← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အပိုင်း ၁၃၉ - မမျှော်လင့်ထားသော ဖြစ်ရပ်ဆန်း

“ဒါ တကယ့်ကို နာမည်ကောင်းလေးပဲ! စုယွီ... နင်ကတော့ တော်လိုက်တာဟာ!”

ကျန့်ဖိန့်ဖိန့် ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် တောက်ပသွားပြီး လက်နှစ်ဖက်လုံးကို မြှောက်ကာ သဘောတူကြောင်း ဖော်ပြလိုက်သည်။

လင်းစုယွီမှာ သူမ၏ တုံ့ပြန်မှုကို ကြည့်ပြီး အနည်းငယ် ရယ်ချင်သွားသည်။

“ဒါဆို ဒီနာမည်ပဲ ပေးလိုက်ကြစို့။ ငါတို့ရဲ့ ကုန်အမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာတွေကို သုံးမယ်။ ဒါဆို ဟောင်ကောင်မြို့က လူတွေကြားမှာ သေချာပေါက် ရေပန်းစားမှာပဲ။”

ထိုခေတ်က ဟောင်ကောင်မြို့သူမြို့သားများသည် "နိုင်ငံခြား" ပစ္စည်းများကို အလွန်အမင်း နှစ်သက်ကြကြောင်းနှင့် အင်္ဂလိပ်စာတန်းပါသည့် ပစ္စည်းဆိုလျှင် ဈေးနှုန်းကိုပင် မကြည့်ဘဲ ဝယ်ယူတတ်ကြကြောင်း သူတို့နှစ်ဦးလုံး သိရှိထားကြသည်။

အမှတ်တံဆိပ်အမည်ကို ဆုံးဖြတ်ပြီးနောက် ချောင်အန်းကို ကျန့်ဖိန့်ဖိန့်က တည်းခိုရန်နေရာ စီစဉ်ပေးရန် ခေါ်ဆောင်သွားသည်။

လင်းစုယွီကလည်း လက်ရှိ ခေတ်စားနေသော အပြင်အဆင်များနှင့် ဟောင်ကောင်မြို့သားတို့၏ နောက်ဆုံးပေါ် အကြိုက်များကို လေ့လာပြီး ၎င်းတို့ကို ကိုယ်ပိုင်ဒီဇိုင်းများတွင် ထည့်သွင်းနိုင်ရန် နောက်တစ်နေ့တွင် ဈေးဝယ်ထွက်ဖို့ ကျန့်ဖိန့်ဖိန့်နှင့် ချိန်းဆိုလိုက်သည်။

.......

နောက်တစ်နေ့ နံနက်စောစောတွင် ကျန့်ဖိန့်ဖိန့်သည် ပိုင် မိသားစုနေအိမ်သို့ စိတ်အားထက်သန်စွာ ရောက်ရှိလာပြီး လင်းစုယွီကို လာကြိုလေသည်။

“အရင်တုန်းက ငါတို့တွေ အတူတူ ဈေးဝယ်ထွက်ခဲ့ကြတာတွေကို ပြန်တွေးကြည့်စမ်းပါဦး... ဒါတွေက ဘယ်လောက်တောင် ကြာသွားပြီလဲနော်”

ကျန့်ဖိန့်ဖိန့်က ကားပေါ်တွင် လင်းစုယွီ၏ ပုခုံးကို မှီရင်း အတိတ်ဟောင်းများကို လွမ်းဆွတ်တမ်းတနေသည်။

လင်းစုယွီက ပြုံးကာ ပြောလိုက်သည်။ “အခုလည်း ငါတို့ အတူတူ ဈေးဝယ်ပြန်ထွက်နိုင်နေပြီ မဟုတ်လား”

“ဟီး... ခဏနေရင် ငါတို့ရဲ့ စီးပွားရေးဇုန်ကို သေချာကြည့်ရမယ်”

ဈေးဝယ်ထွက်ဖို့ ပြောလိုက်သည်နှင့် ဈေးဝယ်ချင်စိတ် ပြင်းထန်နေသော ကျန့်ဖိန့်ဖိန့်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

ကျန့်ဖိန့်ဖိန့်က ကျန့်မိသားစု၏ ဒရိုင်ဘာကို ဟောင်ကောင်မြို့ရှိ အကြီးဆုံး ကုန်တိုက်ကြီးဆီသို့ တိုက်ရိုက် မောင်းနှင်ခိုင်းလိုက်သည်။

အဝတ်အထည်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားတိုင်း သူမသည် အလုပ်သဘောအရဖြစ်စေ၊ ဗီဇအရဖြစ်စေ ဆိုင်ထဲရှိ အဝတ်အစားများ၏ ဒီဇိုင်းနှင့် စတိုင်များကို မကြည့်ဘဲ မနေနိုင်ပေ။

ဟောင်ကောင်မြို့တွင် မည်သည့်ဒီဇိုင်းနှင့် စတိုင်များ ခေတ်စားနေသည်ကို ဤနေရာတွင် သိသာမြင်သာလှပြီး ထင်ရှားသော မိသားစုများမှ အမျိုးသမီးငယ် အများအပြားလည်း ဤနေရာတွင် စုဝေးနေကြသည်။

“စုယွီ... နောက်ကျရင် ဒီနေရာမှာ ဆိုင်ခွဲတစ်ခု ဖွင့်ရင် ဘယ်လိုလဲ။ ဒီကုန်တိုက်ထဲ ရောက်သွားရင် ငါတို့ အဝတ်အထည် အမှတ်တံဆိပ်ကို လူသိပိုများလာမှာ။”

ဤနေရာ၏ နေ့စဉ် လူသွားလူလာမှာ အလွန်များပြားသဖြင့် အဝတ်အစား မရောင်းရလျှင်တောင်မှ အမှတ်တံဆိပ်ကို လူသိထင်ရှားစေသည့် အကျိုးသက်ရောက်မှု ရှိနိုင်ပေသည်။

လင်းစုယွီ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။“ကောင်းတဲ့ အကြံပဲ။ ပြန်ရောက်ရင် ဝမ်းကွဲအစ်ကို ချီမင်ကို ပြောကြည့်မယ်။ ဒီနေရာမှာ ဆိုင်ခန်းရဖို့ သူတစ်ခုခု စီစဉ်နိုင်မလားလို့”

ကျန့်ဖိန့်ဖိန့်မှာ တစ်ချိန်လုံး စိတ်လှုပ်ရှားနေပြီး ဆိုင်ထဲရှိ အဝတ်အစားများကို မလွတ်တမ်း လိုက်ကြည့်နေသော်လည်း လင်းစုယွီကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

ယနေ့ သူတို့၏ အဓိကရည်ရွယ်ချက်မှာ ခေတ်စားနေသော စတိုင်များကို လေ့လာရန် ဖြစ်သော်လည်း ကျန့်ဖိန့်ဖိန့်မှာ ဒီဇိုင်းလှလှပပ ဂါဝန်အချို့ကို သဘောကျသွားပြီး လက်တစ်ချက်ဝေ့ရုံဖြင့် အကုန်ဝယ်ယူလိုက်သည်။

သူတို့နှစ်ဦး ကုန်တိုက်ထဲမှ ထွက်လာချိန်တွင် မိုး ချုပ်နေပြီဖြစ်ပြီး ကျန့်မိသားစုမှ ဒရိုင်ဘာမှာလည်း အဝင်ဝတွင် စောင့်ဆိုင်းနေသည်။

ရုတ်တရက် လင်းစုယွီသည် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

ကုန်တိုက်အဝင်ဝတွင် ဖရိုဖရဲဖြစ်ပြီး စုတ်ပြတ်ပေရေနေသော အဝတ်အစားများ ဝတ်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှေ့တွင် စတီးပန်းကန်လုံးတစ်လုံး ချကာ ဆောင့်ကြောင့်ထိုင်နေသည်။ သူမ၏ ဘယ်ဘက်လက်မှာလည်း ကျိုးနေပုံရသည်။

တစ်ဖက်လူမှာ သူတောင်းစားတစ်ဦးကဲ့သို့ ချို့တဲ့လှသော်လည်း လင်းစုယွီကမူ ထိုသူမှာ မည်သူဖြစ်သည်ကို ချက်ချင်း မှတ်မိလိုက်သည်။

သို့သော် သူမသည် ထိုသူနှင့် မမည်သည့်ပတ်သက်မှုမျှ မလုပ်လိုပေ။ သူတို့နှစ်ဦး ကျန့်မိသားစု၏ ကားပေါ်သို့ တက်ခါနီးတွင် ထိုအမျိုးသမီးသည် လင်းစုယွီတို့ကို မြင်သွားပြီး ရူးသွပ်နေသူတစ်ဦးကဲ့သို့ ရုတ်တရက် အတင်းတိုးဝှေ့ကာ ပြေးဝင်လာတော့သည်။

ရှေးဟောင်းကိုယ်ခံပညာ တတ်မြောက်ထားသည့် လင်းစုယွီမှာမူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ကျန့်ဖိန့်ဖိန့်၏ လက်မှာမူ ထိုအမျိုးသမီး၏ လက်သည်းနှင့် မတော်တဆ ခြစ်မိသွားကာ သွေးစအချို့ ထွက်လာသည်။

“အား... နာလိုက်တာ!” သူမ အော်ဟစ်လိုက်မိသည်။

၎င်းကို မြင်လိုက်ရသောအခါ ကျန့်မိသားစု၏ ဒရိုင်ဘာသည် ကားပေါ်မှ အမြန်ဆင်းလာပြီး ထိုရူးသွပ်နေသည့် အမျိုးသမီးကို ဖမ်းချုပ်လိုက်သည်။

ထိုအမျိုးသမီးမှာ အဖမ်းမခံလိုဘဲ အတင်းရုန်းကန်နေသည်။

သူမက လင်းစုယွီကို မော့ကြည့်ပြီး အော်ဟစ်တော့သည်။ “ကယ်ပါဦး! လင်းစုယွီ... ငါ့ကို ကယ်ပါဦး!”

လင်းစုယွီ၏ အကြည့်များ အေးစက်သွားသည်။ ဝမ်ရှို့ကျွမ်းက သူမကို တကယ်ပဲ မှတ်မိသွားသည်မှာ အတော်ပင် ကံဆိုးလှသည်။ သို့သော် သူမသည် ဝမ်ရှို့ကျွမ်း၏ နောက်ကြောင်းကို ကောင်းကောင်းသိသည်။

သူမအပေါ် အမြဲတမ်း မကောင်းကြံခဲ့ပြီး သူမနှင့် လျန်ဟွေ့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သူတစ်ဦးဖြစ်သည်။ လင်းစုယွီသည် ထိုကဲ့သို့ ယုတ်ညံ့သောသူကို ကူညီရန် စိတ်သဘောထား မကြီးမြတ်နိုင်ပေ။

ယခုအချိန်တွင် သူမမှာ အလွန်သနားစရာကောင်းနေသော်လည်း လင်းစုယွီ၏ စိတ်ထဲတွင် အနည်းငယ်မျှပင် ကိုယ်ချင်းစာစိတ် မရှိခဲ့ပေ။

လင်းစုယွီသည် သူမကို လုံးဝ လျစ်လျူရှုကာ အကြည့်လွှဲလိုက်သည်။

ဝမ်ရှို့ကျွမ်းမှာ ထိတ်လန့်တကြား ဖြစ်လာခဲ့သည်။ “လင်းစုယွီ... ငါလေ! နင် ငါ့ကို မမှတ်မိဘူးလား။ မြန်မြန် ကူညီပါဦး!”

ကျန့်ဖိန့်ဖိန့်က သူမ၏ ဒဏ်ရာကို ဖိထားရင်း လင်းစုယွီကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။“စုယွီ... နင်တို့နှစ်ယောက် သိကြတာလား”

လင်းစုယွီ ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း၊ မသိပါဘူး။ သူ က အတိတ်က လူပြက်တစ်ယောက်ပါပဲ။ နင် အဆင်ပြေရဲ့လား။ ပိုးဝင်မှာ စိုးရိမ်ရလို့ ဒဏ်ရာကို မြန်မြန်ပြန်ပြီး ဆေးကုရအောင်”

လင်းစုယွီက မသိဟု ပြောလိုက်သဖြင့် ကျန့်ဖိန့်ဖိန့်လည်း ဘာမှ ဆက်မမေးတော့ပေ။ အမှန်စင်စစ် ဤကဲ့သို့သော နေရာမျိုးတွင် သူစိမ်းများကို မဆင်မခြင် သနားဂရုဏာ မသက်သင့်ပေ။

“သူမကို ကုန်တိုက်လုံခြုံရေးဆီ အပ်လိုက်ပါ” ဟု ကျန့်ဖိန့်ဖိန့်က သူမ၏ ဒရိုင်ဘာကို ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ”

ဝမ်ရှို့ကျွမ်းကို ကျန့်မိသားစု ဒရိုင်ဘာက အတင်းဆွဲခေါ်သွားသည်။ သူမ တစ်ခုခု အော်ပြောချင်သော်လည်း ဒရိုင်ဘာက သူမပါးစပ်ကို ပိတ်ကာ ကုန်တိုက်အဝင်ဝဆီ တိုက်ရိုက်ဆွဲခေါ်သွားပြီး လုံခြုံရေးများကို သေချာကိုင်တွယ်ရန် မှာကြားကာ လွှဲပြောင်းပေးလိုက်သည်။

လုံခြုံရေးဝန်ထမ်းများကလည်း ကျန့်မိသားစုဝင်များကို မှတ်မိကြသဖြင့် မငြင်းဆန်ရဲဘဲ တရိုတသေ ခေါင်းညိမ့်ကြလေသည်။

ဝမ်ရှို့ကျွမ်း၏ နောက်ဆုံးမျှော်လင့်ချက်လေးမှာ ပျောက်ကွယ်သွားခဲ့ရသည်။ သူမသည် လင်းစုယွီက သူမကို ကယ်တင်လိမ့်မည်ဟု နဂိုက မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ ထွက်ခွာသွားသော လင်းစုယွီ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများမှာ မနာလို အမုန်းတရားများဖြင့် ပြည့်နှက်သွားသည်။

ထိုသူနှစ်ဦး ကားပေါ်သို့ တက်လိုက်ကြပြီး ကျန့်ဖိန့်ဖိန့်က လင်းစုယွီကို ပိုင်မိသားစုထံ အရင်လိုက်ပို့ရန် ဒရိုင်ဘာကို ပြောလိုက်သည်။

ခရီးစဉ်မှာ အေးအေးဆေးဆေးပင် ဖြစ်သော်လည်း အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ကားမှာ ရုတ်တရက် ဘရိတ်အုပ်လိုက်ရသည်။

ဒရိုင်ဘာ၏ နဖူးပေါ်တွင် ချွေးစများ ထွက်လာသည်။ သူ့ကားပေါ်တွင် အမျိုးသမီးငယ် နှစ်ဦး ပါလာသည်မဟုတ်ပါလား။

တစ်ခုခုသာ ဖြစ်သွားလျှင် သူ့အလုပ်တင်မကဘဲ အသက်ပင် အန္တရာယ်ရှိနိုင်ပေသည်။

ကျန့်ဖိန့်ဖိန့်က “ဘာဖြစ်တာလဲ” ဟု အေးစက်စွာ မေးလိုက်သည်။

ဒရိုင်ဘာမှာ ထိတ်လန့်နေသော်လည်း တည်တည်ငြိမ်ငြိမ်ရှိရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

“မမလေး... ရှေ့ကကားတစ်စီးက ကျွန်တော်တို့ လမ်းကို တမင်ပိတ်နေပါတယ်”

လင်းစုယွီ၏ အကြည့်များ မှောင်မှောင်သွားသည်။ သူမ ထိုကားဆီသို့ လှမ်းကြည့်လိုက်ရာ ကားနံပါတ်ပြားမှာ ဟောင်ကောင်မြို့မှ မဟုတ်ကြောင်း တွေ့လိုက်ရသည်။

“ဖြည်းဖြည်းမောင်းပါ၊ အဲဒီကားနားကို ကပ်မသွားအောင် ကြိုးစားကြည့်။”

လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့ နှစ်ဦးလုံး ထိုင်ခုံခါးပတ်များကို တင်းတင်းကြပ်ကြပ် ပတ်လိုက်ကြသည်။

ကျန့်မိသားစု ဒရိုင်ဘာမှာ အသက်အောင့်ကာ သတိကြီးစွာ မောင်းနှင်နေသော်လည်း ရှေ့ကကားမှာမူ သူတို့ကို စနောက်နေသည့်အလား သူတို့ဘက်ကွေ့သည့်နေရာတိုင်းကို လိုက်ပိတ်နေလေသည်။

ထိုကားက သူတို့ကို ကျော်တက်ခွင့် လုံးဝမပေးဘဲ လမ်းကို တိုက်ရိုက် ပိတ်ဆို့ထားသည်။

တစ်စုံတစ်ဦးက တမင်တကာ ပြဿနာရှာနေကြောင်း လင်းစုယွီ သိလိုက်သည်။ သူမ ကားမှန်ပြတင်းပေါက် နှစ်ဖက်စလုံးကို လှမ်းကြည့်လိုက်သည်။

“ဟိုဘက်က လက်ဖက်ရည်ဆိုင်ဆီကို မောင်းလိုက်။”

တစ်စုံတစ်ဦးက ပိုင်မိသားစုအိမ်သို့ ပြန်မည့်လမ်းကို ပိတ်ဆို့နေသဖြင့် သူတို့လည်း လောလောဆယ် ပြန်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

လင်းစုယွီ၏ စကားကို ကြားသည်နှင့် ဒရိုင်ဘာက အချက်ပြမီးပြကာ လက်ဖက်ရည်ဆိုင်ဆီသို့ အမြန်မောင်းလိုက်သည်။

တကယ်ပင် ထိုကားမှာ ယာဉ်ကြောထဲတွင် ပျောက်ကွယ်သွားတော့သည်။

လင်းစုယွီသည် နဂိုက ထိုနေရာတွင် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်ရန် စိတ်ကူးထားသော်လည်း ကျန့်ဖိန့်ဖိန့်မှာမူ ကားတံခါးကို တွန်းဖွင့်ကာ ဆင်းသွားလေပြီ။

“စုယွီ... ငါတို့ ဒီအတိုင်း ဆက်ပြန်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒရိုင်ဘာကိုပဲ လူသွားခေါ်ခိုင်းလိုက်ပြီး ငါတို့က ဒီလက်ဖက်ရည်ဆိုင်ထဲမှာ ခဏပုန်းနေရအောင်”

လင်းစုယွီ ခေတ္တစဉ်းစားပြီးနောက် ကားပေါ်မှ ဆင်းလိုက်သည်။ စောစောက ကားကို မည်သူလွှတ်လိုက်သည်ကို သူမမသိသောကြောင့် သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

သူတို့နှစ်ဦး လက်ဖက်ရည်ဆိုင်ထဲသို့ တိုက်ရိုက်ဝင်သွားကြပြီး ဒရိုင်ဘာမှာမူ အကူအညီတောင်းရန် ကျန့်မိသားစု၏ ကားအလွတ်ဖြင့် ပြန်သွားခဲ့သည်။

ကျန့်ဖိန့်ဖိန့်မှာ မူလက ပုန်းရုံသာ ရည်ရွယ်သော်လည်း စားစရာများကို မြင်လိုက်သောအခါ မခွာနိုင်တော့ပေ။ လင်းစုယွီမှာလည်း သူမကို လွှတ်ထားလိုက်ရပြီး ပတ်ဝန်းကျင်ကိုသာ သတိကြီးစွာ စောင့်ကြည့်နေလိုက်သည်။

မကြာမီတွင် ကျန့်မိသားစု ရောက်ရှိလာသည်။ ဖေဖေကျန့်သည် ဖြစ်ပျက်ပုံကို ကြားသည်နှင့် ကားဆယ်စီးကို ချက်ချင်း စေလွှတ်လိုက်သည်။

အချိန်အတော်ကြာသည့်တိုင် အန္တရာယ်မရှိတော့ဘဲ ဗိုက်လည်း ဝသွားသောအခါ ကျန့်ဖိန့်ဖိန့်က အိမ်သာသွားမည်ဟု ဆိုကာ ထွက်သွားသည်။ လင်းစုယွီကမူ သီးသန့်ခန်းထဲတွင် ကျန်ရစ်ခဲ့သည်။

အချိန်အတော်ကြာသည်အထိ ကျန့်ဖိန့်ဖိန့် ပြန်မလာသဖြင့် လင်းစုယွီ၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်ထိတ်လန့်မှုများ ဝင်ရောက်လာတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

အပိုင်း ၁၄၀ - ပြန်ပေးဆွဲခံရခြင်း

တစ်ခုခုမှားယွင်းနေပြီဟု ခပ်ရေးရေးအာရုံရလိုက်သည်နှင့် လင်းစုယွီသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ လက်ဖက်ရည်ဆိုင်အတွင်းရှိ အိမ်သာအားလုံးကို လိုက်လံစစ်ဆေးသော်လည်း ကျန့်ဖိန့်ဖိန့်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ လင်းစုယွီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဆိုးရွားသည့်တစ်ခုခု ဖြစ်ပျက်နေပြီဆိုသည်ကို သူမ သိလိုက်ရသည်။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ရှာဖွေနိုင်သည့် အတိုင်းအတာအတွင်း၌ပင် ကျန့်ဖိန့်ဖိန့်ကို မတွေ့ရပေ။ ထို့အပြင် ဤခေတ်ကာလတွင် စောင့်ကြည့်ကင်မရာများမှာလည်း နေရာအနှံ့မရှိသေးချေ။

လမ်းတွင် ကျန့်မိသားစု၏ ကားကို ပိတ်ဆို့ခဲ့သူများကို ပြန်အမှတ်ရမိပြီးနောက် ကျန့်ဖိန့်ဖိန့် ရုတ်တရက် ပျောက်ဆုံးသွားမှုနှင့် ဆက်စပ်ကြည့်လိုက်ရာ လင်းစုယွီသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုကို သဘောပေါက်သွားတော့သည်။

"တောက်! ငါ အရမ်းပေါ့ဆသွားတယ်"

ကျန့်ဖိန့်ဖိန့် ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း သူမ သေချာသလောက် ရှိသွားပြီ။ ဤလက်ဖက်ရည်ဆိုင်တွင် အဓိကဝင်ပေါက်တစ်ခုနှင့် အလုပ်သမားများသာ အသုံးပြုလေ့ရှိသည့် နောက်ဖေးပေါက်တစ်ခုသာ ရှိသည်။ ကျန့်ဖိန့်ဖိန့်ကို ဖမ်းဆီးသွားသူများသည် အဝေးကြီးသို့ ရောက်ဦးမည်မဟုတ်ပေ။

လင်းစုယွီ တစ်စက္ကန့်မျှပင် အချိန်မဆွဲဝံ့တော့ချေ။ သူမသည် ကျန့်မိသားစု၏ ကားဆရာအား ချက်ချင်းအသိပေးကာ ကျန့်ဖိန့်ဖိန့်ကို ရှာဖွေရန် လူလွှတ်ဖို့ မိသားစုထံ အကြောင်းကြားခိုင်းလိုက်သည်။ သူမကိုယ်တိုင်လည်း ကျန့်ဖိန့်ဖိန့်ကို ရှာဖွေရာတွင် အကူအညီရရန် ပိုင်မိသားစုထံသို့ အပြေးအလွှား ပြန်လာခဲ့သည်။ အကယ်၍ နောက်ကျသွားပါက ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်ရုံနှင့်ပင် ရင်လေးစရာပင်။

လင်းစုယွီ၏ ရင်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။ ကျန့်ဖိန့်ဖိန့် မည်မျှအထိ ကြောက်လန့်နေရှာမည်နည်း။ အမြန်ဆုံး မတွေ့ရှိပါက အခြေအနေများ ဆိုးရွားသွားပေတော့မည်။

ကားကို တားဆီးခံရစဉ်ကတည်းက ပုံမှန်မဟုတ်သည်ကို သူမ ခံစားမိခဲ့သော်လည်း လက်ဖက်ရည်ဆိုင်အတွင်း ဘာမှမထူးခြားသည်ကို မြင်သောအခါ သူမနှင့် ကျန့်ဖိန့်ဖိန့်တို့ နှစ်ဦးလုံး သတိလက်လွတ် ဖြစ်သွားခဲ့မိသည်။ ထိုပေါ့ဆမှုကြောင့် လင်းစုယွီ မိမိကိုယ်ကိုယ် အလွန်ဒေါသထွက်နေမိသည်။

ကျန့်မိသားစုသည် ဤသတင်းကို ကြားသည်နှင့် တစ်မိသားစုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျန့်ဖိန့်ဖိန့်ကို ရှာဖွေရန် ရှိသမျှလူအင်အားကို စုစည်းလိုက်ကြတော့သည်။

လင်းစုယွီကလည်း ပြန်ပေးသမားများ ကျန့်ဖိန့်ဖိန့်နှင့်အတူ ဖြတ်သန်းသွားနိုင်သည့် လမ်းကြောင်းအားလုံးကို စစ်ဆေးရေးဂိတ်များချကာ ပိတ်ဆို့ထားရန် ပိုင်မိသားစုဝင်များကို ညွှန်ကြားလိုက်သည်။

ဤမျှတိုတောင်းသော အချိန်အတွင်း လူတစ်ယောက်လုံးကို အဝေးသို့ ခိုးထုတ်သွားရန်မှာ လုံးဝမဖြစ်နိုင်ပေ။ လင်းစုယွီသည် ကျန့်ဖိန့်ဖိန့်ကို တွေ့ရှိလိုသော မျှော်လင့်ချက်ဖြင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို တစ်ရပ်ကွက်လုံး အနှံ့ဖြန့်ကျက်ကာ အသေးစိတ် ရှာဖွေလိုက်တော့သည်။

အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ ရွှမ်ဖုန်းသည် သူမဘေးတွင် အနီးကပ်ရှိနေပြီး သူမ၏ စိုးရိမ်ပူပန်မှုများကိုလည်း ခံစားနေရသည်။ လေထုထဲတွင် ထူးဆန်းသော စွမ်းအင်တစ်ခု အဆက်မပြတ် စီးဆင်းနေသည်ကို သူ သတိပြုမိသည်။ သူမ၏ လျှို့ဝှက်ချက်ကို သူ သိရှိပြီးသားဖြစ်သော်လည်း ယခုကဲ့သို့ သူ၏ ရှေ့တွင် တိုက်ရိုက်အသုံးပြုနေသည်ကို မြင်ရသည်မှာ သူ့ကို အံ့အားသင့်စေဆဲပင်။

လင်းစုယွီ၏ မျက်နှာသည် တဖြည်းဖြည်း ဖြူလျော်လာသည်ကို မြင်သောအခါ ရွှမ်ဖုန်း အလေးအနက် မျက်မှောင်ကြုတ်လိုက်မိသည်။

"မိန်းကလေးလင်းစုယွီ... ခဏလောက် အနားယူသင့်တယ်၊ ကျန့်မိန်းကလေး ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

ရွှမ်ဖုန်းက ထိုသို့ ဆိုသော်လည်း လင်းစုယွီကမူ သူ့ကို လုံးဝဂရုမစိုက်ဘဲ စိတ်ဝိညာဉ်စွမ်းအားကိုသာ ဆက်အသုံးပြုပြီး ရှာဖွေနေလေသည်။

သူမ၏ ခေါင်းမာတတ်သည့် အကျင့်ကို ရွှမ်ဖုန်း သိထားသလို၊ ကျန့်ဖိန့်ဖိန့်နှင့် သူမ မည်မျှ ရင်းနှီးသည်ကိုလည်း သိထားရာ အခုလို အခြေအနေမျိုးတွင် လင်းစုယွီ အလွန်အမင်း စိုးရိမ်နေမည်မှာ သဘာဝပင်။ သူလည်း နောက်ထပ် မတားတော့ဘဲ လင်းစုယွီ အကူအညီလိုအပ်လာပါက အသင့်ဖြစ်နေစေရန် ဘေးမှသာ စောင့်ကြည့်နေတော့သည်။

စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံ အသုံးပြုလိုက်ရသဖြင့် လင်းစုယွီ၏ နှုတ်ခမ်းများမှာ သွေးရောင်မရှိတော့ဘဲ ဖြူဖျော့လာခဲ့သည်။ ရွှမ်ဖုန်းမှာ စိုးရိမ်တကြီး ကြည့်နေရုံမှအပ သူမကို မတားရဲပေ။

ထိုစဉ် လင်းစုယွီ၏ စိတ်ထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ လင်းစုယွီ၏ မျက်လုံးများ တောက်ပသွားပြီး အာရုံစိုက်မှုကို အစွမ်းကုန်မြှင့်ကာ ဝိညာဉ်စွမ်းအားအားလုံးကို ထိုနေရာဆီသို့ စုစည်းစေလွှတ်လိုက်သည်။

ကုလားထိုင်တစ်လုံးတွင် မိန်းကလေးတစ်ဦးကို ကြိုးဖြင့် တုပ်နှောင်ထားပြီး သူမ၏ ပါးစပ်ကိုလည်း အဝတ်ဖြင့် စည်းထားသဖြင့် ရုန်းကန်ရင်း အသံမထွက်နိုင်အောင် ဖြစ်နေရှာသည်။ သူမ၏ ရှေ့တွင် အမျိုးသားနှစ်ဦး ရပ်နေပြီး တစ်ဦးမှာ အဆူခံနေရသည့်အလား ခေါင်းငုံ့ထားသည်။

လင်းစုယွီ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာပြီး "တွေ့ပြီ!" ဟု ရေရွတ်လိုက်သည်။ သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး နောက်သို့ ယိုင်လဲသွားစဉ် ရွှမ်ဖုန်းက ချက်ချင်းပင် ရှေ့သို့တိုးကာ သူမကို ဖေးမလိုက်သည်။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားပြီဖြစ်သည်။ လင်းစုယွီ၏ အမြင်အာရုံများ ဝေဝါးသွားပြီး သူမမြင်ခဲ့သည့် မြင်ကွင်းမှာလည်း ပျောက်ကွယ်သွားသည်။

"မြန်မြန်... မီတာ ၅၀၀ အကွာလောက်က အိမ်တစ်အိမ်ထဲမှာ၊ ဒါပေမဲ့ ရန်သူကို သတိမပြုမိစေနဲ့!"

ထိုစကားကို ပြောပြီးသည်နှင့် လင်းစုယွီသည် မောဟိုက်လာကာ ခေါင်းတစ်ခုလုံးလည်း ပေါက်ထွက်မတတ် ကိုက်ခဲလာသည်။ သူမ အစွမ်းကုန် ရောက်နေပြီဖြစ်ကြောင်း ရွှမ်ဖုန်း သိလိုက်ပြီး သူမကို အားပြုနိုင်ရန် သူ၏ ခိုင်မာသော လက်မောင်းကို ကမ်းပေးလိုက်သည်။

ရွှမ်ဖုန်း၏ အမိန့်ကို ရရှိပြီးနောက် ပိုင်မိသားစုဝင်များသည် လင်းစုယွီ ပြောပြသည့် အိမ်ကို တိတ်တဆိတ် ရှာဖွေကြတော့သည်။ လင်းစုယွီကလည်း သူမကိုပါ လိုက်ပို့ပေးရန် ရွှမ်ဖုန်းကို တောင်းဆိုခဲ့သည်။

မီတာ ၅၀၀ အကွာရှိ နေရာမှာ လူနေရပ်ကွက်တစ်ခုဖြစ်ပြီး အိမ်ခြေများမှာ တစ်အိမ်နှင့်တစ်အိမ် ဆင်တူနေကာ လူအဝင်အထွက်လည်း များပြားလှသည်။ ထိုနေရာရှိ အိမ်တိုင်းကို ဝိုင်းထားရန် လူအင်အား မလုံလောက်ပေ။

အိမ်များကို မြင်လိုက်ရသောအခါမှ လင်းစုယွီသည် သူတို့ရင်ဆိုင်နေရသော အခက်အခဲကို သဘောပေါက်သွားသည်။ သူမသည် စိတ်ဝိညာဉ်စွမ်းအားကို ထပ်မံအသုံးပြုရန် ပြင်လိုက်စဉ်မှာပင် ရွှမ်ဖုန်းက ဆက်ကြည့်မနေနိုင်တော့ဘဲ...

"မင်း ဒါကို ထပ်သုံးရင် မင်းရဲ့ ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး... မင်းမျက်စိတောင် ကွယ်သွားနိုင်တယ်" ဟု ဆိုလိုက်သည်။

လင်းစုယွီသည် သူမကို တစ်ချိန်လုံး ဖေးမပေးထားသည့် ရွှမ်ဖုန်းကို ကြည့်လိုက်သည်။ သူမ၏ လျှို့ဝှက်ချက်ကို သူ သိနေသည်မှာ ကြာပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။

တစ်ချိန်လုံးတွင် သူမသည် ကျန့်ဖိန့်ဖိန့်ကို အမြန်ရှာတွေ့လိုစိတ်နှင့် စိုးရိမ်စိတ်များကြောင့် သူမ၏ စွမ်းအားကို ဖုံးကွယ်ထားရန် လုံးဝမေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ သူမကို အံ့အားသင့်စေသည်မှာ ထိုအမျိုးသားသည် သူမ၏ စွမ်းအားနှင့် ပတ်သက်၍ ဘာမှမမေးမြန်းဘဲ သူမ၏ ကျန်းမာရေးအတွက်သာ စိုးရိမ်ပေးနေခြင်းပင်။

လင်းစုယွီကမူ ထိုအချက်များကို ဂရုမစိုက်နိုင်တော့ချေ။ အကယ်၍ သူမသာ လက်ဖက်ရည်ဆိုင်တွင် မနားရန် ဆုံးဖြတ်ခဲ့ပါက ကျန့်ဖိန့်ဖိန့်သည် ယခုကဲ့သို့ ပြန်ပေးဆွဲခံရမည် မဟုတ်ပေ။

"ဖိန့်ဖိန့်ကို ရှာတွေ့ဖို့က ပိုအရေးကြီးတယ်!"

သူမကို နားချ၍မရနိုင်မှန်း သိသောကြောင့် ရွှမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လင်းစုယွီသည် သွားကို တင်းတင်းစေ့ကာ လူနေရပ်ကွက်အတွင်းရှိ ကျန့်ဖိန့်ဖိန့် ရှိနေသည့်နေရာကို ထပ်မံရှာဖွေရန် ဝိညာဉ်စွမ်းအားကို နောက်ဆုံးတစ်ကြိမ် ထုတ်လွှတ်လိုက်သည်။

အိမ်အလိုက် အတွင်းပိုင်း မြင်ကွင်းများက သူမ၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေသည်။ လင်းစုယွီသည် ရင်းနှီးသော ထိုပုံရိပ်ကို တွေ့လိုစိတ်ဖြင့် အသည်းအသန် ကြိုးစားနေသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ဝိညာဉ်စွမ်းအားများ လုံးဝမကုန်ဆုံးမီမှာပင် ကျန့်ဖိန့်ဖိန့် ရှိနေသည့် နေရာကို မြင်လိုက်ရသည်။

သူမ အင်အားချည့်နဲ့သွားပြီး ပြောလိုက်သည်။ "ဒီရပ်ကွက်ရဲ့ ညာဘက်ထောင့်က အစွန်ဆုံးအိမ်မှာပဲ... မြန်မြန်သွား!"

ရွှမ်ဖုန်းက လက်ရိပ်ပြကာ ထိုအိမ်ကို ချက်ချင်းဝိုင်းထားရန် သူ၏ လူများကို ညွှန်ကြားလိုက်သည်။

ထို့နောက် သူက လင်းစုယွီအနားသို့ လျှောက်လာကာ ကိုယ်ကို အနည်းငယ်ကိုင်းပြီး ပြောလိုက်သည်။ "ငါ့ကျောပေါ်တက်"

လင်းစုယွီ ကြောင်ကြည့်နေသည်ကို မြင်သောအခါ ရွှမ်ဖုန်း ထပ်ပြောလိုက်သည်။"မင်း အခု လမ်းလျှောက်နိုင်တဲ့ အင်အားရှိလို့လား။ ကျန့်မိန်းကလေး ဘေးကင်းကင်းနဲ့ ထွက်လာတာကို မမြင်ချင်ဘူးလား"

သူမ ခေါင်းငြိမ့်ပြလိုက်သည်။ ကျန့်ဖိန့်ဖိန့် ဘေးကင်းစွာ ထွက်လာသည်ကို မြင်ရမှသာ သူမ စိတ်အေးရမည် မဟုတ်ပါလား။ လင်းစုယွီသည် ထပ်ပြီး ငြင်းဆန်မနေတော့ဘဲ ရွှမ်းဖုန်း၏ ကျောပေါ်သို့ ချက်ချင်း တက်လိုက်တော့သည်။

ပိုင်မိသားစုဝင်များသည် ထိုအိမ်ကို အမြန်ဆုံး ရှာတွေ့သွားသည်။ အချို့မှာ အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွားကြသည်။ ရွှမ်ဖုန်းသည် လင်းစုယွီကို ပိုးထားရင်း အနီးအနားတွင် ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေသည်။

မကြာမီမှာပင် အိမ်ထဲမှ ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာပြီး အပြင်မှ ဝိုင်းထားသောသူများလည်း အထဲသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြသည်။ လင်းစုယွီ၏ လက်ချောင်းများ တင်းကျပ်သွားသည်။

"ဖိန့်ဖိန့်... နင် ဘာမှမဖြစ်ပါစေနဲ့"

ငိုထားသဖြင့် မျက်လုံးများ နီရဲနေသော ကျန့်ဖိန့်ဖိန့်ကို ပိုင်မိသားစုဝင်များက တွဲခေါ်ထုတ်လာသည်။ လင်းစုယွီကို မြင်လိုက်ရသည်နှင့် ကျန့်ဖိန့်ဖိန့်သည် မထိန်းနိုင်တော့ဘဲ အသံထွက်အောင် ငိုချလိုက်တော့သည်။

လင်းစုယွီ ရင်ထဲ မကောင်းဖြစ်သွားခဲ့သည်။ သူမသည် ရွှမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ အောက်သို့ ချပေးရန် အချက်ပြလိုက်သည်။ ကျန့်ဖိန့်ဖိန့်သည် လင်းစုယွီ၏ ရင်ခွင်ထဲသို့ ချက်ချင်းပင် ပြေးဝင်ဖက်လိုက်တော့သည်။

အကယ်၍ ရွှမ်ဖုန်းသာ နောက်မှ အသာအယာ ထိန်းမပေးထားပါက လင်းစုယွီမှာ လဲကျသွားပေလိမ့်မည်။

"စုယွီ... ငါ အရမ်းကြောက်တာပဲ!"

ကျန့်ဖိန့်ဖိန့်မှာ တရှုံ့ရှုံ့ငိုနေရှာသဖြင့် လင်းစုယွီ၏ အခြေအနေ အလွန်ဆိုးရွားနေသည်ကိုပင် သတိမထားမိရှာပေ။

လင်းစုယွီက "ရပါပြီ... ဘာမှမဖြစ်တော့ဘူးနော်" ဟု ပြန်လည်နှစ်သိမ့်ပေးလိုက်သည်။

ထိုစဉ် လက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားနှစ်ဦးကို ပိုင်မိသားစုဝင်များက ဆွဲထုတ်လာပြီး မေးလိုက်သည်။ "မမလေး.... သူတို့ကို ဘယ်လိုလုပ်ရမလဲ"

All Chapters