← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အပိုင်း ၁၃၃ - နေရာလွတ် စိတ်ဝိညာဉ်

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်တစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြန်ပြီ။ ပိုင်မိသားစု၏ စတုတ္ထမြောက် အခွဲကို တာဝန်ယူထားရတဲ့ သခင်မလေး လင်းစုယွီသည် ဒီနှစ်အတွင်း လူတိုင်းရဲ့ ပြောစမှတ်အပြုခံရဆုံးသူ ဖြစ်လို့နေသည်။

အထက်တန်းလွှာ လူကုံထံတွေကနေ သာမန်အရပ်သားတွေအထိ အားလုံးဟာ သူ ဟောင်ကောင်မြို့ကို ရောက်ရှိနေတဲ့ နှစ်နှစ်၊ သုံးနှစ်တာအတွင်း လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေကို ကြားသိထားကြပြီးသားပါ။

လူချမ်းသာတွေက သူမရဲ့ မြန်ဆန်ပြတ်သားတဲ့ စီးပွားရှာနိုင်စွမ်းကို လူကြီးတစ်ယောက်နဲ့ မခြား အံ့ဩတကြီး စောင့်ကြည့်နေကြသလို၊ သာမန်လူတန်းစားတွေကတော့ သူမကြောင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတာကို ဝမ်းသာအားရ ကြိုဆိုကြပါသည်။

လင်းစုယွီအတွက်ကတော့ ဒီအောင်မြင်မှုတွေဟာ ဟောင်ကောင်မြို့ရဲ့ ခန့်မှန်းရခက်တဲ့ စီးပွားရေးလောကထဲကို ခြေလှမ်းစမ်းကြည့်ရုံသက်သက်သာ ရှိသေးသည်။ သူမရဲ့ အမြင်မှာတော့ ဒါဟာ ‘သစ်ပင်ကြီးကို အမှီပြုပြီး အရိပ်ခိုရတာ’ ပါပဲ။

ပိုင်မိသားစုရဲ့ ဂုဏ်သတင်းက ကြီးမားလွန်းတာကြောင့် သူမဟာ ပိုင်မိသားစုဝင်တစ်ယောက်ဆိုတာ သိတာနဲ့ လူအများက မျက်နှာသာပေး အလေးထားကြသည်။ မိသားစုရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဖို့အတွက် သူမဟာ ပိုပြီးတော့တောင် ထူးချွန်အောင် ကြိုးစားခဲ့ရသည်။ အချိန်ကြာလာတာနဲ့အမျှ သူမဟာ ဒီဇိုင်းပိုင်းမှာရော စီမံခန့်ခွဲမှုပိုင်းမှာပါ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။

သူမရဲ့ အထည်ချုပ်စက်ရုံ အောင်မြင်တိုးတက်လာတာဟာ ပင်လယ်ရပ်ခြားမှာ ရှိနေတဲ့ ကျန့်ဖိန့်ဖိန့်နဲ့ ခွဲခြားလို့မရပါဘူး။ ကျန့်ဖိန့်ဖိန့်ရဲ့ ပံ့ပိုးမှုတွေက အစားထိုးမရအောင်ကို အရေးပါခဲ့သည်။ သူမဟာ ဟောင်ကောင်ဖက်ရှင်လောကရဲ့ အချစ်တော် ဖြစ်နေခဲ့သလို၊ အခုဆိုရင်လည်း နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲတွေကို လှည့်လည်ရင်း အတွေ့အကြုံသစ်တွေ ရှာဖွေနေသည်။

ဟောင်ကောင်ဟာ တရုတ်နိုင်ငံအတွက် ခေတ်ရေစီးကြောင်းတွေကို ချိတ်ဆက်ပေးရာ ရှေ့တန်းမြို့တစ်မြို့ ဖြစ်သည်။ ကျန့်ဖိန့်ဖိန့် နိုင်ငံရပ်ခြားကနေ ပို့ပေးလိုက်တဲ့ ဖက်ရှင်အချက်အလက်တွေဟာ ဟောင်ကောင်က ကုမ္ပဏီတွေတောင် ကြိုတင်မသိနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ပင်လယ်ရေကြောင်းခရီးစာတိုက်ကနေ ပို့ရတဲ့အတွက် အချိန်ကြာမြင့်ပေမဲ့ တခြားကုမ္ပဏီတွေထက်တော့ အမြဲတမ်း ခြေတစ်လှမ်း စောနေခဲ့သည်။

ဒီအတောအတွင်း ကျန်းလင်ကလည်း အရင်ကထက် ပိုပြီး ကြိုးစားလာသည်။ သူတို့ချုပ်လုပ်တဲ့ အဝတ်အထည်တွေရဲ့ အနှစ်သာရကို ပေါ်လွင်စေဖို့အတွက် သူမဟာ နေ့စဉ် လေ့ကျင့်ခန်းတွေကို ပိုတိုးလုပ်ပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်အောင် ထိန်းသိမ်းခဲ့သည်။ မူလက သူမ ကိုယ်အလေးချိန် လျှော့ချဖို့ပဲ စိတ်ကူးခဲ့တာဖြစ်ပေမဲ့ လင်းစုယွီကတော့ ခန္ဓာကိုယ် အချိုးအစား လှပဖို့ကိုပဲ အဓိကထားဖို့ အကြံပေးခဲ့သည်။

‘ဖြူဖျော့ပိန်ပါး’ တဲ့ ခေတ်ရေစီးကြောင်းက ကြာရှည်ခံမှာမဟုတ်ပါဘူး။ နောင်အနာဂတ် ဟောင်ကောင်အနုပညာလောကမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဟန်နဲ့ သဘာဝအတိုင်း ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကသာ နေရာရလာမှာပါ။ ကျန်းလင်ဟာ မြေခွေးမလေးလို ညှို့ဓာတ်ပြင်းတဲ့ မျက်နှာမျိုး ရှိပြီးသားမို့လို့ ကိုယ်လုံးကိုယ်ပေါက်မှာလည်း တခြားသူတွေကို ရှုံးမှာ မဟုတ်ပါ။

ဤသို့ဖြင့် မိန်းကလေးငယ်တစ်ယောက်ရဲ့ လန်းဆန်းတဲ့ အငွေ့အသက်တွေ ရှိနေတဲ့ ကျန်းလင်ဟာ ပေါ့ပါးလွတ်လပ်တဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး နှုတ်ခမ်းနီရဲရဲ၊ ဦးထုပ်အဝိုင်းကြီးနဲ့ ဓာတ်ပုံရိုက်ခဲ့သည်။ ဒီလို ကွဲပြားခြားနားတဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာတဲ့အခါမှာတော့ လူကုံထံ အမျိုးသမီးတွေကြားမှာ ချက်ချင်းဆိုသလို အကြီးအကျယ် ရေပန်းစားသွားခဲ့သည်။

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ပိုင်မိသားစုရဲ့ သခင်မလေးက အင်တာဗျူးတစ်ခုမှာ အခုဝတ်စုံတွေဟာ ဈေးကွက်စမ်းသပ်မှုသက်သက်ပဲ ဖြစ်ပြီး အဆင့်မြင့်ချုပ်လုပ်မှုလုပ်ငန်းကို မစတင်သေးကြောင်း၊ လောလောဆယ် ကျန်းလင်အတွက်ပဲ သီးသန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီသတင်းကြောင့် လူကုံထံ အမျိုးသမီးတွေဟာ မကျေမနပ်နဲ့ စိတ်ပျက်သွားကြရသည်။

ပိုင်ချီမင်ကတော့ ဒါတွေအားလုံးကို ကြည့်ပြီး လင်းစုယွီရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမဆုံး ဖြစ်နေသည်။ တစ်ဖက်မှာလည်း သူဟာ အားကွမ်းဆီက သတင်းကို စောင့်မျှော်နေဆဲပါ။ ပိုင်ဝမ်ချင်း ဘေးကင်းကြောင်း သက်သေပြနိုင်မယ့် သတင်းကောင်းတစ်ခုကို ပိုင်မိသားစုက အပူတပြင်း လိုလားနေတာ ဖြစ်သည်။

ဒါပေမဲ့ တစ်နှစ်တာလုံး ကြာမြင့်သွားတာတောင် အားကွမ်းဆီကနေ စာနှစ်စောင်ပဲ ရောက်လာပြီး ဘာထူးခြားတဲ့ သတင်းမှ ပါမလာခဲ့ပါပေ။ ပိုင်ချီမင်ကတော့ "ဒေါ်လေးက စုယွီကိုယ်တိုင် လာရှာမှာကို စောင့်နေတာများလား" လို့ စိတ်မကောင်းစွာနဲ့ တွေးနေမိသည်။

မကြာသေးခင်က လင်းစုယွီဟာ သူမရဲ့ နေရာလွတ်ထဲမှာ ဧရိယာ ပိုကျယ်လာတာကို သတိထားမိလိုက်သည်။အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေစဉ်အတွင်းမှာပဲ နေရာလွတ်ထဲက ပစ္စည်းတွေဟာ တစ်စုံတစ်ယောက်က စီစဉ်ပေးထားသလို အလိုအလျောက် သပ်သပ်ရပ်ရပ် ဖြစ်နေတတ်သည်။ တစ်ခါတလေ သူမ ဝင်ကြည့်တဲ့အခါ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးသား၊ စုပုံပြီးသား အနေအထားနဲ့တွေ့ရတတ်သည်။

ဒါပေမဲ့ စိတ်မကောင်းစရာက နေရာလွတ်ရဲ့ မူလပုံစံကတော့ သိပ်မပြောင်းလဲဘဲ လုပ်ဆောင်ချက်အသစ်တချို့နဲ့ ‘ထွမ်းထွမ်း’ လို့ ခေါ်တဲ့ ရေလုံးလေးပဲ တိုးလာတာပါ။ နေရာလွတ်ထဲက စွမ်းအင်တွေအားလုံးကို ဒီရေလုံးလေးက စုပ်ယူနေတာလားလို့တောင် သူမ တွေးမိပါသည်။ အဲဒါနဲ့ပဲ အဲဒီအရာလေး ဘယ်လောက်ထိ ကြီးထွားလာပြီလဲဆိုတာ သွားကြည့်လိုက်သည်။

သူမက အဲဒီရေလုံးလေးကို လက်နဲ့ တို့ကြည့်လိုက်ပြီးနောက် လန့်ဖျပ်ပြီး နောက်ကို ခုန်ဆုတ်လိုက်မိသည်။

“အားးး!”

အဲဒီရေလုံးလေးက မျက်လုံးပွင့်လာသလိုပဲ!! သူမ အော်ဟစ်ဖို့တောင် မအားခင်မှာပဲ ကလေးတစ်ယောက်ရဲ့ အသံမျိုးနဲ့ စိမ်းသက်တဲ့ အသံတစ်ခုက သူမရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ဘာလို့ အော်နေတာလဲ။ ကလေးတစ်ယောက် မျက်လုံးဖွင့်တာ မမြင်ဖူးဘူးလား။ လူကြီးတွေပဲ မျက်လုံးဖွင့်တတ်တယ်လို့ ဘယ်သူပြောလဲ!”

အဲဒီအရာလေးက တော်တော်လေး စိတ်ကြီးတာပဲ။ လင်းစုယွီကတော့ မကြောက်တဲ့အပြင် အံ့ဩတကြီးနဲ့ ကြည့်နေမိသည်။

“သခင့်ရဲ့ ပစ္စည်းတွေ အဲဒီမှာ ဘယ်လိုလုပ် သပ်သပ်ရပ်ရပ် ဖြစ်နေတယ် ထင်လို့လဲ။ ကျွန်တော်ကပဲ ပင်ပင်ပန်းပန်း သိမ်းဆည်းပေးထားတာလေ။ သခင် ကျွန်တော့် အကြောင်း ခဏခဏ ပြောနေတာ ကြားပါတယ်နော်။ အခု ကျွန်တော် ထွက်လာပြီလေ၊ ဘာလို့ ကျွန်တော့်ကို မကြိုက်ရတာလဲ!”

အသံလေးက ပြောရင်းဆိုရင်းနဲ့ ငိုတော့မလိုဖြစ်လာပြီး ဝမ်းနည်းပက်လက် ဖြစ်နေပုံပါပဲ။

လင်းစုယွီလည်း အမြန်ပဲ အနားတိုးသွားပြီး “အိုး... ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါမှားသွားပါတယ်။ မငိုပါနဲ့တော့နော်၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပါ” လို့ ချော့လိုက်ရသည်။ လင်းစုယွီဟာ ငယ်ငယ်ကတည်းက ကလေးချော့ရာမှာ ကျွမ်းကျင်သူတစ်ယောက် မဟုတ်လား။

“မင်းနာမည်က ဘယ်သူလဲ။ ဒီကို ဘယ်လိုရောက်လာတာလဲ”

ရေလုံးလေးနဲ့ ခင်မင်သွားပြီးနောက် သူမ စမေးခဲ့သည်။

“ကျွန်တော့် နာမည် ဘာလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ သိတတ်စကတည်းက ဒီမှာ ရှိနေတာပဲ” လို့ ရေလုံးလေးက ပြန်ဖြေခဲ့သည်။

“ဒါဆို ငါ မင်းကို နာမည်တစ်ခု ပေးမယ်။ ‘ထွမ်းထွမ်း’ လို့ ခေါ်ရင်ရော ဘယ်လိုလဲ။ မင်းရဲ့ မူလအစကို ပြန်ရှာတွေ့ပြီး ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းတဲ့သဘောပေါ့” လို့ သူမက ယုယုယယပြောလိုက်သည်။

ရေလုံးလေးကလည်း ဝမ်းသာအားရနဲ့ “‌ ကောင်းပြီ ၊ ဒါဆို ကျွန်တော့်နာမည်က ထွမ်းထွမ်း ပေါ့” ဟု ပြန်ပြောလိုက်သည်။

နာမည်ရသွားပြီဆိုတာကို ကြားလိုက်ရတဲ့အခါ ရေလုံးလေးဟာ စိတ်လှုပ်ရှားစွာနဲ့ လေထဲမှာ ဝဲလှည့်လို့ နေပါသည်။

"ဒါက ငါ့ရဲ့ နေရာလွတ် စိတ်ဝိဉာဉ် လေးများ ဖြစ်နေမလား" ဟု လင်းစုယွီက တွေးတောလိုက်မိသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

အပိုင်း ၁၃၄ - တုန်လှုပ်ခြောက်ခြားမှု

ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ဆိုရင် အသိပညာဗဟုသုတတွေ ပို၍ဆည်းပူးရမည်၊ အရည်အချင်းရှိသူတွေကိုလည်း စုဆောင်းရမည်ဆိုသည်ကို လင်းစုယွီ နားလည်ထားသည်။ ထို့ကြောင့်ပဲ သူမ ပြည်ပမှာ ပညာသင်ကြားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ပိုင်မိသားစု၏ စီစဉ်ပေးမှုနဲ့အတူ တက်ရောက်မယ့်ကျောင်းနဲ့ ထွက်ခွာမယ့်ရက်ကိုလည်း လျင်လျင်မြန်မြန်ပဲ ရွေးချယ်နိုင်ခဲ့သည်။ ထွက်ခွာရမယ့်အချိန် ရောက်လာတဲ့အခါမှာတော့ အဖွားပိုင်က သူမရဲ့မြေးမလေး တစ်ယောက်တည်း နိုင်ငံခြားမှာ ပညာသင်ကြားဖို့ သွားရမှာကို စိတ်မချနိုင်ဘဲ မျက်ရည်တွေသုတ်ရင်း လိုက်၍နှုတ်ဆက်ခဲ့ရှာသည်။

"စုယွီ... ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်၊ အစားအသောက်တွေဘာတွေ မဆင်းရဲစေနဲ့။ တစ်ခုခုဆို အိမ်ကို ဖုန်းဆက်လိုက်ဦး။"

"ဟုတ်ကဲ့ပါ အဖွား အဖွားလည်း ဆရာဝန်ကြီးပြောတာကို နားထောင်ပြီး အစားအသောက်ကို ဆင်ခြင်ရမယ်နော်။ မဟုတ်ရင် သမီး ဟိုရောက်ရင် စိတ်မအေးဘဲ ဖြစ်နေမှာ။"

သံယောဇဉ်တတွတ်တွတ်နဲ့ နှုတ်ဆက်စကားတွေကြားမှာပဲ လင်းစုယွီဟာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ သူမရဲ့ ခရီးစဉ်ကို စတင်ခဲ့သည်။

တိုင်းတစ်ပါးမြေမှာတော့ သူမဟာ ဂေါလစ်ကြက်ဖတို့ရဲ့ ပြည် (ပြင်သစ်နိုင်ငံ) ရဲ့ လမ်းမတွေပေါ်မှာ တစ်ယောက်တည်း လျှောက်လှမ်းနေခဲ့သည်။ ရွှေရောင်ဆံပင်၊ မျက်လုံးပြာတွေနဲ့ ဖြတ်သန်းသွားလာနေတဲ့ လမ်းသွားလမ်းလာတွေကို ကြည့်ရင်း သူမ နေရပ်ကို လွမ်းဆွတ်တဲ့စိတ်ကလေး ဖြစ်ပေါ်လာမိသည်။

ပိုင်မိသားစုက သူမအပေါ် ထားရှိတဲ့ ကောင်းမှုတွေ၊ ကျန့်ဖိန့်ဖိန့်ရဲ့ ရွှင်ရွှင်ပျပျနဲ့ လွတ်လပ်တဲ့ အပြုအမူတွေ၊ နောက်ပြီးတော့ ဟိုမရောက် ဒီမရောက်လူစားမျိုးဖြစ်တဲ့ ရွှမ်ဖုန်းအကြောင်းကိုပါ တွေးတောနေမိပါသည်။

ပြင်သစ်မှာ ရှိနေစဉ် အားကွမ်းနဲ့ ဆက်သွယ်မှုက ပိုပြီး စိပ်လာခဲ့သည်။ အားကွမ်းဟာ ဖူတူးတစ်မြို့လုံး အနှံ့ လိုက်လံစုံစမ်းခဲ့ပေမဲ့ ရရှိတဲ့ သတင်းအချက်အလက်ကတော့ အကန့်အသတ်နဲ့ပဲ ရှိနေသေးသည်။ တစ်ခုတည်းသော သတင်းကောင်းကတော့ အိုးရန်ရှုံနဲ့ တခြားသူတွေဟာ ဖူတူးမှာ တကယ်ရှိနေကြတာပါပဲ။ ဒါတောင်မှ ပိုင်ဝမ်ချင်းရဲ့ အရိပ်အယောင်ကိုတော့ ဘယ်မှာမှ ရှာမတွေ့သေးပေ။

လင်းစုယွီကတော့ သူမကိုယ်တိုင် သွားကြည့်သင့်တယ်လို့ တွေးမိလိုက်သည်။ ဖူတူးဟာ ပြင်သစ်ရဲ့ တခြားမြို့တွေနဲ့ မတူသလိုပါပဲ။

ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ နေမင်းကြီးက လီချန်းမြို့မှာ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေတတ်တဲ့ မြူနှင်းတွေကို ဖေရှားပေးထားသည်။ အိုက်စပ်လှတဲ့ အပူချိန်က ချွေးပေါင်းအိမ်ထဲ ရောက်နေသလိုမျိုး လမ်းသွားလမ်းလာတွေရဲ့ အဝတ်အစားတွေကို ကိုယ်မှာ ကပ်နေအောင်အထိ ချွေးရွှဲနစ်စေပါသည်။

လင်းစုယွီအတွက်တော့ ဖူတူးမြို့ကို ဒီလိုမျိုး ပထမဆုံး မြင်ဖူးခြင်းပင်။ ဒီမှာက အဆင့်မြင့်နည်းပညာတွေ မရှိသလောက်ပါပဲ၊ သူမကတော့ တစ်ပါးသူရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတစ်ခုကို ပခုံးပေါ်ထမ်းပိုးရင်း ရောက်လာတာပါ။ သူမဟာ လုံးဝပေါ့ဆမနေဘဲ မြေပြင်ပေါ် ခြေချလိုက်တာနဲ့ အိုးရန်မိသားစုရဲ့ အခြေအနေကို စတင်စုံစမ်းတော့သည်။

အိုးရန်မိသားစုရဲ့ အရင်က အခြေအနေတွေကို သူမ အတော်အတန် နားလည်ထားပြီးသားဖြစ်ပေမဲ့ ပိုင်ဝမ်ချင်းဟာ သူတို့နဲ့အတူ တကယ်ပဲ ပါသွားလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်သေးပါ။ ပိုင်ဝမ်ချင်း ချန်ထားခဲ့တဲ့ စာထဲမှာပဲ ဖူတူးမြို့အကြောင်း ပါရှိတာပါ။ ဒီနေရာကို သူမ ညွှန်းဆိုခဲ့တာဖြစ်သလို၊ အိုးရန်ရှုံနဲ့ အိုးရန်ကျင့်ယွီတို့လည်း ဒီမှာရှိနေတာမို့ သူတို့နဲ့ ပတ်သက်မှုရှိမှာ သေချာသလောက်ပင်။

ဒါကို တွေးမိတဲ့အခါ သူမရဲ့ ဝှက်ဖဲကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။ လင်းစုယွီဟာ ချက်ချင်းဆိုသလို သူမရဲ့ နေရာလွတ်ထဲကို ဝင်ရောက်ပြီး ထွမ်းထွမ်းကို ရှာဖွေခဲ့သည်။ ထွမ်းထွမ်းဟာ အချိန်ကြာလာတာနဲ့အမျှ အများကြီး ကြီးထွားလာခဲ့ပါပြီ။ သူဟာ လူသားကလေးတစ်ယောက် မွေးဖွားလာသလိုမျိုး ရေအမြှေးပါးအလွှာထဲကနေ အပြင်ကို ထွက်လာနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ဖို့ ဟိုဟိုဒီဒီ ခုန်ပေါက်တတ်နေပါပြီ။

ဒီကလေးလေးဟာ လိမ္မာပြီး အရမ်းလည်း ချစ်ဖို့ကောင်းတာကြောင့် လင်းစုယွီကတော့ ဒီဘဝမှာ ချစ်သူနဲ့ မဆုံတွေ့ခဲ့ရင်တောင် ထွမ်းထွမ်းနဲ့အတူ နေရတာဟာ တော်တော်လေး ကောင်းမွန်တယ်လို့ ခံစားမိသည်။ ဝမ်းနည်းစရာ တစ်ခုတည်းသောအချက်ကတော့ ထွမ်းထွမ်းဟာ ဒီနေရာလွတ်ထဲကနေ အပြင်ကို ထွက်လို့မရသေးတာပင်။

"ထွမ်းထွမ်း... ထွမ်းထွမ်း ဘယ်မှာလဲ"

လင်းစုယွီက လက်ကို ပါးစပ်နားကပ်ကာ အသံချဲ့စက်လို လုပ်ပြီး ဝိညာဉ်စမ်းရေတွင်း အနီးအနားမှာ ထွမ်းထွမ်းကို လိုက်ရှာရင်း လှမ်းခေါ်လိုက်သည်။

"သခင်... ကျွန်တော် ဒီမှာ!"

ကလေးငယ်ရဲ့ ကြည်လင်တဲ့ အသံလေးက သူမဘေးနားမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူမ လက်နှစ်ဖက်ကို ဖွင့်ပေးလိုက်တဲ့အခါ အသားလုံးလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးက သူမရဲ့ ရင်ခွင်ထဲကို ရောက်လာတော့သည်။

"ထွမ်းထွမ်း... ပြောပြပါဦး၊ ပိုင်ဝမ်ချင်းကို မင်း မြင်နိုင်လား"

ဒါဟာ နေရာလွတ်ဝိညာဉ်ရဲ့ စွမ်းရည်တစ်ခုဖြစ်သည်။ အမြဲတမ်းတော့ မမှန်တတ်ပေမဲ့ လင်းစုယွီက စမ်းကြည့်ချင်နေတာပါ။

"ဒါက အရမ်းအရေးကြီးလို့ပါ။ ထွမ်းထွမ်း ငါ့ကို ကူညီနိုင်မလားဟင်.. အပြင်ပြန်ရောက်ရင် ထွမ်းထွမ်းအတွက် အရသာရှိတဲ့ မုန့်တွေ အများကြီး ယူလာပေးမယ်လေ"

ထွမ်းထွမ်းက လင်းစုယွီဟာ ပိုင်ဝမ်ချင်းကိစ္စအတွက်မှ သူ့ကိုလာရှာတာဆိုတော့ အစပိုင်းမှာ နည်းနည်း စိတ်ကောက်ချင်သွားသည်။ ဒါပေမဲ့ "မုန့်ကောင်းကောင်းတွေ ယူလာပေးမယ်" ဆိုတဲ့ စကားလုံးကတော့ သူ့ရဲ့ စိတ်ကောက်မှုကို လွင့်စင်သွားစေသည်။

သူက အီကလဲယားမုန့် စားရမလား၊ ဒါမှမဟုတ် အယ်လ်မွန်ကိတ် စားရမလားလို့ တွေးနေတော့သည်။ ထွမ်းထွမ်းဟာ အားစိုက်ပြီး သူ့ရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို မှေးစင်းကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။

"သခင်... အဲဒီ 'ပိုင်ဝမ်ချင်း' ဆိုတဲ့သူကို ကျွန်တော် သဲသဲကွဲကွဲ မမြင်ရဘူး။ သူ ဒီမြို့မှာ ရှိနေတာပဲ သိတယ်။ ဒါပေမဲ့ သူ့မျက်နှာကို မမြင်ရဘူး။ သူက လူအများကြီးရှိတဲ့ အိမ်ကြီးတစ်အိမ်မှာ နေတယ်ဆိုတာပဲ သိတယ်၊ ဒါပေမဲ့ သခင်... အဲဒီမှာ သူက တစ်ယောက်ထဲ လူမျိုးခြားဖြစ်နေသလိုပဲ"

သူ မိနစ်အနည်းငယ်လောက် ထပ်ပြီး အားစိုက်ကြည့်ပြီးတဲ့နောက်မှာတော့ ရုတ်တရက် အံ့သြတကြီး အော်လိုက်သည်။

"သခင်! အဲဒီ အိမ်ကြီးဘေးမှာ ကက်သီဒရယ် ဘုရားကျောင်းကြီး တစ်ခုကို မြင်ရတယ်! နှစ်ထပ်ကြီးဗျ! နောက်ပြီး နန်းတော်ကြီးတစ်ခုလည်း ရှိတယ်! သိပ်လှတာပဲ..."

နှစ်ထပ်ဘုရားကျောင်းနဲ့ နန်းတော် ဆိုတာ... အဗီဂနွန် က ပါလေ့စ်ဒက်စ်ပါပေ့စ် မဟုတ်လား။

"ကောင်းပြီ၊ ကျေးဇူးပဲ ထွမ်းထွမ်း ငါ သိပြီ။ မြန်မြန်သွားနားတော့။"

အားစိုက်ထုတ်လွန်းလို့ နုံးခွေသွားတဲ့ ထွမ်းထွမ်းကို ကြည့်ပြီး လင်းစုယွီ အားနာသွားမိကာ သူ့ကို ဝိညာဉ်စမ်းရေထဲမှာ အမြန်ပြန်နားစေလိုက်သည်။ ဒီသတင်းကို ရတာနဲ့ လင်းစုယွီဟာ မရပ်မနားဘဲ အဗီဂနွန်က နန်းတော်အနီးအနားမှာ ပိုင်ဝမ်ချင်းကို လိုက်ရှာတော့သည်။

ဟိုတစ်စု ဒီတစ်စု ရှိနေတဲ့ အိမ်တွေထဲမှာပဲ ဘာကြောင့်ရယ်မသိ လင်းစုယွီဟာ အဖြူရောင် နံရံတွေနဲ့ သန့်ရှင်းတောက်ပနေတဲ့ အိမ်တစ်အိမ်ကို မြင်မြင်ချင်း သဘောကျသွားမိသည်။ သူမဟာ အဲဒီအိမ်ရှင်က သူမမျှော်လင့်ထားတဲ့လူ ဖြစ်ပါစေလို့ ဆုတောင်းရင်း တိုက်ရိုက်ပဲ တံခါး သွားခေါက်လိုက်သည်။

"ဟယ်လို... ဘယ်သူ့ကို ရှာတာလဲ"

တံခါးလာဖွင့်ပေးတဲ့ အိမ်ဖော်မလေးက ပြင်သစ်လေယူလေသိမ်း အဝဲကြီးနဲ့ မေးလိုက်ပါသည်။

"တစ်ဆိတ်လောက်၊ ဒါ မစ္စပိုင်ဝမ်ချင်းရဲ့ အိမ်လား"

အိမ်ဖော်မလေးက ခေါင်းခါပြလိုက်သည်။"ဒါက မစ္စဟွားရှန့်ရဲ့ အိမ်ပါ။ ရှင်ပြောတဲ့ 'မစ္စပိုင်' ဆိုတာ ဒီမှာ မရှိပါဘူး။"

လင်းစုယွီ စိတ်ပျက်လက်ပျက်နဲ့ ပြန်လှည့်ထွက်တော့မယ့် အချိန်မှာပဲ အိမ်ဖော်မလေး ပိတ်ဖို့ အချိန်မရလိုက်တဲ့ တံခါးကြားကနေ လှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ် ပေါ်လာပြီး ကြည်လင်နူးညံ့တဲ့ အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"ဖေးလ်... ဒီအမျိုးသမီးက ဘာကိစ္စရှိလို့လဲ"

ဖေးလ် ပြန်မဖြေခင်မှာပဲ လင်းစုယွီက အလောတကြီး မေးလိုက်သည်။

"တစ်ဆိတ်လောက်... ရှင်က မစ္စပိုင်ဝမ်ချင်းလား"

ထိုအမျိုးသမီးဟာ အရှေ့တိုင်းဆန်တဲ့ ကျော့ရှင်းမှုမျိုးရှိတဲ့ အာရှမျက်နှာပိုင်ရှင်ပါ။ သူမနောက်က အိမ်စေတွေနဲ့ အိမ်ထိန်းတွေကြားမှာ သူမဟာ ထင်ထင်ရှားရှား လှပနေသည်။

"ဟုတ်ပါတယ်၊ ကျွန်မပါပဲ။ ဒါပေမဲ့ အဲဒီနာမည်ကို မသုံးတာ တော်တော်ကြာပါပြီ။ ရှင်က ဘယ်လိုလုပ်ပြီး ဒီနာမည်ကို သိတာလဲ"

အဲဒီအမျိုးသမီးက ပြတ်သားတဲ့ တရုတ်စကားနဲ့ ပြုံးပြီး မေးလိုက်သည်။

"အထဲဝင်ပြီး ထိုင်ပါဦး။ ကျွန်မရဲ့ အဲဒီနာမည်ကို သိတဲ့သူဆိုရင်တော့ မိတ်ဟောင်းဆွေဟောင်း ဖြစ်ရမှာပေါ့။"

တံခါးဝက ဖေးလ်က ဘေးကို ဖယ်ပေးလိုက်ပြီး လင်းစုယွီဟာ ပိုင်ဝမ်ချင်းရဲ့ နောက်ကနေ ဧည့်ခန်းထဲကို လိုက်သွားခဲ့လိုက်သည်။ ခဏအကြာမှာတော့ သူမနဲ့ ပိုင်ဝမ်ချင်းဟာ နို့ထည့်ထားတဲ့ လက်ဖက်ရည်ခွက်ကိုယ်စီကို ကိုင်ရင်း မျက်နှာချင်းဆိုင် ထိုင်နေကြပါပြီ။ ဒါဟာ သူမ စိတ်ကူးထဲမှာ ထင်ထားတဲ့ မြင်ကွင်းမျိုးနဲ့တော့ တခြားစီပါပဲ။

ပိုင်ဝမ်ချင်းက သူမကို မြင်တာနဲ့ ဝမ်းသာအားရ ငိုကြွေးပြီး ပြေးဖက်မယ်၊ ငယ်နာမည်တွေခေါ်ပြီး လွမ်းကြောင်းတွေ ပြောမယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ အခုတော့ သူတို့နှစ်ယောက်ဟာ ပုံမှန်ကိစ္စတစ်ခုကို ဆွေးနွေးနေသလိုမျိုး တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေကြသည်။

"မင်းက... လင်းစုယွီလား"

ပိုင်ဝမ်ချင်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။

"ဒီနေရာကို မင်း ရှာတွေ့နိုင်တယ်ဆိုကတည်းက မင်းဟာ အရင်က 'မင်း' မဟုတ်တော့ဘူးထင်တယ် ဟုတ်တယ်မလား"

လင်းစုယွီ အံ့သြသွားမိသည်။ သူမက ဒီလောက်တောင် ပွင့်လင်းပြီး တည့်တိုးကြီး ပြောတာလား။ နောက်ပြီး တစ်ဖက်လူက မိခင်တစ်ယောက်နဲ့လည်း လုံးဝမတူဘူးလေ။

"ရှင် ဘာကို ဆိုလိုတာလဲ..."

လင်းစုယွီကတော့ ဆက်ပြီး ဟန်ဆောင်နေတုန်းပါပဲ။ ပိုင်ဝမ်ချင်းကတော့ အပိုစကားတွေ မပြောတော့ပေ။

"ပြောစမ်းပါဦး၊ မင်းရဲ့ ကျောက်စိမ်းဆွဲသီးက မင်းကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားပြီးပြီပေါ့။ အခု ဘယ်အဆင့်အထိ ရောက်နေပြီလဲ"

ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျောက်စိမ်းဆွဲသီးရဲ့ လျှို့ဝှက်ချက်ကို... သူက ဘယ်လိုလုပ် သိနေတာလဲ။

အတော်ကြာတဲ့အထိ လင်းစုယွီဟာ အံ့သြတုန်လှုပ်နေတုန်းပါပဲ။ ပိုင်ဝမ်ချင်းက အရာအားလုံးကို သိနေလိမ့်မယ်လို့ သူမ လုံးဝမထင်ထားခဲ့ချေ။ အဲဒီလိုဆိုရင် အခုရှေ့က ပိုင်ဝမ်ချင်းဟာလည်း အရင်က ပိုင်ဝမ်ချင်း မဟုတ်တော့ဘူးလို့ သံသယဝင်စရာ ဖြစ်လာပြီလား။

သူမဆီမှာရှိတဲ့ ကျောက်စိမ်းဆွဲသီးကပေးတဲ့ နေရာလွတ် အကြောင်းကိုလည်း ရှင်းပြနိုင်မှာလား။

"နေရာလွတ်ရဲ့ အခြေအနေကတော့ ကောင်းပါတယ်။ အဲဒါကြောင့်ပဲ ရှင့်ကို ဒီမှာ ရှာတွေ့ခဲ့တာ။"

"ဒါဆို ရှင်ကိုယ်တိုင်ကရော အရင်က ပိုင်ဝမ်ချင်း မဟုတ်ဘူးလား"

တစ်ဖက်လူက ယဉ်ကျေးနေဖို့ စိတ်မကူးတာကြောင့် လင်းစုယွီကလည်း ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တော့သည်။

"မစ္စလင်းကလည်း တော်တော်ပါးနပ်တဲ့သူပဲ" ပိုင်ဝမ်ချင်းက ပြုံးရင်း ပြောလိုက်သည်။

"ဒါဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်လေ။"

All Chapters