အခန်း ၁၇၂၅
Vol. 123 Ch. 1725
အခန်း (၁၇၂၅) စိတ်ခံစားချက်ပြင်းထန်စေသောသတင်း
ဝူတန့်မယ်တော်၏ စကားကို ကြားသည်နှင့် နီကျားသည်လည်း ထိုအချက်ကို ချက်ချင်းပင် အာရုံစိုက်သွားသည်။
သူက ယွိချင်အဆက်အနွယ်မှ ဆင်းသက်လာသူ ဖြစ်သဖြင့် ယွိချင်အဆက်အနွယ်၏ အထွတ်ထိပ်ဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့်ပတ်သက်ပြီး အထူးပင် စိတ်ဝင်စားမိသည်။
ရန်ကျောက်ကဲ အရိပ်နတ်ဆိုးကို တိုက်ခိုက်စဉ်က ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်နှင့် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်တို့ မှော်ဆန်စွာ ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု ရောယှက်သွားခဲ့သည်။
စောစောက သူ၏ဦးခေါင်းထက်တွင် ဝေဝါးသည့် ရောင်စုံတိမ်တိုက်တစ်ခု လွှမ်းခြုံလာသည်ကို လူတိုင်းတွေ့မြင်ခဲ့ရသည် မဟုတ်လား။
နီကျားက ရန်ကျောက်ကဲနှင့် ဆက်ဆံရေးနည်းပါးခဲ့သဖြင့် ဝူတန့်မယ်တော်လောက် အခြေအနေကို ကောင်းကောင်းမသိရှိပေ။
ထို့ကြောင့် ရန်ကျောက်ကဲ၏သိုင်းပညာရပ်များကိုတွေ့မြင်ပြီး အံ့အားသင့်ခဲ့ရသည့်တိုင် မေးခွန်းထုတ်ရန် စိတ်မကူးခဲ့ပေ။
ရန်ကျောက်ကဲက မျက်နှာထက် ဝမ်းမြောက်ဝမ်းသာဖြစ်သည့် အရိပ်ယောင်ထုတ်ဖော်ပြသလိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပင် ပြန်လည် စကားဆိုလိုက်သည်။
“ကျွန်တော်က ဒီသိုင်းပညာရပ်မှာ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားတာ မှန်ပေမဲ့ အပြည့်အဝတော့ မအောင်မြင်သေးပါဘူး ၊ ဒီသိုင်းပညာရဲ့ အံ့သြစရာ သဘောသဘာဝကို နည်းနည်းလောက်ပဲ သိနိုင်ပါသေးတယ် ၊ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအစစ်နဲ့ယှဉ်ရင် အများကြီး လိုအပ်ပါသေးတယ်”
သူက ဆက်ပြောလိုက်သည်။
"အရိပ်နတ်ဆိုးရဲ့ ပုံတူပွားတဲ့သိုင်းပညာကို ထိန်းချုပ်နိုင်ခဲ့တာကတော့ တကယ့်ကို မျှော်လင့်မထားတဲ့ အံ့အားသင့်စရာပါပဲ၊ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း အန္တရယ်များလွန်းပါတယ်”
ထိုစကားကြားတော့ နီကျားက သက်ပြင်းချလိုက်သည်။
“အစဆိုတာ အမြဲခက်ခဲတာပါပဲ ၊ ဒါပေမဲ့ အခုလို အစပျိုးနိုင်တာကပဲ အောင်မြင်မှုရဲ့ တစ်ဝက်ကို ရောက်နေပြီလို့ ဆိုရမှာပေါ့"
သူက ဆက်ပြောလိုက်သည်။
“မိတ်ဆွေလေး’ရန်’ ရဲ့ အရည်အချင်းနဲ့ အလားအလာအရဆိုရင် တစ်နေ့မှာ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အပြည့်အစုံကို ပြန်လည်ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”
“ဆရာဘိုးဘိုး လောကကို မကျော်လွန်ခင်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းမပေးခဲ့ဘူး ၊ နောက်ပိုင်းမှာလည်း ဆရာရော ၊ ဆရာဦးလေးတွေရော ၊ တခြားသူတွေရောက သိုးလွိနန်းတော်ကိုသွားပြီး ထိုက်စန့်လောင်ကျွင်းဆီမှာ မေးမြန်းခဲ့ကြပေမယ့် ဘာမှအကြောင်းမထူးခဲ့ဘူး ၊ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပြန်ထွက်ပေါ်လာတာကို ဒီဘဝမှာ မတွေ့ရတော့ဘူး ထင်ခဲ့မိတာ ၊ အခု ပြန်တွေ့လိုက်ရတော့ ဆန္ဒတစ်ခု ပြည့်ဝသွားတယ်လို့ ဆိုနိုင်ပါတယ်"
နီကျားကဲ့သို့သူမျိုးက ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမှာ ရှားပါးလှသဖြင့် ဝူတန့်မယ်တော်သည်ပင် စိတ်လှုပ်ရှားသွားရသည်။
မိမိ၏အဆက်အနွယ်ကို ပြန်တွေးမိတော့ ဝူတန့်မယ်တော် စိတ်မကောင်း ဖြစ်သွားရသည်။
သောပေါင်ထျန်းကျွင်းက လူမသိ သူမသိ သေဆုံးသွားရသဖြင့် စန့်ချင်အဆက်အနွယ်များအနေဖြင့် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ ပြန်လည်ရရှိခဲ့သည် မဟုတ်လား။
ကံကောင်းသည်မှာ ယွိချင်အဆက်အနွယ်တွင်တော့ ယွမ်စီထျန်းကျွင်းက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လက်ဆင့်ကမ်းမပေးဘဲ ထွက်ခွာသွားခဲ့သည့်တိုင် ဤပညာရပ်က ဆက်လက်တည်ရှိနေခဲ့ခြင်း ဖြစ်၏။
နီကျား၏စကားများကိုကြားတော့ ဝူတန့်မယ်တော်သည်လည်း သူ၏ခံစားချက်ကို နားလည်ပေးနိုင်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲကတော့ ထိုစကားများကိုနားထောင်ရင်း တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။
ထို့နောက် သူ၏ရင်ထဲတွင် ပြင်းထန်သော အံ့အားသင့်မှုများ လှိုင်းထလာသည်။ ယခင်က သူ့စိတ်ထဲ တိမ်မြုပ်နေခဲ့သည့် သံသယများက ယခု ပြန်လည်ပေါက်ကွဲထွက်လာတော့သည်။
အပြင်ပန်းတွင် ရန်ကျောက်ကဲက ပုံမှန်အတိုင်း တည်ငြိမ်စွာပင် ရှိနေသော်လည်း သူ့စိတ်ထဲ အတွေးများနက်နဲသွားသည်။
သူက တည်ကြည်လေးနက်စွာဖြင့်...
“မူလကောင်းကင်ကျမ်းစာ (၉)စောင်ကို စုစည်းနိုင်ခဲ့တာဟာ အားလုံးရဲ့ ကူညီပေးမှုကြောင့်ပါ ၊ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း နာမည်ကောင်းယူမှာ မဟုတ်ပါဘူး”
နီကျားက ခေါင်းခါယမ်းရင်း...
“မူလကောင်းကင်ကျမ်းစာ (၉)စောင်ကို စုစည်းတယ်ဆိုတာ ဗျူဟာကျကျ စီစဉ်မှရမှာ ၊ မဟာကပ်ဘေးကြီး မဖြစ်ခင်တုန်းကတော့ လွယ်တဲ့ကိစ္စပေါ့လေ ၊ အထူးသဖြင့် ငါ့ရဲ့ ဆရာဦးလေးတွေ ပါဝင်ပတ်သက်နေတဲ့အချိန်ပေါ့”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“မဟာကပ်ဘေးကြီး ဖြစ်ပြီးတဲ့နောက် တာအိုဝါဒက အတော်လေး ကျဆင်းသွားခဲ့တယ် ၊ မူလကောင်းကင်ကျမ်းစာ (၉)စောင်ကို စုစည်းဖို့ဆိုတာ တကယ်မလွယ်ပါဘူး ၊ ငါ့ရဲ့ခရီးလမ်းက အအတက်အကျတွေ များခဲ့ပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ် ၊ ပြိုင်ဘက်ကင်းကောင်ကင်ကျမ်းစာ ပြန်လည်ထွက်ပေါ်လာတာက တာအိုဝါဒ ပြန်လည်ရှင်သန်လာမယ့် အရုဏ်ဦးကို ပြနေတာပါပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါက နိမိတ်ကောင်းတစ်ခုလို့ ပြောလို့ရတယ် ၊ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အပြည့်အစုံကို ဖော်ထုတ်နိုင်မယ်ဆိုရင်လည်း ဒါက ဒီနေ့အထိ အသက်ရှင်ကျန်ရစ်နေတဲ့ အကြီးအကဲတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ”
ထိုစကားကြားတော့ နီကျားက ရယ်မောလိုက်ပြီး...
“အမှန်ပါပဲ...”
ဘေးတွင်ရှိနေသော ဝူတန့်မယ်တော်လည်း အနည်းငယ် ပြုံးလိုက်သည်။
ယခင်က စန့်ချင်နှင့် ယွိချင်အဆက်အနွယ်တို့ကြား အဆင်မပြေမှုများ၊ အငြင်းပွားမှုများ ရှိခဲ့ဖူးသော်လည်း ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ ဆက်ဆံရေးမှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။
လက်ရှိအချိန်က အပြန်အလှန်ကူညီရမည့်အချိန် ဖြစ်သည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပြန်လည်ထွက်ပေါ်လာပြီဖြစ်ရာ တာအိုဝါဒ အင်အားစုမှာလည်း ပြန်လည်ဦးမော့လာပြီး ဆက်လက်ကြီးထွားနေမည် ဖြစ်၏။
ဝူတန့်မယ်တော်က နီကျားကဲ့သို့ အလွန်အမင်း ဝမ်းသာနေခြင်းမျိုး မဟုတ်သော်လည်း ဤသတင်းကောင်းကြောင့် အတိုင်းအတာတစ်ခုအထိတော့ စိတ်ကျေနပ်မှု ရရှိနေသည်။
ဖန်းယွင်ရှန်းကတော့ မည်သည့်စကားမှမဆိုဘဲ ပြုံးလျှက်သာ ရန်ကျောက်ကဲကို ငေးကြည့်နေခဲ့သည်။
သူတို့ စကားပြောနေစဉ်မှာပင် သူတို့ရှေ့မှ ဗလာနယ် တစ်ချက်တုန်ခါသွားပြီး အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာတွေဖြစ်နေကြတာလဲ ၊ လူတိုင်း အရမ်းပျော်ရွှင်နေကြသလိုပဲ"
စကားဆုံးသည်နှင့် အားလုံးရှေ့တွင် ယန်ကျန်း၏ပုံရိပ် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲနှင့် အခြားသူများက ယန်ကျန်းကို အကဲခတ်လိုက်ကြပြီး ၊ သူ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသည်ကိုမြင်ရမှ စိတ်အေးသွားကြသည်။
ဟုတ်ပေ၏။
တိုက်ပွဲက တာအိုအဓိပတိတစ်ပါးဖြစ်သော အော်မီတော်ဖော်ဗုဒ္ဓ ပိုင်ဆိုင်သည့် အနောက်ဘက်သူတော်စင်ဘုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယန်ကျန်း၏ တိုက်ခိုက်မှုက ဘေးအန္တရယ်နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ယန်ကျန်းက ပြုံးလိုက်ရင်း...
“အော်မီတော်ဖော်ဗုဒ္ဓက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကယ်တင်ဖို့ ကြားဝင်ခဲ့ပေမဲ့ ငါ့ကိုတော့ အခက်တွေ့အောင် မလုပ်ခဲ့ပါဘူး ၊ နတ်ဘုရားသုတ်သင်အစီအရင်ကို ထိန်းချုပ်ပေးတဲ့ ယွင်ရှောင်းနတ်သမီးကို ကျေးဇူးတင်စကား ဆိုရမှာဖြစ်ပေမယ့်... ဒီတစ်ခါလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို လွှတ်ပေးလိုက်ရတယ်လေ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
အခြေအနေက သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။
ယန်ကျန်းက နီကျားကိုလှမ်းကြည့်ပြီး ပြုံးလိုက်သည်။
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အရင် စည်းမျဉ်းချိုးဖောက်ခဲ့တာလေ ၊ အော်မီတော်ဖော်ဗုဒ္ဓကလည်း ဒါကိုသိတဲ့အတွက် ပထမဆုံးအကြိမ်မှာ ဘာမှမလုပ်ခဲ့ဘူး ၊ ဒါပေမဲ့ ငါ ရှေးဟောင်းဗုဒ္ဓကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ် ၊ ဒီတော့ မင်း နည်းနည်းတော့ စိတ်ကျေနပ်မှုရမှာပါ”
အော်မီတော်ဖော်ဗုဒ္ဓက များသောအားဖြင့် အေးအေးဆေးဆေး နေလေ့ရှိပြီး လောကီကိစ္စများနှင့် ကင်းရှင်းသူဖြစ်သော်လည်း နတ်ဘုရားသုတ်သင်အစီအရင်သာ မရှိခဲ့ပါက ရလဒ်မှာ သေချာပေါက် တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားပေမည်။
နီကျားက ယန်ကျန်းအား လက်နှစ်ဖက်ဆုပ် အရိုအသေပြုလိုက်ရင်း...
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ၊ အခုလို အလုပ်ရှုပ်သွားရတဲ့အတွက် တကယ် တောင်းပန်ပါတယ်”
ယန်ကျန်းက...
“ငါတို့အားလုံး တာအိုဝါဒ အဆက်အနွယ်တွေပဲလေ ၊ ကျေးဇူးတင်စရာ မလိုပါဘူး"
သူက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ အနောက်ဘက်သူတော်စင်ဘုံမှာ အော်မီတော်ဖော်ဗုဒ္ဓ ရှိနေတာကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရဲ့ ကျင့်စဉ်အခြေခံထိခိုက်သွားအောင်တော့ ငါ မလုပ်နိုင်ခဲ့ဘူး ၊ ဒါကြောင့် နောက်ပိုင်းကြုံတွေ့ရမယ့် ငရဲကိုးထပ်နဲ့ကစားပွဲမှာ သူပါဝင်လာမှာကို တားဆီးနိုင်ပါ့မလားဆိုတာ မသေချာဘူး”
“ငရဲကိုးထက်က လောလောဆယ် ငြိမ်နေလိုက်မယ်ဆိုရင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေနဲ့ ဒဏ်ရာပြန်သက်သာသွားဖို့ အချိန်ရသွားလိမ့်မယ် ၊ အဲဒီတော့လည်း ငါတို့တွေ အခွင့်အရေးရှာပြီး လက်စားချေကြတာပေါ့”
ယန်ကျန်း၏စကားကိုကြားတော့ နီကျား ခေါင်းညိတ်လိုက်သည်။
“အဲဒါ အကောင်းဆုံးပါပဲ ၊ ကျွန်တော်လိုချင်တာလည်း ဒါမျိုးပါပဲ”
သူက အံတင်းတင်းကြိတ်လိုကရင်း...
“အခုတိုက်ပွဲမှာ မူလစိတ်ဝိညာဉ်နတ်ဆိုးက ကျွန်တော့်ကို အလစ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအနိုင်အရှုံး မသဲကွဲခဲ့ဘူး ၊ ဒီကိစ္စက ဒီမှာတင်မပြီးသေးဘူး ၊ ကျွန်တော် အဲဒီရှေးဟောင်းဗုဒ္ဓကို နောက်တစ်ခါ ထပ်တိုက်ဦးမှာ”
ယန်ကျန်းက...
“ငါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ဒဏ်ရာရအောင် လုပ်ထားပြီးသားဆိုတော့ သူက ဒီအကြောင်းပြချက်ကို အသုံးချပြီး မင်းနဲ့ ထပ်ယှဉ်ပြိုင်ဖို့ ရှောင်နေလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“သူ ပြန်ကောင်းလာရင်တောင် ဒီအကြောင်းပြချက်နဲ့ပဲ မင်းကို ဆက်ငြင်းနေဦးမှာပဲ ၊ မင်း သူ့ကို တိုက်ချင်တယ်ဆိုရင် ငရဲကိုးထပ်နဲ့တိုက်ပွဲမှာ သူပေါ်လာတော့မှ အခွင့်အရေးရနိုင်လိမ့်မယ်”
ရန်ကျောက်ကဲက လက်ဝါးနှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး...
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်အရဆိုရင်တော့ အစ်ကိုယန်ကျန်းက သူ့ကို ဒဏ်ရာရအောင် မလုပ်ခဲ့ရင်တောင် သူက လိပ်ခေါင်းဝှက်သလို ပုန်းနေမှာပါပဲ ၊ သူက ဘယ်တော့မှ နီကျားစိန်ခေါ်တာကို လက်ခံမှာ မဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒီတစ်ခေါက်က ထူးခြားဖြစ်စဉ်မို့လို့လေ...”
ထိုစကားကြားတော့ လူတိုင်းက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
နီကျားက ခါးသက်စွာဖြင့်...
“ဟွန်း... ငါက သူ့ကို ကြောက်မယ်များထင်နေလား ၊ သူ ဒီကိစ္စကို အချိန်ဆွဲနေမယ်ဆိုရင် ငါကလည်း နောက်ထပ် နှစ်ပေါင်းထောင်နဲ့ချီပြီး သူ့ကို အနှောက်အယှက်ပေးနေဦးမှာပဲ ၊ ပြီးတော့ သူ့ရဲ့ အရှက်မရှိ အရေထူတဲ့မျက်နှာကို ခွာချပစ်ဦးမယ် ၊ ဘယ်လောက်ကြာကြာ ပုန်းနိုင်မလဲ စောင့်ကြည့်တာပေါ့”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် ကျန်လူများအားလုံး ရယ်မောလိုက်ကြသည်။
ယန်ကျန်းက...
“မင်းတို့ ဒီလောက်စိတ်လှုပ်ရှားနေကြတာ... ကြည့်ရတာ ဒီပွဲမှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓဘက်က ရှုံးသွားပြီထင်တယ်”
သူက ထပ်မံမေးမြန်းလိုက်သည်။
“ဒီကိစ္စက တကယ်ပဲ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ သက်ဆိုင်နေတာလား”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ ပတ်သက်နေတယ် ၊ အခု ထိုက်ယီကျန်းရန်က အဲဒီရတနာကို ပြန်လည်ရယူပြီး ယွိချင်အဆက်အနွယ်တွေဆီကို ပြန်လည်ပေးအပ်ခဲ့ပြီးပါပြီ”
ယန်ကျန်းက သက်ပြင်းချရင်း...
“ဒါဆိုရင်တော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ရှုံးသွားပြီပေါ့”
သူက ဆက်ပြောလိုက်သည်။
"ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က ယွိချင်အဆက်အနွယ်ဆီ ပြန်ရောက်လာပြီဆိုတော့ ငါ့ဆရာလည်း တမလွန်မှာ စိတ်အေးရပြီပေါ့”
နီကျားက ပျော်ရွှင်စွာဖြင့်...
“ဦးလေးယွိတင်အတွက် ပိုကောင်းတဲ့ သတင်းတွေလည်း ရှိသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်း’ရန်’ က မူလကောင်းကင်ကျမ်းစာ (၉)စောင်ကိုစုစည်းပြီး စန်းချင်း(၃)ပါး ပညာရပ်တွေကို ပေါင်းစပ်ကျင့်ကြံနိုင်ခဲ့တယ် ၊ ပြီးတော့ ယွိချင်အဆက်အနွယ်ရဲ့ အဓိကကျမ်းစာဖြစ်တဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလည်း ပြောင်းပြန်သိမြင်တဲ့နည်းလမ်းနဲ့ ပြန်လည်ဖော်ထုတ်နိုင်ခဲ့တယ်”
ထိုစကားကြားတော့ ယန်ကျန်း အံ့အားသင့်သွားပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
“ဒါဖြင့် မင်းက ဒီကျမ်းစာကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်နေပြီပေါ့”
ရန်ကျောက်ကဲက...
"အစပျိုးရုံလောက်ပဲ ရှိပါသေးတယ်၊ ရှေ့ဆက်ရမယ့်လမ်းက အများကြီး ကျန်ပါသေးတယ်"