← Chapters

မိုးနှင့်မြေကို စိုးမိုးမည့် စစ်သွေးစစ်မာန်

Vol. 100 Ch. 1386

မိုးနှင့်မြေကို စိုးမိုးမည့် စစ်သွေးစစ်မာန်

Vol. 100 Ch. 1386

ရွှေတုန်းလျှို၏စကားလုံးများက မိုးနှင့်‌မြေကို ပိုင်းခြမ်းလျက် ဧရာမတံခါးကြီးတစ်ချပ် ပွင့်လာစေပုံရသည်။ တောင်ပင်လယ်သားကျင့်ကြံသူများမှာ ဖြစ်ပျက်နေသောအရာအားလုံးကြောင့် စိတ်ရူးစိတ်နှမ်းတို့ ဖောက်ကုန်ကြပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တဟုန်းထိုး ပြေးတက်သွားကြတော့သည်။

‌နောက်ဆုံးစစ်ပွဲ ... စတင်ခဲ့ချေပြီ။

ဤစစ်ပွဲသည် တောင်ပင်လယ်လောကအတွက် အစကတည်းက ရှုံးနိမ့်နေပြီးသား စစ်ပွဲတစ်ပွဲဖြစ်၏။ သို့သော် ရှုံးနိမ့်နေသော်ငြား ... သူတို့တွင် မာနရှိသည်၊ ဂုဏ်သိက္ခာရှိသည်။ သေရလျှင်တောင်မှ ရန်သူကို တစ်သက်လုံး နာကျင်နေအောင် ညှင်းဆဲပြီးမှသေမည်။ တောင်ပင်လယ်လောက၏ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်အားမာန်က ... မည်မျှကြောက်စရာကောင်းသလဲ မမေ့အောင် လုပ်ပြီးမှသေမည်။

ဝုန်း ဝုန်း ဝုန်းးးးးးးးးးးးးးးး

ခန္ဓာ‌ဖောက်ခွဲမှုများက ဆက်လက်ဖြစ်ပေါ်နေကြသော်လည်း ထွက်ခွာသွားသူတိုင်းက တိတ်ဆိတ်စွာ သစ္စာရှိနေခြင်းမဟုတ်ပေ။ တချို့က တောင်ပင်လယ်လောကကို အမှန်တကယ် သစ္စာဖောက်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် အယောင်ဆောင်ဘက်ပြောင်းသူများကြောင့် အခြေအနေတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်သည့်အခါ သစ္စာဖောက်များလည်း အပြင်သူများ၏ သတ်ဖြတ်ခြင်းခံရတော့သည်။

အမှန်တကယ် သစ္စာဖောက်ခဲ့သော နဝမပင်လယ်အပေါ်တော့ ထိခိုက်မှုမရှိပေ။

ဝမ်မျိုးနွယ်စုအပေါ်လည်း သက်ရောက်မှုမရှိ။ သူတို့ပစ်မှတ်ထားခံရတော့မည့်ဆဲဆဲမှာပင် ဓားအလင်းတန်းတစ်တန်းက သူတို့ကို စစ်တပ်ကြီးထံမှ သီးသန့်ခွဲပေးလိုက်သည်။ ယင်းက အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသား၏လုပ်ရပ်ပင်။ သူသည် ဝမ်မျိုးနွယ်စုကို ကာကွယ်ရင်း ဖြစ်ပျက်နေသောမြင်ကွင်းများကို ဒေါသတကြီး စိုက်ကြည့်နေ၏။

ပတ်ပတ်လည်ရှိ အပြင်သူများ၏အဝိုင်းခံရပြီးနောက် သစ္စာဖောက်ကျင့်ကြံသူတစ်ယောက်မှ ခန္ဓာမဖောက်ခွဲခဲ့ကြသော်လည်း... ဖောက်ခွဲခဲ့ကြသူများထက် သက်ဆိုးမရှည်ကြပေ။

နဝမတောင်၏အပြင်မှာ လုံးလုံးလျားလျား ဗြောင်းဆန်ပွက်လောရိုက်နေသည်။ ပေါက်ကွဲသံများနှင့်အတူ ကြွေးကြော်သံများ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ကျန်တောင်ပင်လယ်ကျင့်ကြံသူများက ချီတက်လာကြလေပြီ။ သူတို့၏မျက်လုံးများက သွေးချင်းနီနေပြီး သူတို့၏စိတ်ဓာတ်အားမာန်မှာ မည်သည့်အရာမှ မယှဉ်နိုင်သောအတိုင်းအတာအထိ မြင့်တက်ပြင်းထန်နေခဲ့ပြီဖြစ်သည်။

နာကြည်းမှုဒေါသတို့ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော စစ်တပ်တစ်တပ်သည် အနိုင်ရနိုင်၏’ ဆိုသော‌ ရှေးဆိုရိုးအတိုင်းပင်။ သို့သော် တောင်ပင်လယ်ကျင့်ကြံသူများသည် နာကြည်းဒေါသတို့ဖြင့်သာ တောင်လောင်နေခြင်းသာမဟုတ်၊ စိတ်ရူးစိတ်ရိုင်းတို့နှင့်လည်း တောက်လောင်‌နေ၏။ သူတို့အတွက် တစ်ကမ္ဘာလုံးမှာ သွေးရောင်ဖြစ်ပြီး သွေးရောင်မရှိသော မည်သည့်အရာမဆို သွေးရောင်ဖြစ်လာသည့်တိုင်အောင် ရက်ရက်စက်စက် ခုတ်ထစ်ပိုင်းဖြတ်ခံရလိမ့်မည်။

ဤကျင့်ကြံသူများသည် သေခြင်းတရားကို မကြောက်ကြတော့။ အခွင့်အရေးရလျှင် မသေခင် ခန္ဓာဖောက်ခွဲကြလိမ့်မည်။ တွန့်ဆုတ်ခြင်းမရှိ၊ တွေဝေခြင်းမရှိ.... သူတို့၏ကြွေးကြော်သံများက အပြင်သူများ၏နှလုံးသားထဲသို့ အကြောက်တရားများအား ရိုက်ထည့်ပေးနေသည်။

“ငါ ဒီသောက်ရူးတွေထဲက တစ်ကောင်ကို သတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ မလုံလောက်သေးဘူး”

“ဟားဟားဟား ၊ အပြင်သူငါးယောက် သတ်ခဲ့ပြီးပြီကွ၊ ငါ သေ‌‌‌ပျော်ပြီ”

“အဖေရေ သားတို့မကြာခင် ပြန်ဆုံရတော့မယ်ဗျို့”

“အရင်တုန်းက သေရမှာကို ငါ ‌ကြောက်ခဲ့ဖူးတယ် ဒါပေမဲ့ ... အခုတော့ ကြောက်စရာမဟုတ်မှန်း ငါ နားလည်ခဲ့ပြီ။ ဟေ့ ခွေးသူတောင်းစားအပြင်သူတွေ သတ္တိရှိရင် လာကြလေ လာကြစမ်းဘာ”

“သေပေတော့”

ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေပြီး ပေါက်ကွဲသံများက မိုးနှင့်မြေကို တဝုန်းဝုန်း တုန်ခါနေစေသည်။ တောင်ပင်လယ်ကျင့်ကြံသူများမှာ ရူးမိုက်ကုန်ကြလေပြီ။ သူတို့သည် အပြင်သူသန်းပေါင်းများစွာကို တိုက်ခိုက်နေကြရသည့်တိုင် ... နောက်ဆုတ်နေရသည်ကား အပြင်သူများဖြစ်၏။

အပြင်သူများ၏ အထင်သေးမှုနှင့် ရက်စက်မှုတို့နေရာတွင် တုန်လှုပ်ခြင်း၊ တွေဝေခြင်းတို့ အစားထိုးဝင်ရောက်လာကြသည်။

သူတို့အားလုံး တောင်ပင်လယ်ကျင့်ကြံသူများ၏ ရူးမိုက်မှုကြောင့် လုံးလုံးလျားလျား တုန်လှုပ်နေကြပြီး ယခုလို ဘာကြောင့်စတေးခံကြသလဲ နားမလည်နိုင်တော့ပေ။ တောင်ပင်လယ်လောကသားများ သွေးဆာနေသောဝံပုလွေများလို ရက်ရက်စက်စက် တိုက်ခိုက်နေသောပုံစံက သူတို့ကို ကယောင်ချောက်ချား ဖြစ်လာစေ၏။

စစ်ရေစီးကြောင်းကား ... ဆန့်ကျင်ဘက်သို့ လမ်းလွှဲခံလိုက်ရသည့်အလားပင်။

တောင်ပင်လယ်လောက၏ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်း စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နေကြသည်။ သေမျိုးများသာ ဝင်မပါကြပေ။ တိုက်ခိုက်နေသောအင်အားများအကြားတွင် ... ခဲကျုံစစ်၊ မန်ဟို၏ဆရာ ဆေးလုံးမိစ္ဆာ၊ စွန်းဟိုက်၊ ထိုက်ယန်ကျစ်၊ အက်ရှလွန်များနှင့် ရင်းနှီးသော မျက်နှာများ ပါသည်။

ချန်ဖန်း၊ ဝမ်ယိုချိုင်၊ ဖက်တီး၊ လီလင်းအာ၊ ကျီယင်... ဖန်မျိုးနွယ်စု၏ခေါင်းဆောင်ကြီးများ... ဖန်ဝေ။ ထို့ထက်မက ရှိသေးသည်။

စစ်ပွဲ၏ ဤအခိုက်အတန့်တွင် ရှုပ်ထွေးသော စစ်ဗျူဟာများ၊ စစ်အစီအရင်များ မလိုအပ်တော့ပေ။ ရှုချင်သည် အံတင်းတင်းကြိတ်လျက် မန်ဟို့ဘေးမှ ထွက်ခွာကာ အပြင်သူစစ်တပ်အတွင်း သတ်ဖြတ်ဝင်ရောက်သွား၏။

စစ်ဆိုသည်မှာ .... အချစ်ကို ရှေ့တန်းတင်နေရမည့်အချိန်မဟုတ်၊ အလွမ်းသယ်နေရမည့်အချိန်မဟုတ်။

မန်ဟိုလည်း တိုက်ခိုက်သတ်ဖြတ်နေသည်။ အပြင်သူပါရာဂွန်သုံးယောက်နှင့် သူတို့၏အင်ပါယာသခင်အားလုံးသည် နဝမတောင်ထံ ဦးတည်လျက် တိုက်ခိုက်နေကြသည်။ ရွှေတုန်းလျှို၊ ပါရာဂွန်ရုပ်သေးရုပ်၊ ခိတိဂဗ္ဗနှင့် တောင်ပင်လယ်သခင်များက ပြန်တွန်းလှန်နေသည်။ ပါရာဂွန်ပင်လယ်အိပ်မက်လည်း သူမ၏အသက်စွမ်းအားကိုပင် လောင်ကျွမ်းလျက် တိုက်ခိုက်နေ၏။

သူတို့အားလုံးအပြင် ငရဲဘုံ ၃၃ ဘုံတွင် ကံကြမ္မာကောင်းများ ရရှိခဲ့သော ရွေးချယ်ခံလည်း ရှိကြသည်။ သူတို့က အင်ပါယာသခင်များကို ထိန်းပေးထားစဉ်‌‌ ရွှေတုန်းလျှိုက တောက်ဖန်ကို တစ်ယောက်တည်းတိုက်ခိုက်နေသည်။ အဆိုပါတိုက်ပွဲက နဝမတောင်တစ်တောင်လုံးကို တသိမ့်သိမ့်တုန်နေစေ၍ နောက်ဆုံးတော့ ၎င်းမှာ ပြိုကျတော့မည့်လက္ခဏာများ ပြလာတော့သည်။

ပင်လယ်အိပ်မက်၊ ပါရာဂွန်ရုပ်သေးရုပ်နှင့် ခိတိဂဗ္ဗတို့က အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသားကို ပေါင်းထိန်းထားကြသည်။ မန်ဟိုကမူ .... ဘိုးဘိုးဖန်ကို သေဆုံးသွားစေခဲ့သော ... အမျိုးသမီးပါရာဂွန်ကို အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် တိုက်ခိုက်နေ၏။

တိုက်

မိုးနှင့်မြေတို့ ငိုနေကြသည်။ ကြယ်တာရာကောင်းကင်မှ သွေးမျက်ရည်များကျနေသည်။ ဂြိုဟ်အသီးသီးအပေါ်ရှိ သေမျိုးများလည်း ကောင်းကင်၏အလွန်၌ ဖြစ်ပျက်နေသောအရာကို အနည်းနှင့်အများ နားလည်ကြ၏။ သူတို့ နေနှင့်လကို မမြင်ခဲ့ရသည်မှာ ကြာပြီမဟုတ်ပါလော။

ကောင်းကင်မှကြည့်လျှင် အဆုံးမရှိသောညအမှောင်ထဲတွင် အလင်းရောင်ရဖို့ သေမျိုးများ ထွန်းထားသည့် မီးအိမ်အလင်းရောင်များကို အစက်ကလေးများအဖြစ် မြင်ရနိုင်သည်။ သူတို့အားလုံးက မိုးကောင်းကင်ကို ရှိခိုးလျက် ဆုတောင်းနေကြ၏။

သူဆင်းရဲမှသည် ဘုရင်အထိ ... လူတိုင်းလူတိုင်း ထိုသို့ဆုတောင်းနေကြလေသည်။

ဤစစ်ပွဲသည် လူမျိုးတုံးသတ်ဖြတ်မည့် စစ်ပွဲကြီးတစ်ပွဲဖြစ်၏။ တောင်ပင်လယ်များသာ စစ်ရှုံးခဲ့လျှင် ကျင့်ကြံသူများသာ ကွပ်မျက်ခံရမည်မဟုတ်၊ သေမျိုးတို့၏ဖြစ်တည်မှုလည်း ပျောက်ကွယ်သွားလိမ့်မည်....

အဆုံးသတ်စစ်ပွဲက ဤမျှပြင်းထန်လိမ့်မည်ဟု အပြင်သူပါရာဂွန်များပင် မထင်ထားခဲ့သော်လည်း ယခုတော့ ထိုသို့ဖြစ်ပျက်နေလေပြီ။

ကို့ရို့ကားရားခေါင်းကြီးဖြင့် ကျင့်ကြံသူက နဝမတောင်တစ်လျှောက် လျှောက်သွားနေရာ သူဖြတ်သွားသည့်နေရာတွင် တောင်ပင်လယ်ပညာရှင်များမှာ ခေါင်းကိုက်ကြရသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက သူရန်စနေသောလူများနှင့် ယှဉ်နိုင်ပုံရသော်လည်း သူက တိုက်ခိုက်ရာတွင် အချိန်ဖြုန်းခဲ၏။

ခြုံကြည့်လျှင် တောင်ပင်လယ်လောကအတွက် အခြေအနေပိုဆိုးလာသည်။ ရှေ့တန်းအားလုံးအပေါ်၌လည်း ထိုနည်းတူပင်။ မန်ဟိုမှာ အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသမီးကို တိုက်ခိုက်နိုင်သော်လည်း မသတ်နိုင်ပေ။ ထိုမျှသာမက ခေါင်းကြီးကြီးကျင့်ကြံသူကလည်း လာလာနှောင့်ယှက်တတ်သဖြင့် သူ၏အသတ်အဖြတ်အရှိန်အဝါကို ပို၍ပင်တောက်လောင်လာစေတော့သည်။

လူတိုင်း ရုန်းကန်တိုက်ခိုက်နေကြ‌သော်လည်း ရေတမံကျိုးသွားသကဲ့သို့ အပြင်သူများဝင်ရောက်လာနိုင်ဖို့ သိပ်ကြာတော့မည့်ပုံမပေါ်ပေ။

တပ်ဖွဲ့များသည် မိုက်ရူးရဲဆန်စွာ ထိုးစစ်ဆင်နေ၍ အပြင်သူသန်းပေါင်းများစွာ ဆက်တိုက်တွန်းထုတ်ခံနေရသည်။ သို့သော် အပြင်သူအရေအတွက်မှာ များလွန်းသည်သာ။ တောင်ပင်လယ်လောကကျင့်ကြံသူများ၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုမှာ မည်မျှခံနိုင်မည်နည်း။ ခန္ဓာဖောက်ခွဲမှုများ များပြားလာသည်နှင့်အမျှ ကျင့်ကြံသူများလည်း အားနည်းလာနေသည်။

‘တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်’ ဆိုသော ကြွေးကြော်သံများက ထပ်ခါတလဲလဲ ဟိန်းထွက်နေသည်။ ၎င်းသည် တောင်ပင်လယ်လောက၏ စစ်ငြာသံဖြစ်ပြီး ထိုအသံ ပဲ့တင်ထပ်နေသည်ကို ကြားရသရွေ့ တောင်ပင်လယ်များ မကျဆုံးမည့်ပုံပေါ်၏။ ကြွေးကြော်သံများ ရပ်သွားလျှင် တောင်ပင်လယ်ကျင့်ကြံသူအားလုံး သေဆုံးသွားပြီဟု ဆိုလိုလိမ့်မည်။

မန်ဟို မမြင်ရသော စစ်မြေပြင်၏ဧရိယာတစ်ခုပေါ်တွင် ထိုက်ယန်ကျစ်သည် သွေးတို့ရွှဲရွှဲစိုလျက် ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်နေ၏။ သူကား တိုက်ခိုက်နေရုံသာ တိုက်ခိုက်နေခြင်းမဟုတ်၊ လုံးလုံးလျားလျား ရက်စက်နေသည်။ သို့သော်လည်း အမျက်ဒေါသတို့ ပြည့်နှက်နေသေးသည့်တိုင် အင်အားမရှိတော့။ သူ၏မှော်သိုင်းကွက်အကုန် သုံးပြီးဖြစ်သလို၊ နတ်ဘုရားစွမ်းရည်များလည်း ကုန်ခမ်းသွားခဲ့ချေပြီ။ မှော်ပစ္စည်းလည်း တစ်ခုမှမကျန်တော့။ သို့‌ထိတိုင် သူက ခုန်၍ အပြင်သူတစ်ယောက်၏လည်မျိုကို ရက်ရက်စက်စက် ကိုက်ချလိုက်သည်။ ထိုအပြင်သူမှာ သူ့ထက် ကျင့်ကြံအဆင့်မြင့်သော်လည်း ... ကြောက်လန့်သွား၍ သွေးပျက်စွာ အော်ရုံသာတတ်နိုင်လေသည်။

ထိုက်ယန်ကျစ်က သူ့ဆီ ပြေးဝင်လာနေသော ရန်သူများ၏တိုက်ကွက်များကို လျစ်လျူရှုရင်း အပြင်သူ၏လည်မျိုကို သူ၏သွားများဖြင့် ကိုက်ဖြတ်ပစ်လိုက်သည်။ အညှာအတာမရှိ ရက်စက်ခက်ထန်နေသော သူ၏မျက်ဝန်းများတွင် နောင်တကင်းမဲ့နေ၏။

အဆုံးသတ်တွင် ပတ်ပတ်လည်ရှိ အပြင်သူများ၏တိုက်ကွက်တို့ကြောင့် သတိလွတ်တစ်ချက်၊ မလွတ်တစ်ချက်ဖြစ်လာသည့်အခါ .... သူက ရုတ်တရက် ပြုံးလိုက်သည်။

“တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်။ ငါက ထိုက်ယန်ကျစ်” သူက ခန္ဓာဖောက်ခွဲလိုက်သဖြင့် ဖောင်းခနဲပေါက်ကွဲသံကြီး ဟိန်းထွက်သွားသည်။ ပေါက်ကွဲအားက သိပ်မကြီးမားသော်လည်း သူသည် နည်းနည်းလေးမှ မတွန့်ဆုတ်ခဲ့ပေ။

လည်မျိုအကိုက်ဖြတ်ခံခဲ့ရသော အပြင်သူလည်း ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းပြတ်ထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ အပြင်သူများမှာ သေခြင်းကို ရှောင်လိုက်နိုင်သော်လည်း ဒဏ်ရာအပြင်းအထန် ရသွားကြ၏။ အချိန်အနည်းငယ်ကြာသော် ဒေါသူပုန်ထနေသော တောင်ပင်လယ်ကျင့်ကြံသူများက အခြေအနေကို အခွင့်အကောင်းယူလျက် ပြေးတက်လာကြသည်။

အကြောက်တရားသည် အပြင်သူများ၏မျက်လုံးထဲတွင် ပေါ်လွင်ထင်ရှားနေ၏။ သူတို့၏အမြင်အရ ဤတောင်ပင်လယ်ကျင့်ကြံသူများမှာ .. အင်မော်တယ်များမဟုတ်ပေ။ သူတို့သည် ထို့ထက်ပို၍ ရက်စက်ကြမ်းကြုတ်သော အမျိုးစားတစ်မျိုး ဖြစ်၏။

စစ်မြေပြင်၏နောက်ဧရိယာတစ်ခု.... တာအိုဆရာအစည်းအရုံး တိုက်ခိုက်နေသောနေရာတွင် ဖန်းတုံးအာသည် ဆံပင်များဖွာလန်ကြဲလျက် တိုက်ခိုက်နေ၏။ သူမမှာ နတ်သမီးတော်လေးတစ်ပါးနှင့် မည်သည့်နေရာတွင်မှ မတူတော့ပေ။ သူမသည် စိတ်ရူးဖောက်နေသကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်နေ၏။

ဖန်းတုံအာသည် နဝမပင်လယ်နတ်လောက၏ နတ်သမီးတော်၊ မာနကြီးသော မိန်းကလေးတစ်ယောက်ဖြစ်၏။ နဝမပင်လယ်နတ်လောက၏အရှိုက်ကို ထိသော နဝမပင်လယ်၏သစ္စာဖောက်မှုနှင့် ပတ်သက်လာသည့်အခါ ဖန်းတုံးအာမှာ လုံးဝလက်မခံနိုင်ပေ။ နဝမပင်လယ်က သူမ၏အိမ်မဟုတ်ပါလော....

နဝမပင်လယ်သည် ၎င်းအထဲတွင် နေထိုင်သော ပင်လယ်သားရဲများကိုသာ ခေါ်သွားခဲ့ခြင်းမဟုတ်၊ နဝမပင်လယ်နတ်လောက၏ ဂိုဏ်းသားများစွာလည်း ၎င်းနှင့်အတူ ထွက်သွားခဲ့သည်။ ခေါင်းဆောင်ကြီးတချို့ပင် ပါဝင်၏။ သူတို့၏ထွက်ခွာသွားမှုက နဝမပင်လယ်နတ်လောက၏ ဂုဏ်သိက္ခာကို မြောင်းထဲကျသွားစေခဲ့သည်။

ဖန်းတုံးအာက သူတို့နောက်မလိုက်ခဲ့ပေ။ သူမသည် ဂိုဏ်း၏ စီနီယာတချို့နှင့် ကျန်ဂိုဏ်းသားများနှင့်အတူ နေကျန်ခဲ့ပြီး အပြင်သူစစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေ၏။ သူမမှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည့်အပြင် တစ်ကိုယ်လုံးတွင်လည်း သူမသွေးနှင့် ရန်သူသွေးများ စိုရွှဲနေသည်။

တစ်ခါက ပြစ်မျိုးမှဲ့မထင် လှပခဲ့သော သူမမျက်နှာလေးမှာ မှော်ဓားချက်တစ်ချက်ကြောင့် ကြောက်စရာကောင်းစွာ ဟက်တက်ကွဲနေသဖြင့် .... သူမ၏ပုံပန်းသွင်ပြင်အား ပို၍ပင်ရက်စက်ကြမ်းကြုတ်သွားစေသည်။ ပုံမှန်အားဖြင့် သူမမှာ ဤစစ်ပွဲအထိ တိုက်ခိုက်နိုင်ခဲ့မည်မဟုတ်ပေ။ သို့သော် သူမနောက်၌ လွင့်မျောနေသော အလောင်း၏ဆံပင်များက သူမကို အဆက်မပြတ် ကာကွယ်ပေးနေသည်။

ဖန်တုံးအာသည် ခါးသီးနာကြည်းစွာ ရယ်လျက် ဆက်လက်တိုက်ခိုက်နေ၏။ သို့သော် သူမ ခြေကုန်လက်ပန်းကျနေလေပြီ။ သူမသည် အပြင်သူနောက်တစ်ယောက်ကို သတ်ဖြတ်လိုက်ပြီး ထိုအပြင်သူ၏ တန်ပြန်တိုက်ကွက်က သူမ၏နှလုံးသွေးကြောအများစုကို ပြတ်တောက်သွားစေခဲ့၏။

“ငါ အခု သေရတော့မှာလား ....” သူမက သွေးတစ်ပွက်အန်ရင်း တွေးသည်။ မျက်လုံးများ မှေးစင်းလာစဉ် သူမက နဝမတောင်ကို လှမ်းကြည့်လိုက်ပြီး မန်ဟို့ကို မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။

“နှုတ်ဆက်ခဲ့ပါတယ်...” သူမက သက်ပြင်းချရင်း ခန္ဓာဖောက်ဖို့ ပြင်သည်။ ထိုအချိန်မှာပဲ သူမအနောက်ရှိ အဖြူရောင်ဝတ်ရုံနှင့်အလောင်းသည် သူမကို ချစ်ခင်ကြင်နာစွာ ငုံ့ကြည့်၏။ အလောင်းက သက်ပြင်းချလိုက်ပြီး အလောင်း၏ဆံပင်များက ဖန်းတုံးအားကို ပိုးအိမ်သဖွယ် ရစ်ပတ်ကာ ကြယ်တာရာကောင်းကင်ထဲ နစ်မြုပ်သွားတော့သည်။

ကြယ်တာရာကောင်းကင်၏အောက်တွင် အောက်ခြေသာ ရှိလျှင် ထိုနေရာက သူတို့ထွက်သွားသော နေရာပင်.... ရုန့်ရင်းဆန်ခတ်နေသော စစ်မြေပြင်ထက်ရှိ မည်သူမှ သူတို့ထွက်သွားသည်ကို သတိမထားမိပေ။

ခပ်ဝေးဝေးတွင် ခေါင်းနောက်လှန်၍ အရူးကြီးလို ဟားတိုက်ရယ်နေသော သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက် ရှိ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်များမှာ သူ အသက်ရှင်နေသေးသည်ဟု မထင်ရလောက်အောင် အလွန်များပြားလှလေသည်။ မရေမတွက်နိုင်သောဓားပျံများက ဘက်ပေါင်းစုံမှ သူ့ကို ထိုးစိုက်နေ၍ သူ့တစ်ကိုယ်လုံး သွေးတို့စိုရွှဲနေသည်။ သို့ထိတိုင် သူသည် တစ်ချိန်လုံး တဟားဟားရယ်ရင်း အပြင်သူစစ်တပ်အထဲ မိုက်ရူးရဲဆန်စွာ သတ်ဖြတ်ဝင်ရောက်နေ၏။

“ငါက စုန့်လော့တန် မှတ်ထား ခွေးမသားတွေ။ ငါက စုန့်မျိုးနွယ်စုရဲ့ တာအိုကလေး၊ မန်ဟို့ကိုတောင် တစ်ခါနိုင်ယူခဲ့ဖူးတယ်။ မင်းတို့ဆန်ကုန်မြေလေးကောင်တွေ ငါ့ကို ကူညီတဲ့အနေနဲ့ သေလိုက်ကြပါ့လားဟမ် ဟားဟားဟား”

စုန့်လော့တန်သည် ယခုတွင် ရှေးဟောင်းနယ်ပယ်အဆင့်ဖြစ်သော်လည်း သူ၏ရက်စက်ကြမ်းကြုတ်မှုက အပြင်သူများကို လုံးလုံးလျားလျား ကြောက်လန့်သွားစေပြီး သူ့အား ဝေးဝေးရှောင်မိစေကြသည်။ သူ စစ်မြေပြင်တစ်လျှောက် ထိုးဖောက်သတ်ဖြတ်နေစဉ် အပြင်သူအလောင်းများသည် သူ့ပတ်ပတ်လည်တွင် တောင်လိုပုံနေ၏။ နောက်ဆုံးတော့ သူ့စွမ်းအားမှာ အားနည်းသွားပြီး သူ၏အရှိန်အဝါပျောက်ကွယ်သွားသည်။ သူသည် အလောင်းပုံကြီး၏အလယ်၌ ရပ်သွားသော်လည်း ခဏလောက် တိတ်ဆိတ်စွာ အနားယူနေသည်ဟု တူလေသည်။

သို့သော် အတန်ကြာသော် လန့်ဖျပ်နေသောအပြင်သူများက မဝံမရဲ တိုးကပ်လာကြသည်။

ထိုအခိုက်အတန့်တွင် အပြင်သူအကြီးအကဲတစ်ယောက်သည် ရှုပ်ထွေးနေသောခံစားချက်များဖြင့် သက်ပြင်းချ၍ ခပ်တိုးတိုးရေရွတ်လိုက်၏။ “နောက်ဆုံးတော့ သေသွားရှာပြီ....”

All Chapters