အခန်း ၁၇၂၈
Vol. 123 Ch. 1728
အခန်း (၁၇၂၈) တစ်သက်မှတစ်ခါ မင်္ဂလာပွဲ
ရန်ကျောက်ကဲတို့အုပ်စု တာအိုစကြာဝဠာသို့ ပြန်ရောက်လာခဲ့သည်။
ထိုက်ယီကျန်းရန်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့က စောစီးစွာပင် ပြန်လည်ရောက်ရှိနေခဲ့ကြပြီး စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကတော တာအိုစကြာဝဠာမှာပင် ရှိနေကာ ရန်ကျောက်ကဲတို့ ပြန်လာသည်ကို စောင့်နေခဲ့ကြသည်။
ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို စန်းချင်း(၃)ပါးအဆက်အနွယ်ထံ ပြန်လည်ယူဆောင်နိုင်ခဲ့သည့် သတင်းကောင်းကြောင့် အားလုံး ပျော်ရွှင်နေခဲ့ကြ၏။
ရန်ကျောက်ကဲ၏ (၃)ပွဲဆက်တိုက် အနိုင်ရရှိမှုနှင့် ယန်ကျန်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည့်အတွက် အားလုံးက ကျေနပ်လျှက် ရှိကြသည်။
ရန်ကျောက်ကဲ အရိပ်နတ်ဆိုးကို အနိုင်ယူခဲ့သည့်အကြောင်း ပြောဆိုဖြစ်ကြတော့ ထုံးစံအတိင်းပင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအကြောင်းပါ စကားဝိုင်းထဲ ပြောဆိုဖြစ်ကြသည်။
လူအချို့က အနည်းငယ် စိုးရိမ်စိတ်ရှိသည့်တိုင် ရန်ကျောက်ကဲက ပြောင်းပြန်ချဉ်းကပ်ပုံနည်းလမ်းဖြင့် ပြိုင်ဘက်ကင်း ကောင်းကင်ကျမ်းစာကို ပြန်လည်ဖန်တီးနိုင်ခဲ့သည့်အတွက် လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရသည်။
အထူးသဖြင့် ယွိချင်အဆက်အနွယ်များဖြစ်သော ထိုက်ယီကျန်းရန်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့၏မျက်နှာများက ထိန်းချုပ်မရအောင် ပျော်ရွှင်မှုများဖြင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲက အားလုံးကို တွေ့ဆုံနှုတ်ဆက်ရင်း တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို တိတ်တဆိတ် အကဲခတ်ကြည့်နေသည်။
သူတို့ပုံစံက သဘာဝကျစွာပင် ပုံမှန်အတိုင်း ရှိနေသည်။
သို့ပေသိ သူတို့ရင်ထဲတွင် ကိန်းအောင်းနေသည့် အတွေးများကို မျက်နှာအမူအရာကိုကြည့်ပြီး ကောက်ချက်ချနိုင်ရန် ခက်ခဲလွန်း၏။
ရန်ကျောက်ကဲက စိတ်ထဲမှ သံသယများကို ဖိနှိပ်လိုက်ပြီး အားလုံးဖြင့် အေးဆေးစွာပင် စကားစမြည် ပြောနေလိုက်သည်။
ထိုက်ယီကျန်းရန်က ပြုံးလိုက်ပြီး...
“ဖြောင့်မတ်မှုဂုဏ်သရေနဲ့ပြည့်စုံတဲ့ စုံတွဲကတော့ လက်ထပ်ကြတော့မယ် ၊ ဒါပေါ့... ငါတို့တွေ သေချာပေါက် မင်္ဂလာပွဲကို တက်ရောက်ရမှာပေါ့ ၊ မင်းတို့တွေ ငါတို့ကို ဖိတ်မှာမဟုတ်လား”
ရန်ကျောက်ကဲက...
“သေချာပေါက် ဖိတ်တာပေါ့ဗျာ”
သူက လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“တာအိုရောင်းရင်းတို့အားလုံး... ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို အချိန်ပေးပြီး တက်ရောက်နိုင်မယ်ဆိုရင် ကြွရောက်ပေးဖို့ ဖိတ်ကြားပါတယ်”
တောင်ပိုင်းချန်စန်းဧကရာဇ်က ခပ်ပါးပါးတစ်ချက် ပြုံးလိုက်ရင်း...
“မိတ်ဆွေလေး’ရန်’ က ယဉ်ကျေးလွန်းနေပြန်ပါပြီ ၊ မင်းတို့နှစ်ယောက် တစ်သက်မှာတစ်ခါဆောင်တဲ့ မင်္ဂလာပွဲကို တက်ရောက်ခွင့်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပါပဲ”
ကျန်လူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်၏စကားက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ရန်ကျောက်ကဲက နာမည်ကြီးပြီးသားဖြစ်သည်။
သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအချို့ကိုပင် ဆက်တိုက်အနိုင်ယူခဲ့သည်။
ဤသည်က သူ၏ ထူးချွန်ထက်မြက်သော တန်ခိုးစွမ်းအားနှင့် အလားအလာကို ဖော်ပြနေသည်။
ရန်ကျောက်ကဲအနေဖြင့် သိပ်မကြာမီပင် မူလကောင်းကင်ကပ်ဘေးကို ကျော်လွန်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု လူတိုင်းက ယုံကြည်နေကြသည်။
ပြောရမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းခြင်းက အခြားသူများနှင့် မတူညီပေ။ အခြားသူများဆိုလျှင် အခွင့်အရေးရှိလျှင်ပင် အဆင့်တက်ရန် ခက်ခဲကြန့်ကြာမည် ဖြစ်၏။
ရန်ကျောက်ကဲကတော့ ကောင်းကင်နတ်ဘုရားအဆင့်သို့တက်လှမ်းရန် လက်တစ်ကမ်းသို့ ရောက်ရှိနေပေပြီ။
ဟုတ်ပေ၏။
ဖန်းယွင်ရှန်းကိုလည်း မေ့ထား၍ မရပေ။
သူမက ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိသည်မှာ ရာစုနှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း တာအိုဝါဒ ထိပ်တန်းပုဂ္ဂိုလ်များထဲမှတစ်ယောက် ဖြစ်နေပေပြီ။
သူမက ဝါစဉ်ငယ်သည့်တိုင် 'အလုံးစုံဖျက်ဆီးခြင်းကောင်းကင်ဘုံအရှင်' ဟူသော ဘွဲ့နာမည်ကို ရရှိထားပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ' နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးတို့ကဲ့သို့ ဒဏ္ဍာရီလာ ထိပ်တန်း တန်ခိုးစွမ်းအားရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
နတ်မိစ္ဆာမျိုးနွယ်၊ ဗုဒ္ဓဘာသာ၊ ငရဲကိုးထပ်နှင့် အခြားသော အင်အားစုများက တာအိုဝါဒ၏ ထိပ်တန်းပုဂ္ဂိုလ်များကို အလွန်သတိထားကြသည်။
အထူးသဖြင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း ဖြစ်၏။
ခေတ်ကာလတစ်လျှောက် သူတို့နှစ်ယောက်လုံးက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြသည်။
ယခု သူတို့နှစ်ယောက် တာအိုလက်တွဲဖော်အဖြစ် တရားဝင် ထိမ်းမြားလက်ထပ်တော့မည်ဖြစ်ရာ ၊ ဤမင်္ဂလာပွဲက သာမန်မဟုတ်ဘဲ တစ်လောကလုံး ဟိုးဟိုးကျော် ပျံ့နှံ့သွားမည့်ပွဲမျိုး ဖြစ်သည်။
သူတို့နှစ်ယောက်က တစ်သက်တာ လက်တွဲသွားမည်ကို လူတိုင်းသိရှိထားပြီးဖြစ်ရာ ဤသတင်းအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်က ဂိုဏ်းတူသူများဖြစ်သဖြင့် အိမ်ထောင်ပြုခြင်းအားဖြင့် အင်အားစုနှစ်ခု ပေါင်းစည်းသွားခြင်းမျိုးတော့ မဟုတ်ပေ။
အကယ်၍ အင်အားစုနှစ်ခု ပေါင်းစည်းခြင်းမျိုးသာ ဖြစ်မည်ဆိုပါက ဤမင်္ဂလာပွဲက ပို၍ပင် တုန်လှုပ်ချောက်ချားစရာကောင်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားကာ အဆက်အနွယ်တစ်ခု၏ နောက်မျိုးဆက် ခေါင်းဆောင်အပြောင်းအလဲကိုပင် သက်ရောက်သွားပေလိမ့်မည်။
ဟုတ်ပေ၏။
ဤသို့ စွမ်းအားမြင့်မားသည့် ပုဂ္ဂိုလ်နှစ်ယောက် လက်ထပ်ထိမ်းမြားခြင်းမျိုးမှာ ကာလရှည်ကြာ ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေ။
ခေတ်အဆက်ဆက်တွင် ဤသို့သော လက်ထပ်ပွဲမျိုးက လက်ချိုးရေတွက်၍ပင် ရနိုင်သည်။
ထို့ကြောင့် ဤမင်္ဂလာပွဲက ခမ်းနားထည်ဝါသော ပွဲတစ်ခုဖြစ်မည်မှာ အထူးပြောစရာပင် မလိုပေ။
စောမင်ကျန့်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့စုံတွဲအား ကြည့်လိုက်ပြီး...
“ဂုဏ်ပြုပါတယ်”
စောမင်ကျန့်က ရန်ကျောက်ကဲတို့ ချစ်သူနှစ်ယောက်အတွက် ဝမ်းသာဂုဏ်ယူနေသည့်တိုင် သူ့မျက်ဝန်းများတွင်တော့ လွမ်းဆွတ်တမ်းတမှုများဖြင့် ရစ်သိုင်းနေသည်။
စောမင်ကျန့် အတိတ်သို့ပြန်လည်တမ်းတပြီး ချစ်ရသူ မုယောက်ကြယ်စင်ထက်တယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ကို ပြန်လည်သတိရနေကြောင်း ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ နားလည်လိုက်ကြသည်။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ပြန်လည်ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ကြားသိရချိန်မှာတော့ စောမင်ကျန့် အတော်လေး စိတ်လှုပ်ရှားသွားရသည်။
ဤသို့ဖြစ်ရသည်မှာ သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လိုချင်မက်မောသောကြောင့် မဟုတ်ဘဲ သိုင်းပညာကို အရူးအမူး စွဲလန်းသည့်စိတ်ထား ရှိသောကြောင့်သာ ဖြစ်၏။
ထို့ကြောင့် သူက ဤဒဏ္ဍာရီလာ ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာနှင့်ပတ်သက်၍ စူးစမ်းချင်စိတ်ရှိကာ မည်သို့မည်ပုံရှိသည်ကို မြင်တွေ့လိုစိတ် ဖြစ်မိခြင်းဖြစ်သည်။
သို့ပေသိ ယခု ရန်ကျောက်ကဲတို့စုံတွဲ၏ မင်္ဂလာသတင်းကြားသည့်အခါ ကွယ်လွန်သွားသည့်ချစ်သူကို ပြန်လည်တမ်းတ သတိရမိသဖြင့် ၊ သူ၏ ပြင်းပြသော စိတ်ဆန္ဒသည်ပင် ချက်ချင်းအေအးစက်သွားပြီး ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းသွားရသည်။
ရန်ကျောက်ကဲက စောမင်ကျန့်ကို နှစ်သိမ့်စကားဆိုရန် မကြိုးစားတော့ပေ။
သူက စောမင်ကျန့်၏ ဂုဏ်ပြုစကားကို ကျေးဇူးတင်ကြောင်းသာပြောပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကြာပန်းစိမ်းရတနာအလံက ငရဲကိုးထပ်ရဲ့ နတ်ဆိုးပင်လယ်ရေကြောင့် ထပ်ပြီး ညစ်နွမ်းသွားပြန်ပြီ ၊ ဒီကိစ္စအတွက် အကြီးအကဲကိုပဲ အားနာနာနဲ့ အကူအညီတောင်းရပါဦးမယ်”
စောမင်ကျန့်က ရန်ကျောက်ကဲပေးလာသည့် ကြာပန်းစိမ်းရတနာအလံကို လက်ခံရယူပြီး...
“ရပါတယ်...”
ယန်ကျန်းက ပြုံးလိုက်ပြီး...
“ဒါနဲ့... မင်းတို့နှစ်ယောက် မင်္ဂလာပွဲအကြောင်းကို မင်းတို့မိဘတွေရော သိပြီးပြီလား”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကျွန်တော် 'ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ' ကို ရရှိခဲ့တဲ့နေ့ကတည်းက ကျွန်တော့်မိဘတွေရော သူ့ဆရာရော သိပြီးကြပါပြီ ၊ ဒါပေမဲ့ နီကျားနဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့ရဲ့တိုက်ပွဲနဲ့ တိုက်ဆိုင်သွားလို့ အဲဒီကိစ္စ သွားဖြေရှင်းရင်း မင်္ဂလာပွဲကိစ္စ နောက်ကျသွားတာပါ”
သူတို့ထဲမှ အချို့လူများမှာလည်း အနောက်ဘက်သူတော်စင်ဘုံမှ ပြင်ပသို့ တွန်းထုတ်ခြင်းခံခဲ့ရပြီး အချင်းချင်း လူစုကွဲသွားခဲ့ကြသည်။
ရန်တိနှင့် အဆက်အသွယ်မရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ထို့ပြင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် ပတ်သက်သည့်ကိစ္စမှာ ပို၍အရေးတကြီးဖြစ်နေသဖြင့် ရန်ကျောက်ကဲနှင့် နီကျားတို့မှာ ထိုက်ယီကျန်းရန်တို့အဖွဲ့ကို ကူညီရန် အမြန်သွားခဲ့ကြရသည်။
အခြားတစ်ဖက်မှာတော့ ဖန်းယွင်ရှန်းက ရန်တိကို ဆက်လက်ရှာဖွေနေခဲ့သည်။
သူမက ရန်တိနှင့်အဆက်အသွယ်ရပြီးမှ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူထားပြီးဖြစ်သော ထိုက်ယီကျန်းရန်တို့အုပ်စုကို သွားရောက် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရန်တိ၏ အခြေအနေက အနည်းငယ်ထူးခြားနေသည်။
လက်ရှိတွင် သူ့အခြေအနေက အခြားသူများနှင့် တိုက်ခိုက်ရန် မသင့်တော်သေးပေ။
ထို့ကြောင့် ရန်တိက ကျူတောပင်လယ်ကောင်းကင်ဘုံသို့ အရင်ပြန်သွားခဲ့ပြီး ဖန်းယွင်ရှန်းက ရန်ကျောက်ကဲတို့အဖွဲ့ကို ကူညီရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခု ရန်တိက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်၍ ရန်ကျောက်ကဲ စိတ်မပူတော့ပေ။
နီကျားက ပြုံးလျှက် ခေါင်းခါယမ်းလိုက်ပြီး...
“မင်းတို့ကိစ္စ ငါ့ကြောင့် ကြန့်ကြာသွားတာပဲ ၊ တောင်းပန်ပါတယ်”
ရန်ကျောက်ကဲက...
“အားမနာပါနဲ့ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဒီကိစ္စအတွက် ငါတို့ကို လက်ဆောင်တစ်ခုတောင် ပေးလိုက်သေးတာပဲ”
သူက ထိုက်ယီကျန်းရန်၏လက်ထဲမှ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ကြည့်လိုက်ပြီး...
“ဒါက ငါတို့ရဲ့ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းပဲလေ ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသာ ကူညီမပေးရင် ငါတို့ ဒီလောက်မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
ထိုစကားကြားတော့ လူတိုင်းရယ်မောလိုက်ကြသည်။
ထို့နောက် အားလုံးက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် အနောက်ဘက်သူတော်စင်ဘုံ၏ မိုးကြိုးလက်နက် အရှုံးအမြတ်များအကြောင်း၊ ချွိစု၊ ခေါင်းကိုးလုံးပိုးကောင်နှင့် ကျင်းကျားတို့ ကျဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များအကြောင်းကို ဆွေးနွေးပြောဆိုကြပြီး လူစုခွဲလိုက်ကြလေသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကတော့ ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ပြန်ခဲ့ကြသည်။
သို့ပေသိ ယန်ကျန်းက ပြန်သွားပြီးမှ တစ်ခေါက် ပြန်လည်ရောက်ရှိလာသည်။
သူက ကျူတောပင်လယ်ကောင်းကင်ဘုံထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ရန်ကျောက်ကဲနောက်သို့ အမီလိုက်လာ၏။
သူ၏ မျက်နှာအမူအရာက အနည်းငယ် တည်ကြည်လေးနက်နေပြီး...
“မိတ်ဆွေလေး’ရန်’... ငါ မင်းအဖေနဲ့ တွေ့ချင်တယ် ၊ အခုချိန်က အဆင်ပြေရဲ့လား”
ယန်ကျန်း၏ တည်ကြည်လေးနက်သော အမူအရာကိုမြင်သည်နှင့် သာမန်ကိစ္စမဟုတ်ဘဲ အရေးကြီးကိစ္စ ဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ ခန့်မှန်းလိုက်မိသည်။
“အဖေက တောင်ပေါ်မှာ တံခါးပိတ်ကျင့်ကြံနေပါတယ်”
သူက ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တင်းကျပ်တဲ့ တံခါးပိတ်ကျင့်ကြံတာမျိုးတော့ မဟုတ်ပါဘူး ၊ ဧည့်သည်နဲ့တွေ့ဖို့ အဆင်ပြေပါတယ် ၊ အစ်ကိုကြီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ”
ယန်ကျန်းက ခေါင်းညိတ်ပြီး ရန်ကျောက်ကဲနှင့်အတူ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်လာခဲ့သည်။
လမ်းတွင် ရန်ကျောက်ကဲက မေးလိုက်သည်။
“အစ်ကိုကြီး ၊ အရေးကြီးကိစ္စ ရှိလို့လား”
“အရေးကြီးတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ အတည်ပြုချင်တာလေး နည်းနည်းရှိလို့ ၊ အရင်က နီကျားကိစ္စနဲ့ အလုပ်များနေတာနဲ့ မင်းအဖေနဲ့ သေချာစကားမပြောလိုက်ရဘူး”
ယန်ကျန်းက တည်ကြည်လေးနက်သော အသံဖြင့်...
“နှစ်ပေါင်းရာနဲ့ချီပြီးတဲ့နောက် တာအိုရောင်းရင်း’စောမင်ကျန့်’ က ပိုပြီး စွမ်းအားကြီးမားလာတယ် ၊ အဲဒီကိစ္စ ငါ သံသယဖြစ်မိလို့ပါ”