အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အပိုင်း ၁၃၇ - သစ်သားသေတ္တာလေး
မိမိသမီးဖြစ်သူကို ထိုကဲ့သို့မြင်လိုက်ရသောအခါ ကောကတော်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး မလဲကျစေရန် အစေခံမလေးတစ်ဦးက လှမ်း၍တွဲပေးလိုက်ရသည်။
"အဖိုးကြီး ကော... မြန်မြန်လာပါဦး!"
သူမသည် အိမ်ထဲသို့ လှည့်၍ အော်ဟစ်လိုက်လေသည်။
သူမသည် အပြေးအလွှားသွားကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသော ကောချန်းလင်ကို လှုပ်နှိုးရင်း "ချန်းလင်!" ဟု ခေါ်ရှာသည်။
ထို့နောက် လင်းစုယွီကို လက်ညှိုးငေါက်ငေါက်ထိုးကာ "နင် ငါ့သမီးကို ဒီလိုလုပ်ရဲတယ်ပေါ့၊ နင့်သတ္တိကလည်း မသေးဘူးပဲ!" ဟု ဒေါသတကြီး ဆဲရေးလေတော့သည်။
ဆူညံသံကြောင့် ကောမိသားစုဝင်များ ပြေးထွက်လာကြရာ ကောချန်းလင်သည် ရုပ်ဆိုးပန်းဆိုး အမျိုးသားအချို့နှင့်အတူ အနှောင်အဖွဲ့ခံထားရသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူတို့အားလုံး လင်းစုယွီကို ဒေါသတကြီး စူးစိုက်ကြည့်နေကြ၏။
ကောသခင်ကြီး၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။ မိမိတို့မိသားစု၏ ဂုဏ်သရေရှိ အမျိုးသမီးငယ်လေးကို အိမ်ရှေ့အထိ လာရောက်ပစ်ချထားခြင်းမှာ ကောမိသားစု၏ မျက်နှာကို လူပုံအလယ်တွင် ရိုက်နှက်လိုက်ခြင်းပင် မဟုတ်ပါလော။ ကောချန်းလင်သည် တစ်မိသားစုလုံး၏ အလိုလိုက်ခြင်းကို ခံရသူဖြစ်ရာ ယခုကဲ့သို့ အနှိမ်ခံရဖူးခြင်း အလျဉ်းမရှိခဲ့ပေ။
"ဘာရပ်ကြည့်နေကြတာလဲ! သမီးလေးကို အမြန်သွားဖြေပေးကြစမ်း!"
အိမ်ထောင်ဦးစီး၏ ဒေါသသံကို ကြားသည်နှင့် အစေခံများမှာ ကြိုးများကို ဖြေပေးရန် သုတ်သီးသုတ်ပျာ ပြေးသွားကြတော့သည်။
သို့သော် ထိုကြိုးများမှာ လင်းစုယွီကိုယ်တိုင် အထူးပြုလုပ်ထားသော ပစ္စည်းများဖြစ်သဖြင့် အလွယ်တကူ ဖြေ၍မရနိုင်ပေ။ ကောသခင်ကြီးသည် တံခါးဝတွင် ရပ်နေသော လင်းစုယွီနှင့် ရွှမ်ဖုန်းတို့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ပိုင်မိသားစုက ဤလင်းစုယွီကို လက်ဖဝါးပေါ်တွင် တင်ထားသော ကျောက်မျက်ရတနာကဲ့သို့ အလွန်တန်ဖိုးထားကြောင်း သူသိသည်။
"မိန်းကလေးလင်း... ဒါက ဘာသဘောလဲ" ဟု ကောသခင်ကြီးက ဒေါသရိပ်များ ယှက်သန်းနေသော အသံဖြင့် အေးစက်စွာ မေးမြန်းလိုက်သည်။
လင်းစုယွီက ကြိုးတုပ်ခံထားရဆဲဖြစ်သော ကောချန်းလင်ကို တစ်ချက်ကြည့်ကာ "ဟက်... မိန်းကလေးကောက ဒီလူမိုက်တွေကိုလွှတ်ပြီး ကျွန်မကို ချောင်ပိတ်ဖမ်းရုံတင်မကဘူး၊ ကျွန်မရဲ့ သိက္ခာကိုပါ ဖျက်ဆီးဖို့ ကြိုးစားခဲ့တာလေ။ အခုမှ လာပြီး ကျွန်မကို ပြန်မေးနေတာလား" ဟု ဆိုလိုက်သည်။
သူမ သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောလိုက်သည်။ "ကောမိသားစုရဲ့ အဆုံးအမက တကယ့်ကို ဆိုးရွားလွန်းတာပဲ၊ မျိုးဆက်သစ်တွေက အမှားလုပ်ပြီး လူကြီးတွေက လိုက်ပြီး တရားခံရှာနေကြတာကိုး"
ကောသခင်ကြီးမှာ ပြောစရာစကား ဆို့သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သူသည် လင်းစုယွီကို လက်ညှိုးထိုးကာ ပါးစပ်ဟလိုက်သော်လည်း မိမိတို့မိသားစုက အမှားလုပ်ထားသဖြင့် ဆက်၍ ဆဲဆိုရန် စကားလုံးမထွက်လာတော့ပေ။ သို့သော် ဒေါသအဟုန်ကြောင့် မီးခိုးထွက်လုမတတ် ဖြစ်နေသော သူ၏မျက်လုံးများကမူ လင်းစုယွီကိုသာ စိုက်ကြည့်နေဆဲပင်။
"တွေ့သမျှလူ လိုက်ကိုက်တတ်တဲ့ ခွေးတွေကို ကောင်းကောင်းထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ ကျွန်မကို ထပ်စိန်ခေါ်ရင်တော့ အခုလောက်နဲ့ ပြီးမှာမဟုတ်ဘူး"
လင်းစုယွီသည် ကောမိသားစု၏ ဒေါသကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ သူမသည် ထိုစကားများကို ပြောကြားပြီးသည်နှင့် ရွှမ်ဖုန်းနှင့်အတူ ကားပေါ်သို့ တက်သွားတော့သည်။
ကောသခင်ကြီး၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားကာ ကောကတော်ကို ဒေါသတကြီး ဟောက်လိုက်သည်။
"မင်းဆုံးမထားတဲ့ သမီးကိုလည်း ကြည့်ပါဦး၊ ကောမိသားစုရဲ့ မျက်နှာကို လုံးဝ အိုးမည်းသုတ်လိုက်တာပဲ!"
လင်းစုယွီတို့ကားလေး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကောအိမ်တော်၏ တံခါးဝသို့ အနက်ရောင်ကားတစ်စီး ဆိုက်ရောက်လာသည်။
ကောသခင်ကြီး၏ မျက်နှာပေးမှာ ချက်ချင်းပြောင်းလဲသွားပြီး ကြိုဆိုရန် အပြေးအလွှား သွားလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် ရွှေရောင်ကိုင်းမျက်မှန် တပ်ထားသော အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာ၏။
"လူကြီးမင်း ချင်း... ရောက်လာပြီလား"
ကောသခင်ကြီးက အားတက်သရော ပြုံးပြရင်း သူ၏နောက်ကျောဘက်မှနေ၍ လက်ကို အသည်းအသန် ဝှေ့ယမ်းကာ မိသားစုဝင်များကိုအချက်ပေးလိုက်သည်။
သို့သော် ကောကတော်မှာမူ သူမ၏ အဖိုးတန်သမီးလေးကိုသာ အာရုံရောက်နေသဖြင့် သတိမထားမိပေ။ ထိုကြိုးများမှာ မည်သည့်ပစ္စည်းနှင့် လုပ်ထားသည်ကို သူတို့မသိကြဘဲ ဓားငယ်ဖြင့် လှီးသော်လည်း မပြတ်သဖြင့် လူအများက ဝိုင်းဖြေပေးနေကြရသည်။
ထိုအမျိုးသားသည် ရှုပ်ထွေးနေသော မြင်ကွင်းကိုကြည့်ကာ အံ့သြသွားသည်။ ကောသခင်ကြီးက သူ၏ အချစ်ဆုံးသမီး ကောချန်းလင်အကြောင်းကို ခဏခဏ ပြောပြဖူးသဖြင့် သူ မှတ်မိနေသည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် အမျိုးသားအချို့နှင့်အတူ အတုပ်ခံထားရသော ကောချန်းလင်... ဤသူသည် ကောမိသားစု၏ အဖိုးတန်သမီးပျိုဆိုသည်မှာ တကယ့်ကို တုန်လှုပ်စရာပင်။
ချင်းလူကြီးမင်း၏ အကြည့်များမှာ အေးစက်သွားသည်။ သူသည် နိုင်ငံခြားမှ ပြန်ရောက်လာကာစဖြစ်ပြီး ကောမိသားစုနှင့် စီးပွားရေးလုပ်ငန်းတစ်ခု ဆွေးနွေးရန် ရည်ရွယ်ထားသူဖြစ်သည်။ သူက ဇဝေဇဝါဖြင့် "ကောလူကြီးမင်း... ဒီမှာ ဘာတွေဖြစ်နေတာလဲ..." ဟု မေးလိုက်သည်။
ကောသခင်ကြီးက အတင်းအကျပ် ပြုံးရင်း "ကလေးတွေကြားက ကိစ္စအသေးအမွှားလေးပါဗျာ။ လူကြီးမင်းးချင်း... အိမ်ထဲကို ကြွပါဦး" ဟု ဖိတ်ခေါ်ရှာသည်။
လူကြီးမင်း ချင်းမှာ မျက်စိမကွယ်ပါက ဤအရာသည် ကိစ္စအသေးအမွှားမဟုတ်ကြောင်း သိနိုင်သည်။ မည်သူက မိမိ၏ အဖိုးတန်သမီးကို အမျိုးသားအတော်များများနှင့်အတူ ပူးတွဲချည်နှောင်ထားပါမည်နည်း။
"ကျွန်တော် ရောက်လာတာ အချိန်မတော်သလိုပဲ။ နောက်မှပဲ ဆွေးနွေးကြတာပေါ့ လူကြီးမင်းကော"
သူသည် လှည့်ထွက်သွားပြီး ကားပေါ်သို့ ပြန်တက်သွားသည်။ ဒရိုင်ဘာကလည်း လီဗာကို နင်းကာ အဝေးသို့ အမြန်မောင်းထွက်သွားတော့သည်။
ကောသခင်ကြီး၏ မျက်နှာမှာ တင်းမာကာ ဖြူလျော်သွားတော့သည်။ ဤစီးပွားရေးလုပ်ငန်းမှာ ကောမိသားစုအတွက် အလွန်အရေးကြီးလှ၏။ လက်တစ်ကမ်းအလို ရောက်နေသော အခွင့်အရေးမှာ လွင့်ထွက်သွားချေပြီ။ သူသည် ယနေ့တွင် မျက်နှာပျက်စရာ အကုန်ဖြစ်ခဲ့ရသည်။
သူက ကောကတော်ကို ဓားဖြင့်ထိုးမတတ် စိုက်ကြည့်ကာ အော်လိုက်သည်။"ဘာတွေငိုနေတာလဲ။ သမီးကို ဆေးရုံအမြန်ခေါ်သွားစမ်း!"
ရွှမ်ဖုန်း ကားပါကင်ထိုးလိုက်သည်နှင့် တံခါးဝတွင် စောင့်နေသော ပိုင်ချီမင် လျှောက်လာခဲ့သည်။ လင်းစုယွီ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါမှ ပိုင်ချီမင်မှာ သက်ပြင်းချနိုင်တော့သည်။ စားသောက်ဆိုင်မှ ထွက်လာကတည်းက သူသည် လင်းစုယွီကို လိုက်ရှာနေခဲ့ခြင်း ဖြစ်သည်။
"စုယွီ... ဘယ်တွေ လျှောက်သွားနေတာလဲ။ နင်က ဒီနေ့ပွဲရဲ့ အရေးအကြီးဆုံး ဧည့်သည်လေ၊ အဖွားက နင့်ကို ရှာနေတယ်"
သူမက ရှက်ကိုးရှက်ကန်း ပြုံးပြရင်း ရွှမ်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်မ ကိစ္စလေးတစ်ခု သွားရှင်းနေလို့ပါ။ လာ... အဖွားဆီ သွားကြစို့"
"စုယွီ ပြန်လာပြီပဲ"
အဖွားပိုင်သည် လင်းစုယွီကို မြင်သောအခါ ချစ်ခင်ယုယသော အကြည့်ဖြင့် လှမ်းခေါ်လိုက်သည်။
"အဖွား..." လင်းစုယွီက အမြန်လျှောက်သွားပြီး အဖွားဖြစ်သူ၏ လက်မောင်းကို ချွဲနွဲ့စွာ ဖက်တွဲလိုက်သည်။
"ဒီကိုလာပါဦး"
အဖွားပိုင်က သူမ၏လက်ကိုဆွဲကာ ဘယ်ကဘယ်လို ထွက်လာမှန်းမသိသော လက်ကောက်တစ်ခုကို သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးလိုက်သည်။
"အဖွား... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်"
ထိုလက်ကောက်၏ အရည်အသွေးကို ကြည့်ရုံမျှဖြင့် သိန်းပေါင်းများစွာ တန်ဖိုးရှိကြောင်း သိနိုင်ပေသည်။
အဖွားပိုင်က ပြုံးကာ သူမ၏လက်ကို ပုတ်ပေးရင်း ပြောလိုက်သည်။ "ကလေးမလေးရယ်... ငါတို့က မိသားစုတွေပဲ၊ ဘာတွေ တန်ဖိုးကြီးတယ်၊ မကြီးတယ် ရှိမှာလဲ အဖွားကတော့ မြေးလေး ဘေးကင်းပြီး အရာရာ အဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်"
လင်းစုယွီ၏ မျက်ဝန်းများ အနည်းငယ် စိုစွတ်လာသည်။ ဟွားရှန့်က သူမအား အဖွားပိုင်ထံ သေတ္တာတစ်လုံး ပေးခိုင်းလိုက်သည်ကို သတိရကာ သူမ၏အကြည့်များ မှိုင်းညို့သွားသည်။
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ တောက်ပစွာ ပြုံးပြကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဖွား၊ စုယွီ ဒါကို အရမ်းသဘောကျတယ်။ စုယွီမှာလည်း အဖွားကို ပေးစရာ တစ်ခုရှိတယ်"
"အို..."
အဖွားပိုင်မှာ ချက်ချင်း စိတ်ဝင်စားသွားကာ မေးခဲ့သည်။"စုယွီက အဖွားအတွက် လက်ဆောင် ယူလာတာလား"
လင်းစုယွီက အဖွားပိုင်ကို အခန်းထဲသို့ တွဲခေါ်သွားကာ စားပွဲ၏ လျှို့ဝှက်အကန့်တစ်ခုထဲမှ လက်ရာပြောင်မြောက်သော ပန်းပုထွင်း သစ်သားသေတ္တာကလေးတစ်ခုကို ထုတ်ယူလိုက်သည်။
အဖွားပိုင်၏ နှုတ်ခမ်းထက်က အပြုံးကိုကြည့်ရင်း လင်းစုယွီမှာ စိတ်မကောင်းဖြစ်သွားသည်။
"အဖွား... ဒါက အမေ့ရဲ့ အမှတ်တရ ပစ္စည်းလေးပါ..."
အဖွားပိုင်သည် ရုတ်တရက် ခေါင်းမော့လာကာ သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ အဖွား၏ မျက်ဝန်းများတွင် မျက်ရည်များ စိုစွတ်နေပြီဖြစ်သည်။
"စုယွီ... မြေးလေးးး... ဝမ်ချင်းကို တွေ့ခဲ့တာလား"
"သူက ဘာလို့ နင်နဲ့အတူ ပြန်မလာတာလဲ"
"သူ... သူက..."
အဖွားပိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေရှာသည်။
ခဏမျှ လင်းစုယွီသည် ထိုသစ်သားသေတ္တာကို ပြန်သိမ်းထားလိုက်ချင်စိတ် ပေါ်လာခဲ့သည်။ အဖွားပိုင်မှာ အသက်ကြီးလှပြီဖြစ်ရာ ဤရိုက်ခတ်မှုကို တကယ်ပဲ ခခံနိုင်ရည်ရှိပါ့မလား။ သူမသည် အဖွားပိုင်၏ ဘေးတွင် ဖြည်းညှင်းစွာ ထိုင်လိုက်ကာ အဖွား၏ ပုခုံးကို မှီရင်း ဖက်ထားလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"အဖွား... ဒါက အမေ့ရဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အသုံးအဆောင်ပါ"
အဖွားပိုင်၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားကာ လက်များလည်း တုန်ယင်လာတော့သည်။ မျက်ရည်များမှာ တလိမ့်လိမ့် စီးကျလာပြီး သစ်သားသေတ္တာပေါ်သို့ တစက်စက် ကျဆင်းသွားသည်။
"အဖွား... စုယွီ အဖွားနားမှာ ရှိပါတယ်"
အဖွားဖြစ်သူ အလွန်အမင်း စိတ်ထိခိုက်သွားမည် စိုးရိမ်သဖြင့် လင်းစုယွီက ချော့မော့ရင်း ပုတ်ပေးနေရှာသည်။
အတော်ကြာမှ အဖွားပိုင်၏ စိတ်ခံစားချက်မှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။ လင်းစုယွီသည် အခန်းထဲတွင် ဆက်မနေတော့ဘဲ အဖွားဖြစ်သူအား သူမ၏သမီး ချန်ရစ်ခဲ့သော အမှတ်တရပစ္စည်းများကို အေးအေးဆေးဆေး ကြည့်ရှုနိုင်ရန် အပြင်မှ တံခါးစောင့်ပေးရင်း နေရာဖယ်ပေးလိုက်သည်။
အဖွားပိုင် အခန်းထဲမှ ပြန်ထွက်လာသောအခါ သူမ၏ မျက်ဝန်းများမှာ နီရဲကာ ဖောင်းအစ်နေလေပြီ။ လင်းစုယွီက စိုးရိမ်တကြီးဖြင့် သွားတွဲပေးရင်း နှစ်သိမ့်လိုက်သည်။ "အဖွား... အရမ်း ဝမ်းမနည်းပါနဲ့တော့နော်"
အဖွားပိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "စုယွီ... ဒီနေ့က မြေးလေးကို ကြိုဆိုတဲ့ ပွဲလေ၊ အဖွား မြေးလေးနဲ့အတူ ပွဲမှာ မရှိပေးနိုင်လို့ တကယ့်ကို တောင်းပန်ပါတယ်"
အဖွားပိုင်သည် ပိုင်ဝမ်ချင်း ကွယ်လွန်သွားခြင်းအတွက် အလွန်ပူဆွေးနေကြောင်း လင်းစုယွီ သိနေသည်။
လင်းစုယွီက ခေါင်းခါလိုက်ကာ စိတ်မကောင်းဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။ "အဖွား... အဲ့လိုမပြောပါနဲ့။ စုယွီ အဖွားကို အခန်းထဲအထိ လိုက်ပို့ပေးမယ်၊ အနားယူလိုက်ပါဦး"
အဖွားကို ကုတင်ပေါ်တွင် သိပ်ပေးကာ စောင်လေး ခြုံပေးပြီးနောက် လင်းစုယွီ အခန်းထဲမှ ထွက်လာခဲ့သည်။
"စုယု... ဒီမှာလား။ ငါ နင့်ကို ပြောစရာ ရှိနေတာနဲ့ အတော်ပဲ"
ပိုင်ချီမင်မှာ သူမ၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါ်လာခဲ့သည်။ လင်းစုယွီက နှုတ်ခမ်းပေါ် လက်တင်ကာ အသံမထွက်ရန် တားလိုက်ပြီး အခန်းထဲသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ပိုင်ချီမင်မှာ ချက်ချင်း နားလည်သွားကာ ငြိမ်သွားတော့သည်။ သူတို့နှစ်ဦး ခြေဖျားထောက်ကာ ထွက်လာခဲ့ကြ၏။ ခန်းမထဲသို့ လှေကားမှ ဆင်းလာစဉ် ပိုင်ချီမင်က လျှို့ဝှက်သော အပြုံးဖြင့် မေးလိုက်သည်။"ဘယ်သူ ပြန်ရောက်နေလဲ ခန့်မှန်းကြည့်စမ်း"
လင်းစုယွီက ဇဝေဇဝါဖြင့် မျက်တောင်ခတ်ရင်း မေးလိုက်သည်။ "ဘယ်သူ ပြန်ရောက်တာလဲ"
သူမ၏ စကားပင် မဆုံးသေးမီ ဇာနားပါသော အဖြူရောင် ဂါဝန်ဝတ်ထားသည့် ပုံရိပ်တစ်ခုမှာ သူမဆီသို့ ပြေးဝင်လာပြီး - "စုယွီ... ငါ နင့်ကို အရမ်း လွမ်းနေတာ!" ဟု အော်ကာ ဖက်လိုက်လေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း
အပိုင်း ၁၃၈ - ပြန်လည်ရောက်ရှိခြင်း
လင်းစုယွီ တစ်ခဏမျှ ကြောင်အသွားပြီး သူမ၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသူအား ငုံ့ကြည့်လိုက်မိသည်။
"ဖိန့်ဖိန့်လား"
ကျန့်ဖိန့်ဖိန့်က ရင်ခွင်ထဲမှနေ၍ မော့ကြည့်ကာ အပြစ်တင်သလိုမျိုး စိုက်ကြည့်လိုက်သည်။
"ငါ နိုင်ငံခြားမှာ ပညာသွားသင်တာ ခဏလေးပဲ ရှိသေးတာကို နင်က ငါ့ကို မေ့နေပြီပေါ့လေ"
"ဘယ်လိုလုပ် မေ့မှာလဲ။ နင် ဘယ်တုန်းက ပြန်ရောက်တာလဲ။ ငါ့ကို ဘာလို့ လာမကြိုခိုင်းတာလဲ"
လင်းစုယွီ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ သူမကိုယ်တိုင်လည်း နိုင်ငံခြားမှ ပြန်ရောက်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသဖြင့် ကျန့်ဖိန့်ဖိန့်ပါ ပြန်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျန့်ဖိန့်ဖိန့်က သူမ၏ရင်ခွင်ထဲမှ ခွာလိုက်ပြီး လက်ကို ချစ်ခင်စွာ ဆွဲကိုင်လိုက်သည်။
"ငါ လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ။ နင်လည်း လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပြန်ရောက်တယ်လို့ ဒရိုင်ဘာက ပြောတာနဲ့ ပိုင်မိသားစုအိမ်ကို တန်းမောင်းခိုင်းလိုက်တာ"
လင်းစုယွီ စိတ်ထဲတွင် နွေးထွေးသွားရသည်။ ကျန့်ဖိန့်ဖိန့် ပြန်ရောက်ရောက်ချင်း ပထမဆုံး သတိရမိသူမှာ သူမ ဖြစ်နေလိမ့်မည်ဟု မထင်ထားသလို၊ သူမထံ တိုက်ရိုက် လိုက်လာလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
"ဩော်... ဟုတ်သားပဲ!"
ကျန့်ဖိန့်ဖိန့် တစ်ခုခုကို သတိရသွားသလို မျက်လုံးများ တောက်ပလာခဲ့သည်။ သူမက လင်းစုယွီ၏ လက်ကိုဆွဲကာ ပန်းခြံဘက်သို့ ခေါ်သွားရင်း ပြောလိုက်သည်။ "နင်နဲ့ မိတ်ဆက်ပေးစရာ လူတစ်ယောက် ရှိတယ်။ ဒီလူက ငါတို့ အထည်ချုပ်စက်ရုံအတွက် အများကြီး အထောက်အကူပြုမှာ"
ထိုလူက မည်သူဖြစ်မည်ကို လင်းစုယွီ သိချင်စိတ် ဖြစ်ပေါ်လာသဖြင့် သူမနောက်သို့ လိုက်ပါသွားလေသည်။ သူတို့နှစ်ဦး ပန်းခြံထဲသို့ လျှောက်လာကြစဉ် ကျန့်ဖိန့်ဖိန့်က ထောင့်တစ်နေရာရှိ အမျိုးသားတစ်ဦးကို ပျော်ရွှင်စွာ လက်လှမ်းပြလိုက်သည်။
ထိုအမျိုးသားက ကျန့်ဖိန့်ဖိန့်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် လျှောက်လာသည်။ မြင့်မားသော နှာတံ၊ နက်ရှိုင်းသော အပြာရောင်မျက်ဝန်းနှင့် တောက်ပသော ရွှေအိုရောင် ဆံပင်တို့ရှိသည့် သူ၏ အနောက်တိုင်းသား မျက်နှာပေါက်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
ကျန့်ဖိန့်ဖိန့်က ခေါင်းလေးစောင်းကာ လင်းစုယွီနှင့် မိတ်ဆက်ပေးသည်။
"ဒါက ငါ နိုင်ငံခြားမှာ ပညာသင်တုန်းက တွေ့ခဲ့တဲ့ မာစတာဒီဇိုင်နာ 'ချောင်အန်း' တဲ့။ ချောင်အန်းက တကယ်ကို ထူးချွန်တဲ့ ဒီဇိုင်နာတစ်ယောက်ပဲ"
"ချောင်အန်း... ဒါက ငါ့ရဲ့ ညီမရင်းလိုခင်ရတဲ့ လင်းစုယွီ။ သူမက ဟောင်ကောင်မြို့ ပိုင်မိသားစုရဲ့ သမီးကြီးလည်း ဖြစ်တယ်"
တရုတ်လူမျိုးများသည် နီးကပ်သော ထိတွေ့ဆက်ဆံမှုကို သိပ်မနှစ်သက်ကြောင်း သိထားသဖြင့် ချောင်အန်းက ဒေသဓလေ့ထုံးစံအတိုင်း နှုတ်ဆက်လိုက်သည်။
ချောင်အန်းက လင်းစုယွီကို ခေါင်းညိတ်ရုံမျှသာ နှုတ်ဆက်လိုက်ပြီး "မင်္ဂလာပါ" ဟု ဆိုသည်။
သူ၏ အပြုအမူတိုင်းတွင် လူကြီးလူကောင်းဆန်သော အရှိန်အဝါများ ပေါ်လွင်နေသည်။ "မင်္ဂလာပါ" ဟု လင်းစုယွီကလည်း ယဉ်ကျေးစွာ ပြန်ထူးလိုက်သည်။
"စုယွီ... နင် မသိသေးလို့၊ ချောင်အန်းရဲ့ ဒီဇိုင်းတွေကို နိုင်ငံခြားမှာ နာမည်ကြီးဘရန်းတွေက အလုအယက် လိုချင်နေကြတာ" ကျန့်ဖိန့်ဖိန့်က ပြောရင်း သူမ၏ မျက်လုံးများမှာ ကြယ်လေးများပမာ တောက်ပနေသည်။
ချောင်အန်းက အလွန်ပင် နှိမ့်ချဟန်ဖြင့် ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
"မစ္စဖိန့်ဖိန့်ရဲ့ ဒီဇိုင်းတွေကလည်း ကျွန်တော့်ထက် မနိမ့်ပါဘူး။ ကျွန်တော်ကသာ သူမဆီကနေ သင်ယူရဦးမှာပါ"
ကျန့်ဖိန့်ဖိန့်၏ မျက်နှာပေါ်တွင် ရှက်သွေးများ ဖြာတက်သွားပြီး သူမ၏ခေါင်းကို ငုံ့လိုက်မိသည်။ ဘေးမှနေ၍ သူတို့နှစ်ဦး၏ အပြန်အလှန် ပြောဆိုပုံကို ကြည့်ရင်း လင်းစုယွီအနေဖြင့် ဘာတွေဖြစ်နေသည်ကို မည်သို့လျှင် နားမလည်ဘဲ ရှိပါအံ့နည်း။
သူမက ကျန့်ဖိန့်ဖိန့်၏ ပခုံးကို တိုးတိုးလေး ပွတ်တိုက်ကာ နောက်ပြောင်သည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။ ကျန့်ဖိန့်ဖိန့်က သူမကို တစ်ချက်နှစ်ချက် ပြန်စိုက်ကြည့်လိုက်ပြီး ချောင်းဟန့်ကာ ဟန်ကိုယ့်ဖို့ ပြန်လုပ်လိုက်သည်။
"စုယွီ... ငါ နင့်ကို ပြောစရာ ရှိတယ်"
အနားတွင် ရပ်နေသော ပိုင်ချီမင်ကလည်း စိတ်လှုပ်ရှားနေပုံရသည်။ သူတို့နှစ်ဦး၏ အမူအရာကို ကြည့်ပြီး ဤကိစ္စမှာ ချောင်အန်းနှင့် ပတ်သက်နေနိုင်ကြောင်း လင်းစုယွီ ခန့်မှန်းလိုက်သည်။
သေချာပေါက်ပင် ကျန့်ဖိန့်ဖိန့်၏ နောက်ထပ်စကားမှာ သူမ၏ သံသယနှင့် ထပ်တူကျနေသည်။ ကျန့်ဖိန့်ဖိန့်သည် လူတစ်ယောက်ကို သဘောကျခဲ့လျှင်ပင် အကြောင်းပြချက် မရှိဘဲ ထိုလူကို အလွယ်တကူ ခေါ်လာမည့်သူမျိုး မဟုတ်ပေ။
"ချောင်အန်းကို ငါတို့အဖွဲ့ထဲ ဝင်စေချင်တယ်"
ကျန့်ဖိန့်ဖိန့်၏ စကားကြောင့် လင်းစုယွီ အံ့အားသင့်သွားရသည်။
နိုင်ငံခြားတွင် နာမည်ကျော်ကြားပြီး လူတိုင်း အလုအယက် လိုချင်နေသော ဒီဇိုင်နာတစ်ဦးအဖို့ ယခုကဲ့သို့ ဒုက္ခခံရန် မလိုပေ။ ထို့အပြင် သူမတို့မှာ ရိုးရိုး အထည်ချုပ်စက်ရုံမျှသာ ရှိသေးသည်။ သူမအနေဖြင့် လုပ်ငန်းနယ်ပယ် ချဲ့ထွင်လိုသော်လည်း ဤသည်မှာ အလျင်စလို လုပ်၍ရသော အရာမဟုတ်ပေ။
နာမည်ကြီး ဒီဇိုင်နာတစ်ယောက်က တရုတ်ပြည်အထိ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပြီး အထည်ချုပ်စက်ရုံတစ်ခုတွင် ဒီဇိုင်နာ လာလုပ်မည်တဲ့လား။ လင်းစုယွီ လုံးဝ မယုံကြည်နိုင်သဖြင့် ချောင်အန်းကို စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်သည်။
ချောင်အန်းက သူမ၏ အကြည့်ကို ဘာမှ ဖုံးကွယ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်သည်။ သူက အမေးခံရသည့်အတွက် စိတ်ဆိုးမည့်အစား အလွန်ပင် စိတ်ရှည်စွာဖြင့် ရှင်းပြလာသည်။
"မစ္စလင်း... စိတ်မပူပါနဲ့။ ကျွန်တော် တရုတ်ပြည်ကို လာတာက မစ္စဖိန့်ဖိန့်ကြောင့်ပါ။ သူ့ရဲ့ ဒီဇိုင်းစိတ်ကူးတချို့ကို ကျွန်တော် သဘောကျတယ်။ သူနဲ့အတူ ဒီဇိုင်းထုတ်တဲ့အခါ စိတ်ကူးသစ်တွေ ပေါက်ဖွားလာတတ်လို့ပါ"
ဒီဇိုင်နာအချို့တွင် ထူးဆန်းသော အကျင့်များ ရှိတတ်ကြောင်း လင်းစုယွီ သိသည်။ သူတို့သည် ငွေကြေးနှင့် ကျော်ကြားမှုကို မမက်ဘဲ ဒီဇိုင်းအလုပ်ပေါ်တွင်သာ စိတ်နှစ်ထားတတ်ကြသည်။ သို့သော်လည်း သူမက တစ်ဝက်သာ ယုံကြည်ပြီး သတိထားရန် စိတ်ထဲတွင် မှတ်ထားလိုက်သည်။ ကျန့်ဖိန့်ဖိန့်မှာ ပေါ့ပေါ့ဆဆ နေတတ်ပြီး သူတစ်ပါး လှည့်စားမှုကို ခံရလွယ်သူ ဖြစ်သောကြောင့်ပင်။
"နာမည်ကြီး ဒီဇိုင်နာတစ်ယောက်က ငါတို့စက်ရုံကို ဝင်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ငါတို့စက်ရုံလည်း အနာဂတ်မှာ အောင်မြင်မှု အသစ်တွေ ရမှာ သေချာတယ်"
လင်းစုယွီက ပြုံးလိုက်ပြီး သူ၏ ပါဝင်မှုကို ကြိုဆိုသည့်အနေဖြင့် လက်ကို ဖြည်းညှင်းစွာ ကမ်းပေးလိုက်သည်။
သူမ သဘောတူသည်ကို ကြားသောအခါ ကျန့်ဖိန့်ဖိန့် အတိုင်းမသိ ဝမ်းသာသွားသည်။
"သိပ်ကောင်းတာပဲ!"
ချောင်အန်းကလည်း လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။ "ရှေ့လျှောက် ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး မစ္စလင်း"
"အဲ့လို မပြောပါနဲ့၊ ကျွန်မတို့ကသာ ဒီဇိုင်နာ ချောင်အန်းကို အားကိုးရမှာပါ။"
ကျန့်ဖိန့်ဖိန့်က ဆက်ပြီး အားတက်သရော ပြောပြန်သည်။"ငါ နိုင်ငံခြားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇိုင်းစိတ်ကူးတွေ အများကြီး တွေ့ခဲ့တယ်။ အဲ့ဒါတွေကို ဒီမှာသာ စပြီး မိတ်ဆက်နိုင်ရင် ခေတ်ရေစီးကြောင်းသစ်တစ်ခုတောင် ဖြစ်သွားနိုင်တယ်"
ကျန့်ဖိန့်ဖိန့်သည် သူမတို့၏ အနာဂတ် စီးပွားရေးနယ်ပယ်ကို ပုံဖော်ကြည့်နေသည်။ လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့ နိုင်ငံခြားတွင် ပညာသင်နေစဉ်အတွင်း စက်ရုံအလုပ်များကို မစီမံနိုင်ခဲ့သော်လည်း သူတို့နောက်ကွယ်တွင် ပိုင်ချီမင် ရှိနေခဲ့သည်။
ပိုင်ချီမင်သည် အားလပ်ချိန်ရတိုင်း စက်ရုံအလုပ်များကို ကူညီကိုင်တွယ်ပေးခဲ့သည်။ ကျန့်ဖိန့်ဖိန့်ကလည်း ဒီဇိုင်းပုံကြမ်းများကို ရံဖန်ရံခါ ပို့ပေးလေ့ရှိပြီး ပိုင်ချီမင်က စက်ရုံသို့သွား၍ အထည်များ ထုတ်လုပ်ပေးခဲ့သည်။
ထို့ကြောင့် သူတို့မရှိခိုက်တွင် စီးပွားရေးမှာ အသင့်အတင့်သာ ရှိခဲ့ပြီး ဝင်ငွေမှာ ပုံမှန်ရှိသော်လည်း ထူးထူးခြားခြား တိုးတက်မှု မရှိခဲ့ပေ။ သို့သော်လည်း အနည်းဆုံးတော့ လူထုကြားမှ ပျောက်ကွယ်မသွားခဲ့ပေ။ ယခုအခါ အားလုံး ပြန်ရောက်လာကြပြီဖြစ်သလို ချောင်အန်းကဲ့သို့ ကျွမ်းကျင်ဒီဇိုင်နာပါ ပါဝင်လာပြီဖြစ်၍ ကျန့်ဖိန့်ဖိန့်ကတော့ အကြီးအကျယ် ပေါက်သွားမည်ဟု ယုံကြည်နေသည်။
ပိုင်ချီမင်လည်း အနာဂတ် အောင်မြင်မှုများကို မြင်ယောင်ကာ ပျော်ရွှင်နေသည်။ ဟုတ်ပေသည်၊ အရေးကြီးဆုံးအချက်မှာ သူ ကိုင်တွယ်ရမည့် လုပ်ငန်းများ လျော့နည်းသွားခြင်း ဖြစ်သည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် သူ ပျော်ရုံမျှမကတော့ပေ။
လင်းစုယွီ နိုင်ငံခြားမသွားခင်က သူ့ကို အလုပ်များစွာ ပေးခဲ့သဖြင့် သူ အတော်လေး ပင်ပန်းနေခဲ့သည်။ ယခုအခါ စုယွီ ပြန်ရောက်လာပြီဖြစ်သဖြင့် ပိုင်ချီမင်မှာ ဝန်ထုပ်ဝန်ပိုးများကို နောက်ဆုံးတွင် ချထားနိုင်ပြီဟု တွေးလိုက်သည်။
"စိတ်မပူပါနဲ့၊ နင်တို့အားလုံး ရှိနေရင် ငါတို့ စီးပွားရေးနယ်ပယ်ကို သေချာပေါက် ချဲ့ထွင်နိုင်မှာပါ။ အဲ့ဒီအချိန်ကျရင် နာမည်ကြီးဘရန်း တစ်ခုတောင် ဖြစ်လာနိုင်တယ်" လင်းစုယွီကလည်း အနာဂတ်အတွက် အားတက်နေသည်။
"ဘရန်းနာမည်အသစ်နဲ့ ပြန်စပြီး အရှိန်အဟုန် မြှင့်ကြတာပေါ့"
ကျန့်ဖိန့်ဖိန့်ကလည်း ထပ်တူပင်။ သူတို့နှစ်ဦးမှာ အကြံအစည်ချင်း ကိုက်ညီနေကြသည်။ အစွမ်းကုန် ကြိုးစားပြီး အသစ်ပြန်စရန် ဆုံးဖြတ်ပြီးကတည်းက ပို၍ ဩဇာညောင်းသော ဘရန်းနာမည်တစ်ခုကို ရွေးချယ်ရန် လိုအပ်နေပြီ ဖြစ်သည်။
ပိုင်ချီမင်ကလည်း ခေါင်းညိတ် ထောက်ခံသည်။ ဘေးရှိ ချောင်အန်းကမူ ဘာမှ ထူးထူးခြားခြား မှတ်ချက်မပေးပေ။ အကြောင်းမှာ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ကျန့်ဖိန့်ဖိန့်နှင့်အတူ ဒီဇိုင်းထုတ်ရန်ဖြစ်ပြီး စိတ်ကူးသစ်များ ပေါက်ဖွားလာတတ်ခြင်းကသာ သူ့အတွက် ထူးခြားသော ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ကျန့်ဖိန့်ဖိန့်က လင်းစုယွီ၏ လက်ကို လှုပ်ခါပြီး မေးလိုက်သည်။ "စုယွီ.... နင်က ဉာဏ်ကောင်းတာပဲ၊ ငါတို့စက်ရုံအတွက် ဘရန်း နာမည်လေးတစ်ခုလောက် စဉ်းစားပေးပါလား"
ရုတ်တရက်ဆိုသလို မျက်လုံးအစုံ သုံးစုံက သူမထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာပြီး သူမထံမှ အဖြေကောင်းတစ်ခုကို မျှော်လင့်နေကြသည်။
လင်းစုယွီမှာ သူတို့၏ အကြည့်များအောက်တွင် အတွေးနက်သွားသည်။ ရုတ်တရက်ဆိုသလို သူမ၏ခေါင်းထဲ၌ စိတ်ကူးတစ်ခု လက်ခနဲ ပေါ်လာသည်။
သူမက မော့ကြည့်ကာ ကျော့ရှင်းစွာ ပြုံးလျကါ ပြောလိုက်လေသည်။ " 'With You' လို့ ခေါ်ရင်ကော ဘယ်လိုလဲ။ သင်နဲ့ အတူတူ ခရီးလမ်းကို လျှောက်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့"