အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အပိုင်း ၁၃၅ - ဟွားရှန့်၏ လျှို့ဝှက်ချက်
"ဒီအကြောင်းအရာတွေကို နင့်ကို ဖွင့်ပြောဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ နင်က ငါ့ကို ရှာတွေ့သွားပြီဆိုတော့ ငါ ဘာမှ ဖုံးကွယ်မထားတော့ပါဘူး။ ငါဟာ တကယ်တော့ တခြားကမ္ဘာကနေ ကူးပြောင်းလာသူ တစ်ယောက်ပါ။ တစ်စုံတစ်ခုသော စွမ်းအားရဲ့ ကန့်သတ်ချက်ကြောင့် ငါဟာ တရုတ်ပြည်နဲ့တင်မကဘဲ ပိုင်ဝမ်ချင်းနဲ့ ပတ်သက်သမျှ အရာအားလုံးနဲ့ ဝေးဝေးမှာ နေခဲ့ရတယ်။ မဟုတ်ရင် ငါက အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေနဲ့ အမြဲ ကြုံတွေ့နေရမှာမို့လို့ပဲ။"
"ငါ ဒီကို စရောက်တဲ့အချိန်မှာ နင်က မွေးကာစပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက ငါဟာ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့ မှတ်ဉာဏ်တွေကို ရရုံတင်မကဘဲ အနာဂတ်ကို ကြိုတင်မြင်နိုင်တဲ့ စွမ်းအားကိုပါ ရရှိခဲ့တာ။ အသံတစ်ခုက ငါ့ကို သတိပေးခဲ့တယ်၊ တကယ်လို့ ငါသာ နင့်ကို ခေါ်သွားဖို့ ကြိုးစားရင် နင့်အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူးတဲ့။ အဲဒီတုန်းက နင့်ကို လင်းအိမ်တော်ကနေ ခေါ်ထုတ်ဖို့ ငါကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ နင့်ကို အိမ်အပြင်ဘက်ရောက်အောင် ချီသွားတိုင်း နင်က တငိုငိုတရယ်ဖြစ်ပြီး အသက်ရှူရ ခက်ခဲလာတာမျိုး အမြဲဖြစ်ခဲ့ရတယ်"
"အဲဒီတုန်းက အခြေအနေက ငါလည်း ဒီမှာ နေလို့မရ၊ နင်ကလည်း လိုက်လို့မဖြစ်တဲ့ အခြေအနေမို့ နင့်ကို လင်းဟွာရှန်းဆီမှာပဲ အပ်နှံပြီး ပြုစုပျိုးထောင်ခိုင်းခဲ့ရတာ"
ဤသို့ပြောရင်း ပိုင်ဝမ်ချင်းက လင်းစုယွီကို တစ်ချက်ကြည့်လိုက်ရာ စုယွီ့မျက်နှာပေါ်တွင် နာကျည်းရိပ်များ မရှိသည်ကို တွေ့ရသဖြင့် ဆက်လက်ပြောပြလေသည်။
"လင်းဟွာရှန်းရဲ့ ဇနီးက ငါ့ကို မကြည်ဖြူဘူးဆိုတာ ငါသိတယ်၊ သူက ငါ့ကို ဖယ်ရှားဖို့ ရန်သူ့သူလျှိုတွေနဲ့တောင် ဆက်သွယ်ခဲ့သေးတာ။ တကယ်တော့ ငါက အခြေအနေကို လိုက်လျောပေးလိုက်ရုံပါပဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အထောက်အထားကို ဖျောက်ပစ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု လိုနေလို့လေ။ အဲဒီလူက ငါ့ကို လင်းအိမ်ကနေ ခေါ်သွားတဲ့အချိန်မှာ ငါက သူ့ကို ပြန်ပြီး ထိန်းချုပ်လိုက်တယ်။ ပြီးတော့ သူ့ဆီက လျှို့ဝှက်ချက်တွေကို အဖွဲ့အစည်းရဲ့ လျှို့ဝှက်လမ်းကြောင်းကနေတစ်ဆင့် ခေါင်းဆောင်ပိုင်းဆီ ပို့ပေးခဲ့တယ်။ အဲဒါက ပိုင်မိသားစု တစ်စုလုံး ဘေးကင်းကင်းနဲ့ ထွက်ခွာခွင့်ရဖို့အတွက် အပေးအယူ လုပ်ခဲ့တာပေါ့။"
"ငါ့ကို ခေါ်သွားတဲ့ အိုးရန်မိသားစုနဲ့ ပတ်သက်လို့ကတော့၊ ငါ သေသွားပြီလို့ ဟန်ဆောင်ပြီး အဖွဲ့အစည်းကနေ ရုန်းထွက်ဖို့ သူတို့ရဲ့ အကူအညီ လိုအပ်လို့ အဲဒီတုန်းက အိုးရန်မိသားစုကို ငါကယ်တင်ခဲ့တာ"
လင်းစုယွီ အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။ ပိုင်မိသားစုက သူတို့ရဲ့ ပိုင်ဆိုင်မှု အမြောက်အမြားကို ဟောင်ကောင်အထိ ဘယ်လို သယ်ဆောင်သွားနိုင်လဲဆိုတာ သူမ အရင်ကတည်းက သိချင်နေခဲ့တာ၊ အခုတော့ ပိုင်ဝမ်ချင်း နောက်ကွယ်ကနေ ကူညီပေးခဲ့မှန်း သိလိုက်ရလေပြီ။
"မွေးကာစ ကလေးလေးကို လင်းမိသားစုမှာ ထားပစ်ခဲ့တဲ့အတွက် ငါ့ကို အတ္တကြီးတယ်လို့ နင် နာကျည်းနေမှာပဲ။ ဒါပေမဲ့ တကယ်တော့ ငါမြင်ရတဲ့ နင့်ရဲ့ တစ်ခုတည်းသော အနာဂတ်က လင်းမိသားစုထဲမှာပဲ ရှိနေတာ။ အဲဒီအချိန်တုန်းက ငါ့ရဲ့ စွမ်းအားကိုသုံးပြီး နင့်ရဲ့ အနာဂတ်ကို ကြိုကြည့်ခဲ့ဖူးတယ်။ နင့်ရဲ့ ကံကြမ္မာက သူများအတွက် နင်းပြားဖြစ်ရမှာ မဟုတ်ရင်... အခုလိုမျိုးပဲ နောင်မျိုးဆက်သစ်တစ်ခုက ဝိညာဉ်တစ်ခုနဲ့ အစားထိုးခံရပြီး ဘဝမှာ အောင်မြင်ချောမွေ့သွားတာမျိုးပဲ ဖြစ်မယ်ဆိုတာ ငါ မြင်ခဲ့ရတယ်"
"အဲဒီ ကျောက်စိမ်းဆွဲသီးကတော့ ပိုင်မိသားစုရဲ့ အမှတ်အသားပဲ။ ငါ့အတွက်တော့ အသုံးမဝင်သလို ယူသွားလို့လည်း မရတာကြောင့် နင့်ဆီမှာ ထားခဲ့တာ။ အခု နင့်ရဲ့ အသွင်အပြင်ကို ကြည့်ရတာ အဲဒီဆွဲသီးကို နင် အသက်သွင်းနိုင်ခဲ့ပြီ ထင်တယ်။ နင်က အဲဒီဆွဲသီးရဲ့ ကံပါလာတဲ့ ပိုင်ရှင်ဖြစ်နေပြီဆိုတော့ ပိုင်မိသားစုရဲ့ ကျေးဇူးလို့ပဲ သဘောထားလိုက်ပါ။ နောင်ကျရင် ပိုင်မိသားစုဝင်တွေကို ပိုပြီး စောင့်ရှောက်ပေးပါဦး"
"ဒါဆို... ပိုင်မိသားစုဆီ ပြန်သွားပြီး သူတို့နဲ့ ပြန်ဆုံဖို့ အစီအစဉ် မရှိဘူးလား"
သူမရှေ့က အမျိုးသမီးဆီကနေ ထွက်ပေါ်နေတဲ့ အားမာန်အပြည့်နဲ့ နူးညံ့သိမ်မွေ့မှု ရောယှက်နေတဲ့ ထူးခြားတဲ့ အငွေ့အသက်တွေက လင်းစုယွီကို အတော်လေး စိတ်ဝင်စားသွားစေသည်။
"ငါက ပိုင်ဝမ်ချင်းရဲ့ ခန္ဓာကိုယ်နဲ့ မှတ်ဉာဏ်တွေကို ရထားပေမဲ့ ဆွေမျိုးတွေနဲ့ ပြန်ပြီး ပတ်သက်ချင်တဲ့ ဆန္ဒ သိပ်မရှိဘူး။ နင် ငါ့ကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ ပိုင်မိသားစုနဲ့ ဝေးဝေးမှာ နေတာကပဲ အားလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်"
ထိုအမျိုးသမီးက သူမ ပိုင်မိသားစုနှင့် ဝေးဝေးနေခြင်းသည်သာ လူတိုင်းအတွက် အကောင်းဆုံးဖြစ်ကြောင်း လင်းစုယွီ ယုံကြည်လာစေရန် တည်ကြည်သော မျက်နှာထားဖြင့် ပြောနေလေသည်။
"စုယွီ၊ ငါ ပိုင်မိသားစုဆီ ပြန်သွားလို့ မဖြစ်ဘူး။ ဒီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့ ကံကြမ္မာကနေ ငါခက်ခက်ခဲခဲ ရုန်းထွက်ပြီး အခုလို အေးချမ်းတဲ့ ဘဝကို ရထားတာ။ ဒါကြောင့် အတိတ်က ကိစ္စတွေနဲ့ ထပ်ပြီး ပတ်သက်လို့ မရဘူး။ အမှန်အတိုင်း ပြောရရင် အခုလက်ရှိ နင်သာ မဟုတ်ခဲ့ရင် ငါတို့ အခုလို ဆုံတွေ့နိုင်မှာ မဟုတ်ဘူး"
လက်ရှိ ငါ ဟုတ်လား။ ဪ... ဟုတ်သားပဲ မူလပိုင်ရှင်ရဲ့ ဘဝတုန်းက ပိုင်ဝမ်ချင်းဟာ အစကနေ အဆုံးထိ တစ်ခါမှ ပေါ်မလာခဲ့ဖူးဘူးလေ။
"ဒါဆိုရင် ကျွန်မရဲ့ နောက်ခံအကြောင်းကို မေးလို့ရမလား။ ဥပမာ- ဒီခန္ဓာကိုယ်ရဲ့ ဖခင်အရင်းက ဘယ်သူလဲဆိုတာမျိုးပေါ့။"
မူလပိုင်ရှင်ရဲ့ နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း သိခွင့်ရမယ်ဆိုရင် သူမ ကျိန်းသေပေါက် မေးရမည်။ လင်းမိသားစုလိုပဲ နောက်ထပ် အချိန်ကိုက်ဗုံးတစ်ခု ဖြစ်နေမှာစိုးလို့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမ သေချာစဉ်းစားရမည် မဟုတ်ပါလား။
"နင့်ရဲ့ ဖခင်အရင်းက တကယ့်သူရဲကောင်းတစ်ယောက်ပါ။ နှမြောဖို့ကောင်းတာက တရုတ်ပြည်သစ် ထူထောင်တာကို သူ မမြင်သွားရရှာဘူး။ ပိုင်ဝမ်ချင်းရဲ့ မှတ်ဉာဏ်တွေအရ နင့်အဖေ နာမည်က လင်းမော့ပိုင်တဲ့။ သူက ထူးချွန်တဲ့ မြေအောက် တော်လှန်ရေးသမား တစ်ယောက်ပေါ့။ အဲဒီတုန်းက နင့်အဖေက အရေးကြီးတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ရဖို့အတွက် ရန်သူ့စခန်းထဲမှာ သူလျှိုအဖြစ် သွားရောက်ခဲ့တာ"
"ဒါပေမဲ့ အဲဒီအချိန်မှာ အဖွဲ့အစည်းထဲကို သူလျှိုတွေ ထိုးဖောက်ဝင်ရောက်နေတာကြောင့် လင်းမော့ပိုင်ရဲ့ အထောက်အထား ပေါ်သွားခဲ့တယ်။ လျှို့ဝှက်စာရွက်စာတမ်းတွေကို အပြင်ရောက်အောင် ပို့နိုင်ဖို့အတွက် သူဟာ အချိန်ဆွဲပေးရင်း ကိုယ့်ကိုယ်ကိုယ် အနစ်နာခံဖို့ ဝန်မလေးခဲ့ဘူး။ ဒါကြောင့်လည်း ပိုင်ဝမ်ချင်းက ဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်ခဲ့တာပေါ့၊ ဒါပေမဲ့ နင့်အဖေကတော့ သူမမျက်စိရှေ့တင် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်။ နောက်ဆုံး ပိုင်ဝမ်ချင်း နင့်ကို မွေးတဲ့အချိန်မှာ လင်းကတော်ရဲ့ နှောင့်ယှက်မှုတွေအပြင် သူမကိုယ်တိုင်ကလည်း ဆက်ရှင်သန်ချင်တဲ့ စိတ်ဓာတ်တွေ ကုန်ဆုံးနေခဲ့ပြီ"
လင်းကတော် လျန်ကျစ်ယင်းက မူလပိုင်ရှင်ရဲ့ အမေအရင်းကိုပါ ထပ်ပြီး ဒုက္ခပေးခဲ့တာပဲ။ လျန်ကျစ်ယင်းက တကယ်ကို သေထိုက်တဲ့လူပဲ! သူမကို အရူးဖြစ်အောင်လုပ်ပြီး ချင်းရှန်း စိတ်ကျန်းမာရေးဆေးရုံမှာ ပိတ်လှောင်ထားလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ သူမကို ချက်ချင်း သေခွင့်ပေးလိုက်တာက သိပ်ပြီး သက်ညှာလွန်းရာ ကျလိမ့်မယ်! လင်းမော့ပိုင်၊ ပိုင်ဝမ်ချင်းနဲ့ လင်းစုယွီ... ဒီမိသားစု သုံးယောက်လုံး တကယ်တော့ မရှိတော့ဘူး။ တခြားကမ္ဘာတစ်ခုမှာ သူတို့မိသားစု ပြန်လည်ဆုံစည်းနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။
"စုယွီ၊ ငါ့မှာ တောင်းဆိုချက်တစ်ခု ရှိတယ်။ ပိုင်ဝမ်ချင်းကို ပိုင်မိသားစုဝင်တစ်ယောက်အနေနဲ့ အေးအေးချမ်းချမ်း အနားယူခွင့်ပေးပါ!"
ဒီနှစ်တွေတစ်လျှောက် ပိုင်မိသားစုက ပိုင်ဝမ်ချင်းကို လိုက်ရှာနေမှန်း သူမ မသိတာ မဟုတ်ချေ။ သိနေရင်တောင် သူမကိုယ်သူမ ထုတ်မပြနိုင်တာပဲလေ။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့ ပိုင်ဝမ်ချင်း တကယ်မရှိတော့ဘူးဆိုတာကို မိသားစုဝင်တွေ သိအောင်လုပ်ဖို့ပါပဲ။
ဒါဟာ လင်းစုယွီကို သူမဆီ ခေါ်လာရတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုလည်း ဖြစ်သည်။ သူမက စုယွီ့ရဲ့ သံသယတွေကို ဖြေရှင်းပေးခဲ့သလို၊ စုယွီကလည်း ပိုင်ဝမ်ချင်းရဲ့ ကိစ္စတွေကို စီစဉ်ပေးရမည်ဖြစ်သည်။
"ကောင်းပါပြီ! ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ပိုင်ဝမ်ချင်းရဲ့ လေသံအတိုင်း ရေးထားတဲ့ စာတစ်စောင်လောက်တော့ ထားခဲ့ပေးပါ၊ အနည်းဆုံးတော့ အဖွားပိုင် အရမ်းကြီး စိတ်မထိခိုက်ရအောင်လို့ပါ"
လင်းစုယွီရဲ့ တောင်းဆိုချက်ကို ကြားပြီးနောက် ဟွားရှန့်က အသာအယာ ခေါင်းညိတ်ပြပြီး ခဏစောင့်ရန် အမူအရာပြကာ အခန်းထဲ ဝင်သွားလေသည်။ ခဏအကြာတွင် သူမသည် လက်ရာမြောက်လှသော သစ်သားသေတ္တာလေးတစ်လုံးကို ယူဆောင်လာခဲ့သည်။
"ဒီသေတ္တာလေးကို အဖွားပိုင်ဆီ ယူသွားပေးလိုက်ပါ။ သူမ သိပ်ပြီး ဝမ်းမနည်းပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ဒါဟာ ငါ လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပဲ"
သစ်သားသေတ္တာလေးကို လင်းစုယွီ့လက်ထဲ ထည့်ပေးပြီးနောက် ဟွားရှန့်သည် အတိတ်ဟောင်းတွေထဲ နစ်မျောနေသလိုမျိုး စကားဆက်မပြောတော့ပေ။ လင်းစုယွီလည်း သိချင်သမျှ သိရပြီဖြစ်၍ နှုတ်ဆက်ကာ ပြန်ရန် ပြင်လေသည်။ ဟွားရှန့်ကလည်း သူမကို ဆွဲမထားသလို၊ အကူအညီလိုရင် လာရှာပါဦးဆိုသည့် အားနာပါးနာ စကားမျိုးပင် မပြောခဲ့ပေ။
သို့သော်လည်း လင်းစုယွီ ထွက်သွားပြီးနောက်တွင်မူ ဟွားရှန့်သည် ရင်ဘတ်ထဲက အောင့်တက်နေသော သွေးစုန်လေများကို မထိန်းနိုင်တော့ဘဲ လတ်လတ်ဆတ်ဆတ် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရာ အနီးအနားက အစေခံများမှာ လန့်ဖျပ်သွားကြသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါ အတင်းအကျပ် လုပ်မိသွားတာကိုး..."
ဟောင်ကောင်ရှိ ပိုင်မိသားစု...
လင်းစုယွီ ပြန်လာတော့မည်ဟူသော သတင်းကြောင့် သူတို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်နေကြသည်။
"စုယွီ၊ ဒီနှစ်နှစ်အတွင်း အဒေါ်က သမီးကို သိပ်သတိရနေတာ။ ကြည့်စမ်း ဘယ်လိုဖြစ်လို့ ဒီလောက် ပိန်သွားရတာလဲ။ ထမင်းကောင်းကောင်း မစားဘူးလား! ဒီည အိမ်ပြန်ရောက်ရင် အားရှိအောင် အဝစားနော်။ နိုင်ငံခြားက အစားအစာတွေက ဗိုက်မဝဘူး။ ဒီညတော့ တို့ လူမျိုးရဲ့ ဟင်းလျာတွေကို အဝစားရမယ်"
လင်းစုယွီကို လာကြိုသူမှာ သူမ၏ အကြီးဆုံးအဒေါ် ဖြစ်သည်။ သူမသည် ပိုင်မိသားစုသို့ စတင်ရောက်ရှိလာကတည်းက လင်းစုယွီ၏ လိမ္မာယဉ်ကျေးပြီး သိတတ်မှုများကို သဘောကျနေသူဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အကြီးဆုံးအဒေါ်"
လင်းစုယွီက အစကတည်းကအတိုင်း ချိုသာယဉ်ကျေးစွာ ပြုံးပြရင်း အဒေါ် ဖြစ်သူ၏ လက်မောင်းကို ချိတ်ကာ အိမ်သို့ပြန်ရန် ကားပေါ်သို့ တက်လိုက်သည်။
အဒေါ်က စုယွီ့ဘေးမှာ ထိုင်ရင်း သူမလက်ကို ကိုင်ကာ ပြောနေရှာသည်။
"နင့်အဖွားကလည်း နင့်ကို သတိရနေတာ၊ နင် ထမင်းကောင်းကောင်း စားရဲ့လား၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရဲ့လားဆိုပြီး နေ့တိုင်း တတွတ်တွတ် မေးနေတာ။ အခု နင့်ရဲ့ ပိန်ပိန်ပါးပါး ကိုယ်လုံးလေးကို တွေ့ရင်တော့ သူ သေချာပေါက် စိတ်မကောင်းဖြစ်ဦးမှာပဲ"
"အဒေါ်ရယ် ကျွန်မက ဘယ်မှာ ပိန်လို့လဲ။ ကြည့်ပါဦး ကြွက်သားတွေနဲ့၊ ဒါက ကျွန်မ လေ့ကျင့်ခန်း ပုံမှန်လုပ်လို့ ကျစ်လျစ်သွားတာပါ။ တကယ်တော့ ကျွန်မ ထမင်းကို သုံးနပ်မှန်အောင် စားပါတယ်။"
လင်းစုယွီသည် ရှေးဟောင်းသိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူမ၏ ကိုယ်ခန္ဓာမှာ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း မရှိဘဲ အချိုးအစားကျကျ ကျစ်လျစ်နေခြင်းသာ ဖြစ်သည်။
"အကြီးဆုံးမမလေး ပြန်လာပြီ!"
ကားက ပိုင်အိမ်တော်ဝင်းထဲ ဝင်လိုက်သည်နှင့် ပါးနပ်သော အစေခံမလေးတစ်ယောက်က အထဲကို ပြေးဝင်ပြီး သတင်းပို့တော့သည်။ မီးဖိုချောင်တွင်လည်း အလုပ်များကုန်ကြသည်။ လင်းစုယွီ အိမ်ရှေ့တံခါးကို ဖြတ်ကျော်ဝင်လိုက်ချိန်တွင် ထမင်းဝိုင်းက အဆင်သင့် ဖြစ်နေပြီ။ မိသားစုဝင်တွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုတွေနဲ့ သာယာတဲ့ လေထုက လင်းစုယွီရဲ့ ခရီးပန်းလာမှုတွေကို အကုန်ပျောက်ကွယ်သွားစေသည်။
......
ထို့နောက် ရာသီဥတုသာယာသော နေ့တစ်နေ့ကို ရွေးချယ်ကာ လင်းစုယွီအတွက် ကြိုဆိုပွဲ အခမ်းအနား ကျင်းပပေးသည်။ ၎င်းသည် ဟောင်ကောင်မြို့ရှိ လူကုံထံ မိသားစုများမှ သခင်လေးများနှင့် သခင်မလေးများ တွေ့ဆုံနှုတ်ဆက်ကြသည့် ပွဲတစ်ခုလည်း ဖြစ်သည်။
ပွဲက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှသော်လည်း ကောမိသားစုမှ လူငယ်အချို့မှာမူ သူမဆီက သင်ခန်းစာ ကောင်းကောင်းမရသေးပုံပေါ်ကာ နောက်တစ်ကြိမ် ပြဿနာရှာရန် စတင်လာကြပြန်သည်။
"သူပဲ၊ အရင်တုန်းက အစ်မကျားရှင်းကို ဒုက္ခပေးခဲ့တဲ့လူက သူပဲ။"
ကောချန်းလင်သည် သူမဘေးရှိ အပေါင်းအပါများကို အံကြိတ်ကာ ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် မနာလိုစိတ်များ အတိုင်းသား ပေါ်လွင်နေ၏။ အစ်မကျားရှင်းသည် ထိုမျှ လှပပြီး အလိုလိုက်ခံရသူ ဖြစ်သော်လည်း နောက်ဆုံးတွင် ဤမိန်းမကြောင့် တန်ဖိုးမရှိသူ ဖြစ်သွားခဲ့ရကာ မိသားစု၏ စွန့်ပစ်ခြင်းခံရသော အရုပ်ဟောင်းတစ်ရုပ်လို ဖြစ်သွားခဲ့ရသည်။
"သူမက ပိုင်မိသားစုရဲ့ မျိုးရိုးမတူတဲ့ သခင်မလေးတစ်ယောက်ပဲ မဟုတ်လား။ ဘာကြောက်စရာ ရှိလို့လဲ။ သူမ အခုလို ဝင့်ကြွားနေနိုင်တာ ပိုင်မိသားစုကြောင့်ပဲ မဟုတ်ဘူးလား။ ငါက အနည်းဆုံးတော့ ကောမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် သခင်မလေးတစ်ယောက်ပဲ၊ သူမကို မယှဉ်နိုင်စရာ အကြောင်းရှိမလား။"
ဤသို့တွေးလိုက်မိသည်နှင့် ကော်ချန်းလင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ တိုးလာသည်။ သူမသည် အစ်မကျားရှင်းလို တုံးအလိမ့်မည် မဟုတ်။
"အစ်မစုယွီ၊ တောင်းပန်ပါတယ်နော်။ ချန်းလင် လမ်းလျှောက်တာ မကြည့်မိလို့ အစ်မကို မတော်တဆ တိုက်မိသွားတယ်"
ကောချန်းလင်သည် လင်းစုယွီကို တမင်တိုက်လိုက်ခြင်း ဖြစ်သော်လည်း ချက်ချင်းပင် နှိမ့်ချစွာ တောင်းပန်လိုက်သည်။
"ဒါဆို ဒီလိုလုပ်ရအောင်၊ ညီမရဲ့ ကားထဲမှာ ဝတ်စုံအသစ်တစ်ထည် ပါလာတယ်။ အစ်မသာ စိတ်မရှိရင် တောင်းပန်တဲ့အနေနဲ့ ဒါလေးကို လက်ခံပေးပါဦး"
လင်းစုယွီသည် ထိုမိန်းကလေး၏ ဂနာမငြိမ်ဘဲ လှည့်ပတ်ကြည့်နေသော မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် တစ်ခုခု ကြံစည်နေမှန်း သိလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက ဘာတွေ ဆက်လုပ်ဦးမလဲဆိုတာ ကြည့်ချင်သေးသဖြင့် သူမ၏ စကားနောက်သို့ ခဏတာ လိုက်ပေးလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း
အပိုင်း ၁၃၆ - သင်ခန်းစာတစ်ခု
လင်းစုယွီက သူမကိုကြည့်ကာ ပြုံးလိုက်သည်။ "ညီမလေး ချန်းလင်က မတော်တဆ တိုက်မိတာဆိုတော့ အနည်းဆုံးတော့ တောင်းပန်တာက တောင်းပန်တာနဲ့ တူသင့်တာပေါ့။ ဒါက တောင်းပန်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပဲဟာ... ကိုယ့်ဘာသာကိုယ် သွားယူရတယ်လို့ မရှိပါဘူး"
ကောချန်းလင်၏ မျက်နှာ ပျက်သွားသည်။ 'ငါ့ကို သူ့အတွက် အဝတ်အစားသွားယူခိုင်းတယ် ဟုတ်လား။ လင်းစုယွီက အဲ့လောက်ထိ တန်လို့လား။' သူမသည် မျက်နှာပေါ်မှ အပြုံးမပျက်စေရန် အတော်လေး ထိန်းလိုက်ရသည်။
"ဒါဆိုရင် အစ်မစုယွီလည်း ညီမနဲ့အတူ လိုက်ခဲ့ပါလား"
လင်းစုယွီက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ အလွယ်တကူပင် သဘောတူလိုက်သည်။
"ရတာပေါ့"
ကောချန်းလင်၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
'ခဏနေရင်လည်း အခုလို မာနထောင်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့'
လမ်းတစ်ဝက်တွင် ကောချန်းလင် ကြောင်စီစီဖြင့် ရပ်နေသည်ကို လင်းစုယွီ သတိပြုမိသွားသည်။ သူမ ခေါင်းလေးကို အနည်းငယ် စောင်းကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ညီမလေးချန်းလင်၊ အဝတ်အစားအသစ်တွေကို နှမြောနေလို့လား"
ကောချန်းလင်က အတင်းအကျပ် ပြုံးပြကာ အမီလိုက်လာသည်။
"မဟုတ်တာ အစ်မစုယွီရယ်၊ လိုက်ခဲ့ပါ"
အခြားသူများ မမြင်နိုင်သည့် နေရာရောက်မှ သူမ၏ မျက်လုံးထဲတွင် ရက်စက်သည့် အကြည့်များ ပေါ်လာသော်လည်း ချက်ချင်း ပြန်ဖျောက်လိုက်သည်။
"စိတ်ထဲမထားပါနဲ့ အစ်မစုယွီ၊ ညီမကားက နည်းနည်း လူသူဝေးတဲ့ နေရာမှာ ရပ်ထားလို့ပါ"
လင်းစုယွီ၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ ကောချန်းလင် ဘာတွေ ကြံစည်နေလဲဆိုသည်ကို သူမ အတိအကျ သိလိုသည်။
ကားကို သစ်ပင်တစ်ပင်အောက်တွင် အခြားယာဉ်တန်းများဖြင့် ကွယ်ထားသည့် နေရာတွင် ရပ်ထားသည်။ ကောချန်းလင်၏ မျက်လုံးထဲမှ အပြုံးများ ပို၍တောက်ပလာခဲ့သည်။ သူမက လင်းစုယွီကို ကားတံခါးနားသို့ ခေါ်ဆောင်သွားပြီး ခနဲ့တဲ့တဲ့ အပြုံးဖြင့် ပြောလိုက်သည်။
"အစ်မစုယွီ၊ ဒီအဝတ်အစားအသစ်တွေက အစ်မနဲ့ လိုက်ဖက်ပါ့မလားတောင် မသိဘူး"
ထို့နောက် သူမ လက်ခုပ်တီးလိုက်သည်။ သစ်ပင်ရိပ်အောက်ရှိ အမှောင်ထဲတွင် ပုန်းနေသော လူမိုက်အချို့ ချက်ချင်း ထွက်လာကာ သူတို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။
ကောချန်းလင်က လက်ပိုက်လိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ရုပ်ဆိုးပန်းဆိုးနှင့် ဝဖိုင့်နေသော လူမိုက်အချို့သည် လင်းစုယွီကို လေတိုးရုံမျှပင် နေရာမရှိအောင် ပိတ်ဆို့ ဝိုင်းရံထားလိုက်ကြသည်။
သူမ မထီမဲ့မြင် ပြုံးလိုက်မိသည်။ "နင့်လိုမျိုး ငါနဲ့အမျိုးမတော်တဲ့ မိန်းမတစ်ယောက်က ငါ့အဝတ်အစားသစ်တွေကို ရဖို့ တန်လို့လား။ အစ်မကျားရှင်းကို မောင်းထုတ်ခံရအောင် လုပ်ရဲတယ်ပေါ့လေ။ အခုတော့ မစော်ကားသင့်တဲ့သူကို စော်ကားမိတဲ့ အကျိုးဆက်ကို ပြရသေးတာပေါ့"
လင်းစုယွီကတော့ ပျင်းရိငြီးငွေ့နေသည့် ပုံစံပင်။ ကောချန်းလင်တွင် တစ်ခုခု ပါးနပ်သော အစီအစဉ်ရှိမည်ဟု သူမ ထင်ထားသော်လည်း ဤမျှသာ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူတို့ ရောက်ကတည်းက အမှောင်ထဲတွင် ပုန်းနေသည့် ထိုလူမိုက်များကို သူမ သတိထားမိပြီးသား ဖြစ်သည်။
လင်းစုယွီ ငြိမ်သက်စွာ ရပ်နေသည်ကို မြင်သောအခါ ကောချန်းလင်က သူမ ကြောက်နေသည်ဟု ထင်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် ဝင့်ကြွားလွန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကြောက်သွားပြီလား။ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တော့ ငါ စိတ်ကောင်းဝင်ပြီး လွှတ်ပေးချင် လွှတ်ပေးလိုက်မှာပါ"
လင်းစုယွီကတော့ ထိုဝင့်ကြွားနေသော မျက်နှာထားကို ကြည့်ကာ ရယ်ချင်နေမိသည်။ လူပြက်တစ်ယောက်ကို ကြည့်နေရသလိုပင်။ လင်းစုယွီ၏ မျက်နှာမှာ ထိတ်လန့်ရိပ် အနည်းငယ်မျှ မရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရသောအခါ ကောချန်းလင် ဒေါသထွက်လာခဲ့သည်။
သူမက ရက်စက်ကြမ်းကြုတ်စွာဖြင့် "ဒီနေ့တော့ နင့်ရဲ့ ဂုဏ်သိက္ခာတွေကို ဖျက်ဆီးပစ်မယ်။ သူ့ကို ဖမ်းစမ်း" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ စိတ်မပူပါနဲ့ မမလေးကော... ဒီမိန်းကလေးကို ကျွန်တော်တို့ ညီအစ်ကိုတွေ ဒီနေ့ ကောင်းကောင်းကြီး 'ဧည့်ခံ' ပေးလိုက်ပါ့မယ်"
အမိန့်ပေးသံအဆုံးတွင် လူမိုက်များသည် လက်ဝါးချင်း ပွတ်လိုက်ကြပြီး ယုတ်မာသော အပြုံးများဖြင့် အနားသို့ တိုးကပ်လာကြသည်။
"ဒီကောင်မလေးက တကယ့်ကို အလန်းလေးပဲဟေ့"
လင်းစုယွီက သူတို့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်လိုက်သည်။
"ကောချန်းလင်၊ နင့်ဦးနှောက်က သိပ်အလုပ်မလုပ်ဘူး ထင်တယ်"
ကောချန်းလင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး လူမိုက်များကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။
"ဘာစောင့်နေတာလဲ။ အခုချက်ချင်း ဖမ်းလိုက်စမ်း။"
လူမိုက်များက လင်းစုယွီထံသို့ ဝုန်းခနဲ ပြေးဝင်သွားကြသည်။ လင်းစုယွီ ထိတ်လန့်တကြား အော်ဟစ်နေသည်ကို မြင်ရရန် ကောချန်းလင်က မျှော်လင့်နေသည်။ သို့သော် မမျှော်လင့်ဘဲ အရပ်ရှည်ရှည် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
လင်းစုယွီကို ဝိုင်းထားသော လူမိုက်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်များကို ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်နေကြတော့သည်။ ကောချန်းလင် မျက်လုံးပြူးသွားကာ သွားကြိတ်လိုက်မိသည်။
'ဘယ်သူက ငါ့အစီအစဉ်ကို လာဖျက်နေတာလဲ'
"အဆင်ပြေရဲ့လား"
ရွှမ်ဖုန်းက သူမကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ လင်းစုယွီက ခေါင်းယမ်းပြရင်း "အဆင်ပြေပါတယ်" ဟု ဆိုသည်။
သူမ အဆင်ပြေသည်ဟု ကြားမှ ရွှမ်ဖုန်း စိတ်သက်သာရာ ရသွားတော့သည်။
စောစောက ပွဲထဲတွင် လင်းစုယွီကို ရှာမတွေ့သဖြင့် သူ ချက်ချင်း လိုက်ရှာခဲ့ခြင်းဖြစ်သည်။ လူမိုက်များ ဝိုင်းရံထားပြီး သူမကို တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသည့် ခဏ၌ ရွှမ်ဖုန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။သူမတွင် ရှေးဟောင်းသိုင်းပညာရပ်များ ရှိမှန်း သိထားသော်လည်း သူ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။
"မင်း အဆင်ပြေတာ ဝမ်းသာပါတယ်။ ငါ ရောက်တာ နောက်ကျသွားတယ်"
ကောချန်းလင် စိတ်ပျက်သွားခဲ့သည်။ လင်းစုယွီ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရန် လက်တစ်ကမ်းအလိုသာ လိုတော့သည် မဟုတ်ပါလား။ အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ သူမ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ လှည့်ထွက်ကာ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားတော့သည်။
ထိုအရပ်ရှည်ရှည် လူရိပ်က ကောချန်းလင်၏ နောက်တွင် ချက်ချင်း ရောက်သွားကာ သူမ၏ ကော်လာမှ ဆွဲမလိုက်သည်။ ကောချန်းလင် အသည်းအသန် ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။
"လွှတ်စမ်း!! ငါ ဘယ်သူလဲဆိုတာ သိရဲ့လား။ နင် ငါ့ကို မစော်ကားရဲစေရဘူး။ အခုချက်ချင်း လွှတ်!!"
ရွှမ်ဖုန်းက သူမ၏ စကားများကို နားမထောင်ဘဲ လင်းစုယွီရှေ့သို့ ခေါ်လာလိုက်သည်။
"သူ့ကို ဘယ်လို လုပ်မလဲ"
လင်းစုယွီ၏ နှုတ်ခမ်းအစုံသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ညီမလေးချန်းလင်၊ ထွက်ပြေးဖို့ နောက်ကျသွားပြီ ထင်တယ်။"
ထိုအပြုံးက ကောချန်းလင်ကို တစ်ကိုယ်လုံး ကြက်သီးထသွားစေသည်။
ကောချန်းလင် လင်းစုယွီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။"နင် ဘာလုပ်မလို့လဲ။ ငါက ကောမျိုးနွယ်ရဲ့ သမီးပဲ။ သူ့ကို လွှတ်ခိုင်းလိုက်စမ်း"
လင်းစုယွီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား။ ဒါပေါ့... ညီမလေးချန်းလင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ချင်တာပေါ့"
သူမ၏ ပြုံးနေသော မျက်လုံးများမှာ အမဲလိုက်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ပင်။ ကောချန်းလင်၏ ကိုယ်ခန္ဓာမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်လာသည်။ သူမ ထွက်ပြေးချင်သော်လည်း ရွှမ်ဖုန်းက မြဲမြံစွာ ဖမ်းထားသည်။
လင်းစုယွီက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ ခေါင်းပေါ်သို့ တင်လိုက်သည်။ ကောချန်းလင်၏ ကိုယ်ထဲတွင် ထိတ်လန့်မှုလှိုင်းများ ချက်ချင်း ရိုက်ခတ်သွားပြီး လည်ချောင်းထဲမှ အော်သံအချို့ ထွက်လာသည်။
သူမ၏ ဝိညာဉ်တစ်ခုလုံး ဆွဲဆုတ်ခံနေရသလို ခံစားလိုက်ရပြီး အပ်ပေါင်း သောင်းချီ၍ အသားထဲသို့ ထိုးစိုက်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ လင်းစုယွီကတော့ သူမ၏ တုံ့ပြန်မှုကို ကြည့်ကာ မျက်ခုံးအသာ ပင့်လိုက်ရုံသာ။
သူမသည် လတ်တလောမှ ဖော်စပ်ထားသော လျှို့ဝှက်နည်းစနစ်ကို သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်လိုက်ခြင်းဖြစ်ရာ ကောချန်းလင်အတွက်တော့ ငရဲကျသလို ခံစားချက်မျိုး ဖြစ်စေရန် လုံလောက်လှသည်။ ဘေးနားရှိ ရွှမ်ဖုန်းကလည်း လေထုထဲမှ စွမ်းအားအတက်အကျကို ခံစားမိလိုက်သဖြင့် မျက်လုံးများ မှောင်ကျသွားသည်။
မကြာမီမှာပင် ကောချန်းလင်သည် မတောင့်ခံနိုင်တော့ဘဲ မျက်ဖြူလန်ကာ သတိလစ်သွားတော့သည်။ သူမ သတိလစ်သွားသည်ကို မြင်သောအခါ လင်းစုယွီမှာ စိတ်ဝင်စားမှု လျော့နည်းသွားပြီး လက်ကို ပြန်ရုပ်လိုက်သည်။
"အခု ဘာဆက်လုပ်မလဲ"
ရွှမ်ဖုန်းက သူမကို ကြည့်ကာ မေးသည်။ လင်းစုယွီက ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဒါပေါ့... သူတို့ အမြတ်တနိုး မွေးထားတဲ့ သမီးလေးက လူမိုက်တစ်သိုက်နဲ့ အတူတူ လဲနေတာကို မြင်ရင် ကောမျိုးနွယ်စုဝင်တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်ရမှာပေါ့"
ရွှမ်ဖုန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး ပူးပေါင်းကာ ကောချန်းလင်နှင့် မြေပြင်ပေါ်ရှိ လူမိုက်များကို အထုပ်တစ်ထုပ်လို စုစည်းပြီး ချည်နှောင်လိုက်ကြသည်။ အလုပ်ပြီးသွားသောအခါ လင်းစုယွီက သူမလက်များကို ဖုန်ခါလိုက်ပြီး ရွှမ်ဖုန်းကို ကြည့်ကာ "ကား သွားယူခဲ့ဦး" ဟု ဆိုလိုက်သည်။
"ကောင်းပါပြီ"
မကြာမီမှာပင် ရွှမ်ဖုန်း ကားမောင်းလာခဲ့သည်။ သူတို့နှစ်ဦးသည် လူမိုက်များနှင့် ကောချန်းလင်ကို ကားနောက်ဖုံးထဲသို့ ပစ်ထည့်လိုက်ကြသည်။ ထို့နောက် ကောမျိုးနွယ်၏ နေအိမ်သို့ မောင်းနှင်သွားကြတော့သည်။
ကောအိမ်ရှေ့သို့ ရောက်သည်နှင့် လင်းစုယွီ ကားပေါ်မှ ဆင်းကာ တံခါးကို သွားခေါက်လိုက်သည်။ အိမ်ဖော်တစ်ယောက် ချက်ချင်း ထွက်လာပြီး "မမလေး... ဘယ်သူ့ကို ရှာတာလဲ" ဟု မေးသည်။
"သခင်ကြီးကောနဲ့ တခြားသူတွေကို မမလေးချန်းလင်ကို လာကြိုဖို့ ပြောလိုက်ပါ"
အိမ်ဖော်မလေးမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း အတွင်းသို့ သတင်းသွားပို့လိုက်သည်။
လင်းစုယွီနှင့် ရွှမ်ဖုန်းတို့သည် ချည်နှောင်ထားသူအားလုံးကို ကောအိမ်ရှေ့တွင် ပုံချလိုက်ကြသည်။ သတိလစ်နေသော ကောချန်းလင်မှလွဲ၍ ကျန်လူမိုက်များမှာ ပါးစပ်ထဲတွင် အဝတ်များ ခံနေရသဖြင့် တအင်းအင်းနှင့် ညည်းညူနေကြရသည်။။
"ချန်းလင် ပြန်လာပြီလား..."
ကောချန်းလင်သည် ပုံမှန်အားဖြင့် မာနကြီးပြီး သူမပြန်လာလျှင် အိမ်သားများကို အပြင်အထိ ထွက်ကြိုခိုင်းလေ့ရှိသဖြင့် ဤသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
ကောကတော်သည် အပြုံးမျက်နှာဖြင့် ထွက်လာခဲ့သော်လည်း ကောချန်းလင်တစ်ယောက် ယောက်ျားအချို့နှင့်အတူ အထုပ်လိုက် ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသည့်အခါတွင်မူ မူးလဲမတတ် ဖြစ်သွားရတော့သည်။