မိုးကြိုးလား…မီးလား…
Vol. 92 Ch. 1259
“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့ ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး…”
ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒ ပြည့်၏။ ပြင်ပနယ်မြေမှ ရောက်လာကြသည့် လူသုံးယောက်၊ ရုပ်တုထံမှ မြင်ခဲ့ရသည့် မြင်ကွင်းက သူ့သွေးကို ဆူပွက်စေသည်။ သည်အခိုက်တွင် ကံမ္မဟူ၍မရှိ၊ သတ်ဖြတ်လိုစိတ်သာ ရှိသည်။
လျှပ်စီးအမှတ်အသားနှင့်လူငယ်က အမြန်ဆုံး ဖြစ်၏။ သူက အနားရောက်လာသည်။ ထိုသူသည် နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်တွင်ရှိပြီး ထူးဆန်းသောအသွင်ပြောင်းလဲမှု ပြီးသည့်နောက် သူ့ကျင့်ကြံမှုအဆင့်သည် တိုးတက်လာကာ မထင်မှတ်စွာဖြင့် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ထိ ရောက်ရှိသွားသည်။ သည့်နောက် အဆင့်ဆက်၍ ချိုးဖျက်ကာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ထိ တက်လှမ်းသည်။
ဝမ်လင်းသည် အခုလိုစွမ်းရည်မျိုးကို အရင်က လုံးဝ မတွေ့ဖူးပေ။ သည်သုံးယောက်မှာ သူတို့၏ကျင့်ကြံခြင်းအဆင့်ကို ဖုန်းကွယ်ထားခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံထံမှ စွမ်းအားကို ငှားယမ်းယူခြင်း ဖြစ်နေ၏။
ပို၍ တိတိကျကျဆိုပါက ပြင်ပနယ်မြေမှလူများနှင့် တိုက်ခိုက်ဖူးသည်မှာ ဝမ်လင်းအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း လေဟာနယ်နေရာတွင် သူက ထိုပြင်ပနယ်မြေမှ လူများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် အတိတ်တုန်းက ဝမ်လင်းသည် ထိုသူတို့ အာရုံစိုက်ရလောက်အောင် သန်မာခြင်းမရှိဘဲ အားနည်းလွန်းခဲ့ပြီး သူ့ကံကြမ္မာကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ခဲ့ပေ။ သို့ရာတွင် ခုချိန်၌ ဝမ်လင်းသည် သူ့ထံတိုးဝင်လာကြသည့် သုံးယောက်ကို အထင်သေးစွာ ကြည့်ဖို့ အရည်အချင်း ပြည့်မှီနေလေပြီ။
လျှပ်စီးအမှတ်အသားနှင့်လူငယ်က လျှပ်စီးများနှင့် ဖုံးအုပ်နေ၏။ သူက ရှေ့ဆက်တိုးလာရင်း တစီစီအသံများ ပဲ့တင်ထပ်သည်။ သူက မြန်ဆန်စွာ နီးကပ်လာရင်း လျှပ်စီးအသွင် ဖြစ်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ သူ့ပတ်လည်ရှိ လျှပ်စီးများသည် ဧရာမပုံရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်လေ၏။
ထိုပုံရိပ်က ပေတစ်ထောင်ကျော် ရှည်လျား၏။ အပြာရောင်လျှပ်စီးများနှင့် ဖုံးလွှမ်းထားသည်။ ၎င်း၏မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးအမှတ်အသားတစ်ခုရှိသည်။
“မိုးကြိုးပျက်စီးခြင်း…” လျှပ်စီးအမှတ်အသားနှင့်လူငယ်က မာန်သွင်း၏။ သူ ဝမ်လင်းအနား ရောက်ရှိလာပေပြီ။
“မိုးကြိုး…” ဝမ်လင်း၏မျက်လုံးထဲရှိ လှောင်ပြောင်မှုက သာ၍ အားကောင်းလာသည်။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးသည် တလက်လက် တောက်ပ၏။ လျှပ်စီးအမှတ်အသားသည်လည်း သူ့ညာမျက်လုံးထဲတွင် ပေါ်လာသည်။
သူ ရှေ့သို့ တစ်လှမ်းတိုး၏။ ထိုအခိုက်တွင် လောကသည်ပင် ဝမ်လင်း၏မျက်လုံးထဲတွင် နှေးကွေးလာသလို ထင်ရသည်။
သူ့ရှေ့ရှိ လူငယ်သုံးယောက်၏ အမြန်နှုန်းသည် မထင်မရှားဖြစ်ကုန်၏။ သူက အသံအတားအဆီးကို ချိုးဖျက်လာပြီး လျှပ်စီးအမှတ်အသားနှင့်လူရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက ညာလက်ကို ပင့်မြှောက်ကာ ထိုလူငယ်၏ ရင်ဘက်ကို ရိုက်ချသည်။
တစ်ချက်၊ နှစ်ချက်၊သုံးချက်၊ လေးချက်။
တစ်ခဏအကြာတွင် ဝမ်လင်းက သူ့လက်နှစ်ချောင်းဖြင့် ဓားတစ်လက်ကို ဖြစ်ပေါ်စေပြီး လေးကြိမ်လေးခါ ထိုးစိုက်ချသည်။
ဝုန်း…ဝုန်း…ဝုန်း...ဝုန်း။ လျှပ်စီးအမှတ်အသားနှင့်လူငယ်သည် ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်ကာ သူ သွေးအန်လိုက်ရသည်။ သူ့ရင်ဘက်တွင် သွေးများ ရွှဲနစ်နေသလို လျှပ်စီးများစွာ တလက်လက် ဖြစ်ကုန်သည်။ ထိုလျှပ်စီးများက ပိုက်ကွန်တစ်ခုကဲ့သို့ မြန်ဆန်စွာ ပျံ့နှံ့ပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံဝန်းရံသည်။
မြန်လွန်း၏။ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပေ။ ပြင်ပနယ်မြေမှ ကျန်သည့်နှစ်ယောက်ထံ ဝမ်လင်းက လှည့်ကြည့်၏။ သူ့မျက်လုံးထဲတွင် အထင်သေးလှောင်ပြောင်ဟန်က ရှိလို့နေဆဲသာ။
သို့သော်ငြားလည်း သွေးအန်လိုက်ရသည့် လူငယ် နောက်သို့ လွင့်စင်သွားချိန်၌ မိုးကြိုးတုန်ဟည်းသံ ရောက်ရှိလာ၏။
“မိုးကြိုးဘိုးဘေး…ဒီချိပ်ပိတ်နယ်မြေရဲ့ ကျင့်ကြံသူကို ဝါးမြိုနိုင်ဖို့ စွမ်းအား ချေးငှားပါ…”
ထိုလူငယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ရှိ အရိုးတစ်ဝက်ကျော်မှာလည်း ကျိုးကြေသွားလေပြီ။ သူက နောက်သို့ ပေရာချီ လွင့်ထွက်သွားပြီး သူ့ဘေးပတ်လည်ရှိ လျှပ်စီးသည် ပျက်စီးသွား၏။
သွေးများဖုံးလွှမ်းလျက် သူက ဆက်ခနဲ ခေါင်းမော့ကာ ဟစ်အော်၏။ သူ့အသံမှာ ရူးသွပ်မှုတို့ ပြည့်သည်။ သို့ရာတွင် ဝမ်လင်းက သည်ရူးသွပ်မှုဟာ မျှော်လင့်ချက်မဲ့ခြင်း၊ကြောက်ရွှံ့ခြင်းတို့ဖြင့်သာ ပြည့်နေသည်ဟု မြင်သည်။
လျှပ်စီးအမှတ်အသားနှင့်လူငယ် ဟစ်အော်လိုက်ချိန်၌ သူ့ပတ်လည်ရှိ ပုံရိပ်ယောင်ပုံရိပ်ကြီးသည် အထည်ဒြပ်အဖြစ် စတင်ပြောင်းလဲလာသည်။ နေရာတိုင်းကနေ အဆုံးမဲ့လျှပ်စီးများ ထွက်ပေါ်လာကာ ဤပုံရိပ်ထံ စုဝေးကြသည်။
လျှပ်စီးများ စုဝေးနေလျက် ပေတစ်ထောင်ကျော်မြင့်မားသည့် ဤပုံရိပ်ယောင်ပုံရိပ်ကြီးသည် ကောင်းကင်ဘုံမိုးကြိုးအလား။
ဝမ်လင်း၏အမူအရာက မထူးခြားနားသာ ရှိ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးသည်။ ထိုခြေလှမ်းဖြင့် သူ့အမှန်နှင့်အမှားနယ်ပယ်သည် ပျံ့နှံ့လာ၏။ သည်ခြေလှမ်းက ထိုလျှပ်စီးအမှတ်အသားနှင့်လူငယ်၏ စိတ်နှလုံးအပေါ် ကျရောက်သွားသည့်အလား။
သူ့ရင်ဘက်ကနေ သွေးများစွာ ထပ်မံ ပန်းထွက်၏။ သူ့ညာလက်ဖြင့် ရင်ဘက်ကို ဖိကိုင်ထားသည်။ ဝမ်လင်း၏စိတ်နှလုံးကြောင့် သူ့စိတ်နှလုံးသည် ပျက်စီးရလေပြီ။
ဝမ်လင်းက ထိုလူ့ကို ကြည့်ပင်မကြည်ချေ။ ခြေတစ်လှမ်းဖြင့် သူက ကောင်းကင်ဘုံအထက် မြင့်တက်သွားဟန်ရကာ ထိုဧရာမပုံရိပ်ဘေးနား ရောက်ရှိလာပြီး သူ့ညာလက်ဝါးဖြင့် ရိုက်ချသည်။
တစ်ချိန်တည်းမှာ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးသည် တလက်လက် ဖြစ်၏။ လျှပ်စီးအမှတ်အသားက သူ့ညာမျက်လုံးထဲကနေ ပျံသန်းထွက်ကာ ပုံရိပ်ယောင်ပုံရိပ်၏မျက်ခုံးနှစ်ခုကြားသို့ ကျဆင်းသည်။
“အခုချိန်ကစပြီး မင်းရဲ့ကလန်ဟာ ငါနဲ့ မိုးကြိုးထိန်းချုပ်ခြင်းမှာ တိုက်ခိုက်နိုင်ခွင့် မရှိတော့ဘူး…”
သူ့အသံသည် ထည်ဝါမှုဖြင့် ပြည့်၏။ ဥပဒေသတစ်ခုအလား။ ကလန်တစ်ခုကို ချိပ်ပိတ်ရန် ဆုံးဖြတ်ချက် အပြည့်ပါ၏။
ပုံရိပ်ယောင်ပုံရိပ်က တုန်ယင်လာကာ လျှပ်စီးများအဖြစ် ပြိုပျက်၏။ ယင်းလျှပ်စီးတို့က လူငယ်ပေါ်သို့ မထင်မှတ်စွာ သက်ဆင်းလေသည်။ လူငယ်၏ခန္ဓာကိုယ်က ချက်ခြင်း ပျက်စီးကာ ပြာပုံဘဝသို့ ရောက်ရှိသွားတော့၏။ သူ့မူလစိတ်ဝိညာဉ်သည်ပင် လျှပ်စီး၏ တင်းကြပ်ချည်နှောင်ခြင်းကို ခံရလေသည်။ သည့်နောက် လျှပ်စီးနှင့်မိုးကြိုးအားလုံးမှာ ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ လူငယ်၏မူလစိတ်ဝိညာဉ်ကိုလည်း ဝမ်လင်းက သူ့ညာမျက်လုံးထဲ ဆွဲသွင်းပစ်သည်။
ဝမ်လင်း၏ညာမျက်လုံးထဲရှိ လျှပ်စီးအမှတ်အသားသည် ပို၍ ထင်ရှားပြတ်သားလာသည်။
သည်အရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်ပွားသွားခြင်းပင်။ မီးတောက်အမှတ်အသားနှင့်လူငယ်၏ မျက်လုံးသူငယ်အိမ်ပါ ကျုံ့သွားသည်။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုတို့က အထင်းသားပေါ်နေ၏။ သူက ရှေ့တိုးနေရာကနေ တန့်သွားပြီး နောက်ဆုတ်ရန် ပြင်သည်။
ဝမ်လင်း၏အကြည့်က မီးတောက်အမှတ်အသားနှင့်လူငယ်ပေါ်သို့ ကျရောက်လာသည်။
“မီးလား…” သူ့မျက်လုံးထဲရှိ အထင်သေးဟန်က ပို၍ အားကောင်းလာသည်။ သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်များပေါ်လာပြီး ပေထောင်ချီ မီးတောက်ပင်လယ်သည် သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။
မီးတောက်အမှတ်အသားနှင့်လူငယ်သည် ဖြူရောသွား၏။ သူက နောက်ဆိုလိုသည်။ သို့သော် မီးတောက်များ၏ ဝန်းရံခြင်း ခံရလေ၏။ သူက ရုန်းကန်၍ ဟစ်အော်သည်။ သူ့နောက်ရှိ မီးတောင်ပံကို လှုပ်ယမ်းရာ မီးမုန်တိုင်းတစ်ခုကို ဖြစ်လာစေသည်။ မီးမုန်တိုင်း ဖြစ်ပေါ်လာပြီးနောက် သူ ဝမ်လင်းထံ တိုးဝင်သည်။
သူ ရှေ့သို့ ဆက်တိုးလာရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ပါးစပ်ကနေလည်း ထူးဆန်းသောဂါထာရွတ်သံတို့ ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ကနေ မီးတောက်များ ပိုထွက်ပေါ်လာကာ မီးနံရံတစ်ခုကို ဖြစ်စေပြီး ဝမ်လင်းထံ ရိုက်ချသည်။
ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းရာ မီးတောက်ပင်လယ်ဟာ ဆူပွက်လာသလား ထင်ရ၏။ မီးတောက်ပင်လယ်တစ်ခုလုံးသည် မီးအမှတ်အသားနှင့်လူငယ်အနား ရောက်သွားသည်။
ဤအရာမှာ မီးနှင့်မီးကြား တိုက်ပွဲ ဖြစ်ချေ၏။
တူညီသောရင်းမြစ်မှလာသည့် မီးတောက်နှစ်ခု၊ သို့သော် မတူညီသောလူနှစ်ယောက်က ထိန်းချုပ်ထားပြီး မျက်စိတစ်မှိတ်အတွင်း ထိပ်တိုက်တွေ့ကြသည်။ ဘန်းခနဲ ပေါက်ကွဲ၏။မြည်ဟိန်းသံများ ပဲ့တင်ထပ်သည်။ လူငယ်က တိုးဝင်လာသည်။ ဟင်္သာငှက်တောင်ပံနှင့် ဆင်တူသည့် မီးတောင်ပံနှစ်ခုက ခရမ်းရောင်မီးအလင်းကို ပေး၍ သူဟာ ဝမ်လင်းနား ရောက်လာသည်။
ဝမ်လင်း၏ဘယ်မျက်လုံးထဲမှ မီးတောက်သည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်း၏။ သူ့ပတ်လည်တွင် ဟင်္သာငှက်ချပ်ဝတ်ပေါ်လာသည်။ သည်အခိုက်၌ သူသည် ရှေးဟောင်းမီးနတ်ဘုရားအလား။
မီးတောက်အမှတ်အသားနှင့်လူငယ်သည် ထိုအခြင်းအရာကို မြင်သည့်အခါ သူသည် ရူးသွပ်လာသည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်၏။ သူက အံ့အားတသင့် ဆိုသည်။ “မြင့်မြတ်တဲ့ချပ်ဝတ်…”
“လောင်ကျွမ်းစမ်း…” ဝမ်လင်း၏မျက်လုံးထံမှ မထူးခြားနား သတ်ဖြတ်ချင်စိတ်သာ လှစ်ဟနေသည်။ သူက သူ့ဘယ်လက်ကို မြှောက်၍ မီးအမှတ်အသားနှင့်လူငယ်ထံ လက်ညွှန်သည်။
ထိုသို့ပြောလိုက်ခြင်းနှင့်အတူ လူငယ်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ လောင်ကျွမ်း၏။ သူ့မျက်လုံးထဲရှိ ကြောက်လန့်မှုက ဖော်ပြ၍ပင် မစွမ်းသာတော့ပေ။ သူက နာကျင်ထိတ်လန့်စွာ အော်ဟစ်၏။ သူ့ခန္ဓာကိုယ်ကနေ မီးများ ပေါက်ကွဲထွက်လာပြီး သူ့ကိုယ်သူ လောင်ကျွမ်းရ၏။
စာကလေးမီးကလန်ဝင်တစ်ယောက်အနေဖြင့် သူသည် တစ်ဘဝလုံး မီးနှင့် ယှဉ်တွဲနေခဲ့သူ ဖြစ်သည်။ သူက တစ်နေ့တွင် ထိုမီးက သူ့အား သစ္စာထဖောက်လိမ့်မည်ကို စိတ်ကူးထဲ၌ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ သူ အမြဲတမ်း လွတ်လွတ်လပ်လပ် ထိန်းချုပ်ခဲ့သည့်မီးက သူ့အား လုံးဝ သစ္စာဖောက်သွားခဲ့သည်လော။
သူ့ခန္ဓာကိုယ်မှာ ပြာဖြစ်သည့်အထိ ကျွမ်းလောင်နေလျက် နာကျင်ထိတ်လန့်စွာ ဟစ်အော်နေ၏။ သူ့ခန္ဓာကိုယ်လောင်ကျွမ်းပြီးနောက် သူ့မူလစိတ်ဝိညာဉ်လည်း လောင်ကျွမ်းခံရသည်။ သူက ဂါထာတစ်ခု ရွတ်ဆိုလိုက်၏။
“စာကလေးမီးကလန်ဝင်တစ်ယောက်အနေနဲ့ ငါ ဘိုးဘေးစိတ်ဝိညာဉ်ကို ဆင့်ခေါ်တယ်…”
သူ့ အသံထွက်ပေါ်လာခိုက်တွင် သူ့မူလစိတ်ဝိညာဉ်သည် ပြိုလဲပျက်စီးလေ၏။ အလင်းစက်များသည် မီးအသွင်ပြောင်းလဲသည်။ထိုမှတစ်ဆင့် ပုံရိပ်ယောင်ဟင်္သာငှက်အဖြစ်သို့ ပြောင်းသည်။ ထိုဟင်္သာငှက်က အနက်ရောင်ရှိ၍ ကြမ်းကြုတ်သည့်အော်ရာ အပြည့်ပင်။ ၎င်းက ဟင်္သာငှက်တစ်ကောင်နှင့်ပင် သိပ်မတူ၊ မီးငှက်နှင့်ပို၍ တူနေသေးသည်။
၎င်းက ဟိန်းသံပေး၍ ဝမ်လင်းထံ ဦးတည်လေ၏။
ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့သည်။ သူ့ဘယ်မျက်လုံးက တောက်ပသွား၏။ အစစ်အမှန်ဟင်္သာငှက်တစ်ကောင်၏ အော်မြည်သံသည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ့ဘေး၌ အဖြူရောင်ဟင်္သာငှက်ပေါ်လာ၏။
၎င်းမှာ အစစ်အမှန်ဟင်္သာငှက် မည်၏။ ၎င်းငှက်ပေါ်လာသည်နှင့် ဧရာမအနက်ရောင်မီးငှက်ကို အထင်သေးဟန်ဖြင့် ခပ်စူးစူး ကြည့်သည်။ ဝမ်လင်းအမိန့်ပေးစရာပင် မလိုဘဲ ၎င်းက အော်မြည်သံပေးလျက် တိုးဝင်သွားသည်။ သည်အခိုက်တွင် ၎င်းက ဧရာမမီးငှက်ကို ဝါးမြိုပစ်ရန် တာဆူတော့သည်။
ဧရာမမီးငှက်ကလည်း ပို၍ ရန်လိုလာ၏။ သို့သော် ၎င်းက နောက်ဆုတ်လိုစိတ်ကို သိသိသာသာ ပြသနေသည်။
“ခုကစပြီး သင့်ကလန်ဟာ မီးထိန်းချုပ်မှုမှာ ငါနဲ့ တိုက်ခိုက်ခွင့် မရှိတော့ဘူး…” ဝမ်လင်း၏ စကားသံ ထွက်ပေါ်လာချိန်တွင် ဟင်္သာငှက်နှင့်အနက်ရောင်မီးငှက်တို့က ထိပ်တိုက်တွေ့နေကြသည်။
မီးငှက်သည် ချက်ခြင်း ပျက်စီးသွားကာ ၎င်းက တစ်ချက်တစ်လေပင် မခုခံနိုင်လိုက်ပေ။
အနက်ရောင်မီးငှက်က ပျက်စီးသွားချင်းချင်း ဟင်္သာငှက်၏ ဝါးမြိုပစ်ခြင်း ခံရသည်။ ၎င်း၏ စိတ်ဝိညာဉ်ပါ ဝါးမြိုခံရ၏။ သည်အခိုက်တွင် လောကရှိ မီးအားလုံးဟာ ဝမ်လင်း အပိုင်ဖြစ်၏။
ဟင်္သာငှက်သည် ဟစ်ကြွေး၏။ ၎င်းမှာ မြင့်မားသည့်စိတ်ဝိညာဉ်ဖြစ်သည်။ မထင်မှတ်စွာဖြင့် ၎င်းသည် တတိယအကြိမ်မြောက် နိုးထခြင်းကို ပြသလာသည်။ ၎င်း၏ပတ်လည်ရှိ မီးတောက်များသည် ပို၍ မြင့်မားအားကောင်းလာသည်။
သည်မြင်ကွင်းကား လခြမ်းကွေးအမှတ်အသားနှင့်လူငယ်၏အမူအရာကို ရှုံ့တွသွားမိစေ၏။ သူ ချွေးစေးပြန်နေပေပြီ။ သူက ဝမ်လင်း၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပင် အရာအားလုံးက တစ်ခဏချင်းအတွင်း အပြီးသပ်သွားခဲ့လေ၏။
သူသည် ထိုလူ(ဝမ်လင်း)က သူ့ဆရာကို လေဟာနယ်နေရာအတွင်း အပြင်းအထန် ဒဏ်ရာရစေခဲ့သည်ကို ပြန်တွေးမိ၏။
တုံ့နှေးမနေဘဲ လခြမ်းကွေးအမှတ်အသားနှင့်လူငယ်က ချက်ခြင်း နောက်ဆုတ်တော့၏။
ဝမ်လင်းက ထိုလူငယ်ကို အေးစက်စက် စူးစိုက်ကြည့်၍ ထိုလူငယ် စဉ်းစားဉာဏ်ပါ လွတ်သွားစေနိုင်သည့် စကားများကို ဆိုသည်။ “ကျွန်ကလန်အဆင့်လောက်နဲ့ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံတာအိုလို့ ငါ့ရှေ့မှာ သမုတ်ဝံ့ကြတယ်လား…”
***