← Chapters

တောင်ကောင်းကင်ဂြိုဟ် အဝိုင်းခံရပြီ

Vol. 100 Ch. 1387

တောင်ကောင်းကင်ဂြိုဟ် အဝိုင်းခံရပြီ

Vol. 100 Ch. 1387

တောင်ပင်လယ်ကျင့်ကြံသူများသည် ပင်လယ်အိပ်မက်၊ ပါရာဂွန်ရုပ်သေးရုပ်နှင့်အတူ တိုက်ခိုက်နေကြ၏။ ပင်လယ်အိပ်မက်မှာ စစ်ပွဲအတွင်း များများစားစား အားမထုတ်နိုင်ပေ။ သူမ၏ကျင့်ကြံခြင်းအခြေခံသည် ဟိုးယခင်ကတည်းက အားနည်းနေခဲ့၍ ပါရာဂွန်ရုပ်သေးရုပ်၏အကူအညီဖြင့်သာ ယခုထက်ထိမကျဆုံးသေးဘဲ ဆက်လက်တိုက်ခိုက်နေနိုင်ခြင်း ဖြစ်၏။

ရွှေတုန်းလျှိုမှာမူ သူ၏တိုက်ကွက်များက ထူးကဲဆန်းပြားသောအ‌ရောင်အဝါများနှင့် ပေါက်ကွဲသံများကို ထုတ်လွှတ်လျက် ကြယ်တာရာကောင်းကင်ကို တဝုန်းဝုန်း တုန်ခါနေစေသည်။

မန်ဟိုသည် အနှစ်သာရ ၈ ခုပါရာဂွန်အမျိုးသမီးကို ‌ဒေါကြီးမောကြီး တိုက်ခိုက်နေ၏။ ကျမ်းစာဆူးသုံးချောင်းကြောင့် သူမ၏ကျင့်ကြံအဆင့်မှာ အင်ပါယာသခင်အဆင့်အထိ လျော့ကျခဲ့ပြီး တာအိုဥသျှောင်အဆင့်သို့ ဆက်လက်ကျဆင်းနေသယောင်ပင် ထင်ရသည်။

မန်ဟိုကား သက်ညှာမှုမရှိ တိုက်ခိုက်နေသည်။ ပါရာဂွန်တံတားက ဝုန်းခနဲ ကျလာသည်။ ဖိနှိပ်မှုက အမျိုးသမီးပါရာဂွန်ကို သွေးအန်လိုက်ရစေ၏။ သူမက ထွက်ပြေးဖို့ ကြိုးစားသော်လည်း သူက မိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။

သူ သူမကို ချုပ်နှောင်ဖို့ ကြိုးစားနေသဖြင့် အာကာသအနှစ်သာရ စတင်ဖြစ်ပေါ်လာသော်လည်း ထိုအခိုက်အတန့်မှာပင် ခေါင်းကြီးကြီးကျင့်ကြံသူက ဘွားခနဲ ‌ပေါ်လာပြီး ထူးထူးဆန်းဆန်း မှော်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်၏။ အာကာသအနှစ်သာရ အနှောင့်အယှက်ခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်ဟည်းသွားပြီး မန်ဟို့မျက်နှာမှာ သွေးဆုပ်ဖြူလျော်သွားသည်။

အမျိုးသမီးပါရာဂွန်မှာ သွေးအန်ရင်း ထိတ်လန့်နေသည်။ စောစောက သူမအပေါ် စိုးမိုးနေသော သေခြင်းတရားကို သူမ ခံစားခဲ့ရလေသည်။

မန်ဟိုက တခဏလေးပင် မရပ်။ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူက စတုတ္ထမန္တန်၊ ကိုယ်မန္တန်ကို ထုတ်ဖော်ကာ ကိုယ်ပွားပေါင်းများစွာ ပေါ်လာစေသည်။ အကုန်လုံး အမျိုးသမီးပါရာဂွန်ထံ ပြေးတက်သွားသောမြင်ကွင်းကား ရင်သပ်ရှုမောဖွယ်ကောင်းပေ၏။

ပါရာဂွန်မှာ ခေါင်းနပန်းကြီးစွာဖြင့် မန်ဟို့ကိုယ်ပွားပေါင်းများစွာကို ကြည့်ရင်း နောက်ဆုတ်နေစဉ် သူတို့က နတ်ဘုရားသုတ်သင်ခြင်းလက်သီးအား ထုတ်လွှတ်သည်။

နတ်ဘုရားသုတ်သင်ခြင်းလက်သီးအစုအတေးက ကြယ်တာရာကောင်းကင်ကို တုန်ရီလာစေပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ အသတ်အဖြတ်အငွေ့အသက်တို့ တဖွေးဖွေး လှုပ်လာစေသည်။

“မလုပ်နဲ့” ပါရာဂွန်က အော်သည်။ သူမသည် အ‌ရေးမနိမ့်လို၍ လျှာထိပ်ကို ကိုက်ကာ သွေးတချို့ထွေးရင်း လျှို့ဝှက်အတတ်တစ်ခု ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းမှာပင် ဘာကိုမှ ထိမ်ချန်မနေတော့ဘဲ မှော်ပစ္စည်းအမျိုးအစားများစွာ ထုတ်ပြီးနောက် လက်သီးချက်များကို ရှောင်ရန် နောက်ထပ်လျှို့ဝှက်အတတ်များကိုပင် သုံးလိုက်သည်။

ထိုအခိုက်အတန့်တွင်‌ ခေါင်းကြီးကြီးကျင့်ကြံသူ ပေါ်လာပြန်၏။ တစ်ဆက်တည်းမှာပင် မန်ဟိုက ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ထိုလူ့ထံ တွန်းလိုက်သည်။

“ငါ မင်း ပေါ်လာမှာကို စောင့်နေတာ” သူက ပြောသည်။

ချုပ်နှောင်မန္တန် ထုတ်လွှတ်ခံလိုက်ရသည့်တိုင် ခေါင်းကြီးကြီးကျင့်ကြံသူ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။ မန်ဟို့ချုပ်နှောင်မန္တန်စွမ်းအား အနားရောက်လာသည့်အချိန်မှာပင် သူက နှစ်ကိုယ်ကွဲသွား၏။

တစ်ကိုယ်က မန္တန်၏ချုပ်နှောင်မှုကို ခံလိုက်ရသည့်အချိန် နောက်တစ်ကိုယ်က အမျိုးသမီးပါရာဂွန်အနားတွင် ပေါ်လာသည်။ ထို့နောက် သူ၏အသွေးအသားခွန်အားအလုံးစုံကို စုဝေးရင်း ကြီးမားလာသော သူ့ညာလက်မှအပ သူ့ခန္ဓာကိုယ်မှာ လူးလွန့်လာသည်။ သူ့ခန္ဓာကိုယ်အချိုးအစား မညီ‌တော့သည်အခါ သူက အကျည်းတန်စွာ ပြုံးရင်း နတ်ဘုရားသုတ်သင်လက်သီးကို ရင်ဆိုင်ရန် သူ့လက်သီးအား ပစ်ခွင်းလိုက်တော့သည်။

ဘုန်းးးးးးးးးးးးးးးးးးး

မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသော်လည်း အမျိုးသမီးပါရာဂွန်ကို ဆွဲခေါ်သွားသော ခေါင်းကြီးကြီးကျင့်ကြံသူလည်း အလားတူပင်။ အကယ်တင်ခံလိုက်ရသည့်တိုင် သူမလည်း သွေးအန်နေရပြီး ဒဏ်ရာများဆိုးရွားသွားမှုက သူမအား မန်ဟို့ကို အငြှိုးတကြီး ကြည့်စေသည်။

“မင်းမြင်တော့ ငါ့အရင်ဆရာကိုတောင် သတိရမိတယ်” ခေါင်းကြီးကြီးကျင့်ကြံသူက ပါးစပ်မှသွေးများကို သုတ်လျက် မန်ဟို့ကို ‌လေးနက်စွာ ကြည့်ကာ ပြောသည်။

အမျိုးသမီးပါရာဂွန်မှာ လောလောဆယ်တွင် မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်သော်လည်း ခေါင်းကြီးကြီးကျင့်ကြံသူ၏နှောင့်ယှက်မှုကြောင့် မန်ဟိုမှာ သူမကို သတ်မရပေ။

မန်ဟိုသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို တိုက်ခိုက်ရန် ခုန်လိုက်၏။

သူတို့တိုက်ခိုက်နေစဉ် မှော်သိုင်းကွက်များ၏အလင်းရောင်များက အရပ်လေးမျက်နှာတွင် ပြိုးပြက်လက်နေတော့သည်။

မည်သည့်နေရာကိုပဲကြည့်ကြည့် .... တိုက်ပွဲပြင်းထန်နေသည်။ အထူးသဖြင့် မျက်နှာတွင် သွေးမရှိတော့သည့်တိုင် မရပ်မနား တိုက်ခိုက်နေသော ပင်လယ်အိပ်မက်ပင်။ လက်ရှိစစ်ပွဲ၌ ကောင်းကင်ဘုံ ၃၃ ဘုံနှင့် တောင်ပင်လယ်လောကနှစ်ဖက်လုံးမှ ထိပ်သီးပညာရှင်များ ပါဝင်သည်။ ကြယ်တာရာကောင်းကင်မှာ တွန့်လိမ်ပျက်စီးနေသည်။ စကားပြောဆိုခြင်းမရှိကြ။ ဤစစ်ပွဲတွင် တစ်ဖက်မဟုတ်တစ်ဖက် မုချအမြစ်ဖြုတ်ခံရမည်ဖြစ်ကြောင်း လူတိုင်း သိကြ၏။

ယခုလိုစစ်ပွဲမျိုးသည်  ကြယ်တာရာကောင်းကင်အတွင်း၌ ကြီးကျယ်ခမ်းနားတောက်ပသင့်၏။ သို့‌သော် တောင်ပင်လယ်ကျင့်ကြံသူများမှာ နောက်ဆုံးလက်ကျန် ဂုဏ်ကျက်သရေဖြင့်သာ တိုက်ခိုက်နေကြရ၍ ကြယ်တာရာကောင်းကင်အား မှောင်မိုက်မှိုင်းညို့နေစေသည်။

ဤအခိုက်အတန့်တွင် ဂုဏ်ကျက်သရေအစစ်အမှန်က စုန့်လော့တန်နှင့် သူလို ကျင့်ကြံသူများနှင့် သက်ဆိုင်လေသည်။

ထို့နောက် ကျင့်ကြံသူများသည် ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်ကြ၏။ သူတို့က ကြယ်တာရာကောင်းကင်ကို လင်းထိန်စေလျက် ပေါက်ကွဲသွားသော ကြယ်များသဖွယ်မဖြစ်ခင် သူတို့နာမည်များကို ကြွေးကြော်သွားခဲ့ကြသည်။

သို့သော် ကြယ်တာရာကောင်းကင်၏လင်းထိန်မှုမှာ သိပ်ကြာကြာမခံလိုက်။ တောင်ပင်လယ်ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် တဖြုတ်ဖြုတ် ကျဆုံးနေ၍ မကြာခင် အပြင်သူများသည် သူတို့ကို ‌‌ကျော်ကာ နဝမတောင်ထံ ချီတက်သွားကြတော့၏။ တောင်ပင်လယ်ကျင့်ကြံသူများက သူတို့ကို တားဖို့ ပြန်လှည့်လိုက်ကြသည်။

စစ်မြေပြင်မှာ နဝမတောင်၏အပြင်မှ တောင်စပ်သို့ တစတစကူးစက်လာလေပြီ။

နောက်ဆုံးတော့ အပြင်သူများသည် နဝမတောင်အထိ ရောက်လာခဲ့ကြ၏။ ကြယ်တာရာကောင်းကင်မှာ စိစိညက်ညက်ကြေနေပြီး နဝမတောင်မှာ တသိမ့်သိမ့် တုန်ရီနေသည်။ ရွှမ်းဝူလိပ်ကြီးသည်လည်း ပူဆွေးမှု၊ အရှုံးမပေးလိုမှုအပြည့်ဖြင့် ခံပြင်းစွာ ဟိန်းဟောက်နေ၏။

မန်ဟို့နှလုံးသားမှာ တုန်ရီနေပြီး ပင်လယ်အိပ်မက်နှင့်အစွမ်းထက်ပညာရှင်များမှာ စိတ်ထိခိုက်နေကြသည်။ ခိတိဂဗ္ဗသည် ခါးသီးစွာ ရယ်နေ၏။ ရှုံးနိမ့်မှုကို ရှောင်လွှဲမရမှန်း လူတိုင်း သိကြလေသည်။

သို့သော် သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံးထဲ၌ မျှော်လင့်ခြင်းမီးစလေးတစ်စ ရှိသေးသည်။ ထိုမျှော်လင့်ချက်မှာ ဝေဝါးသော်လည်း လုံးလုံးလျားလျား ပျောက်ကွယ်မသွားခဲ့၊ လေမုန်တိုင်းထဲက ဖယောင်းတိုင်လေးလို ခဲရာခဲဆစ် တောက်လောင်နေသေးသည်။

အပြင်သူစစ်တပ် နဝမတောင်သို့ ချီတက်နေစဉ် မန်ဟိုနှင့် အစွမ်းထက်ပညာရှင်များသည် ကောင်းကင်ဘုံ ၃၃ ဘုံ၏ ပါရာဂွန်များကို တားထားကြ၏။ မှန်သည်၊ သူတို့လည်း လှုပ်မရပေ။

နှစ်ဖက်လုံးကား တစ်ဖက်ကိုတစ်ဖက် ချုပ်နေကြသည်။

အပြင်သူစစ်တပ်ကြီး နဝမတောင်ထံ ဖြည်းဖြည်းချင်း ချီတက်‌ရောက်ရှိသွားသည်ကို သူတို့အားလုံး ကြည့်ရုံသာ ကြည့်နိုင်ကြသည်။

မကြာမီ ဂြိုဟ်ကြီးလေးလုံး စတင်တိုက်ခိုက်ခံရ၏။

ပထမဆုံးအဖျက်စီးခံလိုက်ရသည်က အနောက်ပျော်ရွှင်ဂြိုဟ်ပင်။ မရေမတွက်နိုင်သော အပြင်သူများ၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များအောက်ဝယ် ဂြိုဟ်တစ်လုံးလုံး မွစာကြဲသွားသည်။ အသက်ပေါင်းများစွာ ချုပ်ငြိမ်းကုန်သဖြင့် မိုးနှင့်မြေမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။

ထို့နောက် မြောက်ကျူပင်ဂြိုဟ်။ အပြင်သူများ ဂြိုဟ်ထဲ ဝင်ရောက်သွားသည့်အခါ ၎င်းမှာ ကြယ်တာရာကောင်းကင်ထဲ၌ ပြန့်ကြဲနေသော အစအနများထက် မပိုတော့ပေ။

ထိုမြင်ကွင်းသည် အသက်ရှင်နေသေးသော ‌တောင်ပင်လယ်ကျင့်ကြံသူများ၏နှလုံးသားကို လှံနှင့် ထိုးစိုက်လိုက်ရသကဲ့သို့ နာကျင်စေ၏။ တချို့က ခါးသီးစွာ ရယ်လိုက်ကြသည်။ သူတို့အားလုံး အသက်ရှင်လွတ်မြောက်နိုင်မည့်အတွေးကို အာရုံမရှိကြတော့ပေ။ သူတို့သည် ပင်ပန်းမှုအားလုံးကို လျစ်လျူရှုရင်း အပြင်သူများကို ရက်စက်စွာ သတ်ဖြတ်ကြ၏။

သို့သော် အပြင်သူစစ်တပ်၏အင်အားမှာ များပြားလွန်း၍ တောင်ပင်လယ်ကျင့်ကြံသူများအားလုံး ကြက်ကလေးငှက်ကလေးလို သေဆုံးနေကြရသည်။ သူတို့၏ရူးမိုက်မှုက အပြင်သူများကို ကြောက်လန့်စေသော်လည်း အဆုံးသတ်တွင် တောင်ပင်လယ်လောက၏ အင်အားမှာ နည်းပါးလွန်းသည်မဟုတ်ပါလော။

နောက်ဆုံးတော့ နဝမတောင်၏ပတ်ဝန်းကျင် အာကာသထဲမှ တတိယမြောက်‌ပေါက်ကွဲသံ ဟိန်းထွက်လာသည်။ မန်ဟို့မျက်စိရှေ့တည့်တည့်မှာတင် ... အရှေ့အောင်ပွဲဂြိုဟ်ကား ပြာကျသွားလေပြီ.....

“မဖြစ်နိုင်ဘူးးးးး” မန်ဟို့နှလုံးသားမှာ စူးအောင့်နေပြီး သူ့မျက်လုံးများသည် နီရဲနေ၏။ သူ့မှာ ခေါင်းကြီးကြီးကျင့်ကြံသူနှင့် အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသမီးကို တိုက်ခိုက်နေဆဲဖြစ်ပြီး သူ့မျက်စိနှင့်မြင်နေရသော မြင်ကွင်းကို မယုံနိုင်သေးပေ။

ထိုနေရာ သူ၏ရှေ့တွင် အရှေ့အောင်ပွဲဂြိုဟ်ကား ပေါက်ကွဲသွားခဲ့ချေပြီ။

“သတ္တမတောင်ပင်လယ် ဖျက်စီးခံလိုက်ရပြီဆို‌တော့ ကျားလှောင်အိမ်ဂြိုဟ်လည်း မရှိတော့ဘူး .... မဖြစ်နိုင်ဘူး။ ပြီးတော့ အရှေ့အောင်ပွဲဂြိုဟ်က ပထမမျိုးဆက်ခေါင်းဆောင်ကြီးနဲ့ တစ်သားတည်းဖြစ်နေ‌တာလေ။ ဘယ်လိုလုပ် သူက ဖျက်စီးခံရမှာလဲ

“မဖြစ်နိုင်ဘူး...” သူ ကြည့်နေသည့်အချိန်မှာပင် အပြင်သူစစ်တပ်က တောင်ကောင်းကင်ဂြိုဟ်သို့ ချီတက်သွားသဖြင့် မန်ဟို ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူ့မှာ စိုးရိမ်စိတ်တို့ ပိုများလာလေပြီ။

သူ့နှလုံးသားသည် အရှေ့အောင်ပွဲဂြိုဟ်နှင့် ရင်းနှီးသော်လည်း သူ၏အိမ်အစစ်က ‌တောင်ကောင်းကင်ဂြိုဟ်ဖြစ်၏။

“မျှော်လင့်ချက်ရှိသေးတယ်” ပြိုကျနေသောနဝမတောင်ကို သူ ကြည့်လိုက်ရာ အင်အားမမျှသော တောင်ပင်လယ်ကျင့်ကြံသူများမှာ ဘက်ပေါင်းစုံမှ ရန်သူများကို သွေးရူးသွေးတန်း တိုက်ခိုက်နေကြကြောင်း မြင်လိုက်ရသည်။ ဂြိုဟ်များပြိုကွဲနေသည်ကို သူ တွေ့နေရ၍ သူ့နှလုံးသားမှာ မွန်းကြပ်နာကျင်လာတော့သည်။

“မျှော်လင့်ချက် ရှိကိုရှိရမယ်...

“လေဟုန်ခွင်းအင်ပါယာသခင် အခုထိ ပေါ်မလာသေးဘူး။ အင်မော်တယ်ရှေးဟောင်းရဲ့ ဆက်ခံသူရောပဲ။ လေဟုန်ခွန်းလောကရော ဘယ်ရောက်နေလဲ....

“သူတို့ပေါ်မလာသေးဘူးဆိုတော့ မျှော်လင့်ချက်ရှိသေးတယ်...”

စစ်မီးက တောင်ကောင်းကင်ဂြိုဟ်သို့ ကူးစက်နေလေပြီ။

တောင်ကောင်းကင်ဂြိုဟ်သည် မန်ဟို့အိမ်ဖြစ်ပြီး ဖန်မျိုးနွယ်စုစခန်းချထားသော နေရာလည်း ဖြစ်သည်။ ယခုတွင် အရှေ့အောင်ပွဲဂြိုဟ်မရှိတော့၍ ဖန်မျိုးနွယ်ဝင်တိုင်းသည် တောင်ကောင်းကင်ဂြိုဟ်ရှိရာသို့ ကရောသောပါး သွားနေကြ၏။

မန္တန်ဝင်္ကပါအသက်ဝင်လာသည့်အချိန်မှာပင် တောင်ကောင်းကင်ဂြိုဟ်၏အပြင်၌ လူရိပ်များစွာ ပေါ်လာသည်။ သူတို့ထဲမှတစ်ယောက်က အနက်ရောင်ချပ်ဝတ်များ ဝတ်ထားသော ရုပ်သေးရုပ်စစ်တပ်ဖြင့် ဧကရာဇ်တန်ဖြစ်သည်။

ဖန်ရှုံ့ဖုန်း၊ မန်လီ၊ ဖန်ယုနှင့် တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်နေသော ကျန်ဖန်မျိုးနွယ်များလည်း ရှိကြသည်။ သူတို့၏မျက်ဝန်းများတွင် စိတ်ပိုင်းဖြတ်ထားမှုတို့ ထင်ဟပ်နေ၏။ သူတို့သည် သူတို့၏အသက်များကို တောင်ကောင်းကင်ဂြိုဟ်ထံ ပေးအပ်ထားပြီး ၎င်းနှင့်အတူ သေကြလိမ့်မည်။

“တောင်ကောင်းကင်ဂြိုဟ်ကို နှစ်ပေါင်းတစ်သိန်း စောင့်ရှောက်ပေးမယ်လို့ ငါ သစ္စာဆိုထားတယ်” ဖန်ရှုံ့ဖုန်း၏ တင်းမာခက်ထန်သော အသံပြတ်ပြတ် ပဲ့တင်ထပ်သွားသည့်အချိန်မှာပင် အပြင်သူစစ်တပ်ကြီးကား ချီတက်တိုက်ခိုက်ကြလေပြီ။

တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်အားလုံးအပြင် တောင်ကောင်းကင်ဂြိုဟ်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေသော တောင်ပင်လယ်ကျင့်ကြံသူများသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်နှင့် ၎င်းအလွန်က ကောင်းကင်ထဲတွင် တိုက်ခိုက်ရန် အပြေးအလွှားသွားနေကြ၏။

မန်ဟို့မျက်လုံးများ နီရဲနေသည်။ သူက ဟိန်းဟောက်ရင်း အမျိုးသမီးပါရာဂွန်နှင့် ခေါင်းကြီးကြီးကျင့်ကြံသူလက်ထဲမှ ရုန်းထွက်၍ သူ့မိတ်ဆွေ၊ သူ့မိသားစုနှင့်အတူ တိုက်ခိုက်ပေးဖို့ တောင်ကောင်းကင်ဂြိုဟ်ထံ သွားရန် ကြိုးစားသည်။

သူ့မိဘနှစ်ပါး၊ သူ့အစ်မ၊ သူနှင့်မျိုးနွယ်တူအားလုံး ထိုနေရာတွင် ရှိနေကြသည်။ ဖက်တီး၊ ချန်ဖန်း၊ ဝမ်ယိုချိုင်နှင့် စွန်းဟိုက်အပြင် ရှုချင်လည်း ထိုနေရာသို့ သွားနေကြသည်။

ထို့အပြင် ဆေးလုံးမိစ္ဆာနှင့် ခဲကျုံစစ်လည်း ရှိ၏။

တောင်ကောင်းကင်ဂြိုဟ်သည် မန်ဟို၏အားနည်းချက် ဖြစ်၏။ သူ့အတွက် တောင်ကောင်းကင်ဂြိုဟ်မှာ ‌တောင်ပင်လယ်တစ်လောကလုံးတွင် အရေးပါဆုံး၊ အဓိပ္ပါယ်အရှိဆုံးနေရာ ဖြစ်လေသည်။

မှီခိုရာဂိုဏ်းချုပ်ပင် ‌‌‌ဒေါသတကြီး တွန်းထိုးတိုက်ခိုက်ရင်း သူ၏သံယောဇဉ်များတွယ်တာရာ ‌တောင်ကောင်းကင်ဂြိုဟ်သို့ သွားနေသည်။

အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ရိုက်ခတ်လျက်ရှိသည်။ လောကပါလလီမျိုးနွယ်စုမန္တန်ဝင်္ကပါ၏ ကျေးဇူးကြောင့် တောင်ကောင်းကင်ဂြိုဟ်သည် အရှေ့အောင်ပွဲဂြိုဟ်ကဲ့သို့ ပြိုကွဲမသွားပေ။ မန္တန်ဝင်္ကပါမှာ အဆုံးမရှိသောအပြင်သူများကို တိုက်ခိုက်နေသော်လည်း အားနည်းစပြုနေလေပြီ။

ဧကရာဇ်သည် ခါးသီးစွာ ရယ်လျက် လက်ဝှေ့ယမ်းကာ အနက်ရောင်ချပ်ဝတ်ရုပ်သေးရုပ်များအား တိုက်ခိုက်စေသည်။ မန္တန်ဝင်္ကပါထဲမှလည်း မကျွတ်လွတ်သေးသောသရဲများ ထွက်လာကြသည်။

ထိုသရဲများအကြားတွင် ကလေး၊ လူကြီး၊ ယောက်ျားမိန်းမမရွေး ပါဝင်သည်။ ဤသရဲများသည် ဟိုးလွန်ခဲ့လေပြီးသော နှစ်ပေါင်းများစွာတုန်းက သူတို့အသက်များကို စတေးပေးခဲ့သည့် လီမျိုးနွယ်ကျင့်ကြံသူများ ဖြစ်ကြ၏။ အသက်ရှိစဉ်တုန်းက သူတို့၏တာဝန်က တောင်ပင်လယ်လောကကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ခဲ့၍ အသက်မရှိသည့်အခါတွင်လည်း ထိုတာဝန်ကို ထမ်း‌ဆောင်ပေဦးမည်။

တစ်ဂြိုဟ်လုံး စစ်မြေပြင်ကြီးဖြစ်လာသဖြင့် တောင်ကောင်းကင်ဂြိုဟ်မှာ တဝုန်းဝုန်း လှုပ်ခတ်နေတော့သည်။

မန်ဟိုမှာ တောင်ကောင်းကင်ဂြိုဟ်ဆီ ပြန်သွားချင်သော်လည်း ခွင့်မပြုသူတစ်ယောက် ရှိသည်။

“လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရမယ်ထင်လား” အမျိုးသမီးပါရာဂွန်က မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ပြောသည်။ မန်ဟိုသည် ဤအခိုက်အတန့်အထိ မရပ်မနားတိုက်ခိုက်ခဲ့ရင်း သူမအား အကြိမ်ပေါင်းများစွာ သတ်နိုင်တော့မလို ဖြစ်ခဲ့သည်။ သူက အတိုင်းထက်အလွန် အင်အားကြီးမားသော ပြိုင်ဘက်ဖြစ်ကြောင်း သူမ သိသော်လည်း သူ သေသွားသည်ကို သူမမြင်တွေ့ချင်သေးလေသည်။

ပါရာဂွန်ရွှမ်းဖန် မသေခင် ပြောခဲ့သောစကားကို ပြန်တွေးမိလျှင် အမျိုးသမီးပါရာဂွန်သည် မန်ဟို့အား ပို၍ပင်သတ်ချင်လာ၏။ သူ ထွက်သွားချင်သည်ကို သူမ သတိထားမိသည်နှင့် သူ့ကို တားလိုစိတ်တို့ ပြင်းထန်လာတော့သည်။

“မင် ဘယ်မှမသွားရဘူး။ နင်ဂရုစိုက်တဲ့ အရာအားလုံး... တစ်ခုမကျန် အဖျက်စီးခံရတာကို နင် ကြည့်နေစေရမယ်” အမျိုးသမီးပါရာဂွန် မန်ဟို့အနောက် လိုက်သွားသည့်အချိန်မှာပင် ခေါင်းကြီးကြီးကျင့်ကြံသူမှာ တွန့်ဆုတ်နေသည်။ ဤစစ်ပွဲတွင် အစီအစဉ်အတိုင်းတိုက်ခိုက်ပေးခဲ့သော်လည်း စကားများများမပြောခဲ့ခြင်းက သူ့နှလုံးသားထဲရှိ ခံစားချက်အစစ်အမှန်ကို သက်သေထူလေသည်။

သူက သက်ပြင်းချလိုက်သော်လည်း တခဏကြာသော် အမျိုးသမီးပါရာဂွန်နောက်လိုက်ကာ မန်ဟို့လမ်းကို တားဖို့ လုပ်သည်။

ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်မှ တဝုန်းဝုန်းပေါက်ကွဲသံများ ထွက်လာသည်။ အပြင်သူများဝိုင်းထားသည့်ကြားတွင် သွေးအန်နေရသော သူ့အဖေနှင့်အမေကို မန်ဟို လှမ်းမြင်လိုက်ရသည်။ ဖက်တီး၊ ဝမ်ယိုချိုင်နှင့် သူ့မိတ်ဆွေအားလုံး ထိုနေရာသို့ ရောက်သွားကြသည်ကို သူ မြင်လိုက်ရသည်။ ရှုချင် ခါးသီးစွာ ရယ်နေသည်ကို မြင်လိုက်ရ၏။ မှီခိုရာဂိုဏ်းချုပ် ဒေါသတကြီး ဆဲဆိုနေသည်ကိုလည်း သူ တွေ့လိုက်ရပြီး သူ့ဆရာဆေးလုံးမိစ္ဆာ၏ကိုယ်ထဲရှိ ‌ဆေးဝါးမီးတောက်မှာ ဖောက်ခွဲဖို့ အစပျိုးနေသည်ကိုလည်း သူ တွေ့လိုက်ရလေသည်။

မန်ဟို ကြောက်လာသည်။ မွန်းကြပ်လာသည်။ သူ့နှလုံးသားသည် ရစရာမရှိအောင် အပိုင်းပိုင်းစုတ်ပြတ်နေချေပြီ။ သူ့မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သောအမူအရာပေါ်လာပြီး သူ၏ဟိန်းဟောက်သံကြီးက မိုးနှင့်မြေကို မှေးမှိန်သွားစေတော့သည်။ “ဖယ်ကြစမ်းးးးးးးးးးးးးးး”

(ခေါင်းကြီးကြီးကျင့်ကြံသူဟာ နှောင်ဖွဲ့ကင်းတန်ခိုးရှင်ထဲက ‘ခေါင်းကြီး’ လို့ခေါ်တဲ့ တစ်ယောက်ပါ။ ဝမ်လင်းရဲ့ နောက်လိုက်တစ်ယောက်လည်း ဖြစ်ပါတယ်)

All Chapters