← Chapters

စောင့်ကြပ်သူ

Vol. 91 Ch. 1253

စောင့်ကြပ်သူ

Vol. 91 Ch. 1253

ဝမ်လင်း၏ စိတ်က ထိုလူငယ်သုံးယောက်ကို ကျော်၍ အကွာအဝေးတစ်ခုထံ ဆက်သွားသည်။ သိပ်မကြာခင်တွင် သူက တောင်ထိပ်ကို မြင်၏။ ထိုမြင့်မားသည့် တောင်ထိပ် ပတ်လည်တွင် မည်သည့်အတားအဆီးမှ ရှိမနေချေ။ မြူများသည်ပင် တောင်ထိပ်ကနေ ခပ်ဝေးဝေးတွင်သာ ရှိသည်။

ဝမ်လင်းစိတ် ရောက်ရှိလာ၏။ သို့သော် သူ ဝင်ရောက်ရန် ပြင်ချိန်၌ အလွန်အမင်းအစွမ်းထက်သည့် နတ်ဘုရားအာရုံတစ်ခု ထိုးထွက်လာသည်။ ထိုနတ်ဘုရားအာရုံက ဝမ်လင်း၏စိတ်နှင့် ထိပ်တိုက်တွေ့သည်။

ဝမ်လင်း၏ စိတ်ထဲ၌ တိတ်တဆိတ်အသံတစ်ခု ပဲ့တင်ထပ်သည်။ စောနက ရှုပ်ထွေးနေသော အတွေးများက ချက်ခြင်း ပြန်ကြည်လင်လာ၏။

“ငါ ဒီလိုမျိုးသန့်စင်လှတဲ့ နယ်ပယ်ကို မြင်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီပဲ…”

တောင်ထံကနေ သုန်မှုန်သော နတ်ဘုရားအာရုံစကား တစ်ခု ထွက်လာ၏။ ထိုအခိုက်အတန့်၌ ပိုအစွမ်းထက်သည့် နတ်ဘုရားအာရုံက ဝမ်လင်းထံ ရောက်ရှိလာသည်။

သည်အခိုက်တွင် လောကသည်ပင် အရောင်ပြောင်း၍ ခုနစ်ရောင်စုံအလင်းပါ နောက်ဆုတ်ရ၏။ ထိုနတ်ဘုရားအာရုံက လက်တစ်ဖက်အဖြစ် ပြောင်းလဲ၍ ဝမ်လင်း၏စိတ်ကို ဖမ်းဆုပ်ရန် ကြိုးစားလာသည်။

သို့ရာတွင် ၎င်းနတ်ဘုရားအာရုံ ရောက်လာချိန်၌ ဝမ်လင်း၏စိတ်က မြန်မြန်ဆန်ဆန် နောက်ဆုတ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လောကတစ်ခုလုံး ဝေဝေဝါးဝါး ဖြစ်သွားသကဲ့သို့ အစစ်အမှန် မဟုတ် ဖြစ်လာသည်။

လေဟာနယ်အတွင်းကနေ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ အဖြူရောင်ဆံပင်နှင့်အဘိုးအိုတစ်ယောက်သည် တောင်ထိပ်ကနေ လှမ်းလျှောက်ထွက်လာ၏။ သူက လေဟာနယ်ထဲကို ကြည့်ကာ ရှေ့သို့ တဟုန်ထိုး ထွက်လာသည်။ ထို့နောက် သူက ညာလက်ကို မြှောက်၍ ရှေ့ကို ရိုက်ချသည်။

ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ ပုံရိပ်ယောင်များစွာ ပျက်စီး၍ လုံးဝ လွင့်ပြယ်သွားသည်။

“မင်းက ဒီအဘိုးအိုရှေ့မှာ ဘာမဟုတ်တဲ့ ပုံရိပ်ယောင်တွေ အသုံးပြုဝံ့တယ်ပေါ့။ မင်းက ငါ့တံခါးဝကို ဒီလက်ဆောင် ယူလာမှတော့ နေဦး…။ဒီအစစ်အမှန်နယ်ပယ်က ဉာဏ်အလင်းရသူတွေထက် အဆတစ်ရာ ပို သန်မာတယ်…”

အဘိုးအိုက ထိုသို့ ပြောလိုက်ရင်း သူက ပို၍ နီးကပ်လာ၏။ သူ့ညာလက်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်ဟု ထင်ရကာ ဝမ်လင်းထံ လှမ်းလာသည်။ သူ့လက်ဝါးချက်တွင် ဝမ်လင်း၏ စိတ်ကို တွန့်ကြေ၍ ဆွဲငယ်သည့် အစွမ်းထက်စုပ်အားတစ်ခု ပါဝင်နေဟန် ရသည်။

ဝမ်လင်း၏စိတ်သည် မြန်ဆန်စွာ ကျုံ့လာကာ ပုံရိပ်ယောင်ပုံရိပ်တစ်ခု ဖြစ်ပေါ်သည်။ သူက ထိုအဘိုးအိုကို စူးစိုက်ကြည့်၏။ သို့သော် စကားတော့ မဆိုပေ။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းရာ ခုနစ်ရောင်စုံနယ်မြေထဲ၌ သူ စွန့်ပယ်ခဲ့သည့် တာအိုဆန္ဒအားလုံးဟာ သူ့ကိုယ်သူထံ တရကြမ်း တိုးဝင်လာသည်။

သည်တာအိုဆန္ဒများက အတောမသပ်ပေ။ ၎င်းတို့က တရကြမ်း တိုးဝင်လာရင်း ခုနစ်ရောင်စုံနယ်မြေအတွင်းရှိ မြူများအားလုံးမှာ တဝီဝီလှည့်လည်၏။ ခုနစ်ရောင်စုံအလင်းသည်ပင် မှိန်ဖျော့သွားရသည်။ တာအိုဆန္ဒများ စုစည်းမှုက ချက်ခြင်းလိုလို ကြောက်မက်ဖွယ်အဆင့် ရောက်လာသည်။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၍ တာအိုဆန္ဒများကို ဧရာမဝဲကတော့အသွင် ဖြစ်စေသည်။ ထိုအဖြစ်က အဘိုးအိုကို အလေးအနက် ဖြစ်သွားစေကာ သူ့ဧရာမလက်ကို ရပ်တန့်၏။

“ငါက တာအိုကို ဆင်ခြင်နေခဲ့ပြီး ငါ့စိတ်ဟာ ပြန့်ကြဲနေတာ။ ငါ ရောင်းရင်းကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းကို နှောက်ယှက်လိုစိတ် မရှိပါဘူး…”

ထိုအဆုံးမဲ့တာအိုဆန္ဒများက ဝမ်လင်း၏ ခန္ဓာကိုယ်ကို ဝန်းရံသည်။ ပို၍ ဗရမ်းဗတာဆန်သည့်တာအိုဆန္ဒများက စုဝေးလာချေသည်။ ၎င်းတို့က ဝမ်လင်း၏ စိတ်ကနေ ပုံရိပ်ဖြစ်ပေါ်လာခြင်းကို ကာကွယ်ပေးသည်။

အဘိုးအိုက ဝမ်လင်း၏ပုံရိပ်ယောင်ပုံရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။ သူက ခုလိုမျိုး ဗရမ်းဗတာတာအိုဆန္ဒများကို သိပ်သည်းစေနိုင်သည့် စိတ်မန္တာန်ကို လုံးဝ မမြင်ဖူးခဲ့ပေ။

အနည်းငယ်စဉ်းစားပြီးနောက် အဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့၍ ဖြည်းဖြည်းချင်း ပြောသည်။ “ဒီတစ်ခါတော့ ရှိစေတာ့…နောက်ထပ်မဖြစ်စေနဲ့…”

သူက သူ့လက်ကို ဝေ့ယမ်းကာ တောင်ထံသို့ ပြန်သွားလေသည်။ ထို့နောက် သူ့နတ်ဘုရားအာရုံကိုလည်း ပြန်ရုတ်သိမ်းသွား၏။

ဝမ်လင်းက နောက်ဆုတ်သည်။ သူ့ဘေးပတ်လည်ရှိ တာအိုဆန္ဒများနှင့်အတူ သူက နယ်မြေကို ဖြတ်လာကာ တောင်ကြားထဲရှိ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်သည်။

ခဏအကြာတွင် သူက ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု တစ်ခု ဖျပ်ခနဲ ပေါ်သည်။ ထိုအဘိုးအိုကသာ သူ့ကို ထိုနေရာတွင် ဆက်နေစေဖို့ ဆုံးဖြတ်ခဲ့ပါက ဝမ်လင်းသည် တာအိုဆန္ဒများနှင့်အတူ တန်ပြန်ရပေလိမ့်မည်။

မတ်တပ်ထရပ်ကာ ဝမ်လင်းက ကောင်းကင်ထက်သို့ လက်ညွှန်သည်။အဆုံးမဲ့တာအိုဆန္ဒများသည် တောင်ကြားထဲသို့ တရကြမ်း တိုးဝင်သည်။ ခုနစ်ရောင်စုံနယ်မြေမှ တာအိုဆန္ဒများသည် တရကြမ်း တိုးဝင်လာကြကာ ဝမ်လင်း၏ ညာလက်ထဲတွင် အနက်ရောင်အလင်းလုံးတစ်လုံးအဖြစ် သိပ်သည်းသည်။

ခဏအကြာတွင် ဝမ်လင်း ဖြန့်ကြဲခဲ့သော တာအိုဆန္ဒများအားလုံးသည် ထိုအနက်ရောင်အလင်းလုံးထဲတွင် စုဝေးသည်။ တောင်ကြားအပြင်ဘက်ရှိ အသိမဲ့သူများအားလုံးသည် ထပ်မံ စိတ်ရှုပ်ထွေးသွားကာ လူခွဲသွားကြတော့သည်။ ဉာဏ်အလင်းရသူများလည်း ခပ်တိုးတိုး ရေရွတ်၍ လွင့်မြော၍ ထွက်သွားလေသည်။

အဆင့်ဆယ့်နှစ်သားရဲများသည်ပင် မိန်းမောနေရာကနေ ပြန်ကြည်လင်လာကြကာ ဟိန်းသံများပေး၍ ထွက်သွားကြလေ၏။ တောင်ကြားအပြင်ဘက်ရှိ အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အရှင်ဟွေစုန်၏မျက်နှာက ဖြူရောနေလျက် သူ မြန်မြန်ဆန်ဆန် နောက်ဆုတ်လေ၏။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ရာ ထိုအနက်ရောင်အလုံးကနေ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် ၎င်းသည် အနက်ရောင်သလင်းကျောက်အဖြစ် ပြောင်းသွားသည်။ ဝမ်လင်းက ထိုသလင်းကျောက်ကို ကိုင်၍ ကြည့်၏။ သည်အရာကား ဆေးလုံးများ၏ တာအိုဆန္ဒများကနေ ဖြစ်ပေါ်လာခဲ့သည့် ရတနာပင်။ ၎င်းက အလွန်အစွမ်းထက်သည့် ရတနာလည်း ဖြစ်သည်။ ၎င်းသာ ပျက်စီးသွားပါက တာအိုဆန္ဒများစွာ တရကြမ်း ထိုးထွက်လာပြီး နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားကိုပါ ပျက်စီးစေဖို့ လုံလောက်ပေ၏။

“သူ ဘာကို စောင့်ကြပ်နေတာလဲ…” ဝမ်လင်းက စတင် စဉ်းစား၏။ သူက ထိုဆံဖြူအဘိုးအိုအကြောင်း တွေးနေသည်။ ထိုအဘိုးအို သူ့အား မတိုက်ခိုက်ခဲ့ခြင်းက သူ တစ်ခုခုနှင့် ပတ်သတ်၍ ပူပန်နေရခြင်းက သိသာနေပေ၏။ ထိုအဘိုးအိုသည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သည်။သို့သော် သူက ထိုတောင်တွင် တစ်ကိုယ်တည်း နေနေရ၏။ သူက သူဟာ တစ်ခုခုကို စောင့်ကြပ်ပေးနေခြင်း မဟုတ်ကြောင်း ပြောလာလျှင်လည်း ဝမ်လင်းက ယုံမည် မဟုတ်ပေ။

“လူငယ်ကျင့်ကြံသူ သုံးယောက်လည်း ရှိသေးတယ်။ သူတို့ထဲက တစ်ယောက်ကို ငါ အရင်က မြင်ခဲ့ဖူးတယ်။ သူ ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းက မျက်မှောင်ကြုတ်နေ၏။

“ဒါပေမဲ့လည်း ဒီနေရာဟာ အုပ်စိုးသူ နဲ့ ပတ်သတ်နေတာ။ အဲ့ဒီတော့ သူ ဒီမှာ ပေါ်လာတာ နားလည်နိုင်တဲ့ အရာပဲ…” ဝမ်လင်းက ကောင်းကင်ထက်ကို ကြည့်သည်။သူက တည်ငြိမ်လှ၏။ သူ့ထံကနေ ထည်ဝါလေးနက်မှု ပေးစွမ်းနေချေသည်။

“ငါ့နယ်ပယ်ဟာ အရိုးစုပေါ်က ကျမ်းစာတွေကို မြင်ခဲ့တဲ့အချိန်မှာ အဆင့်ချိုးဖျက်သွားခဲ့ပြီ။ ငါ ဒါကို နည်းနည်း အသားကျအောင် လုပ်ဖို့ပဲ လိုတော့တယ်။အဲ့ဒီနောက် ငါ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ကို တက်လှမ်းနိုင်ပြီ…”

ဝမ်လင်းက အသက်ခပ်ဝဝရှုသွင်း၏။ သူ့အကြည့်က အတားအဆီးများ အပြင်ဘက်သို့ ရောက်ရှိသွားသည်။သူက လှမ်းလျှောက်လာ၏။

အတားအဆီးများ လှိုင်းထသွားပြီး ဝမ်လင်းလည်း တောင်ကြားအပြင်ဘက်တွင် ပေါ်လာ၏။ သူက အရှင်ဟွေစုန် ထွက်ပြေးသော နေရာကို ကြည့်၍ အလင်းတန်းအလား လိုက်တော့သည်။

“အရှင်ဟွေစုန်က ပြန်ကောင်းမွန်သွားခဲ့ပြီး ငါ့ကိုတောင် ရှာနိုင်ခဲ့တာပဲ။ သူက ငါ့ကို အရိုးထဲကနေ မုန်းနေတာ။ ဒါ့ကြောင့် သူ့ကို လွတ်သွားခွင့် မပြုနိုင်ဘူး။ဒါ့အပြင် ကျောက်စိမ်းပုလင်းထဲက အနက်ရောင်အရည် အကြောင်းနဲ့ ဒီနေရာကနေ ထွက်ခွာနိုင်တဲ့ နည်းလမ်း သူ့ရှိကနေ သိအောင် လုပ်ရအုန်းမယ်…”

ဝမ်လင်းသည် နောက်ကနေ လိုက်လာ၏။

အရှင်ဟွေစုန်သည် တစ်လမ်းလုံး တရောသုန်းပါး သွားနေ၏။ သူ့မျက်နှာမှာလည်း တစ်ချိန်လုံး ဖြူရောနေသည်။ သူ့စိတ်နှလုံးထဲတွင် ဒေါသပြည့်နေ၏။ သူက သူ့ဒဏ်ရာများ ပြန်ကောင်းသည်နှင့် သည်လုအမည်ရသူ(ဝမ်လင်း)ကို လွယ်လွယ် သတ်ပစ်နိုင်ပြီဟု တွေးထားခဲ့၏။ သူက စစ်မာမို၏ လှိုဏ်ဂူအတွင်း ဝင်ရောက်ရန်ပင် အတားအဆီးကို ချိုးဖျက်ဖို့ အားအချို့စိုက်ထုတ်ပြီးခဲ့လေပြီ။ သို့သော်ငြားလည်း သူ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း ရောက်လာချိန်၌ သူ့တာအိုနှလုံးသား ဖမ်းယူခြင်း ခံရကာ သူ့စိတ်ပါ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

အထူးသဖြင့် သူ အဆုံးမဲ့တာအိုဆန္ဒများအတွင်း ရောက်သွားချိန်တွင်ပင်။ ဝမ်လင်း၏ စိတ် ဖြတ်သန်းသွားချိန်၌ သူ့စိတ်မှာ တုန်ယင်ခဲ့ရသည်။ သူက ဝမ်လင်း ဉာဏ်အလင်းရရှိခဲ့ကာ သူ့နယ်ပယ်သည်ပင် တိုးတက်လာတာကို ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။ဖြစ်နိုင်သည်က သူ့ကျင့်ကြံမှုအဆင့်ပါ တိုးတက်လာနိုင်သေး၏။

ထိုအကြောင်းကို တွေးနေရင်း အရှင်ဟွေစုန်၏ စိတ်နှလုံးသည် အေးစိမ့်မှုကို ခံစားရ၏။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် မတိုးတက်လာခင်မှာပင် သူက သူပိုင်ဆိုင်သမျှ အစွမ်းကုန် အသုံးပြုမှ နှစ်ဖက်လုံး ဒဏ်ရာအပြင်းအထန် ရခြင်းနှင့် တိုက်ပွဲကို အဆုံးသပ်ခဲ့ရ၏။ ခုချိန် ဝမ်လင်းသာ အဆင့်ချိုးဖျက်ပြီးခဲ့ပါက သူတို့သာ ထပ်တိုက်ခိုက်ရလျှင် သံသယမရှိ သူ သေဆုံးသွားရပေလိမ့်မည်။

အရှင်ဟွေစုန်က ခါးသက်သက် ခံစားနေရပြီး ကောင်းကင်ထက်သို့ မကျေမနပ် အော်ဟစ်လိုက်၏။ သူက နှစ်များစွာ ပြင်ဆင်ထားခဲ့ရ၏။ သို့သော် သူသည် ကျရှုံးခဲ့ပြီကို ဝန်ခံရတော့သည်။ သူသာ ဆက်တိုးနေပါက သူ့အသက်ကိုပါ သည်နေရာတွင် ထားခဲ့ရနိုင်ပေသည်။

အရှင်ဟွေစုန်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာ အမုန်းတရားများ ပြည့်နေ၏။ သူက ဝမ်လင်းကို အသွေးအသားကနေ ဝါးမြိုပစ်ချင်သည့်အထိ မုန်းတီးနေပေပြီ။

“ဒီလူဟာ ငါ့အားစိုက်ထုတ်မှုအားလုံးကို ဖျက်စီးပစ်ခဲ့တယ်။ ကျောက်အမည်ရ အဘွားအိုလည်း ရှိသေးတယ်။ သူသာ ငါ့ရှိကနေ ကျောက်စိမ်းပုလင်းကို လုယူခဲ့တာကြောင့် မဟုတ်ရင် ဒီလုဆိုတဲ့သူ အခုလို အခွင့်အရေး ရသွားခဲ့မှာ မဟုတ်ဘူး။ ထားလိုက်ပါတော့…ထားလိုက်ပါတော့လေ…”

အရှင်ဟွေစုန်သည် အတော် ဒေါသထွက်နေပေပြီ။ သို့သော်လည်း သူ့ထံ၌ သုန်မှုန်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့သာ ပိုလာတော့သည်။

“ငါ ဒီကျောက်စိမ်းပုလင်းကို ထပ်မလိုချင်တော့ဘူး။ မင်းတို့ ဒါကို ယူချင်သပဆို ယူသွားကြတော့။ ငါ ဒီခုနစ်ရောင်စုံနယ်မြေကနေ ထွက်သွားတာနဲ့ ငါ ဒီနေရာကို လုံးဝ ချိပ်ပိတ်ခဲ့မယ်။ ငါ ဒီခုနစ်ရောင်စုံအက်ကြောင်းကိုလည်း ဖျက်စီးပစ်မယ်။ဒါမှ မင်းတို့အားလုံး ဒီထဲမှာ ထာဝရ ပိတ်လှောင်ကျန်ခဲ့မှာ။ ဒါမှ ငါ့ဒေါသလည်း နည်းနည်းပါးပါး လျော့သွားလိမ့်မယ်။ ဒီလုဆိုတဲ့သူဟာ ဖန်းသဲချိုက်ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေခဲ့ပြီးမှာ သေချာတယ်။ ဒါပေမဲ့ ဖန်းသဲချိုက်ဟာ ဒီကနေ ထွက်သွားလို့ရတဲ့ နည်းလမ်းအစစ်အမှန်ကို မသိဘူး။ သူက ငါ သူ့ကို ပေးသိချင်တဲ့ဟာပဲ သိထားခဲ့တာ…”

“မင်းတို့ ဒီနေရာမှာပဲ ထာဝရ ပိတ်မိနေလိုက်ကြတော့…” အရှင်ဟွေစုန်သည် အပြင်ဘက်ဒေသသို့ အလျင်အမြန် သွားနေ၏။

သူက သည်လမ်းကြောင်းကို နှစ်ကြိမ်တိုင် သွားခဲ့ဖူးရာ ရင်းနှီးနေပေပြီ။ အသိမဲ့သူများနှင့် ကြုံရမှာ ပူပန်နေခြင်းကြောင့် မဟုတ်လျှင် သူသည် သည့်ထက်ပိုမြန်မြန် သွားနိုင်သည်။

သို့ရာတွင် သူ ရှေ့သို့ သွားနေရင်း သူ့ခန္ဓာကိုယ်က တုန်ယင်ကာ ရုတ်တရက် သူက နောက်လှည့်ကြည့်သည်။ အကွာအဝေးတစ်ခု၌ ဝမ်လင်း၏ ပုံရိပ် ပေါ်လာ၏။ ထိုအဖြစ်က အရှင်ဟွေစုန်၏ စိတ်နှလုံးကို စိမ့်သွားစေသည်။

သူက အရှိန်တင်ကာ ရှေ့ဆက်တိုး၏။

ဝမ်လင်းက အရှင်ဟွေစုန်၏ ပုံရိပ်ကို ကြည့်နေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ သူ့ရှေ့တွင် ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို ပေါ်လာ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အရှင်ဟွေစုန်ထံ လက်ညွှန်သည်။

“တည်နေရာပြောင်းလဲခြင်း…” ထိုသို့ ဆိုလိုက်သည်နှင့် အလင်းတစ်ခု အရှင်ဟွေစုန် ပတ်လည်တွင် ရုတ်တရက် ပေါ်လာ၏။ အရှင်ဟွေစုန်က ချက်ခြင်း ပျောက်ကွယ်ကာ ဝမ်လင်းနှင့် နေရာခြင်း ချိန်းသွားလေသည်။

အရှင်ဟွေစုန်က သူ့အမြင်ဝေဝါးသွားသည်ဟုသာ ခံစားမိလိုက်၏။ သူ့အမြင် ပြန်ကြည်လင်လာချိန်တွင် သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။ အရှင်ဟွေစုန် ဝမ်လင်း၏မန္တာန်ကြောင့် ရှုပ်ထွေးသွားခိုက် ဝမ်လင်း၏ အကွာအဝေးက သူနှင့် ပိုနီးလာသည်။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ လေဟာနယ်ထဲ ရိုက်ချသည်။ သူ့ဘယ်လက်ဖြင့်လည်း သူ့ညာလက်နောက်သို့ လက်ညွှန်၏။ မူလစွမ်းအင်သည် သူ့လက်ဝါးထဲ စီးဝင်လာပြီးနောက် အရှင်ဟွေစုန်ထံ တဟုန်ထိုး ဝင်ရောက်သည်။

ထိုအရာများမှာ လျှပ်တပြတ်အတွင်း ဖြစ်သွားခဲ့ခြင်းတည်း။စိတ်ကူးနိုင်သည်ထက်ပင် မြန်နေသေး၏။ အရှင်ဟွေစုန်သည် ဝမ်လင်းထံ၌ ဤသို့ တည်နေရာချိန်းပစ်နိုင်သည့် ရတနာမျိုး ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ချေ။ သူ သဘောပေါက်သွားချိန်၌ ပြင်းထန်သောမူလစွမ်းအင်က သူ့နား ရောက်လာခဲ့ပေပြီ။

သူ့မျက်လုံး သူငယ်အိမ်ပါ ကျုံ့သွား၏။ သူက စူးစူးရှရှအော်ဟစ်၏။ သွေးစဦးစိတ်ဝိညာဉ်ခုနစ်ခု ပေါ်လာကာ သူ့မျက်ခုံးနှစ်ခုကြားရှိ လျှပ်စီးအမှတ်အသားလည်း သိပ်သည်းလာသည်။ ထိုအမှတ်အသားက ခပ်စူးစူးတောက်ပကာ သူ့ထံ တိုးဝင်လာသည့် မူလစွမ်းအင်ဆီ တိုးဝင်သွားသည်။

မြေပြင်ထုအက်ကွဲစေလောက်အောင် တုန်ဟည်းသံ ဖြစ်ပေါ်၏။ သည်နေရာနှင့် သိပ်မဝေးသော နေရာရှိ လှိုဏ်ဂူတစ်ခုအတွင်း၌ ချန်ထျန်ကျွင်းက လှမ်းလျှောက်လာ၏။ သူက ဝမ်လင်းနှင့်အရှင်ဟွေစုန်တို့ကြား တိုက်ပွဲကို ကြည့်ကာ မင်သက်မိနေသည်။

***

All Chapters