← Chapters

တာအိုအဆီအနှစ်

Vol. 92 Ch. 1255

တာအိုအဆီအနှစ်

Vol. 92 Ch. 1255

စစ်မာမိုလှိုဏ်ဂူတည်ရှိသည့် တောင်ကြားထဲတွင် မူလစွမ်းအင်များစွာ ပြည့်နှက်နေသည်။ မူလစွမ်းအင်တို့က ဝဲကတော့အသွင် ဖြစ်ပေါ်လျက် တောင်ကြားထက်တွင် မြောလွင့်လေ၏။ ထိုဝဲကတော့အောက်တွင် ဝမ်လင်း ရှိသည်။

ခုနစ်ရောင်စုံနယ်မြေ၏ သမိုင်းက ဆန်းကြယ်လှသည်။ သည်နေရာတွင် အန္တရာယ်များ၊ထူးဆန်းသောအရာများနှင့် ပြည့်နှက်နေ၏။ သို့ရာတွင် ဝမ်လင်းအတွက် ကြီးမားသည့် အခွင့်အရေးတစ်ခုလည်း ရှိပေသည်။

သူက အရှင်ဟွေစုန်၏မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် သည်ခုနစ်ရောင်စုံနယ်မြေအကြောင်း ပိုသိလာခဲ့သည်။ သူက ကျောက်စိမ်းပုလင်းထဲမှ အနက်ရောင်အရည်ကို အသုံးပြုပုံနှင့် သည်နေရာက ထွက်ခွာရန်နည်းလမ်းတို့ကိုပါ ရှာတွေ့ခဲ့ပေ၏။

သူသာ နိဗ္ဗာနသန့်စင်ခြင်း အစောပိုင်းအဆင့်ကနေ အလယ်ပိုင်းအဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိသေးပါက ချီတုံချတုံ ဖြစ်မိနိုင်သေးသည်။ တကယ်တော့ ဝမ်လင်းသည် အရှင်ဟွေစုန်၏မှတ်ဉာဏ်များမှ တစ်ဆင့် သည်နေရာရှိ အန္တရာယ်များအကြောင်း ပိုနားလည်လာခဲ့ပြီ ဖြစ်၏။ ပို၍အရေးကြီးသည်က သည်ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်းရှိ တောင်တစ်လုံးမှ တည်ရှိမှုအကြောင်းကိုလည်း သိထားခြင်းပင်။

သို့ရာတွင် ဝမ်လင်း၏နယ်ပယ်က အဆင့်ချိုးဖျက်ပြီးခဲ့လေပြီ။ထို့အတွက်ကြောင့် သူက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ရောက်ရှိဖို့ရန် မူလသလင်းကျောက် လုံလုံလောက်လောက် စုပ်ယူဖို့သာ လိုတော့သည်။ ထိုအချိန်ကျလျှင် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့် ဆိုလျှင် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူများကို အခက်အခဲမရှိ သတ်နိုင်ပေမည်။ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူများကသာ သူ့အတွက် စိန်ခေါ်မှု ဖြစ်နိုင်ပေလိမ့်မည်။

“ငါသာ နိဗ္ဗာနသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နိုင်ခဲ့ရင် ဒီနိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် မွန်းစတားအိုတွေလည်း ငါ့ ပြိုင်ဘက် မဟုတ်တော့ဘူး…” ဝမ်လင်းက အသက်ခပ်ဝဝရှုသွင်း၏။ မူလစွမ်းအင်များစွာ သူ့ခန္ဓာကိုယ်ထဲ တရကြမ်း တိုးဝင်လာကြသည်။ ၎င်းစွမ်းအားများသည် ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရလေ၏။

သူ့မူလစိတ်ဝိညာဉ်မှာလည်း ကျင့်ကြံနေလျက်ရှိ၏။

မူလစွမ်းအင်များ ပိုပို ဝင်ရောက်လာလေလေ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ် အရွယ်အစားလောက် ကြီးမားလာတော့၏။ ရုတ်တရက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့အကြည့်က တောက်ပသည့်ကြယ်များအလား ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်လေသည်။

သူ မျက်လုံးဖွင့်လာခိုက်၌ သူ့ဘေးပတ်လည်ရှိ မူလစွမ်းအင်များစွာသည် ဖုန်မှုန့်အဖြစ်သို့ ပျက်စီးပြီး ဝမ်လင်း ဘေးပတ်လည်တွင် အဝန်းအဝိုင်းအဖြစ် ဖြစ်ပေါ်သည်။

နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်။

ဝမ်လင်းက ပြုံး၏။ လေတဝကြီး မှုတ်ထုတ်ပစ်သည်။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းရာ ကျောက်စိမ်းပုလင်းတစ်ခု ပေါ်လာသည်။ ထိုပုလင်းမှာ အရှင်ဟွေစုန်ထံမှ သူ လုယူခဲ့သော ပုလင်း ဖြစ်၏။

“တာအိုကို ဝါးမြိုဖို့ အသိမဲ့သူတွေကို အသုံးပြုတယ်။ တာအိုကို အားသစ်သွန်းဖို့ ဉာဏ်အလင်းရသူတွေကို အသုံးပြုတယ်။ ဒီအားသစ်သွန်းထားတဲ့ တာအိုကိုတော့ ကျောက်ပြားလေးခုက စုပ်ယူတယ်။ အဲ့ဒီနောက် ကျောက်ပြားအောက်မှာ ရှိတဲ့ အရိုးစုပေါ်မှာ ရေးထွင်းထားတဲ့ ကျမ်းစာဟာ ဒီတာအိုကို အံ့မခန်းအားအဖြစ် ပြောင်းလဲစေခဲ့တယ်။ ဒီအားကို အသုံးပြုပြီး အရိုးစုရှိကနေ ဒီအနက်ရောင်သွေးကို ထုတ်ယူတာပဲ။ ဒါပေမဲ့ ဒါဟာ သွေးမဟုတ်ဘူး။ ဒီလူ(အရိုးစု)ရဲ့ တာအိုအဆီအနှစ် ဖြစ်တယ်…”

ဝမ်လင်း၏ မျက်လုံးက တောက်ပနေ၏။ သည်အချက်က သူ အရှင်ဟွေစုန်ထံမှ ရခဲ့သည့် အရေးပါလွန်းသော အကြောင်းအရာပင်။ အရှင်ဟွေစုက သည်အကြောင်းအရာကို မည်သို့ သိလာခဲ့သနည်းတော့ သူလည်း မသိပေ။

တကယ်တော့ အရှင်ဟွေစုန်က နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ့အပေါ် စိတ်ဝိညာဏ်ရှာဖွေခြင်းမန္တာန် အသုံးပြုတာ ချို့ယွင်းချက် ရှိပေသည်။ ဝမ်လင်းက သူ့ထံကနေ အရာအားလုံး မရရှိနိုင်လိုက်ပေ။

“ဒီတာအိုအဆီအနှစ်ရဲ့ သော့ချက်ဟာ ဒီတစ်ဝက်တပျက်ပဲ ရှိတဲ့ အရိုးစုရဲ့ ပုံရိပ်ပဲ။ ငါ မြင်ခဲ့ရသလောက် ကျောက်ပြားနှစ်ခု ရှိခဲ့ပြီ။ တစ်ခုစီရဲ့အောက်မှာ တစ်ဝက်တစ်ပျက်အရိုးစု တစ်ခုစီ ရှိနေလောက်တယ်။ဒါ့ကြောင့် ဒီအရိုးစုဟာ လူတစ်ယောက်ကို ကိုယ်စားပြုတယ်…”

“ဒီလူဟာ အလွန်ကျော်ကြားခဲ့တဲ့သူ ဖြစ်ရမယ်။ သူ ဘယ်လို အသက်ခံခဲ့ရလဲ၊ ဒါမှမဟုတ် ဘယ်သူက သူ့အရိုးစုကို တူးဆွခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ဒီလူရဲ့ တာအိုအဆီအနှစ်ကို အတင်းအကြပ် ထုတ်ယူဖို့ ကောင်းကင်ပါ တုန်လှုပ်သွားစေနိုင်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ကြတာပဲ။ ငါသာ သူ့တာအိုအဆီအနှစ်ကို သောက်သုံးလိုက်ရင် ငါ သူ့တာအိုကို ရရှိနိုင်လိမ့်မယ်…”

“အရိုးစုပေါ်မှာ ရေးထွင်းခဲ့တဲ့ စာသားတွေကတော့ နောက်ပိုင်းမှ ဖြစ်လိမ့်မယ်။ မန္တာန်ကို ကျမ်းစာအဖြစ် ပြောင်းလဲပြီး ဒီလိုကြောက်မက်ဖွယ် အကြံရှိတဲ့သူဟာ အလွန်အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်မှာပဲ။ သူက ဘယ်သူများလဲ…”

“ဒါပေမဲ့ ဒီတာအိုအဆီအနှစ်ဟာ ချက်ခြင်း မစုပ်ယူနိုင်ဘူး။ လူတစ်ယောက်က ဒါကို သောက်လိုက်တာနဲ့ အချိန်ဘယ်လောက်ကြာမှန်းမသိ အိပ်ပျော်သွားလိမ့်မယ်။ အရှင်ဟွေစုန်ရဲ့ အစီအစဉ်က သူဟာ ကျိန်းသေပေါက် လုံခြုံတဲ့နေရာတစ်ခုကို ရှာပြီးမှ ဒီတာအိုအဆီအနှစ်အရည်ကို သောက်မလို့၊ ပြီးရင် သူ ပြန်နိုးလာတဲ့အချိန်ကို စောင့်နေမယ်ဆိုတဲ့ စိတ်ကူးပဲ။ ဒါ့ကြောင့် သူက အစိမ်းရောင်ဝတ်စုံအဘွားအိုနဲ့ တိုက်ခိုက်နေတဲ့အချိန်အတွင်း ဒီအဆီအနှစ်ကို မသောက်သုံးခဲ့တာ…”

အရှင်ဟွေစုန် ရွေးချယ်ထားသည့် နေရာက ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်းမှ တောင်တစ်လုံး ဖြစ်သည်။ အရှင်ဟွေစုန်၏ မှတ်ဉာဏ်ထဲ၌ ထိုတောင်တွင် ဆံဖြူအဘိုးအို ရှိနေသည့် အကြောင်း မပါဝင်ခဲ့ပေ။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက သူ့ဘယ်လက်ထဲရှိ ပုလင်းကို စူးစိုက်ကြည့်နေမိသည်။

“စိတ်ဝင်စားစရာပဲ။ ဒီနေရာမှာရှိတဲ့ အရာအားလုံးဟာ ကျောက်ပြားတွေ စုပ်ယူဖို့အတွက် တာအိုကို ထုတ်ပေးနေတဲ့ပုံ ပေါက်နေတယ်။ ကြမ်းကြုတ်တဲ့သားရဲတွေတောင် အတူတူပဲ။ ဒီမှာ အဆင့်ဆယ့်သုံးသားရဲတွေ ဘာကြောင့် မရှိလဲဆိုတော့ ဒီသားရဲအားလုံးဟာ အသက်ခံရပြီး သူတို့ရဲ့ တာအိုစိတ်ဝိညာဉ်တွေ ယူဆောင်ခြင်း ခံလိုက်ရတာကြောင့် နေမယ်…”

“ဒီအရာအားလုံးဟာ ဒီကျောက်စိမ်းပုလင်းထဲမှာ ရှိတဲ့ တာအိုအဆီအနှစ်အတွက်ကြောင့်ပဲ။ ဒါပေမဲ့ တာအိုအဆီအနှစ်ကို ရဖို့အတွက် အခုလို လုပ်ခဲ့တဲ့ အစွမ်းထက်ကျင့်ကြံသူရဲ့ ရည်ရွယ်ချက်ဟာ ဒါကို သောက်သုံးပစ်ရုံလောက် ရိုးရှင်းနေမှာ မဟုတ်ဘူး…

“ဟိုတောင်ပေါ်မှာ ရှိတဲ့ အဘိုးအိုကလည်း တစ်ခုခုကို စောင့်ကြပ်နေတာ။ သူ စောင့်ကြပ်နေတဲ့ အရာဟာ ဒီအရာအားလုံးနဲ့ ချိတ်ဆက်နေလောက်တယ်…” ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူက ပုလင်းကို ပြန်သိမ်းဆည်းသည်။

“စစ်မာမို မှတ်တမ်းတင်ခဲ့တဲ့ ကျောက်စိမ်းပြားတွေထဲမှာတော့ ကျောက်ပြားလေးခု ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ငါ့စိတ်နဲ့ ဖြတ်သန်းသွားခဲ့ချိန်တုန်းက ငါဟာ နှစ်ခုကိုပဲ တွေ့ခဲ့တာ။ ဒီကျောက်ပြားတွေထဲက တစ်ခုရဲ့ အောက်မှာဆို အရိုးစုတစ်စုလည်း မရှိဘူး။ ဒါမှမဟုတ် ဒီအရိုးစုအောက်မှာ ကျောက်စိမ်းပုလင်းလည်း ရှိမနေခဲ့ဘူး…။ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တောင်ပေါ်ရှိ လှိုဏ်ဂူကိုးခုကို ကြည့်သည်။ သူက ပထမဆုံးသုံးခုကိုသာ စစ်ဆေးကြည့်ရသေး၏။ သို့သော် စစ်ဆေးကြည့်ခဲ့ပြီးသော်လည်း သူက ၎င်းတို့ကို မဖွင့်လှစ်ခဲ့ရသေးပေ။ သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားကာ လေးခုမြောက်လှိုဏ်ဂူရှေ့သို့ ရောက်သွားသည်။

သူက သူ့ညာလက်ကို ထိုလှိုဏ်ဂူကို ချိပ်ပိတ်ထားသည့် ကျောက်တုံးပေါ်သို့ တင်၏။ သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင် မြင့်တက်လာသည်။ သူက ကျောက်တုံးကို ညင်သာစွာ ဖိရာ တစီစီအသံများ ထွက်ပေါ်လာသည်။ ၎င်းကျောက်တုံးပေါ်ရှိ အတားအဆီးများအားလုံးမှာ ပျက်စီးသွားကာ ဘေးတစ်ဖက်သို့ ရွှေ့သွားလေ၏။

ကျောက်တုံး ဖယ်ရှားသွားချိန်တွင် ဝမ်လင်း၏ အကြည့်က အတွင်းဘက်သို့ ကျရောက်သည်။ သူက မျက်မှောင်ကြုတ်သွား၏။

လေးခုမြောက်လှိုဏ်ဂူတွင် လုံးဝ ဗလာကျင်းနေပေ၏။

လှိုဏ်ဂူထဲသို့ လှမ်းဝင်ကာ ဝမ်လင်းသည် ပတ်ပတ်လည်ကို သေသေချာချာ ကြည့်သည်။ သို့သော် သူက ဘာတစ်ခုမှ မတွေ့သေးချေ။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ငါးခုမြောက်လှိုဏ်ဂူဆီ ရောက်လာသည်။ ထိုလှိုဏ်ဂူပေါ်တွင်လည်း အတားအဆီးတစ်ခု ချိပ်ပိတ်ထား၏။ ၎င်းမှာ အချိန်အတားအဆီး ဖြစ်နေ၏။ အတားအဆီးလှိုင်းများက အလွန်အမင်း အစွမ်းထက်နေသည်။

ထိုအတားအဆီးကို ချိုးဖျက်ဖို့ရာ ခက်ခဲလှ၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ချိပ်ဟန်များ ဖြစ်စေရာ အတားအဆီးများ ချက်ခြင်း ပေါ်လာသည်။ သူ့လက်ကို ကျောက်တုံးပေါ်သို့ တင်လိုက်ရင်း အတွင်းမှ တုန်ဟည်းသံတစ်ခု ထွက်ပေါ်လာကာ လှိုင်းတွန့်များစွာ ချက်ခြင်း ပေါ်လာသည်။

ကျောက်တုံးက ကြည်လင်ပြတ်သား သွားခိုက်၌ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက ကြည်လင်သော ကျောက်တုံးကို ဖြတ်မြင်ရချိန်တွင် လှိုဏ်ဂူအတွင်းဘက်ရှိ သူ မြင်လိုက်ရသည့် အရာကြောင့် မင်သက်သွားမိသည်။

ထိုလှိုဏ်ဂူတွင် လူများ ရှိနေ၏။

လှိုဏ်ဂူအတွင်း၌ စိတ်ရှုပ်ထွေးစွာ လမ်းလျှောက်နေကြသည့် ကျင့်ကြံသူလေးယောက် ရှိနေ၏။ ထိုသူတို့၏ ဝတ်စုံများမှာ စုတ်ပြက်၍ အမွှေးအမျှင်များလည်း ရှိမနေ၊ သူတို့က မျက်လုံးသေများနှင့် ရှိနေကြသည်။

လှိုဏ်ဂူ၏ အောက်ခြေတွင် အစီအရင်တစ်ခု ရှိသည်။ ထိုအစီအရင်ထံမှ ညင်သာသောအလင်းတစ်ခုကို ထုတ်လွှတ်ကာ ထိုလေးယောက်အား ဝန်းရံထားပြီး သူတို့၏ခန္ဓာကိုယ်များထဲ ဖြည်းဖြည်းချင်း တူးဆွနေသည်။ လှိုဏ်ဂူအတွင်း ဗဟိုချက်၌ ကျောက်စိမ်းပြားတစ်ခုလည်း ရှိလေ၏။

“အသိမဲ့သူများ…” ဝမ်လင်းက ချက်ခြင်းပင် ထိုလေးယောက်ကို သိလိုက်သည်။ သူက စစ်မာမိုချန်ခဲ့သည့် အချက်အလက်များ အကြောင်း တွေးမိကာ ပင့်သက်ရှိုက်မိသွား၏။ သူ ခြောက်ခုမြောက်လှိုဏ်ဂူထံ ခပ်မြန်မြန် ဆက်သွားပြီး တူညီသောနည်းလမ်းဖြင့်ပင် ကျောက်တုံးကို ကြည်လင်ပြတ်သားအောင် လုပ်၍ အတွင်းဘက်ကို ကြည့်သည်။

ခြောက်ခုမြောက်လှိုဏ်ဂူအတွင်း၌ လူသုံးယောက် ရှိနေ၏။ ထိုသူတို့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ မရှိဘဲ တစ္ဆေအဖြစ်သာ ရှိသည်။ သူတို့က လှိုဏ်ဂူထဲကနေ တိုးထွက်ကာ တစ်ခုခုကို ရွတ်ဆိုနေဟန် တူ၏။ သို့သော် သူတို့လမ်းကို ကျောက်တုံးက ပိတ်ထားသဖြင့် ဝမ်လင်းသည် ဘာမှ မကြားရပေ။

“ဉာဏ်အလင်းရသူများ…” ဝမ်လင်းက ထိုလှိုဏ်ဂူအတွင်း၌ ပိုများပြားသည့် အတားအဆီးများ ရှိနေသည်ကို မြင်၏။ ထိုအတားအဆီးများက သူတို့ကို လုံးဝ ချိပ်ပိတ်ထားရာ ထွက်လာရန် မဖြစ်နိုင်တော့ပေ။

ယင်းလှိုဏ်ဂူတွင်လည်း ကျောက်စိမ်းပြားတစ်ခု ထားထား၏။

အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းက ခုနစ်ခုမြောက်လှိုဏ်ဂူထံ လျှောက်လာပြီး ကျောက်တုံးကို ကြည်လင်ပြတ်သားသွားအောင် လုပ်သည်။ သူက ထိုလှိုဏ်ဂူအတွင်း၌ အဘိုးအိုတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံး ကျဉ်းမြောင်းသွားလေ၏။

ထိုအဘိုးအို၏ ဆံပင်များက မီးခိုးရောင် ရှိကာ သူ့မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။ သူက နေရာတွင် အဆုံးမရှိ ထိုင်နေသည်ဟု ထင်ရ၏။ သည်နေရာတွင်လည်း ဉာဏ်အလင်းရသူများ ရှိနေသော လှိုဏ်ဂူအတွင်းထက် ပိုများသည့် အတားအဆီးများ ရှိလေ၏။ ၎င်းတို့က သည်နေရာတစ်ခုလုံးကို လုံးဝ ချိပ်ပိတ် ပိတ်ဆို့ထားသည်။

ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်သည့်အခါ ယင်းအဘိုးအိုသည် မျက်လုံးဖွင့်လာ၏။ သူက ကျောက်တုံးအပြင်ဘက်ရှိ ဝမ်လင်းကို စူးရဲစွာ ကြည့်၍ ဟိန်းအော်သံ ပြုသည်။ သူ့မျက်လုံးထဲတွင်မူ ရူးသွပ်မှုတို့ ပြည့်နှက်နေ၏။ သူက သားရဲတစ်ကောင်အလား တိုးဝင်လာပြီး သူ့ဘေးပတ်လည်တွင် မန္တာန်များ ပေါ်လာကာ ဂူဝရှိ ကျောက်တုံးထံ တဟုန်ထိုး ထွက်လာသည်။

သို့ရာတွင် အဘိုးအို၏မန္တာန်များ ပေါ်လာချိန်၌ လှိုဏ်ဂူအတွင်းရှိ အတားအဆီးများသည် မြန်ဆန်စွာ လင်းလက်လာပြီး သူ့မန္တာန်များကို စုပ်ယူသွား၏။ အဘိုးအိုသည် နောက်တစ်ကြိမ် မာန်သွင်းအော်ဟစ်ကာ သူ့လက်နှစ်ဖက်ဖြင့် ကျောက်တုံးထံ ရိုက်ချသည်။

အပြင်ဘက်သို့ မည်သည့်အသံမျှ ထွက်မလာခဲ့ပါ။ ဝမ်လင်းက ထိုအဘိုးအို အော်ဟစ်သည်ကိုသာ မြင်၏။ အသံကိုမူ မကြားရပေ။ ဂူဝရှိ ကျောက်တုံးမှာလည်း မလှုပ်မယှက်သာ။

အချိန်အတန်ကြာပြီးနောက် အဘိုးအိုသည် ပင်ပန်းလာဟန် တူ၏။ သူက ဝမ်လင်းကို စူးစူးရဲရဲ ကြည့်ပြီး နောက်ပြန်ဆုတ်ကာ ပြန်ထိုင်ချသည်။ ထိုအခါမှ အတားအဆီးများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“သူက ဖိဆန်သူတစ်ယောက် ဖြစ်နေနိုင်လား…” လှိုဏ်ဂူသုံးခုကို ကြည့်ပြီးနောက် ဝမ်လင်းက သည်လူများဟာ စစ်မာမို၏ ကလန်ဝင်များ ဖြစ်ကြောင်း နားလည်သွားခဲ့လေပြီ။ စစ်မာမိုက သူတို့ကို ပြန်ခေါ်လာခဲ့ပြီး သူတို့ ပြန်နိုးထလာနိုင်ရန် အလို့ငှာ သည်လှိုဏ်ဂူများအတွင်း ချိပ်ပိတ်ထားခဲ့တာ ဖြစ်ပေမည်။

သို့ရာတွင် အခု ကြည့်ရသလောက် စစ်မာမို မအောင်မြင်ခဲ့ပေ။

“အသိမဲ့သူတွေနဲ့ ဉာဏ်အလင်းရသူတွေရဲ့ လှိုဏ်ဂူအတွင်းမှာ ရှိနေတဲ့ ကျောက်စိမ်းပြားဟာ အချိန်အတားအဆီး ဖြစ်လိမ့်မယ်။ စစ်မာမိုက သူတို့ထဲက တစ်ယောက်သာ နိုးထလာနိုင်ခဲ့ရင် ဒီအတားအဆီးကို သင်ယူပြီး လှိုဏ်ဂူကို ဖွင့်လှစ်နိုင်လိမ့်မယ်လို့ စဉ်းစားထားခဲ့တာပဲ…”

သက်ပြင်းချမိပြီးနောက် ဝမ်လင်းက ရှစ်ခုမြောက်လှိုဏ်ဂူထံ လှမ်းလျှောက်သွား၏။ ရှစ်ခုမြောက်လှိုဏ်ဂူပေါ်ရှိ အတားအဆီးမှာ အချိန်အတားအဆီး မဟုတ်ပေ။ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းရာ ထိုအတားအဆီး လွင့်ပျောက်သွား၏။ ကျောက်တုံးသည် တုန်ယင်ကာ ဘေးသို့ ရွှေ့သွားသည်။

ရှစ်ခုမြောက်လှိုဏ်ဂူ ပွင့်သွားခိုက်၌ ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။ သူက လှိုဏ်ဂူထဲရှိ အရာကို စူးစိုက်ကြည့်နေလျက် နောက်ဆုံးတွင် သက်ပြင်းမှုတ်ထုတ်မိ၏။

သည်လှိုဏ်ဂူအတွင်း၌ တစ်ဝက်တပျက် အရိုးစုတစ်ခု ရှိနေ၏။

၎င်းမှာ အရိုးစုအောက်ပိုင်းပင်။ ၎င်းပေါ်တွင်လည်း မရေမတွက်နိုင်သော စာလုံးများ ရေးထွင်းထားသည်။ သည်အရိုးစုက လုံးဝ နက်မှောင်နေ၏။ မြေပြင်ထက်ရှိ အတားအဆီးက သည်အရိုးစုကို လုံးဝ ချိပ်ပိတ်ထားသည်။

“ဒီတော့ ကျောက်ပြားတစ်ခုအောက်ကနေ ပျောက်နေတဲ့ အရိုးစုက ဒီရောက်နေတာကိုး…” ဝမ်လင်းက အရိုးစုကို ကြည့်သည်။ သူ့စိတ်ထဲတွင် ပြင်းထန်သောအားတစ်ခုက စွဲဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

သူ့ကိုယ်သူ အာရုံပြန်စူးစိုက်ပြီးနောက် ဝမ်လင်းက စဉ်းစား၏။ သူက သည်နေရာကနေ အခုလိုမျိုး ထွက်မသွားလိုပေ။ သူက အရိုးစုကို ကြည့်ရာ ၎င်း၏ ညာခြေထောက်တွင် ခပ်နက်နက်အက်ရာကို မြင်၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ပြုလုပ်သည်။ သူက သူ့ခန္ဓာကိုယ်အနှံ့သို့ လက်ညွှန်၏။ သူ့စိတ်ထဲတွင် အတားအဆီးများစွာ ပေါ်လာ၏။ ထို့နောက် သူက လက်ဆန့်ထုတ်ကာ သူ အရှင်ဟွေစုန်ထံမှ ရခဲ့သော သလင်းဓားကို ထုတ်ယူပြီး ဖြည်းဖြည်းချင်း လှမ်းလာ၏။ သူသည် ခြေလှမ်းတိုင်းကို သေချာ ဂရုစိုက်သည်။ ဖြည်းဖြည်းချင်းဖြင့် သူသည် အရိုးစုဘေးနား ရောက်လာပြီး စောင့်ကြောင့်ထိုင်ချကာ ညာခြေထောက်ရှိ အက်ရာထံ တုံ့နှေးခြင်းမရှိ လက်ဆန့်ထုတ်သည်။ သူ့စိတ်ကို ညာလက်ကနေ တစ်ဆင့် ဆန့်ထုတ်၏။

သူက နားလည်နိုင်ရန် သူ့စိတ်ဝိညာဉ်ကို အသုံးပြုနေခြင်းပင်။

ဝမ်လင်း၏ နတ်ဘုရားအာရုံ သည်အရိုးနှင့် ထိမိသည့်အခါ သူ့စိတ်မှာ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

***

All Chapters