုအန်တို့ အနောက်မှ စုံထောက်များ ကို မြင်တွေ့ လိုက်ရသောအခါ သြဂတ်စ် က နေရာတွင်ပင် ရပ်တန့် သွားပြီး မေးမြန်း လိုက်သည်။
"ရက်ဒ် အခု ဘယ်လို အခြေအနေ ရှိလဲ..."
"ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး..."
ရိုအန် က ဆရာဝန် ၏ ရောဂါ ရှာဖွေ တွေ့ရှိချက် ကို အကြမ်းဖျင်း ရှင်းပြ လိုက်ရာ သြဂတ်စ် တစ်ယောက် သက်ပြင်းချ ကာ စိတ်သက်သာရာ ရသွားတော့သည်။
စုံထောက်များ ကို ကိုယ့်နေရာကိုယ် ပြန်ထိုင် ရန်နှင့် လုပ်စရာ ရှိသည်များ ကို ဆက်လုပ် ရန် သြဂတ်စ် က လက်ယမ်းပြ လိုက်သည်။ ထို့နောက် ရိုအန် ကို အဖွဲ့ခေါင်းဆောင် ရုံးခန်း ထဲသို့ ခေါ်ဆောင် သွားလေသည်။
"ဒီတစ်ကြိမ် မင်း တကယ်ကို အလုပ်ဖြစ်ခဲ့တာပဲ ရိုအန်..."
ရိုအန် ကုလားထိုင် ပေါ်တွင် ထိုင်လိုက်သည် နှင့် တပြိုင်နက် သြဂတ်စ် က အံသွားများ ပေါ်လာသည်အထိ ရယ်မော လိုက်လေသည်။ အစည်းအဝေး တွင် ပြောဆို ခဲ့သော အကြောင်းအရာများ ကို အသေးစိတ် မရှင်းပြ သော်လည်း နောက်ဆုံး ရလဒ် ကိုမူ ရိုအန် ရှင်းလင်းစွာ ကြားသိ လိုက်ရသည်။
ဤအပတ် အတွက် အခြား စုံထောက်များ ၏ လစာမှာ နှစ်ဆ တိုးလာမည် ဖြစ်ပြီး ရိုအန် ၏ ဆုကြေးငွေ မှာမူ လေးဆ အထိ တက်သွားမည် ဖြစ်လေသည်။ ထို့အပြင် ဟိုင်အီးနား ဂိုဏ်း ကိစ္စ အလုံးစုံ ပြီးဆုံး သွားပြီး ထိုလူများ ကို ထောင်ထဲသို့ ပို့လိုက် နိုင်ပါက အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် ကျေးဇူးဆပ်ငွေ ဒေါ်လာ ငါးသိန်းခန့် ရရှိမည် ဖြစ်ကာ ရိုအန် အနေဖြင့်လည်း ထိုအထဲမှ အချိုးကျ ခွဲဝေ ရရှိဦးမည် ဖြစ်သည်။
ထိုမျှမက သေးဘဲ သြဂတ်စ် က ဌာနခွဲမှူး ဗီရိုနီးစ် ထံမှ အာမခံချက် တစ်ခုကိုပါ ရယူပေး ခဲ့လေသည်။ ရိုအန် အနေဖြင့် ကာလတို အတွင်း နောက်ထပ် အမှု နှစ်ခုကို ဖော်ထုတ် နိုင်ပါက အဆင့် တိုးမြှင့် ခံရပြီး အကြီးတန်း စုံထောက် အဖြစ် ချက်ချင်း ရာထူးတက် မည်ပင် ဖြစ်လေသည်။
ရာထူးတိုးမည့် ကိစ္စကို ရိုအန် က သိပ်ပြီး ဂရုမစိုက် လှချေ။ ရာထူးတိုး သွားလျှင်တောင်မှ လစာက များများစားစား တက်လာမည် မဟုတ်ပေ။ သို့သော် ဆုကြေးငွေ နှင့် အနာဂတ် တွင် ရရှိမည့် ငွေကြေးများ ကြောင့် ရိုအန် ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်ပ သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
"ဒါက မင်း ရသင့်ရထိုက် တာတွေပါ..."
သြဂတ်စ် က လက်ယမ်းပြ လိုက်ပြီး အပိုစကားများ ဆက်မပြော တော့ချေ။ ထို့နောက် မျက်နှာပေါ်ရှိ အပြုံးများ ကို ချက်ချင်း ရုပ်သိမ်း လိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာထား ဖြင့် ရိုအန် ကို ကြည့်ကာ စကားဆိုလေသည်။
"ရိုအန် ဗီရိုနီးစ် ပို့လိုက်တဲ့ သတင်း အရ ဆိုရင် မကြာခင် ငါတို့ အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ ကနေ စူပါစတား စုံထောက် စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်ဖို့ ရှိနေတယ်..."
'စူပါစတား စုံထောက်...'
သြဂတ်စ် ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ စုံထောက် နှင့် စူပါစတား ဆိုသော စကားလုံး နှစ်လုံးကို ပေါင်းစပ် ၍ ရနိုင်မည်လား ဟု တွေးတော မိသွားလေသည်။
ရိုအန် ၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သော အမူအရာ ကို မြင်တွေ့ လိုက်ရသောအခါ သြဂတ်စ် က အသေးစိတ် စတင် ရှင်းပြ လေသည်။
"မင်း လည်း သိတဲ့ အတိုင်းပဲ နယူးယောက် ရဲ့ ပြစ်မှု ကျူးလွန်နှုန်း က အမြဲတမ်း မြင့်မား နေတာလေ ငါတို့ အက်ဖ်ဘီအိုင် အနေနဲ့ နှစ်စဉ် ဖော်ထုတ်နိုင်တဲ့ အမှုတွေ မနည်းဘူး ဆိုပေမဲ့ မဖော်ထုတ် နိုင်တဲ့ အမှုတွေ က ပိုပြီး များနေတယ် အဲ့ဒါကြောင့် နယူးယောက် မီဒီယာ တွေ က ငါတို့ အပေါ် အမြဲတမ်း အမြင် မကြည်ကြဘူး ပြည်သူ တွေရဲ့ အခွန်ငွေ တွေကို ဖြုန်းတီး နေတယ် လို့ပဲ အမြဲတမ်း ပြောနေကြတာ..."
နယူးယောက် ရဲတပ်ဖွဲ့ လည်း အဆဲခံရလေ့ ရှိသော်လည်း အမှုအခင်းများ ၏ ကြီးမား သေးငယ်မှု အပေါ် မူတည်၍ ရဲတပ်ဖွဲ့ ကို ဆဲဆိုကြသူ အများစုမှာ သာမန် ပြည်သူပြည်သားများ သာ ဖြစ်ကြလေသည်။
အက်ဖ်ဘီအိုင် ကိုင်တွယ် ဖြေရှင်းရသော အမှုများမှာမူ အနည်းငယ် ထူးခြားလေ့ ရှိပြီး ချမ်းသာကြွယ်ဝသူများ အာဏာပိုင်များ နှင့် ထိတွေ့ဆက်ဆံရသည် က ပိုများလေသည်။ ထို့ကြောင့် အမှု မဖော်ထုတ် နိုင်ပါက အက်ဖ်ဘီအိုင် ကို အရည်အချင်း မရှိဟု ဝေဖန် ဆဲဆိုကြသူ အများစုမှာ ထိုအထက်တန်းလွှာများ သာ ဖြစ်ကြလေသည်။
သြဂတ်စ် ၏ စကားကို ရိုအန် နားလည် သွားသော်လည်း စူပါစတား နှင့် စုံထောက် ဆိုသော စကားလုံး နှစ်လုံး မည်သို့ ပေါင်းစပ်သွားမည် ကိုမူ သဘောမပေါက် သေးချေ။ အထက်လူကြီးများ က ရာခိုင်နှုန်း ပြည့် အမှုဖော်ထုတ်နိုင်တဲ့ စုံထောက် တစ်ယောက် ရဲ့ ပုံရိပ် ကို တည်ဆောက်ချင် နေတာများလား ဟု ရိုအန် တွေးတော လိုက်မိသည်။
ရိုအန် က သံသယဖြစ်စွာဖြင့် စကားဆိုလေသည်။
"ဘယ်သူကမှ ကိုယ့်ကိုယ်ကိုယ် ရာခိုင်နှုန်း ပြည့် အမှုဖော်ထုတ် နိုင်တယ် လို့ မပြောရဲဘူး လေ အက်ဖ်ဘီအိုင် က အထက်လူကြီး တွေ ဒီသဘောတရား ကို မသိဘူး ဆိုတာ ကျွန်တော် လုံးဝ မယုံဘူး..."
"သေချာတာပေါ့..."
သြဂတ်စ် က ခေါင်းညိတ် ထောက်ခံလိုက်သည်။ အထက်လူကြီးများ က ဤအချက်ကို သေချာပေါက် သိထားကြသဖြင့် ရာခိုင်နှုန်း ပြည့် အမှုဖော်ထုတ်နိုင်သော ပုံရိပ်ကို တည်ဆောက်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း ရှင်းပြလေသည်။
"ဒီ စူပါစတား စုံထောက် စီမံကိန်း ဆိုတာ က တကယ်တမ်း ကျတော့ ရုပ်ရည် ချောမောတဲ့ စုံထောက် တချို့ကို ရွေးချယ်ပြီး ပြင်ပ မီဒီယာ တွေ ဆီမှာ အမှု ဖော်ထုတ်တဲ့ ဖြစ်စဉ် တွေကို ရှင်းပြခိုင်း ဖို့ပဲ တကယ်တမ်း အမှု ဖော်ထုတ်ခဲ့တဲ့ စုံထောက် အစစ် တွေ ကတော့ မီဒီယာ တွေ ရှေ့ကို ထွက်လာမှာ မဟုတ်ဘူး..."
"ဘာဗျ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် ၏ မျက်နှာ တစ်ခုလုံး အံ့ဩ မှင်သက်သွားတော့သည်။
"အထက်လူကြီး တွေ ရူးသွားကြပြီလား တကယ် အမှု ဖော်ထုတ် နိုင်ခဲ့တဲ့ စုံထောက် တွေရဲ့ ကြိုးစားမှု ရလဒ် တွေကို ဒီ အရုပ်လှလှ လေးတွေ ဆီ လုယူခိုင်း မလို့လား..."
ဤကဲ့သို့သော ကိစ္စမျိုး ပေါ်ပေါက်လာပါက ရိုအန် အနေဖြင့် အမှုတိုင်းကို ဖော်ထုတ်နိုင်မည်ဟု ရင်ဘတ်ကို ပုတ်ကာ အာမခံ ရဲမည် မဟုတ်ပေ။ သို့သော် ထို စူပါစတား စုံထောက် ဆိုသူများ အနေဖြင့် အလုပ်ဆင်းပြီးနောက် နောက်ကွယ်မှ သေနတ်ဖြင့် အပစ်ခံရမည် ဆိုသည်ကိုတော့ ရိုအန် ရာခိုင်နှုန်း ပြည့် အာမခံ ရဲလေသည်။
"မင်း တွေးတာ လွန်သွားပြီ ရိုအန်..."
ရိုအန် ၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ် ၏ မည်းမှောင်နေသော မျက်နှာကြီးပေါ်တွင် မျက်လုံးပြူး သွားသည့် အမူအရာ ပေါ်ထွက်လာသည်။ အက်ဖ်ဘီအိုင် အထက်လူကြီးများ အနေဖြင့် ထိုသို့ လုပ်ဆောင်ရန် လုံးဝ မဖြစ်နိုင်သဖြင့် ဆက်လက် ရှင်းပြလေသည်။
"အဲ့ဒီ စူပါစတား စုံထောက် ဆိုတဲ့ သူတွေ က သတင်းထောက် တွေကို ရင်ဆိုင် ဖြေရှင်းဖို့ သက်သက် ဟန်ပြ အရုပ် တွေပဲ မင်း နားလည်လား သူတို့ က အမှု ကို သူတို့ ကိုယ်တိုင် ဖော်ထုတ် ခဲ့တာပါ လို့ ပြောမှာ မဟုတ်ဘူး စုံထောက် တချို့ ကိုယ်စား မီဒီယာ တွေ ရှေ့ကို ထွက်လာပြီး သတင်းထောက် တွေရဲ့ မေးခွန်း တွေကို ဖြေကြားပေးရုံ သက်သက်ပဲ..."
"ဒါဆို အမှု ဖော်ထုတ် ပြီးသွားတဲ့ အခါ ရလာမယ့် ဂုဏ်ကျေးဇူး တွေ နဲ့ ဆုကြေးငွေ တွေ ကရော..."
"တကယ် အမှု ဖော်ထုတ် ခဲ့တဲ့ စုံထောက် တွေပဲ ဆက်ရမှာပေါ့..."
သြဂတ်စ် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန် တစ်ယောက် မျက်စိ မျက်နှာ ပျက်သွားရသည်။ စီမံကိန်း တစ်ခုလုံးက အားနည်းချက်များ ပြည့်နှက်နေသည်ဟု ခံစားလိုက်ရသည်။
တကယ်တမ်း အမှုဖော်ထုတ်နိုင်ခဲ့သော စုံထောက်များ အနေဖြင့် ဆုကြေးငွေကို ရရှိခဲ့သော်လည်း မီဒီယာများ၏ အင်တာဗျူး ခံယူခွင့်ကိုမူ ရုပ်သိမ်းခံလိုက်ရလေသည်။ ရုပ်ဖြောင့်ဖြောင့် လူငယ်လေး တစ်ဦးက ကိုယ်စား ရုပ်မြင်သံကြားပေါ်တွင် တက်လာပြီး အမှုဖော်ထုတ်မှု လုပ်ငန်းစဉ်များကို အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောဆိုနေသည်ကို မြင်တွေ့ရသောအခါ ထိုစုံထောက်၏ ရင်ထဲတွင် မည်သို့ ခံစားရမည်ကို နတ်ဒေဝါများသာ သိနိုင်မည် ဖြစ်လေသည်။ အခွင့်အရေး ရသည်နှင့် ထိုလူငယ်လေးကို နောက်ကွယ်မှ သေနတ်ဖြင့် တိတ်တဆိတ် ပစ်သတ်မိမလား ပင် မသိနိုင်ချေ။
ထို့အပြင် ဤကဲ့သို့သော ကိစ္စမျိုးက ဘာများ အသုံးဝင်မည်နည်း။ တကယ်တမ်း ဖြေရှင်းရမည့် အဓိက ပြဿနာမှာ အမှုဖော်ထုတ်နိုင်မှု ရာခိုင်နှုန်းကို မြှင့်တင်ရန် မဟုတ်ပါလား။
သြဂတ်စ် ကိုယ်တိုင်လည်း ဤကိစ္စကို အားကိုးရမည်ဟု မထင်ထားချေ။ ထို့ကြောင့် ယနေ့ ရိုအန် ကို အဓိက သတိပေးရန် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး လေးနက်သော မျက်နှာထားဖြင့် စကားဆိုလေသည်။
"မင်း က မကြာသေးခင် ကမှ စွမ်းဆောင်ရည် တွေ အရမ်း ကောင်းနေသလို ရုပ်လုံးရုပ်ပေါက် ကလည်း ငါ နဲ့ သိပ်မကွာ လောက်အောင် ချောမော နေတော့ လူတချို့ ရဲ့ မျက်စိကျ တာကို ခံနေရပြီ သူတို့ က မင်း ကို ဒီ စူပါစတား စုံထောက် စီမံကိန်း ထဲ ဝင်လာဖို့ ဖိတ်ခေါ် လိမ့်မယ် ဟန်ပြ သက်သက် မဟုတ်ဘဲ ရာခိုင်နှုန်း ပြည့် အမှုဖော်ထုတ် နိုင်တဲ့ တကယ့် စူပါစတား စုံထောက် အစစ် တစ်ယောက် အဖြစ် မင်း ကို ကြွေးကြော် ခိုင်းချင် ကြိမ့်မယ်..."
လိမ်လည် လှည့်စား မခံရစေရန်နှင့် ထိုလူများ၏ မြှူဆွယ်မှု နောက်သို့ ပါမသွားစေရန် သတိပေးခြင်း ပင် ဖြစ်လေသည်။ ရိုအန် တစ်ယောက် အကြောင်းစုံကို ချက်ချင်း သဘောပေါက် သွားပြီး သြဂတ်စ် ဤကိစ္စကို ပြောပြရခြင်း၏ တကယ့် ရည်ရွယ်ချက်ကို နားလည် သွားတော့သည်။
ရိုအန် က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး နေရာမှ ထကာ သြဂတ်စ် အတွက် ကော်ဖီ တစ်ခွက် ငဲ့ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ကျွန်တော် ကတော့ တိတ်တဆိတ် လေးပဲ အမှု ဖော်ထုတ်ပြီး တိတ်တဆိတ် လေးပဲ ပိုက်ဆံ ရှာချင်တာပါ နာမည်ကြီး တာမျိုး ကို လုံးဝ မဖြစ်ချင်ပါဘူး..."
"ကောင်းတယ်..."
သြဂတ်စ် က ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရိုအန် ပြောသော စကားမှာ တကယ့် ရင်တွင်းခံစားချက် ဖြစ်ကြောင်း သြဂတ်စ် ကောင်းစွာ သိမြင် နေလေသည်။
အမေရိကန် နိုင်ငံ၏ ကျယ်ဝန်းလှသော မြေပေါ်တွင် အရူးများ သို့မဟုတ် ဦးနှောက် မမှန်သူများ အများအပြား ရှိနေလေသည်။ အကယ်၍ အက်ဖ်ဘီအိုင် ကသာ ရာခိုင်နှုန်း ပြည့် အမှုဖော်ထုတ်နိုင်သော စုံထောက် တစ်ဦးကို တကယ် တည်ဆောက်လိုက်မည် ဆိုပါက ထိုလူများက နည်းလမ်း မျိုးစုံဖြင့် လူသတ်ကြတော့မည် ပင် ဖြစ်လေသည်။ လူအများအပြားကို သတ်ဖြတ်ပြီး ထူးဆန်း အံ့ဩဖွယ်ကောင်းကာ ကြောက်မက်ဖွယ်ရာ အမှုအခင်းများကို ဖန်တီးပြီးနောက် ထိုစုံထောက်ကို လာရောက် ဖော်ထုတ်ခိုင်း ကြမည်မှာ အသေအချာပင် ဖြစ်လေသည်။
အထူးသဖြင့် အမေရိကန် မြေပေါ်ရှိ သရဖူမဲ့ ဘုရင် ဟု တင်စားခေါ်ဝေါ် ကြသော မီဒီယာ သတင်းထောက်များ ပင် ဖြစ်လေသည်။ လူကြည့်နှုန်း များစေရန် အတွက် အကဲဆတ်သော အကြောင်းအရာ အချို့မှလွဲ၍ ကျန်သည့် မည်သည့် အကြောင်းအရာ ကိုမဆို ရဲရဲဝံ့ဝံ့ ပြောဆိုရဲကြသူများ ဖြစ်သည်။ ထိုစုံထောက်ကို ရှားလော့ဟုမ်းစ် ကဲ့သို့ အမွှမ်းတင် ရေးသားကြမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်စရာ အကြောင်း မရှိပေ။ သို့သော် ထိုစုံထောက် အနေဖြင့် အမှု တစ်ခုခုကို မဖော်ထုတ် နိုင်ခဲ့လျှင် သို့မဟုတ် အမှုဖော်ထုတ်သည့် လုပ်ငန်းစဉ်တွင် အမှားအယွင်း တစ်ခုခု ဖြစ်ပေါ်ခဲ့လျှင် တွေးကြည့်ရုံမျှဖြင့်ပင် ကြောက်ခမန်းလိလိ ဖြစ်လေသည်။
ရိုအန် အနေဖြင့် အမှုအခင်းများကို ဖော်ထုတ်ကာ ဆုကြေးငွေနှင့် ကျေးဇူးဆပ်ငွေများကို ရှာဖွေပြီး ယခု ဘဝကို ကောင်းမွန်စွာ ဖြတ်သန်း အနားယူ လိုရုံ သက်သက်သာ ဖြစ်လေသည်။ ထိုအရူးများနှင့် ဉာဏ်ရည် ယှဉ်ပြိုင် တိုက်ခိုက်ရန် လုံးဝ စိတ်ကူး မရှိချေ။ တိတ်တဆိတ် ပိုက်ဆံရှာခြင်း ကသာလျှင် အကောင်းဆုံး လမ်းစဉ် ပင် ဖြစ်လေသည်။
"ဒေါက် ဒေါက် ဒေါက်..."
အဖွဲ့ခေါင်းဆောင် ရုံးခန်း တံခါး ခေါက်သံ ထွက်ပေါ်လာသည်။ ရိုအန် နှင့် သြဂတ်စ် တို့ လှည့်ကြည့်လိုက်ရာ လေစီ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
"သံသယရှိသူ ဆွန်း ကို စစ်ကြောရေး အခန်း ထဲ ပို့ထားလိုက်ပြီ..."
"အိုကေ..."
လေစီ ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် က သြဂတ်စ် ကို ခေါင်းညိတ်ပြလိုက်ပြီး နေရာမှ ချက်ချင်း ထကာ အဖွဲ့ခေါင်းဆောင် ရုံးခန်း အတွင်းမှ ထွက်ခွာ လာခဲ့လေသည်။
သို့သော် စစ်ကြောရေး အခန်း တံခါးဝသို့ မရောက်မီမှာပင် ဖုန်းတစ်ကော ရုတ်တရက် ဝင်လာခဲ့သည်။ ရိုအန် က ကြည့်လိုက်ရာ စုံထောက် နော်တန် ဖြစ်နေလေသည်။
ဖုန်းလက်ခံ ခလုတ်ကို နှိပ်လိုက်ပြီးနောက် ရိုအန် က ရယ်မောလိုက်ကာ စကားဆိုလေသည်။
"ဟလို..."
"ခင်ဗျား တို့ ပင်ပန်း သွားပါပြီ ငါတို့ အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ က သံသယရှိသူ ဆွန်း ကို အောင်မြင်စွာ လက်ခံ ရရှိပါပြီ သူ အခု ငါတို့ ရဲ့ စစ်ကြောရေး အခန်း ထဲမှာ ရောက်နေပါပြီ..."
တစ်ဖက်လူ အနေဖြင့် သံသယရှိသူ ကို အောင်မြင်စွာ လွှဲပြောင်း ရယူနိုင်ခြင်း ရှိမရှိ လာရောက် မေးမြန်းသည် ဟု ရိုအန် ထင်မှတ်ထားခဲ့လေသည်။
ဖုန်းတစ်ဖက်ခြမ်းရှိ နော်တန် က အံသွားများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး အနည်းငယ် ထူးဆန်းသော လေသံဖြင့် မေးမြန်းလေသည်။
"ငါတို့ စောစောက ပြစ်မှု ကျူးလွန်သူ တွေကို စစ်ဆေး မေးမြန်း တဲ့ အချိန် မှာ သတင်း အသစ် တစ်ခု သိလိုက်ရတယ် ရိုအန်..."
"မင်း တို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ က မကြာသေးခင် က ကွင်းဆက် ဘဏ် ဓားပြတိုက်မှု ကြီး တစ်ခု ကို စုံစမ်း နေတာ မဟုတ်လား…”