← Chapters

အခန်း ၁၇၂၀

Vol. 123 Ch. 1720

အခန်း ၁၇၂၀

Vol. 123 Ch. 1720

အခန်း (၁၇၂၀) နှုတ်ဆက်ပါတယ်

တိုက်ပွဲကို ကြည့်ရှုနေသူအားလုံး အာရုံစူးစိုက်လျှက် ရှိကြသည်။

ချွိစု၏ ဉာဏ်အလင်းပွင့်ခြင်းက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီး သူ၏ဦးခေါင်းထက်တွင် ပြီးပြည့်စုံသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်း ထွက်ပေါ်လာသည်။

သူ၏ဓားဝိညာဉ်နှင့် အစွဲအလန်းတို့မှာလည်း အထွတ်ထိပ်အဆင့်သို့ရောက်ရှိသွားသည်။

တိုက်ပွဲကြည့်နေသူအားလုံး၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားသည်။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ခေါင်းကိုးလုံးပိုးကောင်က ရေရွတ်လိုက်သည်။

“အဖြူရောင်ကြာပန်းသုခဘုံလိုနေရာမျိုးက ဒီလိုကျင့်ကြံသူမျိုး ထွက်ပေါ်လာမယ်လို့ ထင်မထားမိဘူး”

သူ့ဘေးတွင်ရှိနေသည့် တာအိုသခင်’လုယာ’ က လည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ် ၊ မဆိုးဘူး”

သူတို့အမြင်အရဆိုလျှင် နောက်ပိုင်းမျိုးဆက်ဖြစ်သော ဓားဗုဒ္ဓ’ချွိစု’ ၏ တိုက်ခိုက်ရေးစွမ်းရည်က အနောက်ဘက်သူတော်စင်ဘုံမှ ‌ဗုဒ္ဓများထက်ပင် သာလွန်နေသည်။

ပတ္တမြားတံခွန်ဗုဒ္ဓ၊ နာရာယနဗုဒ္ဓနှင့် ဂုဏ်ရောင်ထည်ဝါဗုဒ္ဓတို့သည်ပင် ချွိစုနှင့်ယှဉ်လျှင် အားနည်းသည်ဟု ဆိုနိုင်၏။

မူလစိတ်ဝိညာဉ်နတ်ဆိုးက သက်ပြင်းချလိုက်ပြီး...

“အဖြူရောင်ကြာပန်းသုခဘုံ စတင်ထွက်ပေါ်လာချိန်ကနေ အခုချိန်ထိရော ၊ မဟာကပ်ဘေးကြီး ပြီးဆုံးတဲ့နောက်ပိုင်းမှာရော သူက စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားအဆင့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူပဲ”

အရိပ်နတ်ဆိုးက တိုးလျသည့်လေသံဖြင့်...

“သူက ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတစ်ပါး ရောက်ရှိနိုင်တဲ့ အထွတ်ထိပ်အဆင့်ကို ရောက်နေပြီ ၊ တိုက်ခိုက်ရေးဘက်မှာဆိုရင် သူ့ထက်သာတဲ့ ကောင်းကင်နတ်ဘုရားအဆင့် ပြင်ပကျင့်ကြံသူ မရှိနိုင်တော့ဘူး”

မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များသည်လည်း တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။

ထိုအချိန် တာအိုဝါဒဘက်မှ နီကျားက ရုတ်တရက် စကားဆိုလိုက်သည်။

“နှမျောစရာပဲ”

ဝူတန့်မယ်တော်က သူ့ဘေးနားတွင် ထွက်ပေါ်လာပြီး သက်ပြင်းချလိုက်၏။

“ဟုတ်တယ် နှမျောစရာပဲ”

ဖန်းယွင်ရှန်းကတော့ မည်သည့်စကားမှ မဆိုပေ။

သူမက ချွိစုကို သိပ်စိတ်မဝင်စားဘဲ ရန်ကျောက်ကဲအတအွက်သာ စိုးရိမ်ပူပန်နေမိသည်။

ရန်ကျောက်ကဲ၏စိတ်အစဉ်က လွင့်ပါးနေပြီး သူ့ရှေ့တွင် မျက်နှာပေါင်းများစွာက ရုပ်ရှင်ကားတစ်ကားပမာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။

မီးလျှံအမှတ်အသားများဖြင့် ပြည့်နက်နေပြီး အငြိုးအတေးကြီးသည့် ရီကျင်း၏မျက်နှာကို မြင်ရသည်။ တစ်ဖက်စောင်းနင်းလုပ်တတ်ပြီး မာနကြီးသည့် ကျောက်ဟို၏မျက်နှာကိုလည်း ပြန်မြင်ရသည်။

သူသိရှိထားသည့်သမိုင်းကြောင်းကို ပြောင်းလဲပစ်လိုက်သည်ဟုဆိုကာ ရန်ကျောက်ကဲအား ဆဲဆိုနေသည့် လင်ကျိုး၏မျက်နှာလည်း ပါဝင်သည်။

ရှင်းတုန်းဖင်း၏မျက်နှာကိုလည်း မြင်ရသည်။

သူက ဝါဒတောင်၏အကြီးအကဲတစ်ယောက်ဖြစ်သလို ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ ခေါင်းဆောင်လည်းဖြစ်သည်။

ငရဲကိုးထပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ဝင်ရောက်နိုင်ရန် သူက အက်ကွဲကြောင်းတစ်ခု ပြုလုပ်ပေးချင်နေသူ ဖြစ်၏။

ဝါဒတောင်နှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့သော နေသူတော်စင်ဂိုဏ်းမှလူများ၏ မျက်နှာများလည်း ပါဝင်သည်။

ဟွမ်ကွမ်လီ ၊ ဟွမ်ရှုနှင့် ဟွမ်ကျိ ဆိုသည့် ဟွမ်မျိုးဆက် (၃)ဆက်မှာ ဝါဒတောင်နှင့် အကြိမ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။

ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ လည်း ပါဝင်သည်။

ထိုယှဉ်ပြိုင်မှုများက အစွန်းရောက်ရှစ်ပါးကမ္ဘာမှသည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာထိတိုင်အောင် ဆက်လက်တည်ရှိနေခဲ့သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်း ၊ တာ့ရွှမ်တိုင်းပြည်နှင့် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ကျွမ်းရှန်နှင့် ကျွမ်းကျောင်းဟွေတို့သားအဖ၏မျက်နှာများလည်း ပေါ်လာသည်။

ကောင်းကင်သခင်လေးဟု ခေါ်ဆိုသည့် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ၏မျက်နှာလည်း ပါဝင်သည်။

ထို့နောက်မှာတော့ မိခင်ဖြစ်သူ ရွှယ်ချူးချင်ကြောင့် ရင်ဆိုင်သတ်ဖြတ်ခဲ့ရသည့် မြေကမ္ဘာထိပ်တန်းအရှင်သခင်’ဝမ်ကျန်းချန်’ ကို မြင်တွေ့ရသည်။

ရန်ကျောက်ကဲ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ထွက်ခွာလာသည့်အချိန်ကို ပြန်လည် အမှတ်ရမိသည်။

ထိုအချိန်မှစပြီး ရေတွက်လျှင် နှစ်ပေါင်း(၄၀၀)ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

သူ့မျက်စိရှေ့တွင် ဆက်လက်ထွက်ပေါ်လာသည့် မျက်နှာများမှာ အချိန်နီးကပ်လာသည်နှင့်အမျှ စိမ်းသက်သည့် ခံစားချက်များ လျော့ပါးသွားပြီး ပိုမိုရင်းနှီးလာကြသော်လည်း ရန်ကျောက်ကဲအနေဖြင့် သူတို့ကို ဆက်လက်ကြည့်ရှုရန် စိတ်ကူးမရှိတော့ပေ။

သူက သက်ပြင်းချလိုက်ရင်း....

"နှစ်တွေလည်း ကြာခဲ့ပြီပဲ..."

ထို့နောက် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် အလင်းတန်းတစ်ခု တောက်ပလာသည်။ စိတ်ဝိညာဉ်သရဖူအပြင် ချီစွမ်းအားသရဖူသည်လည်း သူ၏ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ၏ပတ်ပတ်လည်တွင် အမတချီစွမ်းအားများက ဒီရေအလား တဟုန်ထိုးမြင့်တက်လာပြီး သိသိသာသာ ကြီးမားလာသည်။

ကံကြမ္မာကြွေး အနက်ရောင်ချည်မျှင်များဖြင့် ရစ်ပတ်ခံထားရသော အဖြူရောင်အခိုးအငွေ့ဟင်းလင်းပြင်မှာ ရုတ်ချည်းပင် အဆုံးအစမရှိ ကျယ်ပြန့်သွားသည်။

အဖြူရောင်ချီနှင့် အနက်ရောင်ချီတို့ ရိုက်ခတ်မိသည့်အသံက ယခုတစ်ကြိမ်တွင် နားစည်ကွဲမတတ် ပိုမိုကျယ်လောင်လာသည်။

တိုက်ပွဲကို ကြည့်ရှုနေသူများ၏နားထဲတွင် မိုးခြိမ်းသံများ ကြားနေရသယောင် ထင်မှတ်ရသည်။

အနက်ရောင်ချည်မျှင်တန်းများ လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး လမ်းခြောက်သွယ် သံသရာလည်ခြင်း မြင်ကွင်းမှာလည်း တစ်ဖန် ပြန်လည်ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲ၏ပုံရိပ်က ပိုမိုကြီးမားလာပြီး ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။

ရန်ကျောက်ကဲက မူလကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း ပန်းနှစ်ပွင့်ပေါင်းစည်းခြင်း သရဖူကို ရရှိထားပြီးဖြစ်ရာ သူ၏အမတချီစွမ်းအားများကို အမတပန်းပွင့်သရဖူအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။

ဖန်းယွင်ရှန်း၊ တာအိုသခင်'လုယာ'၊ နီကျား၊ မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားသူအနည်းငယ်မှလွဲပြီး ကျန်လူများမှာ ရန်ကျောက်ကဲကိုကြည့်ရင်း ဖိအားများစွာ ခံစားလိုက်ကြရသည်။

မူလအစ ကနဦးကာလ နယ်နိမိတ်များကိုပင် ဖြတ်ကျော်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာစွမ်းအားမှာ လူတိုင်း၏စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

ရန်ကျောက်ကဲက သူ၏ အထွတ်အထိပ် သိုင်းပညာရပ်များဖြစ်သော မူလကောင်းကင်ကျမ်းစာ၊ ထိုက်ယိလက်ဝါးသိုင်းနှင့် နတ်ဘုရားအဆုံးသတ်ဓားတို့ကို တစ်သားတည်းပေါင်းစပ်ထားသောကြောင့်သာ ဤကဲ့သို့ မကြုံစဖူး အောင်မြင်မှုမျိုး ရရှိခဲ့ခြင်းဖြစ်သည်။

တောက်ပသည့် အခိုးအငွေ့ဟင်းလင်းပြင်မှ အဖြူရောင်ချီစွမ်းအားများက အရပ်မျက်နှာအားလုံးသို့ လွင့်ပျံသွားပြီး ချွိစု၏ သံသရာလည်ခြင်း ဓားသိုင်းကို ချေဖျက်လိုက်သည်။

တိုက်ပွဲကြည့်နေသူများမှာ လမ်းခြောက်သွယ် သံသရာလည်ခြင်း ရပ်တန့်သွားပြီး ပြောင်းပြန်လည်ပတ်နေသည့်အလား ခံစားလိုက်ကြရသည်။

ဟုတ်ပေ၏။

သံသရာလည်ခြင်းစွမ်းအားက ပြောင်းပြန်လည်ပတ်သွားပြီး တန်ပြန်တိုက်ခိုက်မှုခံလိုက်ရသဖြင့် ချွိစု နာကျင်စွာ ညည်းညူလိုက်သည်။

သူ၏ဦးခေါင်းထက်မှ ပြီးပြည့်စုံသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းမှာလည်း မှေးမှိန်သွားလေသည်။

အရောင်အသွေးစုံလင်လှသော ဖန်သားပမာ ဓားဝိညာဉ်သည်လည်း ညှိုးနွမ်းသွားပြီး ဘယ်သောအခါမှ သုတ်သင်၍ မပြောင်စင်သည့်ဖုံမှုန့်များက ဓားသွားတွင် ကပ်ငြိနေသည့်ပမာ စွန်းထင်းသွားသည်။

ထိုခဏတွင် အဖြူရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေသည့် အခိုးအငွေ့ဟင်းလင်းပြင်က လွင့်ပြယ်သွားသည်။ ထိုအခိုးအငွေ့ဟင်းလင်းပြင်ထဲမှ ရန်ကျောက်ကဲ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမျာပင် ချွိစုရှေ့သို့ ရောက်ရှိလာသည်။

“ငါ့မှာလည်း ဓားတစ်လက် ရှိပါတယ် ၊ ဓားဗုဒ္ဓအနေနဲ့ ဒီဓားကို အကဲဖြတ်ပေးဖို့ တောင်းဆိုပါတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ညှိုးနှင့်လက်ခလယ် အသုံးပြုကာ ချွိစုထံသို့ ထိုးညွှန်လိုက်သည်။

လမ်းခြောက်သွယ် သံသရာလည်ခြင်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ချွိစုမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန် ရန်ကျောက်ကဲထံမှ နတ်ဘုရားအဆုံးသတ်ဓားက ကျဆင်းလာပြီး ချွိစုအားခုတ်ပိုင်းချလိုက်ရာ ၊ မျိုးဆက်သစ် ဓားဗုဒ္ဓမှာ ကောင်းကင်နတ်ဘုရားအဆင့်မှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ချက်ချင်းပင် လျော့ကျသွားရသည်။

အချိန်က ခဏမျှသာ ဖြစ်သော်လည်း ရန်ကျောက်ကဲ၏ နောက်ထပ်လက်ဝါးတစ်ဖက်က ချွိစု၏ဦးခေါင်းထက်သို့ ကျရောက်လာည်။

ချွိစု၏အဆင့်ဖြင့်ဆိုလျှင် တစ်ခဏအတွင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သည့်တိုင် သူ့အတွက် အခွင့်အရေးမရှိတော့ကြောင်း သိလိုက်သည်။

သူက အသာအယာ သက်ပြင်းချရင်း...

“ကံတရားအတိုင်းပါပဲ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“နှုတ်ဆက်ပါတယ်”

လက်ဝါးရိုက်ချက်က ချွိစုအားထိမှန်သွားပြီး သူ၏မျက်ဝန်းထဲမှ အသက်ဓာတ်အလင်းရောင် မှေးမှိန်သွားသည်။

သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပြင်ပကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတစ်ပါးမှာ ခဏမျှသာ တောက်ပလိုက်နိုင်ပြီး ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

ထိုအချိန် ဗုဒ္ဓအလင်းတန်းအငွေ့အသက်များ ထွက်ပေါ်လာပြီး စကြာဝဠာတစ်ခုလုံး အနည်းငယ်တုန်ခါသွားကြောင်း ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

ထိုစွမ်းအားလှုပ်ရှားမှုက အဖြူရောင်ကြာပန်းသုခဘုံပိုင်ရှင် မီလဲ့ကိုယ်တော်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။

သူ လှုပ်ရှားမှုမပြုခဲ့ခြင်းမှာ နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် ဖြစ်ပေ၏။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

တိုက်ပွဲကြည့်နေသူအားလုံး သူနှင့်အကြည့်ချင်းဆုံသွားပြီး အများစုမှာ ထူပူသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချွိစု သေဆုံးသွားပြီဖြစ်သော်လည်း သူ၏ရုပ်ခန္ဓာက ပျက်ဆီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ကျန်ရှိနေသေးသည်။

သူ၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းများက ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားပြီး ရွှေချထားသည့် ရုပ်တုတစ်ခုပမာ ပြောင်းလဲသွားသည်။

ထိုရုပ်တုက အလွန်အသက်ဝင်လှပြီး မျက်နှာပြင်သည်လည်း ပျက်ဆီးခြင်းမရှိပေ။

ရန်ကျောက်ကဲက လက်ဖြင့်အသာထိတွေ့လိုက်ရာ ထိုရုပ်တုက ဗလာနယ်ထဲသို့လွင့်မျောသွားပြီး လေထုထဲတွင်ရှိနေသည့် အဖြူရောင်ကြာပလ္လင်ထက်သို့ ကျရောက်သွားသည်။

ချွိစု၏ရုပ်တု ကြာပလ္လင်ထက် ကျရောက်သွားသည်နှင့် ဘေးတွင်ရှိနေသော ဓားရှည်က ဓားအိမ်ထဲမှာပင် အသာအယာ တုန်ခါသွားသည်။

ရန်ကျောက်ကဲက...

“ဒီနေရာမှာ အဖြူရောင်ကြာပန်းသုခဘုံကလူတွေ မရှိဘူး”

သူက တာအိုသခင်’လုယာ’ ဘက်သို့ လှမ်းကြည့်လိုက်ပြီး...

“တာအိုသခင်ကပဲ ချွိစုရဲ့ရုပ်အလောင်းကို လူလွှတ်ပြီး အဖြူရောင်ကြာပန်းသုခဘုံကို ပြန်ပို့ပေးစေချင်ပါတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ကြာပန်းက တာအိုသခင်’လုယာ’ ထံသို့ လွင့်မျောသွားသည်။

တာအိုသခင်'လုယာ'က ရုပ်တုကို လက်ခံလိုက်သည်။

သူ ပြန်မဖြေခင်မှာပင် ရန်ကျောက်ကဲ၏ မျက်လုံးများက တစ်ဖက်သို့ ရွေ့လျားသွားသည်။

"ခေါင်းကိုးလုံးပိုးကောင်... အခုတော့ မင်းနဲ့ငါ အပြတ်ရှင်းရမယ့်အချိန် ရောက်လာပြီ"

ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့် ပေါင်းစည်းခြင်းသရဖူက တောက်ပနေဆဲ ဖြစ်သည်။

သူက ဗလာနယ်ထဲတွင် မတ်တတ်ရပ်ရင်း ခေါင်းကိုးလုံးပိုးကောင်ကို စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲ၏စကားကို ကြားသည်နှင့် တိုက်ပွဲကြည့်နေသူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။

ရန်ကျောက်ကဲက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရား (၂)ပါးဖြစ်သည့် အရိပ်နတ်ဆိုးနှင့် ချွိစုကို တိုက်ခိုက်ပြီးသည့်တိုင် အနားယူခြင်းမရှိသေးပေ။

နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင် ခေါင်းကိုးလုံးပိုးကောင်ကို ချက်ချင်းပင် စိန်ခေါ်လိုက်သည်။

“နီကျားက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စိန်ခေါ်ခဲ့တုန်းက ရှေးဟောင်းဗုဒ္ဓက နှစ်ပေါင်းရာနဲ့ချီပြီး ရှောင်တိမ်းနေခဲ့တယ် ၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက ကောင်းကင်နတ်ဘုရားအဆင့်ချင်း အတူတူပဲလေ"

ရန်ကျောက်ကဲက သူကိုယ်တိုင် ချွိစု၏ စိန်ခေါ်မှုကို လက်ခံခဲ့သည့်အကြောင်း ထည့်မပြောသေးပေ။

“မင်းက ဂုဏ်သရေရှိတဲ့ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ယောက်ပါ ၊ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးဖြစ်တဲ့ငါက စိန်ခေါ်တာကို မငြင်းဘူး မဟုတ်လား”

All Chapters