← Chapters

အခန်း ၁၇၁၆

Vol. 123 Ch. 1716

အခန်း ၁၇၁၆

Vol. 123 Ch. 1716

အခန်း (၁၇၁၆) တူဖြင့်လိုက်လံထုနှက်

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်တိုက်ပွဲတွင် အရိပ်နတ်ဆိုးက ရန်ကျောက်ကဲ ထုတ်‌ဖော်လာမည့် ချီထျန်းမဟာသူတော်စင်ကို စိုးရိမ်ပူပန်ခြင်းမရှိပေ။

ယခု ရန်ကျောက်ကဲနှင့် ဆုံတွေ့သည့်အခါ သူက ရန်ကျောက်ကဲနှင့် အဆင့်တူညီသည့် ပြိုင်ဘက်တစ်ဦးအဖြစ် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ လျှော့ချလိုက်ခြင်းဖြင့် ဤလူငယ်အား လေးစားမှုပေးလိုက်သည်ဟု တွေးထင်ခဲ့သည်။

သူက အရိပ်ကိုယ်ပွားဖန်ဆင်းခြင်းအတတ်ဖြင့် ရန်ကျောက်ကဲအသွင် ပြောင်းလဲလိုက်ပြီး တူညီသည့်တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အချိန်ဆွဲတိုက်ခိုက်ပြီး ရန်ကျောက်ကဲ ပင်ပန်းနွမ်းနယ်သွားအောင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

သူ၏ရည်ရွယ်ချက်က ရန်ကျောက်ကဲကို အားအင်ကုန်ခမ်းသွားအောင် ပြုလုပ်ရန်မဟုတ်ဘဲ မည်သူကပိုပြီး ခံနိုင်ရည်ရှိကြောင်း စမ်းသပ်ရန်သာ ဖြစ်သည်။

ဟုတ်ပေ၏။

သူက ရန်ကျောက်ကဲကိုတုပပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ လျှော့ချလိုက်သည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံကတော့ ကောင်းကင်နတ်ဘုရားအဆင့်သာဖြစ်ပြီး ဖျက်ဆီးမရသော နတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် အပြန်အလှန်တိုက်ခိုက်ရင်း ရန်ကျောက်ကဲ ဒဏ်ရာရသွားပါက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသော ထိုလူငယ်မှာ သူ့ကို အဆုံးထိတိုက်ခိုက်နိုင်မည်မဟုတ်ဟု ယူဆထားခဲ့သည်။

ရန်ကျောက်ကဲက တိုက်စစ်စွမ်းအား ကောင်းမွန်သလို ခံစစ်စွမ်းအားလည်း ခိုင်မာသည်။

ကောင်းကင်နတ်ဘုရားများပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ကြပေ။

သို့ဆိုလျှင် သူနှင့်တိုက်ခိုက်လျှင်ရော မည်သို့ရှိမည်နည်းဟု အရိပ်နတ်ဆိုး စဉ်းစားထားခဲ့သည်။

အရိပ်နတ်ဆိုးက ရန်ကျောက်ကဲ၏တိုက်ကွက်ကို တန်ပြန်အသုံးပြုပြီး သူ၏ခံစစ်စွမ်းအားကိုချိုးဖျက်ကာ အနိုင်ယူရန် ကြိုးပမ်းခြင်း ဖြစ်သည်။

သူက ရန်ကျောက်ကဲသတ်ရန် ရည်ရွယ်ချက်မရှိပေ။

တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ရန်ကျောက်ကဲလက်ထဲတွင်ရှိနေသည့် နတ်ဆိုးပင်လယ်ရေဖြင့် ညစ်ညမ်းနေသော ကြာပန်းစိမ်းရတနာအလံကို သိမ်းယူလိုခြင်းသာ ဖြစ်သည်။

ဟုတ်ပေ၏။

အခြားသော အပိုဆုလာဘ်များရလာလျှင်လည်း ထိုနတ်ဆိုးက ပျော်ပျော်ကြီးရယူရန် ကြံစည်ထားသည်။

မည်သို့ပင်ဖြစ်စေ အဆိုးဆုံးအခြေအနေရင်ဆိုင်ရပြီး သူ ရှုံးနိမ့်ခဲ့လျှင်တောင်မှ သူ့အနေဖြင့် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်မည်ဟု ယုံကြည်ထားသည်။

ရန်ကျောက်ကဲ မည်မျှအစွမ်းထက်ပါစေ ဤလောက၏ ရှေးဟောင်းနတ်ဆိုးများထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ဝါရင့်နတ်ဆိုးတစ်ပါးကိုတော့ လွယ်လွယ်နှင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော် တကယ်တမ်း တိုက်ပွဲရင်ဆိုင်ရချိန်မှာတော့ သူ၏တွက်ကိန်း မှားယွင်းပြီဖြစ်ကြောင်း အရိပ်နတ်ဆိုး သဘောပေါက်သွားရသည်။

ရန်ကျောက်ကဲ၏စွမ်းရည်ကိုတွေ့မြင်လိုက်ရသည့်အခါ အရိပ်နတ်ဆိုး တုန်လှုပ်သွားရသည်။

ကနဦးကောင်းကင် မူလကောင်းကင်ကျမ်းစာ (၃)စောင် နှင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်တို့ တစ်သားတည်းပေါင်းစပ်သွားပြီး တာအိုဝါဒ၏ လမ်းစဉ်သည်လည်း ၎င်း၏မူလဇာစ်မြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်မြင်ကွင်းကို မျက်မြင်ကြုံတွေ့လိုက်ရသည် မဟုတ်ပါလား။

အရိပ်နတ်ဆိုးက ရန်ကျောက်ကဲဦးခေါင်းထက်သို့ စူးစိုက်ကြည့်လိုက်တော့ ဝေဝါးပြီး ပရမ်းပတာဖြစ်နေသည့် ရောင်စုံတိမ်တိုက်တစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။

ထိုအရာက ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်နှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားသည်။

ထိုပရမ်းပတာ ရောင်စုံတိမ်တိုက်က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး တစ်ခါတစ်ရံ အထင်းအရှား ထွက်ပေါ်လာကာ တစ်ခါတစ်ရံ ဝေဝါးသွားပြန်သည်။

တချို့အချိန်များတွင် လုံးဝ ပျောက်ကွယ်သွားသည်များလည်း ရှိ၏။

ရောင်စုံတိမ်တိုက် လုံးဝထင်ရှားလာချိန် သို့မဟုတ် လုံးဝပျောက်ကွယ်သွားချိန်တွင် အရိပ်နတ်ဆိုးက လုံးဝ အရေးမစိုက်ပေ။

သို့သော် ထိုရောင်စုံတိမ်တိုက် ဝေဝါးနေချိန်မှာတော့ ပုံရိပ်ယောင်နှင့် အစစ်အမှန် လက္ခဏာနှစ်ခုလုံးရှိနေပြီး စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသည့် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ထိုတိမ်တိုက်ကိုကြည့်နေရင်း အရိပ်နတ်ဆိုး၏မျက်လုံးများ စူးရှသွားပြီး မရှိမှုနှင့် အစစ်အမှန် သဘောတရားနှစ်ခု ရောယှက်နေကြောင်း သတိပြုလိုက်မိသည်။

အရိပ်နတ်ဆိုး ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

“ဒါက တည်ငြိမ်မှုမရှိသေးတဲ့ မူကြမ်းတစ်ခုပဲ ဖြစ်နေသေးတယ် ၊ ဒါပေမဲ့...”

အတွေးနှင့်အတူ သူက ရန်ကျောက်ကဲ၏တိုက်ကွက်ကို နောက်သို့ခုန်ကာ ရှောင်လိုက်ရသည်။

မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ တစ်ပါးဖြစ်သော ဂုဏ်သရေရှိ အရိပ်နတ်ဆိုးမှာ ယခုတော့ ထိုက်ရွှီးနတ်ဘုရားတစ်ပါး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရပေပြီ။

အရိပ်နတ်ဆိုး၏မျက်နှာက အရုပ်ဆိုးအကျည်းတန်သွားသည်။

“ဒါပေမဲ့... အဲဒီထဲမှာ ယွိချင်အဆက်အနွယ်ရဲ့ ပြိုင်ဘက်ကင်းအဆုံးမဲ့ အရိပ်အယောင်တွေ ရှိနေတယ်”

“ကောင်းကင်ကျမ်းစာ (၉)စောင်လုံး စုစည်းမိသွားတာရော ၊ စန်းချင်း(၃)ပါး ပညာရပ်တွေကို တပြိုင်တည်းကျင့်ကြံလိုက်တာရော ပေါင်းစည်းလိုက်တော့ မူလကနဦးဇာစ်မြစ်ကို ပြန်ရောက်သွားပြီး ‘ပြိုင်ဘက်ကင်း’ ဆိုတာ ထွက်ပေါ်လာတာပဲ”

မူလကောင်းကင်ကျမ်းစာ (၉)စောင်ကို စုစည်းနိုင်လျှင်ပင် ပထမဆုံး ကောင်းကင်ကျမ်းစာဖြစ်သည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ပြန်လည်ထုတ်ဖော်ရန် မဖြစ်နိုင်ကြောင်း လူတိုင်းသိရှိထားသည်။

သို့သော် ကျန်ရှိသည့် ကောင်ကင်ကျမ်းစာ (၉)စောင်လုံးက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အားလုံးက အဆက်အနွယ်တစ်ခုတည်းပင် ဖြစ်သည်။

ရန်ကျောက်ကဲမတိုင်မီက ဤမျှမြင့်မားသော ကျင့်ကြံခြင်းအဆင့်အထိ ရောက်ရှိခဲ့သည့် စန်းချင်း(၃)ပါး ပညာရပ်များကို ကျင့်ကြံနိုင်သူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။

စန်းချင်း(၃)ပါး ကျင့်စဉ်များ ပေါင်းစပ်သွားသည်နှင့် ထိုကျင့်စဉ်များ၏အားနည်းချက်များကို အပြန်အလှန် ဖြည့်စွက်ပေးမည် ဖြစ်သည်။

ထိုကျင့်စဉ်များမှာ အဆက်အနွယ်အလိုက် ခွဲခြားထားသော်လည်း ရန်ကျောက်ကဲကတော့ ထိုက်စန့်လောင်ကျွင်းပြီးလျှင် စန်းချင်း(၃)ပါး ထိပ်တန်းပညာရပ်များတွင် အနက်ရှိုင်းဆုံးအဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

ရန်ကျောက်ကဲက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို မကျင့်ကြံရသေးသော်လည်း ထိုကျမ်းစာကို ဖတ်ရှုဖူးခဲ့ပြီး ၊ ထိုက်ချင်အဆက်အနွယ်၏ ထိုက်ယိလက်သီးသိုင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ကောင်းကင်ကျမ်းစာ (၉)စောင်ကို အသုံးပြု၍ ကျမ်းစာ (၁၀)စောင်၏ မူလအစဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ပြောင်းပြန်သဘောတရားဖြင့် ပြန်လည်ဖော်ထုတ်နိုင်မလားဟူ၍ လူအများက စိတ်ဝင်စားနေခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူက စန်းချင်း (၃)ပါး ကျင့်စဉ်များကို တပြိုင်တည်းကျင့်ကြံပြီး နတ်ဘုရားတံခါးကို ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။

“သူ တကယ်ပဲ အောင်မြင်သွားတာလား”

ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ရောင်စုံတိမ်တိုက်ကိုကြည့်ရင်း အရိပ်နတ်ဆိုးစိတ်ထဲ သံသယနှင့် ထိတ်လန့်မှုများ ပြည့်နက်သွားသည်။

“သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အပြည့်အစုံကို လျှို့ဝှက်ကျင့်ကြံနေတာပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ပြီးပြည့်စုံခြင်းမရှိတဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ပြန်လည်ထုတ်ဖော်လိုက်နိုင်တာပဲဖြစ်ဖြစ်... သူ အောင်မြင်သွားတဲ့ပုံပဲ”

“သူ့ကို အချိန်တစ်ခုသာ ပေးလိုက်မယ်ဆိုရင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အပြည့်အစုံက သူ့လက်ထဲ ရောက်သွားလိမ့်မယ်”

ဟုတ်ပေ၏။

စောစောက ရန်ကျောက်ကဲအသွင် တုပဖန်ဆင်းစဉ်ကတည်းကပင် တစ်ခုခုမူမမှန်ကြောင်း အရိပ်နတ်ဆိုး သတိပြုခဲ့မိသည်။

အရိပ်နတ်ဆိုးက လူတစ်ယောက်အသွင် ဖန်ဆင်းလိုက်သည်နှင့် ပြိုင်ဘက်၏ ထိပ်တန်းသိုင်းပညာရပ်များကို အာရုံခံနိုင်ပြီး လွတ်လပ်စွာ အသုံးပြုနိုင်စွမ်း ရှိသည်။

သို့သော် ရန်ကျောက်ကဲအသွင် ဖန်ဆင်းလိုက်ချိန်မှာတော့ ရန်ကျောက်ကဲနှင့် ပုံစံတူနေသည့်တိုင် သိုင်းပညာကို တုပ၍ မရနိုင်ခဲ့ပေ။

ရန်ကျောက်ကဲဘက်မှ စတင်မတိုက်ခိုက်မချင်း သူသည်လည်း သိုင်းကွက်ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲ တိုက်ကွယ်ထုတ်ဖော်မှသာ ထိုသိုင်းကွက်ကိုကြည့်ပြီး ဖြည်းဖြည်းချင်း သင်ယူနိုင်ခဲ့သည်။

ရန်ကျောက်ကဲသာ သူ၏သိုင်းပညာကို ထုတ်ဖော်ပြသခြင်းမပြုပါက တိုက်ပွဲက အနိုင်အရှုံးမပေါ်ဘဲ သယသဖြစ်ဖွယ် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ရန်ကျောက်ကဲက စန်းချင်း(၃)ပါး သိုင်းပညာရပ်များ ကျင့်ကြံထားသဖြင့် ဤသို့ဖြစ်ရသည်ဟု အရိပ်နတ်ဆိုးက တွေးထင်ခဲ့သည်။

သို့သော် ယခုတော့ ထို့ထက်မက ပိုမိုနက်နဲသောအရာများ ရှိနေသေးပုံရ၏။

နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းတစ်ခုမှာ ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ လျှို့ဝှက်ချက်အချို့ကို ဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်ခဲ့ပုံရသော်လည်း အပြည့်အစုံတော့ မဟုတ်သေးပေ။

ထို့ကြောင့် သူက စောမင်ကျန့်၏ ကောင်းကင်ဖြတ်တောက်ကျမ်းစာ ပြုလုပ်သကဲ့သို့ အရိပ်နတ်ဆိုး၏ ကိုယ်ပွားဖန်ဆင်းခြင်းကို အစကတည်းက ကြားဖြတ်တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည့်အခါ အရိပ်ကိုယ်ပွား၏ ဖန်ဆင်းခြင်းအတတ်က အခွံသက်သက်မျှသာ ဖြစ်သွားခဲ့သည်။ အစစ်အမှန်နှင့် အတုအယောင်တို့ ထိတွေ့မိသည်နှင့် အတုအယောင်က မူလပုံစံအတိုင်း ပြန်လည်ပြိုကွဲသွားခဲ့သည်။

ဟုတ်ပေ၏။

အရိပ်နတ်ဆိုးအတွက် စောမင်ကျန့်နှင့် ရင်ဆိုင်ရသကဲ့သို့ အစကတည်းက ရှုံးနိမ့်သွားခြင်းက ပိုမိုကောင်းမွန်ပါသေးသည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ယုံကြည်မှုလွန်ကဲ့ပြီး ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်မိမည် မဟုတ်ပေ။

သူက မိမိကိုယ်ကို ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ထိ လျှော့ချလိုက်ပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ရင်ဆိုင်မိသည့်အတွက် အတော်လေး နောင်တရသွားမိသည်။

သူသာ နတ်ဆိုးဧကရာဇ်တစ်ပါး၏ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံမရှိခဲ့ပါက ရန်ကျောက်ကဲက သူ့အား နေရာမှာပင် သတ်ဖြတ်သွားနိုင်သည်။

ပထမခြေလှမ်းမှာပင် အမှားအယွင်းဖြစ်ခဲ့သော အရိပ်နတ်ဆိုးမှာ နောက်ဆက်တွဲအစီအစဉ်များအားလုံးသည်လည်း ပျက်ဆီးသွားရသည်။

သူ အသာစီးမရတော့ဘဲ ရန်ကျောက်ကဲ၏ ဖိနှိပ်တိုက်ခိုက်မှုကို ခံလိုက်ရပြီး နောက်ဆုံး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ခုခံရပင် ခက်ခဲလာသည်။

ဤအခိုက်အတန့်တွင် ရန်ကျောက်ကဲကတော့ အလွန်ပင် စိတ်ကျေနပ်လျှက် ရှိသည်။

သူက သူ၏ဦးခေါင်းထက်တွင် တောက်ပလိုက် ၊ မှိန်ဖျော့လိုက်ဖြစ်နေသော ပရမ်းပတာရောင်စုံတိုက်တိုက် အပြောင်းအလဲများကို ထိန်းချုပ်နေသည်။

ကောင်းကင်တက်လှမ်းဗုံသံက ကျယ်လောင်စွာ မြည်ဟည်းနေပြီး သူ၏လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားသည့် မူလပရမ်းပတာတူဖြင့် အရိပ်နတ်ဆိုးအား ပစ်‌ပေါက်လိုက်သည်။

အရိပ်နတ်ဆိုး မည်သို့မှ မတတ်နိုင်တော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်လှည့်ကာ ထွက်ပြေးရတော့သည်။

စောမင်ကျန့်ကို ရင်ဆိုင်စဉ်ကလိုပင် ယခုအချိန်တွင် ထပ်မံတုံ့ဆိုင်းနေရန် မဖြစ်တော့ပေ။ မဟုတ်ပါက ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်သွားနိုင်ပေသည်။

အစောပိုင်းက ရှုပ်ထွေးနေသည့် အချိန်နှင့်နေရာက ယခု တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လာပြီ ဖြစ်သည်။

အချိန်နှင့်နေရာတို့ ပုံမှန်အတိုင်းပြန်ဖြစ်လာလျှင် အရိပ်နတ်ဆိုးကဲ့သို့ တန်ခိုးစွမ်းအားရှင်တစ်ယောက်က ထိုက်ရွှီးမူလနတ်ဘုရားတစ်ယောက်ထက် လွတ်မြောက်ရန် ပိုမိုလွယ်ကူသည်မှာ သဘာဝပင်။

သို့သော် ရန်ကျောက်ကဲကတော့ အရိပ်နတ်ဆိုးနောက်သို့ ဆက်လက်လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည်။

ကောင်းကင်တက်လှမ်းဗုံနှင့် မူလပရမ်းပတာတူ ဆိုသည့် အမတမှော်ဝင်ပစ္စည်း (၂)ခု၏ အကူအညီဖြင့် အရိပ်နတ်ဆိုးမှာ ချက်ချင်း လွတ်မြောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံး ရန်ကျောက်ကဲ၏ တူဖြင့်ထုနှက်ခြင်းကို ခံလိုက်ရသည်။

ဟုတ်ပေ၏။

အရိပ်နတ်ဆိုးက တိုက်စစ်စွမ်းအား ကောင်းမွန်သူ ဖြစ်သည်။

မဟုတ်ပါက ရန်ကျောက်ကဲ၏ လိုက်လံတိုက်ခိုက်မှုမှ ဆက်လက်ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

ပတ်ဝန်းကျင်ဗလာနယ် တည်ငြိမ်သွားသည်နှင့်အမျှ အခြားသူများ၏ပုံရိပ်များလည်း တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။

ရှေးအကျဆုံး မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သည့် အရိပ်နတ်ဆိုးအား ထိုက်ရွှီးမူလနတ်ဘုရားဖြစ်သော ရန်ကျောက်ကဲက လိုက်လံတိုက်ခိုက်နေပြီး အရိပ်နတ်ဆိုးမှာ အရှက်တကွဲဖြင့် ထွက်ပြေးနေရသည့်မြင်ကွင်းအား လူတိုင်း ငေးမောကြည့်နေမိကြတော့သည်။

All Chapters