အခန်း ၁၇၁၇
Vol. 123 Ch. 1717
အခန်း (၁၇၁၇) ကောင်းကင်နတ်ဘုရားနှင့် ထိုက်ရွှီးမူလနတ်ဘုရား
မူလစိတ်ဝိညာဉ်နတ်ဆိုး၊ တာအိုသခင်'လုယာ'နှင့် အခြားထိပ်တန်း တန်ခိုးစွမ်းအားရှင်များ ဗလာနယ်ထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြသည်။
ငရဲကိုးထပ်မှ နတ်ဆိုးများ၊ နတ်မိစ္ဆာမျိုးနွယ်စုများနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များကတော့ ရန်ကျောက်ကဲအား မုန်းတီးသောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်။
သူတို့က ရန်ကျောက်ကဲအား ဤနေရာမှာပင် အပြတ်ရှင်းပစ်ချင်နေကြသည်။
ရန်ကျောက်ကဲကတော့ သူ့ရှေ့တွင်ရှိနေသည့် အရိပ်နတ်ဆိုးအား မလွတ်တမ်း ရိုက်နှက်တိုက်ခိုက်လျှက် ရှိသည်။
ရန်ကျောက်ကဲ၏ ယခင်တိုက်ပွဲများကြောင့် လူတိုင်းက သူ့ကို မျက်စိစပါးမွှေးစူးနေခဲ့ကြသည်။
ယခု ရန်ကျောက်ကဲ ဦးခေါင်းထက်တွင် ထွက်ပေါ်နေသည့် ရောင်စုံတိမ်တိုက်ကိုတွေ့မြင်သည်နှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏မျက်ဝန်းများ အနည်းငယ် လှုပ်ခါသွားကြသည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲအား အနိုင်မယူနိုင်လျှင်တောင်မှ နတ်ဆိုးပင်လယ်ရေများကြောင့် ညစ်ပေလျှက် အသုံးမပြုနိုင်တော့သည့် ကြာပန်းစိမ်းရတနာအလံမှာလည်း ဤနေရာတွင် ရှိနေသူအားလုံးကို ဆွဲဆောင်လျှက်ရှိသည်။
ထိုက်ယီကျန်းရန်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ယူဆောင်၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သူ့ကို လိုက်လံရှာဖွေရန်မှာ အချိန်ပေးရပေမည်။
ထိုက်ယီကျန်းရန်က ယွိချင်အဆက်အနွယ် ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လေ သူ့အနေဖြင့် စောမင်ကျန့်၏အကူအညီမလိုဘဲ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အား သန့်စင်နိုင်မည် ဖြစ်၏။
ငရဲကိုးထပ်မှ နတ်ဆိုးများများတွင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ ခံစစ်စွမ်းအားကို ချေဖျက်နိုင်သည့် နည်းလမ်းရှိသော်လည်း ထိုက်ယီကျန်ရန်ကိုတော့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
သို့တိုင် သူတို့ရှေ့တွင်ရှိနေသည့် ကြာပန်းစိမ်းရတနာအလံကို လုယူရန်မှာလည်း လွယ်ကူသည့်အလုပ် မဟုတ်ပေ။
နတ်မိစ္ဆာမျိုးနွယ်များက မဟာမာရူယိကို ရင်ဆိုင်ရန်အတွက် ကိုယ်ပိုင်အလံတစ်ခု ရယူချင်နေကြသည်။ ငရဲကိုးထပ်ကတော့ အနောက်ဘက်သူတော်စင်ဘုံနှင့် အပေးအယူလုပ်ထားသည့်အတွက် ထိုအလံကို လိုချင်နေကြသည်။
အနောက်ဘက်သူတော်စင်ဘုံမှာလည်း မူလက သူတို့ပိုင်ဆိုင်ခဲ့သော ကြာပန်းစိမ်းရတနာအလံအား ပြန်လည်ရယူလိုကြသည်။
ထို့ကြောင့် ဤနေရာတွင်ရှိသူအားလုံးမှာ ရန်ကျောက်ကဲအား မုန်းတီးစွာဖြင့် စူးစိုက်ကြည့်နေမိကြတော့သည်။
သို့ပေသိ ဖန်းယွင်ရှန်း ၊ နီကျားနှင့် တာအိုဝါဒအဆက်အနွယ်မှ အခြားသော ကျွမ်းကျင်သူများမှာလည်း ဤနေရာသို့ ရောက်ရှိနေကြသည်ဖြစ်ရာ နှစ်ဖက်လုံးက တိုက်ပွဲဝင်ရန် အသင့်အနေအထား ဖြစ်သွားကြသည်။
မဟာမာရူယိကတော့ ထပ်မံပေါ်လာခြင်းမရှိတော့ပေ။
ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ပျောက်ကွယ်သွားပြီးနောက် သူက ဤနေရာတွင် ဆက်လက်မနေတော့ဘဲ ထွက်ခွာသွားပုံရသည်။
ကြာပန်းစိမ်းရတနာအလံကိုရယူရန်အတွက် အင်အားစုများက အချင်းချင်း ယာယီ မဟာမိတ်ဖွဲ့လိုက်ကြသည်။
တာအိုဝါဒအဆက်အနွယ်များမှာ အားလုံးနှင့်တစ်ဖွဲ့ ဖြစ်နေသည့်တိုင် မည်သူကမှ သူတို့အား ပေါ့ပေါ့တန်တန် သဘောမထားဝံ့ကြပေ။
ယန်ကျန်းနှင့် စောမင်ကျန့်တို့ ရောက်မလာသေးသည့်တိုင် ရန်သူကိုဟန့်တားရန် ခိုင်မာသောအစီအစဉ်များ ရေးဆွဲထားရပေမည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက အရိပ်နတ်ဆိုးအား ကူညီရန် ရှေ့သို့တိုးမလာခဲ့ပေ။
အချိန်နှင့်နေရာ မငြိမ်သက်မှုများ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော အမတမှော်ဝင်ပစ္စည်း(၂)ခုက အရိပ်နတ်ဆိုး ထွက်ပြေးရန်ဟန်ပြင်လိုက်တိုင်း ဟန့်ထားလျှက် ရှိကြသည်။
ရန်ကျောက်ကဲအနေဖြင့် အရိပ်နတ်ဆိုးအား အချိန်တိုအတွင်း သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
အရိပ်နတ်ဆိုးတွင် ကောင်းကင်နတ်ဘုရားအဆင့် အားသာချက်များရှိသည်ဖြစ်ရာ ဒဏ်ရာအနည်းငယ်မျှ ရရှိနိုင်သော်လည်း ဆုတ်ခွာနိုင်မည့်အခွင့်အရေး ရှိနေသေးသည်။
အခြားတစ်ဖက်မှာတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက ဖန်းယွင်ရှန်းနှင့် နီကျားတို့ကို သတိထားနေခဲ့သည်။
သူတို့နှစ်ယောက်သာ ရုတ်တရက် တိုက်ခိုက်လာပါက မူလစိတ်ဝိညာဉ်နတ်ဆိုးအနေဖြင့် အရိပ်နတ်ဆိုးကဲ့သို့ အခြေအနေမျိုး ရောက်ရှိသွားပေမည်။
အရိပ်နတ်ဆိုးမှာ ရန်ကျောက်ကဲဖြင့် စတင်တိုက်ခိုက်ကတည်းက တွက်ကိန်းလွဲကာ ဒဏ်ရာရသွားခဲ့သည်။
ထို့ကြောင့် သူ၏ ပုံတူဖန်ဆင်းခြင်းအတတ်ကို အသုံးပြု၍ မရတော့ပေ။ အသုံးပြုလျှင်လည်း အရင်လို ချောမွေ့မည်မဟုတ်ဘဲ နှေးကွေးသွားမည် ဖြစ်၏။
ရန်ကျောက်ကဲ၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းရင်းတာအိုဝါဒမှ အခြားသော ကောင်းကင်နတ်ဘုရားတစ်ပါး၏ အလစ်တိုက်ခိုက်မှုကို ခံရမည်ဆိုပါက သူ့အတွက် အကြီးမားဆုံး နောင်တရစရာ ဖြစ်လာပေမည်။
လက်ရှိတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးကတော့ ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် မှေးမှိန်စွာရှိနေသည့် ရောင်စုံတိမ်တိုက်ကို စူးစိုက်ကြည့်လျှက် ရှိသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက...
“သူက ထိုက်ယိလက်ဝါးသိုင်းနဲ့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို သိရှိထားလျက်နဲ့ ကောင်းကင်ကျမ်းစာ (၉)စောင်ကိုလည်း စုစည်းနိုင်ခဲ့တာပဲ ၊ ဒါဆို စန်းချင်း(၃)ပါးပညာရပ်တွေကို တပြိုင်တည်းကျင့်ကြံထားတဲ့သူတစ်ယောက် နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ရင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ပြန်ပြီးထုတ်ဖော်နိုင်တာ ဖြစ်ရမယ်”
တာအိုသခင်’လုယာ’ က...
“ဒါမှမဟုတ် သူ့မှာ နဂိုကတည်းက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ရထားပြီးသား ဖြစ်ရမယ် ၊ ဒါပေမဲ့ သူက လျှို့ဝှက်ထားခဲ့တာ”
သူက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...
“သမိုင်းတစ်လျှောက် စန်းချင်း(၃)ပါး ပညာရပ်တွေကို ကျင့်ကြံပြီး ပထမဆုံး နတ်ဘုရားအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့သူ... ပြီးတော့ ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအထိ ရောက်ရှိခဲ့တယ် ၊ ဒါတွေအားလုံးက တိုက်ဆိုင်မှုသက်သက်ပဲလား”
“ပုံမှန်အတိုင်းဆိုရင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ရရှိထားရုံနဲ့... ဒါမှမဟုတ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ပိုင်ဆိုင်ထားရုံနဲ့ စန်းချင်း(၃)ပါး ကျင့်စဉ်တွေကို ကျင့်ကြံသူတစ်ယောက်အနေနဲ့ အခုလို အောင်မြင်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့...”
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကဲ့သို့ပင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပြန်လည်ထွက်ပေါလာခြင်းက ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအားလုံးအတွက် သတိထားစရာ ဖြစ်လာစေသည်။
သို့သော် လောကတွင် အထွတ်ထိပ်အဆင့်ရှိပြီးသော တန်ခိုးစွမ်းအားရှင် လူနည်းစုအတွက်တော့ ဤအချက်က ကြောက်ရွံ့သွားရလောက်သည့် အချက်မဟုတ်ပေ။
လက်ရှိတွင် တာအိုသခင်’လုယာ’ က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာထက် ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ရရှိလာသည့်မူလဇစ်မြစ်နှင့် ၎င်း၏နောက်ကွယ်တွင် ရှိကောင်းနိုင်သည့် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကိုသာ စိုးရိမ်ပူပန်နေမိသည်။
ရန်ကျောက်ကဲမဟုတ်သည့် အခြားသူတစ်ယောက်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ရရှိခဲ့မည်ဆိုပါက တာအိုသခင်’လုယာ’ နှင့် အခြားသူများ ဤမျှ စိုးရိမ်ပူပန်မည် မဟုတ်ပေ။
ရန်ကျောက်ကဲအနေဖြင့် စန်းချင်း(၃)ပါး ကျင့်စဉ်များကို ကျင့်ကြံရင်း ဤမျှအောင်မြင်မှုရသည်နှင့်ပင် အလွန်ထူးခြားထက်မြက်နေပြီ ဖြစ်သည်။
ယခု ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုပါ ရရှိထားပြီး စွမ်းအားပိုမိုကြီးမားလာသည်ဖြစ်ရာ လူတိုင်းအတွက် ခေါင်းခဲစရာ အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
အထူးသဖြင့် ရန်ကျောက်ကဲ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းမည့်အချိန်ကို တွေးကြည့်လိုက်လျှင် စိတ်အေးလက်အေးဖြင့်ပင် အိပ်ပျော်နိုင်တော့မည် မဟုတ်ပေ။
အဖွဲ့အစည်းအသီးသီးတို့က တစ်ဖက်နှင့်တစ်ဖက် စိန်ခေါ်လျှက်ရှိသည်။
လူတိုင်းတွင် ကိုယ်ပိုင်အစီအစဉ်များရှိနေကြပြီး အခြေအနေက ခဏမျှ တိတ်ဆိတ်သွားသည်။
ရန်ကျောက်ကဲကတော့ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ အရိပ်နတ်ဆိုးအား လိုက်လံတိုက်ခိုက်နေဆဲပင်။
အရိပ်နတ်ဆိုးကလည်း မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားသူများထံမှ အကူအညီ မတောင်းခဲ့ပေ။
သူက ရန်ကျောက်ကဲ၏ မူလပရမ်းပတာတူဖြင့် ရိုက်နှက်ခြင်းကို အကြိမ်ကြိမ်ခံယူရင်း ထွက်ပြေးရန်အတွက် အခွင့်ကောင်း ရှာနေခဲ့သည်။
မူလပရမ်းပတာတူ၏ ရိုက်နှက်မှုအောက်မှာပင် အရိပ်နတ်ဆိုး၏ နတ်ဆိုးရတနာမှာ သူနှင့်ဆင်တူသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အရိပ်နှစ်ခု ပေါင်းစပ်သွားပြီး မူလပရမ်းပတာတူဖြင့် ရိုက်ခတ်ခံလိုက်ရသည့်တိုင် ထိုအရိပ်များက ပျက်ဆီးသွားခြင်း မရှိခဲ့ပေ။
အရိပ်နှစ်ခုပေါင်းစည်းသွားပြီး ရန်ကျောက်ကဲနှင့် အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။
ထို့နောက် ကမ္ဘာမြေ၏ ထောင့်တိုင်းတွင် အရိပ်ပေါင်းများစွာ ထွက်ပေါ်လာပြီး ထိုအရိပ်များက ကစဉ့်ကလျားဖြင့် ယိမ်းထိုးလျှက် ရှိသည်။
နောက်ဆုံး အရိပ်များအားလုံး ပြန်လည်ပေါင်းစည်းသွားပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးဘေးတွင် ထိုနေရာ၌ အမြဲရှိနေခဲ့သည့်အလား အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရိပ်က တွန့်လိမ်လျှက်ရှိပြီး စွမ်းအားကလည်း အရင်ကထက် ပိုမိုအားနည်းကာ မှေးမှိန်လျှက်ရှိ၏။
အရိပ်နတ်ဆိုးက ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ရင်း...
"လူငယ်ကောင်းကင်ဘုံအရှင်က ဂုဏ်သတင်းနဲ့ ညီပါပေတယ်"
ရန်ကျောက်ကဲက မူလပရမ်းပတာတူကို ပြန်သိမ်းလိုက်ပြီး...
"ပုံတူဖန်ဆင်းတဲ့ အတတ်အပြင် မင်းမှာ တခြားသိုင်းပညာတွေလည်း ရှိနေသေးတာပဲ ၊ ဒီတိုက်ပွဲမှာ ငါလိုချင်တာကို ရခဲ့ပြီ၊ ငါမြင်ချင်တာကိုလည်း မြင်ခဲ့ရပြီ"
ထိုစကားကြားတော့ အရိပ်နတ်ဆိုး ခါးသီးစွာ ပြုံးလိုက်သည်။
တာအိုသခင်'လုယာ'နှင့် အခြားသူများက ရန်ကျောက်ကဲအား တုန်ယင်သည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ စကားမဆိုနိုင်ခင်မှာပင် ရန်ကျောက်ကဲက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်က နတ်မိစ္ဆာမျိုးနွယ်များထံ ရပ်တန့်သွားသည်။
သူက ခေါင်းကိုးလုံးပိုးကောင်ကို စိုက်ကြည့်လိုက်ပြီး...
"ခေါင်းကိုးလုံးပိုးကောင်၊ ငါပြောခဲ့တဲ့အတိုင်းပဲ၊ မင်းလည်ပင်းကို ငါ့လက်ထဲ အပ်လိုက်တော့"
ရန်ကျောက်ကဲက ပြုံးရင်း ဆက်ပြောလိုက်သည်။
"စောစောက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကိစ္စ အလုပ်ရှုပ်နေလို့ ၊ အခုတော့ မင်းအသက်ကို လာယူပြီ ၊ ဒီတစ်ခါတော့ ထွက်ပြေးမယ် မကြံနဲ့"
ထိုစကားကြားတော့ ခေါင်းကိုးလုံးပိုးကောင်က ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်၊
"ဟေ့... ကောင်စုတ်လေး ၊ မင်းက အတော်လေး မာန်တက်နေတာပဲ"
ရန်ကျောက်ကဲက အရိပ်နတ်ဆိုးအား လိုက်လံတိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ရသော်လည်း ခေါင်းကိုးလုံးပိုးကောင်က ကြောက်ရွံ့ခြင်း မရှိပေ။
အရိပ်နတ်ဆိုး၏ အခြေအနေက တစ်မူ ထူးခြားသောကြောင့် ဖြစ်၏။
ထိုအချိန်...
"ခေါင်းကိုးလုံး မဟာသူတော်စင်၊ ရန်ကျောက်ကဲနဲ့ ကံကြမ္မာကြွေး အဆုံးသတ်ဖို့ ငါ့ကို အခွင့်အရေး ပေးစေချင်ပါတယ်"
အသံတစ်သံ ထွက်ပေါ်လာလေသည်။
ထို့နောက် ဗလာနယ်ထဲတွင် အဖြူရောင်ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည်။
အဖြူရောင်ကြာပန်းထက်တွင် ကျောပြင်ထက်သို့ ဆံပင်များဖြန့်ချထားပြီး ဗုဒ္ဓဘာသာဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်လျက် ရှိသည်။
သူ့ကို မသိသူဟူ၍ မရှိပေ။
လမ်းခြောက်သွယ်ဓားသခင်'ချွိစု' ပင် ဖြစ်၏။
ခေါင်းကိုးလုံးပိုးကောင်က ချွိစုကို ကြည့်လိုက်ပြီး...
"မင်းရဲ့ဆရာ ဓားဗုဒ္ဓအတွက်လား"
ချွိစုက တည်ငြိမ်စွာဖြင့်...
"ငါ့ရဲ့ ဗုဒ္ဓဘာသာဆိုင်ရာအသိက အတော်လေး တိမ်ပါသေးတယ် ၊ ဒါကြောင့် အရှက်ရစရာ ဖြစ်ခဲ့ရတယ်"
သူက ဆက်ပြောလိုက်သည်။
"ငါ့ဆရာက သူ့ကြောင့် သေဆုံးခဲ့ရတယ် ၊ တပည့်တစ်ယောက်အနေနဲ့ ဆရာ့အတွက် ဒီကံကြမ္မာကြွေးကို အဆုံးသတ်ပေးရမယ် ၊ မဟုတ်ရင် သေရင်တောင် မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူ"
ခေါင်းကိုးလုံးပိုးကောင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဖြင့် မီလဲ့ကိုယ်တော်ကရော..."
ချွိစုက လက်အုပ်ချီလိုက်ပြီး...
"မီလဲ့ကိုယ်တော်က အစဉ်အမြဲ ကရုဏာတရားကြီးမားပါတယ် ၊ ငါ ဒီကိုလာတာကို သူ သိပြီးသားပါ"
ခေါင်းကိုးလုံးပိုးကောင်က ခေါင်းညိတ်လိုက်သည်။
"ဒါဖြင့် မင်းသဘောအတိုင်းပါပဲ"
ချွိစုက ရန်ကျောက်ကဲဘက်သို့ လှည့်ကြည့်လိုက်ပြီး...
"ရန်သခင်လေး... မင်းက မူလကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ရသေးဘူး ၊ ဒါကြောင့် မင်းကို စိန်ခေါ်ရတာ မသင့်တော်ပါဘူး ၊ ဒါပေမဲ့ ငါ ထပ်မစောင့်နိုင်တော့တာ တောင်းပန်ပါတယ် ၊ ဒီနေ့ ရန်သခင်လေးက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်"