← Chapters

အခန်း ၁၇၁၅

Vol. 123 Ch. 1715

အခန်း ၁၇၁၅

Vol. 123 Ch. 1715

အခန်း (၁၇၁၅) အတုကအတုပဲ

ရန်ကျောက်ကဲအတုက အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး အပြာရောင်နှင့် အနက်ရောင်အနားသပ်ပါသော ဝတ်ရုံကို ခြုံထားသည်။

သူက ဆံပင်များကိုသပ်ရပ်စွာဖြီးသင်လျှက် စုစည်းထားပြီး ရုပ်ရည်သွင်ပြင် ခန့်ညားချောမောကာ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျှက် ရှိသည်။

ထိုသူက...

“စောစောက ကြာပန်းစိမ်းရတနာအလံက ငရဲကိုးထပ်ရဲ့ ပင်လယ်ရေတွေနဲ့ စွန်းထင်းသွားပြီမလား ၊ ပြန်ပြီး မသန့်စင်နိုင်သေးခင် အသုံးပြုလို့ရမှာ မဟုတ်လောက်ဘူး”

ရန်ကျောက်ကဲမှာ သူ့အရှေ့မှလူငယ်ကို စူးစိုက်ကြည့်ရင်း သူ့ကိုယ်သူ မှန်ထဲတွင် မြန်မြင်နေရသလို ခံစားလိုက်မိသည်။

သူက ရယ်မောလိုက်ပြီး...

“တကယ်ကို အသက်ဝင်လာတဲ့ အရိပ်တစ်ခုလိုပဲ”

သူက ဆက်ပြောလိုက်သည်။

“မင်းက ကောင်းကင်နတ်ဘုရားအဆင့်ရောက်နေတာတောင် ငါ့လို ထိုက်ရွှီးမူလနတ်ဘုရားတစ်ယောက်ပုံစံ အသွင်ပြောင်းချင်သေးတာလား ၊ ဟွန်း... ငါတောင် အံ့အားသင့်မိပါရဲ့”

မျက်နှာချင်းဆိုင်ရှိ “ရန်ကျောက်ကဲအတု” က ပြုံးလိုက်ရင်း...

“'လူငယ်ကောင်းကင်ဘုံအရှင်' ... အဲဒီစကားတွေကို 'ပတ္တမြားတံခွန်ဗုဒ္ဓ' နဲ့ 'တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ' တို့ဆီမှာ သွားပြောပါလား ၊ ငါကတော့ မင်းကို သာမန် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးလို့ ဘယ်တော့မှ သဘောထားမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်တွန့်လိုက်သည်။

“နှမျောစရာပဲ.... ငါတော့ အတော်လေး စိတ်ဝင်စားမိတယ် ၊ မင်းမှာ အရိပ်ကိုယ်ပွားတွေ ဖန်ဆင်းနိုင်တာကလွဲရင် တခြားလှည့်ကွက် မရှိတော့ဘူးလား ၊ ဘာလို့လဲဆိုတော့ မင်း တခြားသိုင်းပညာတွေသုံးတာ ငါ တစ်ခါမှ မတွေ့ဖူးဘူး”

အရိပ်နတ်ဆိုးက ပြုံးလိုက်ပြီး...

“လူငယ်ကောင်းကင်ဘုံအရှင်... မင်း ငရဲကိုးထပ်ကိုရောက်လာရင် ပိုပြီး သိလာမှာပေါ့”

ရန်ကျောက်ကဲက ဗလာနယ်ကို နင်းလျှောက်ရင်း အရိပ်နတ်ဆိုးအနားသို့ ချဉ်းကပ်သွားသည်။

“အဲဒါက ရှုပ်ထွေးလွန်းပါတယ် ၊ ငါကတော့ ဒီနည်းလမ်းနဲ့ပဲ အဖြေရှာကြည့်ချင်တယ်”

သူက ရှေ့သို့ဝင်ရောက်သွားပြီး လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်ကာ သူနှင့်ပုံစံတူဖန်ဆင်းထားသည့် အရိပ်နတ်ဆိုးအား အရှိန်ပြင်းစွာဖြင့် ရိုက်ချလိုက်သည်။

ရန်ကျောက်ကဲ၏လက်ဖဝါး ကျဆင်းလာချိန် လက်ဖဝါးအောက်တွင် ချီစွမ်းအားနှစ်ခု ဖြစ်တည်လာပြီး တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားသည်။

ထိုချီစွမ်းအားနှစ်ခု ရစ်ပတ်သွားခြင်းက ယင်နှင့်ယန်၏ အဆုံးစွန်သော နိယာမတရားကို ဖော်ကျူးနေသည်။

ထိုက်လက်ဝါးရိုက်ချက် တစ်ချက်တည်းမှာပင် 'ယွိချင်အဆက်အနွယ် ယင်ယန်ကောင်းကင်ကျမ်းစာ'၊ 'ထိုက်ချင်အဆက်အနွယ် ထိုက်ကျိယင်ယန်လက်ဝါးသိုင်း' နှင့် 'စန့်ချင်အဆက်အနွယ် သွေးနီရောင်ကပ်ဘေးကျမ်းစာ' ဆိုသော ထိပ်တန်းသိုင်းပညာ (၃)ခု၏ အနှစ်သာရများ စုစည်းပါဝင်လျှက် ရှိသည်။

ထို့ပြင် လက်ဝါးရိုက်ချက်ထဲတွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုလည်း ပေါင်းစပ်ထည့်သွင်းထားသေး၏။

လက်ဖဝါးအောက်မှ ချီစွမ်းအားစီးကြောင်းက အဖြူရောင်လည်းမဟုတ် ၊ အနက်ရောင်လည်းမဟုတ်ပေ။ မှေးမှိန်ဖျော့တော့နေသည့်တိုင် ထူးခြားစွာ တောက်ပနေပြန်သည်။

ယခင်က မည်သူမှ မတွေ့မြင်ခဲ့ဖူးသည့် ဤထိပ်တန်းသိုင်းပညာရပ်က ရန်ကျောက်ကဲလက်ထဲတွင် အသက်ဝင်နေပြီး သတိမလွတ်တမ်း အကဲခတ်နေသည့် အရိပ်နတ်ဆိုးသည်ပင် ဤလူငယ်အား စိတ်ထဲမှ လေးစားသွားမိသည်။

သူက စိတ်ထဲမှကြိတ်ပြီး ချီးကျူးလိုက်မိသည်။

“စန်းချင်း(၃)ပါး အဆက်အနွယ် ကျင့်စဉ်တွေကို တပြိုင်တည်းကျင့်ကြံနိုင်တာ တကယ့်ကို ထူးချွန်လွန်းတာပဲ ၊ သူက ဟန်ပြလေလုံးထွားနေတဲ့သူမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တကယ်အရည်အချင်းရှိတဲ့သူပဲ”

ရန်ကျောက်ကဲက ပြိုင်ဘက်ကို အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

ဤအသစ်စက်စက်လက်ဝါးသိုင်းက အလွန်ပြင်းထန်ပြီး အားကောင်းရံသာမက သိမ်မွေ့နက်နဲကာ အဆုံးအစမဲ့သော ဖြစ်နိုင်ခြေများကိုလည်း ဆောင်ကြဉ်းထားသည်။

စက္ကူထက်တွင် မှင်ရည်များဖင့် ရဲရဲဝံ့ဝံ့ပုံဖော်ထားသည့်အလား နောက်ဆက်တွဲအပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်သည့် အရိပ်အယောင်များစွာကိုလည်း ချန်ထားရစ်ခဲ့သည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကိုကြည့်ရင်း အရိပ်နတ်ဆိုး တွေးလိုက်သည်။

“'စန်းချင်း(၃)ပါး' ဆိုတာ တစ်သားတည်းဖြစ်တယ်လို့ ဆိုကြပေမယ့်.... အချိန်တွေ ကြာသွားပြီးတဲ့နောက် သိုင်းပညာတွေနဲ့ ကျင့်ကြံခြင်းနိယာမတွေရဲ့ ကွာခြားချက်ကလည်း အရမ်းကြီးမားလာတယ် ၊ ဒါကြောင့် စန်းချင်း(၃)ပါး ထိပ်တန်းသိုင်းပညာတွေကို တပြိုင်တည်းကျင့်ကြံပြီး တစ်သားတည်းပေါင်းစပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး”

အရိပ်နတ်ဆိုး၏စိတ်ထဲ အတွေးတစ်ခု လက်ခနဲ ပေါ်လာပြန်သည်။

“ပြီးတော့ သူက ဒီသိုင်းပညာတွေထဲကို အလှည့်အပြောင်းအသစ်တွေတောင် ထပ်ဖြည့်ထားသေးတာကိုး”

“ကောင်းတယ်၊ အရမ်းကောင်းတယ် ဒါပေမဲ့...”

အရိပ်နတ်ဆိုးက အံ့အားသင့်နေသော်လည်း ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် မနှောင့်နှေးခဲ့ပေ။

သူက ထူးခြားသည့်တိုက်ကွက်မျိုး ထုတ်ဖော်ခြင်းမပြုဘဲ မှန်ထဲမှအရိပ်အတိုင်း ရန်ကျောက်ကဲ၏တိုက်ကွက်ကို အတုယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

“မင်း ဘယ်လိုလုပ်လိုက်လဲဆိုတာ နားလည်ရခက်ပေမယ့် ... ဒီသိုင်းပညာကို ငါမြင်လိုက်တာနဲ့ မင်းနဲ့ငါရဲ့ တူညီတဲ့အရာတစ်ခု ဖြစ်သွားပြီ”

စကားဆုံးသွားသည်နှင့် အရိပ်နတ်ဆိုး၏ လက်ဖဝါးအောက်တွင်လည်း ရန်ကျောက်ကဲနည်းတူ ယင်နှင့်ယန် ချီစွမ်းအားစီးကြောင်းနှစ်ခု လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။

အရိပ်နတ်ဆိုးက ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်နှင့် တူညီသောရိုက်ချက်တစ်ခုကို ထုတ်ဖော်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုခဏတွင် တူညီသောစွမ်းအားရှိသည့် လက်ဝါးရိုက်ချက်နှစ်ခု ဗလာနယ်ထဲတွင် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားရောင်ဝါနှစ်ခု ထိပ်တိုက်တွေ့သည်နှင့် ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံး အပိုင်းပိုင်းပြတ်တောက်သွားပြီး အရာအားလုံး အမှုန့်ဖြစ်သွားကာ မည်သည့်အရာမှ မရှိတော့အောင် ဖျက်ဆီးခံလိုက်ရသည်။

အရိပ်နတ်ဆိုးက တိုက်ပွဲထဲ စိတ်နှစ်ထားသည့်တိုင် သူတကယ်တမ်းအရေးစိုက်သည်က ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် မဟုတ်ပေ။

သူက ရန်ကျောက်ကဲ၏ 'မူလပရမ်းပတာတူ'၊ 'ကောင်းကင်တက်လှမ်းဗုံ' စသည့် အမတမှော်ဝင်ပစ္စည်းများကို ပို၍သတိထားနေခဲ့သည်။

သူ့အနေဖြင့် နီကျားပိုင်ဆိုင်သည့် ထူးခြားသော ရတနာပစ္စည်းများကို တုပ၍ရနိုင်သော်လည်း အခြားသူများ၏ ရတနာပစ္စည်းများကိုတော့ တုပ၍မရနိုင်ပေ။

သို့ပေသိ လက်ဖဝါးနှစ်ဖက် ထိတွေ့မိသည်နှင့် အရိပ်နတ်ဆိုး ရုတ်ချည်း မျက်နှာပျက်သွားရသည်။

ရန်ကျောက်ကဲ အသုံးပြုလိုက်သည့် ယင်နှင့်ယန် စွမ်းအားက မူလအတိုင်းပင် ရှိနေသည့်တိုင် အရိပ်နတ်ဆိုး၏လက်ဖဝါးကတော့ အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်။

အရိပ်နတ်ဆိုး၏လက် အနည်းငယ်တုန်ခါသွားပြီး လည်ပတ်နေသည့် တောက်ပသော ယန်စွမ်းအားနှင့် မှောင်မိုက်သည့် ယင်စွမ်းအားတို့က ရုတ်တရက် ပုံစံပြောင်းသွားကာ ပိုမိုသေးငယ်သည့် ချီစွမ်းအားစီးကြောင်း (၆)ခုအဖြစ် ပြိုကွဲသွားသည်။

အနက်ရောင်ချီစွမ်းအားစီးကြောင်းနှစ်ခုက 'ယွိချင်အဆက်အနွယ် ယင်ယန်ကောင်းကင်ကျမ်းစာ' ကို ကိုယ်စားပြုပြီး အဖြူရောင်ချီစွမ်းအားစီးကြောင်းနှစ်ခုက 'ထိုက်ချင်အဆက်အနွယ် ထိုက်ကျိယင်ယန်လက်ဝါးသိုင်း' ကို ကိုယ်စားပြုသည်။

နောက်ထပ် အနီရောင်နှင့် အဖြူရောင် ချီစွမ်းအားစီးကြောင်းက 'စန့်ချင်အဆက်အနွယ် သွေးနီရောင်ကပ်ဘေးကျမ်းစာ' ကို ကိုယ်စားပြုလေသည်။

မူလက ရန်ကျောက်ကဲနှင့် တူညီနေသည့် လက်ဝါးသိုင်းသည် ရုတ်တရက် ပြိုကွဲသွားပြီး တူညီသော နိယာမများရှိသည့် တာအိုဝါဒ ထိပ်တန်းသိုင်းပညာ (၃)ခုအဖြစ် ကွဲထွက်သွားသည်။

ထိုပညာရပ်များကို ပေါင်းစပ်ရန်မပြောနှင့် ဆက်စပ်ကြည့်ရန်ပင် မဖြစ်နိုင်တော့ပေ။

ထိုမြင်ကွင်းက ရန်ကျောက်ကဲ၏သိုင်းပညာကို တုပထားသည့် အရိပ်နတ်ဆိုး၏ လက်ဝါးသိုင်းတစ်ခုလုံး ပြိုကွဲသွားခြင်းကို ပြသနေသည်။

အရိပ်နတ်ဆိုးကို ပိုမိုတုန်လှုပ်ချောက်ချားသွားစေသည့်အချက်မှာ ကွဲထွက်သွားသည့် တာအိုဝါဒ ထိပ်တန်းသိုင်းပညာ(၃)ခုမှာ ချက်ချင်းဆိုသလို လျှင်မြန်စွာ ပျောက်ကွယ်သွားခြင်း ဖြစ်၏။

ယင်နှင့်ယန် အဆင့်(၃)ဆင့် ပေါင်းစည်းထားမှုမှာ နေရောင်ခြည်နှင့်ထိတွေ့သည့်နှင်းများ အရည်အပျော်သွားသည့်ပမာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

အရိပ်နတ်ဆိုးမှာ မိုးနှင့်မြေ၏ နိယာမတရား ပဲ့တင်သံနှင့် တုန်ခါမှုကိုပင် ခဏမျှမေ့ပျောက်သွားပြီး စိတ်ထဲဗလာကျင်းသွားသည့်ပမာ ခံစားလိုက်ရသည်။

သူက ရန်ကျောက်ကဲ၏တိုက်ကွက်ကို တုပလိုက်ခြင်းဖြစ်သော်လည်း သူ၏တိုက်ကွက်က အခွံသက်သက်သာဖြစ်နေပြီး လေတိုက်သည်နှင့် အလိုအလျောက်ပင် ပြိုကွဲသွားရသည်။

သို့ပေသိ သူ ရင်ဆိုင်နေရသည်က လေပြေလေညင်းမဟုတ်ဘဲ ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက် ဖြစ်သည်။

တစ်ချက်လေးမှားယွင်းသည်နှင့် အရိပ်နတ်ဆိုးမှာ ရှောင်တိမ်းရန်အချိန်မရသလို ကာကွယ်ရန်လည်း အခွင့်အရေးဆုံးရှုံးသွားရပြီး ထိပ်တိုက်ရင်ဆိုင်ရသည့်အခြေအနေသို့ ရောက်ရှိသွားသည်။

သူက မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် ရန်ကျောက်ကဲ ရတနာပစ္စည်းများ ထုတ်ဖော်အသုံးပြုပါက ဖိနှိပ်ရန် ကြိုတင်စီစဉ်ထားသည့် နတ်ဆိုးရတနာပစ္စည်းကို ဆင့်ခေါ်လိုက်ရတော့သည်။

ထိုအချိန်မှာပင် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် ကောင်းကင်တက်လှမ်းဗုံ မြည်ဟီးလာပြီး အရိပ်နတ်ဆိုး ထုတ်ဖော်သုံးဆွဲလိုက်သည့် ရတနာပစ္စည်းကို တန်ပြန်ထိန်းချုပ်လိုက်သည်။

နောက်ဆုံးမှာတော့ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က အရိပ်နတ်ဆိုးအား တန်းတန်းမတ်မတ် ထိမှန်သွားတော့၏။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“နောက်ဆုံးတော့လည်း အတုက အတုပါပဲ”

အရိပ်နတ်ဆိုး ညည်းတွားသံတစ်ချက်ပြုရင်း နောက်သို့ လွင့်စင်ထွက်သွားသည်။

သူအတုပြုလုပ်ထားသည့် ရန်ကျောက်ကဲပုံစံမှာလည်း လျှင်မြန်စွာပြိုကွဲပျက်ဆီးသွားပြီး အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟုတ်ပေ၏။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က အရိပ်နတ်ဆိုးအား မူလပုံစံ ပြန်လည်ရောက်ရှိအောင် ရိုက်ထုတ်နိုင်ခဲ့သည်ပင်။

အရိပ်နတ်ဆိုးက ကောင်းကင်နတ်ဘုရားအဆင့် ရှိသောကြောင့် ဒဏ်ရာမရရှိသည့်တိုင် ခဏမျှ သိစိတ်လွင့်ပါးသွားရသည်။

အရိပ်နတ်ဆိုးက ရန်ကျောက်ကဲပုံစံဖန်ဆင်းသည့်အခါ သူ၏အဆင့်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ လျော့ကျသွားခဲ့သည်။

ထိုသို့သောအခြေအနေတွင် ရန်ကျောက်ကဲ၏တိုက်ခိုက်စွမ်းရည်ကို အပြည့်အဝ ပုံတူကူးနိုင်ခဲ့ပါက ပြဿနာမရှိလှပေ။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် အခြားသော ကောင်းကင်နတ်ဘုရားများနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်တောင်မှ ရှုံးနိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတော့ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အောက်တွင် အရိပ်နတ်ဆိုး၏တိုက်စစ်က ပြိုကွဲသွားရသည်။

ပိုဆိုးသည်မှာ ခံစစ်စွမ်းအားပါ လျော့ပါးသွားသည့်အတွက် ထိုလက်ဝါးရိုက်ချက်က သူ့ကို အလွယ်တကူပင် လွင့်ထွက်သွားအောင်ထိုးနှက်ကာ လွယ်လွယ်နှင့် အနိုင်ယူသွားခဲ့သည်။

အမှန်တော့ အရိပ်နတ်ဆိုးက ရန်ကျောက်ကဲအဖြစ်သာ ပုံစံတူမပြောင်းလဲခဲ့ပါက ဤမျှအရှက်ကွဲသည့် အရှုံးတရားနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

အရိပ်နတ်ဆိုး နောက်သို့လွင့်ထွက်သွားသည့်တိုင် ရန်ကျောက်ကဲက ရပ်တန့်ခြင်းမရှိဘဲ သူ၏ဦးခေါင်းထက်သို့ လက်ဝါးချက် တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရိုက်ချလိုက်သည်။

အရိပ်နတ်ဆိုး သေချာအကဲခတ်လိုက်တော့ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်များထဲတွင် လောကနိယာမ သဘောတရားများ စုစည်းထားကြောင်း တွေ့လိုက်ရသည်။

ထိုလက်ဝါးရိုက်ချက်များထဲတွင် မူလပရမ်းပတာအစပြုခြင်း၏ စွမ်းအားရောင်ဝါများပါဝင်နေပြီး အလွန်ပင် နက်နဲလှသည်။

ထိုခဏတွင် ကနဦးကောင်းကင် မူလကောင်းကင်ကျမ်းစာ (၃)စောင် နှင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်တို့က အပြည့်အဝ ပေါင်းစပ်သွားပြီး နိယာမအားလုံး၏ မူလဇာစ်မြစ်သို့ ပြန်လည်ရောက်ရှိသွားကာ ညီညွတ်မျှတခြင်းနှင့် မရေရာခြင်းဆိုသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

All Chapters