← Chapters

အခန်း ၁၇၂၇

Vol. 123 Ch. 1727

အခန်း ၁၇၂၇

Vol. 123 Ch. 1727

အခန်း (၁၇၂၇) ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်လုနီးပြီ

မဟာဉာဏ်အလင်းဗောဓိသတ္တက…

“ငါ အမြင်မှားတာတော့ မဖြစ်နိုင်ဘူး”

သူက ဆက်ပြောလိုက်သည်။

“သူ့ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက ပြီးပြည့်စုံခြင်း မရှိသေးပေမယ့် ပုံစံတော့ကျနေပြီ ၊ ဒါက သေချာပေါက် ယွိချင်အဆက်အနွယ်ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာပါပဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“ဗောဓိသတ္တအနေနဲ့ ရှေးခေတ်ကာလတုန်းက ယွိချင်အဆက်အနွယ်ရဲ့ တာအိုလမ်းစဉ်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရတာဆိုတော့ မှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ၊ ငါလည်း ဗောဓိသတ္တရဲ့ ဆုံးဖြတ်ချက်ကို သံသယမဝင်ပါဘူး”

သူက ခေါင်းခါယမ်းလိုက်ရင်း...

“ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပြန်ပေါ်လာပြီ ၊ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး ၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းလည်း ပြန်ထွက်ပေါ်လာပြီပဲ ၊ ဘာပဲဖြစ်ဖြစ် ယွိချင်အဆက်အနွယ်တွေကတော့ ပြန်ခေါင်းထောင်လာဦးမှာ သေချာတယ်”

“ဒါပေမဲ့ ငါ့ရင်ထဲမှာတော့ မကောင်းတဲ့အငွေ့အသက်တစ်ခု ခံစားမိတယ် ၊ တစ်ခုခုကို စိုးရိမ်နေမိတယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ စကားပြောနေစဉ် သူ့ခေါင်းထက်ရှိ ပြီးပြည့်စုံသော ဗုဒ္ဓရောင်ခြည်အလင်းတန်းက တဖြည်းဖြည်း ခရမ်းရောင်ပြောင်းလဲသွားပြီး မှိန်ဖျော့စွာ တောက်ပလာသည်။

မဟာဉာဏ်အလင်းဗောဓိသတ္တက...

“ရှေးဟောင်းဗုဒ္ဓ တစ်ခုခု သိထားတာ ရှိလို့လား”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခဏမျှ စဉ်းစားပြီးနောက်...

“ငါ ဒါကိုအဖြေရှာဖို့ အချိန်နည်းနည်းတော့ လိုဦးမယ် ၊ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ထွက်ပေါ်လာတာ တခြားသူဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် လူငယ်ကောင်းကင်ဘုံအရှင် ရန်ကျောက်ကဲလက်ထဲ ရောက်သွားတာကတော့ တကယ့်ခြိမ်းခြောက်မှုတစ်ခုပဲ”

ရန်ကျောက်ကဲက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးသည့်တိုင် ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူများက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏စကားကို ခေါင်းညိတ် သဘောတူလိုက်ကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အေးဆေးသည့်လေသံဖြင့်...

“အရင်တုန်းက ယန်ကျန်းနဲ့ စွန်းဝူခုန်းတို့တောင် အခုလောက် အရှိန်အဟုန် မကောင်းခဲ့ဘူး ၊ အရင်က စိုးရိမ်ခဲ့တာတွေ တကယ်ဖြစ်လာပြီပေါ့”

တိုက်ပွဲ (၃)ပွဲ ဆက်တိုက် တိုက်ခိုက်ခဲ့ရာတွင် ရန်ကျောက်ကဲက ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးအနက် တစ်ပါးဖြစ်သည့် သစ်သားနတ်ဆိုး (အရိပ်နတ်ဆိုး) ကို အနိုင်ယူခဲ့သည်။

ထို့နောက် လမ်းမှန်ဗုဒ္ဓဘာသာ ကျင့်ကြံသူများဖြင့်ပင် ကောင်းစွာယှဉ်နိုင်သည့် ထိပ်တန်းတိုက်ခိုက်ရေးသမား ချွိစုကိုလည်း သတ်ဖြတ်ခဲ့သည်။

နောက်ဆုံး အလယ်ခေတ်ကတည်းက နာမည်ကျော်ကြားခဲ့သော ခေါင်းကိုးလုံးပိုးကောင်ကို ဆက်လက်သတ်ဖြတ်ခဲ့၏။

ပွဲစဉ် (၃)ပွဲတွင် (၃)ပွဲလုံး အနိုင်ရခဲ့သည်။

ဤဖြစ်ရပ်က စောမင်ကျန့်က ထိပ်တန်းအဆင့် ကျင့်ကြံသူ (၃)ယောက်ကို ဆက်တိုက် တိုက်ခိုက်ခဲ့သည့် အောင်မြင်မှုထက်ပင် ပိုမို မြင့်မားသွားစေသည်။

ထိုစဉ်က စောမင်ကျန့်သည် အရိပ်နတ်ဆိုး၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓတို့ (၃) ယောက်ကို ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသူ (၃)ယောက်၏ စွမ်းအားက ရန်ကျောက်ကဲ ရင်ဆိုင်ခဲ့သော ပြိုင်ဘက်များထက် သာလွန်သည်မှာ အငြင်းပွားဖွယ် မရှိပေ။

သို့သော် ကွာခြားချက်မှာ ရန်ကျောက်ကဲက စောမင်ကျန့်ကဲ့သို့ ကောင်းကင်နတ်ဘုရားအဆင့် မ‌ရောက်သေးဘဲ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှာပင် ဤသို့သော အောင်မြင်မှုမျိုး ရရှိခဲ့ခြင်း ဖြစ်သည်။

ဤအချက်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပို၍ပင် ထိတ်လန့်စရာကောင်းသွားစေသည်။

ယခင်က သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ကြသော ပတ္တမြားတံခွန်ဗုဒ္ဓ ၊ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓတို့အကြောင်းကို ပြန်တွေးကြည့်ပါက ရန်ကျောက်ကဲ၏ အောင်မြင်မှုမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းလှသည်။

ကွမ်ယင်ဗောဓိသတ္တက ဖြည်းညင်းစွာဖြင့်...

“စန်းချင်း(၃)ပါး သိုင်းပညာရပ်တွေကို တပြိုင်တည်းကျင့်ကြံခြင်းက ထူးခြားတဲ့ တန်ခိုးစွမ်းအားကို ပေးစွမ်းနိုင်ပေမယ့် အဲဒီလိုကျင့်ကြံရတာက သာမန် ကျင့်စဉ်လမ်းထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲတယ် ၊ ရန်ကျောက်ကဲက ပြောင်းပြန်ချဉ်းကပ်တဲ့ နားလည်နိုင်စွမ်းနဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ထုတ်ဖော်နိုင်ခဲ့တာ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ စွမ်းဆောင်မှုမျိုးပဲ ၊ ဒါကိုကြည့်ရင် သူက ပါရမီရှင်တစ်ယောက် ဖြစ်ရုံသာမက ဉာဏ်ပညာကြီးမားတဲ့သူ ဆိုတာကိုပါ ပြသနေတယ် ၊ တစ်ချိန်တည်းမှာပဲ သူက ကျင့်စဉ်လမ်းရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီး သူ့ရဲ့ အခြေခံအုတ်မြစ်ကိုလည်း ခိုင်မာစေခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“အခြေအနေကိုကြည့်ရသလောက်... သူ့အတွက်တော့ မူလကောင်းကင်ကပ်ဘေးဆိုတာ မကျော်လွှားနိုင်တဲ့ အတားအဆီး မဟုတ်တော့ဘူး ၊ ဒါကြောင့် သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှာပဲ အကြာကြီးပိတ်မိနေမယ့် အခြေအနေမျိုး ကြုံတွေ့ရမယ်မထင်ဘူး”

“မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုခု ဖြစ်မလာဘူးဆိုရင် သူ့အတွက် အချိန်ကာလတစ်ခုပဲ လိုအပ်လိမ့်မယ် ၊ လုံလောက်တဲ့အချိန် ရမယ်ဆိုရင် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ဖို့က သူ့အတွက် လက်တစ်ကမ်းမှာပဲ ရှိတော့တယ်”

ဖူရှန်ဗောဓိသတ္တက စကားမဆိုသော်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။

သူတို့နှစ်ယောက်လုံးက ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကြသည့် ယွိချင်အဆက်အနွယ် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအပေါ် သူတို့၏‌ဟောကိန်းထုတ်ခြင်းက အခြားသူများအတွက် သံသယဝင်စရာ မရှိခဲ့ပေ။

ရန်ကျောက်ကဲ၏ လက်ရှိ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ပြသခဲ့သော တန်ခိုးစွမ်းအားကို ကြည့်ရှုပြီး ထိုလူငယ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိပါက မည်သို့ရှိမည်ကို လူတိုင်း အကြမ်းဖျင်း ခန့်မှန်းမိကြသည်။

မဟာဉာဏ်အလင်းဗောဓိသတ္တက...

“လူငယ်ကောင်းကင်ဘုံအရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်သူပဲ”

သူက သက်ပြင်းချလိုက်ပြီး...

“ဒီတစ်ခေါက် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရသွားတဲ့အတွက် လမ်းမှန်တာအိုဝါဒက ပိုပြီးတောင် သြဇာအာဏာကြီးမားလာပြီပေါ့”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“ဒီတစ်ခါ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ငါတို့ မရလိုက်ပေမယ့် ငါတို့လူတွေ ထိခိုက်ဒဏ်ရာရတာ ၊ သေဆုံးတာမျိုး မရှိခဲ့ဘူး ၊ ဒါကိုပဲ အဆိုးထဲကအကောင်းလို့ မှတ်ယူရမှာပေါ့”

သူက ဆက်ပြောလိုက်သည်။

“နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အဖြူရောင်ကြာပန်းသုခဘုံကတော့ ငါတို့ထက်ပိုပြီး ဆိုးရွားတဲ့ကပ်ဘေးနဲ့ ကြုံခဲ့ရတယ်လေ”

အနောက်ဘက်သူတော်စင်ဘုံက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို မရလိုက်သော်လည်း နတ်မိစ္ဆာမျိုးနွယ်ဘက်ကလည်း ရလိုက်ခြင်းမရှိပေ။

ခေါင်းကိုးလုံးပိုးကောင်ကဲ့သို့သော နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးမှာလည်း ဤတိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။

အဖြူရောင်ကြာပန်းသုခဘုံကတော့ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓနှင့် ချွိစုတို့ကို ဆုံးရှုံးလိုက်ရသည့်အတွက် ပိုမိုကြီးမားစွာ ထိခိုက်ခံစားခဲ့ရသည်။

ပြင်ပကျင့်ကြံသူများအနေဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရာတွင် လွယ်ကူမြန်ဆန်သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန်ကတော့ ခက်ခဲလွန်းလှသည်။

ဤသည်က တစ်ဦးချင်းစီ၏ အခြေအနေအပေါ်တွင်သာ မူတည်သည်။

ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ ဖြစ်မလာခင်က လင်စန်းတောင်ဗုဒ္ဓဓမ္မကာကွယ်သူဟု ဘွဲ့အမည်ရှိခဲ့သူ ကျင်းကျားဆိုလျှင် တစ်ချိန်က ယွိချင်အဆက်အနွယ်၏ တတိယမျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။

သူ၏ အခြေခံအုတ်မြစ်နှင့် တာအိုကို နားလည်သဘောပေါက်မှုမှာ အံ့အားသင့်စရာကောင်းလှသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရပ်တန့်နေခဲ့ပြီး ဗုဒ္ဓဘာသာဉာဏ်အလင်းကို ရရှိရန်မဖြစ်နိုင်သဖြင့် ပြင်ပဗုဒ္ဓဘာသာလမ်းစဉ်သို့ လျှောက်လှမ်းခဲ့ရသည်။

ဒုတိယမျိုးဆက် ဓားဗုဒ္ဓ ‘ချွိစု’ ကတော့ တစ်မူထူးခြားသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ ဆုံးရှုံးသွားခြင်းကို အချိန်တိုအတွင်း အစားထိုးနိုင်သော်လည်း ချွိစု၏ ဆုံးရှုံးမှုကတော့ အချိန်ကြာမြင့်စွာ အစားထိုးနိုင်မည် မဟုတ်ပေ။

အဖြူရောင်ကြာပန်းသုခဘုံအပြင်ဘက်မှ အခြားသော အင်အားစုများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်ပင် လူသန်းပေါင်းများစွာထဲမှ ချွိစုကဲ့သို့ ပါရမီရှင်မျိုး ထွက်ပေါ်လာရန် မဖြစ်နိုင်သလောက်ပင်။

ချွိစု ကျဆုံးသွားခြင်းမှာ အဖြူရောင်ကြာပန်းသုခဘုံအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

အခြားသောအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်း မရှိလျှင်တောင်မှ အမတခုံရုံးနှင့်ရင်ဆိုင်ရာတွင် အဖြူရောင်ကြာပန်းသုခဘုံ ရရှိထားသည့် အသာစီးရမှု ပြောင်းလဲသွားစေနိုင်သည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓက...

“ငါတို့အနေနဲ့ အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံးကြားက လှုပ်ရှားမှုတွေကိုလည်း အာရုံစိုက်ရမယ် ၊ လုယာကိစ္စကတော့ ခဏလောက် ဘေးဖယ်ထားလို့ ရသေးတယ် ၊ ဒါပေမဲ့ မီလဲ့ကိုယ်တော် လက်ထဲမှာရှိနေတဲ့ စကြာမုနိသရီရဓာတ်တော်ကိုတော့ အထူးသတိထားပြီး စောင့်ကြည့်ရမယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခေါင်းညိတ်လိုက်ပြီး...

“အမှန်ပဲ...”

ထို့နောက် သူက ခဏမျှစဉ်းစားပြီးနောက် မဟာဉာဏ်အလင်းဗောဓိသတ္တဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်ပြီး...

“လူငယ်ကောင်းကင်ဘုံအရှင်က အလုံးစုံဖျက်ဆီးခြင်းကောင်းကင်ဘုံအရှင်နဲ့ လက်ထပ်မယ်လို့ ပြောတယ် ၊ ဒီကိစ္စက အတည်ဖြစ်နိုင်တယ်”

မဟာဉာဏ်အလင်းဗောဓိသတ္တက...

“သူက လူသိရှင်ကြား ကြေညာတာဆိုတော့ နောက်ပြောင်တာ မဟုတ်လောက်ပါဘူး”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခေါင်းညိတ်လိုက်ပြီး ကွမ်ယင်ဗောဓိသတ္တအား လှမ်းကြည့်လိုက်သည်။

“အင်း... ငါတို့ရဲ့ ရပ်တည်ချက် ဘယ်လိုပဲရှိပါစေ ၊ သတိုးသားရော သတို့သမီးရောက ထူးချွန်ထက်မြက်တဲ့သူတွေပဲ ၊ ငါတို့အနေနဲ့ သူတို့ကို ဂုဏ်ပြုရမှာပေါ့ ၊ အားလုံးကိုစား မင်းတို့ထဲကတစ်ယောက် သွားပြီး ဂါရဝပြုပေးနိုင်မလား”

ကွမ်ယင်ဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် ဖူရှန်ဗောဓိသတ္တက...

“ငါကတော့ ထိုက်ယီကျန်းရန် ၊ နီကျားတို့နဲ့ တွေ့ဆုံဖို့ အဆင်မပြေလှဘူး ၊ ဒါပေမဲ့ ဘယ်သူသွားမလဲဆိုတာ အားလုံးပဲ ညှိနှိုင်းဆုံးဖြတ်ပေးပါ”

ရှေးခေတ်ကာလကတည်းက မုကျားက ဖူရှန်ကျန်းရန်၏ တပည့်ရင်း ဖြစ်ခဲ့သည်။

နောက်ပိုင်း သူတို့ဆရာတပည့်နှစ်ယောက်လုံး ချီဟန်ကျန်းရန်နှင့်အတူ ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့ကြသည်။

ဖူရှန်ကျန်းရန်က သူ၏ဘွဲ့အမည်ကို ဖူရှန်ဗောဓိသတ္တဟု ပြောင်းလဲခဲ့ပြီး ချီဟန်ကျန်းရန်ကတော့ ကွမ်ယင်ဗောဓိသတ္တဟု ပြောင်းလဲခဲ့သည်။

ထိုအချိန်မှစပြီး မုကျားသည်လည်း ဟွေ့အန်းခရီးသည်ဟု လူသိများလာခဲ့သည်။

ဗုဒ္ဓဘာသာသို့ ဝင်ရောက်ပြီးနောက် သူက ကွမ်ယင်ဗောဓိသတ္တ၏ သင်ပြပေးမှုများကို ပိုမိုနာယူခဲ့သည်။ ထို့ကြောင့် အတိအကျဆိုရလျှင် မုကျားတွင် ဆရာနှစ်ယောက်ရှိသည်ဟုပင် ဆိုနိုင်၏။

မုကျားက နီကျားနှင့် ထိုက်ယီကျန်းရန်တို့လက်ချက်ဖြင့် သေဆုံးခဲ့ရသဖြင့် ဖူရှန်ဗောဓိသတ္တက တာအိုစကြာဝဠာသို့ သွားရောက်လိုခြင်း မရှိပေ။

ကွမ်ယင်ဗောဓိသတ္တက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ငါပဲ သွားလိုက်ပါ့မယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်အုပ်ချီလိုက်ပြီး...

“ဗောဓိသတ္တ အခုလို အပင်ပန်းခံပြီး သွားရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကွမ်ယင်ဗောဓိသတ္တက ခေါင်းခါယမ်းလိုက်ရင်း...

“ရှေးဟောင်းဗုဒ္ဓက အားနာနေပြန်ပါပြီ”

ကိစ္စများ ပြီးပြတ်သွားပြီးနောက် ဗုဒ္ဓဘာသာကိုယ်တော်များလည်း ပြန်လည်ထွက်ခွာသွားကြသည်။

ယန်ကျန်းနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ တိုက်ခိုက်ခဲ့စဉ်ကလိုမဟုတ်ဘဲ အနောက်ဘက်သူတော်စင်ဘုံ ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။

သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေကတော့ အရာအားလုံး ရှုပ်ထွေးနေပြီး တစ်စစီ ပြိုကွဲပျက်ဆီးနေသယောင် ရှိသည်။

ဖရိုဖရဲနှင့် ပျက်ဆီးယိုယွင်းနေသည်ဖြစ်ရာ ပြန်လည်တည်ဆောက်ရန် များစွာ အချိန်ယူရပေမည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ၏နေရာတွင် ထိုင်လျှက် ရှိသည်။

သူက ခဏမျှစဉ်းစားပြီးနောက် တပည့်တစ်ယောက်ကိုခေါ်ယူကာ ဝါးပြားတစ်ချပ်ကို ပေးအပ်လိုက်၏။

“အမတခုံရုံးကိုသွားပြီး ဒီပစ္စည်းကို အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်ဆီ ပေးအပ်လိုက်ပါ ၊ ပြီးရင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ စာလွှာကို ပြန်ယူခဲ့ပါ”

All Chapters